အခန်း (၉၈)
Vol. 11 Ch. 98
🍼 Chapter 98
ရေပူစမ်းစိမ်ရသည်မှာ စိတ်အပန်းပြေပြီး သက်သောင့် သက်သာရှိလှသည်တော့ မဟုတ်ပေ။ ဆိုးသွမ်းလှသည့် ကလေးနှစ်ယောက်၏ အသရုပ်ဖော်မှုများကြောင့် သူ့ခမျာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နုံးချိသွားရသည်။
ဒါရိုက်တာကောင်း အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာပေးဖြင့် သူ့သမီးအား အတင်းအကျပ်ပင် ဆွဲခေါ်သွားတော့သည်။
နင်နင် ဖခင်ဖြစ်သူ ပင်ပန်းနွမ်းနယ်မှုကို သတိမထားမိဘဲ အပွေ့ခံထားရစဉ်မှာပင် ချင်ချင်အားပျော်ရွှင်စွာ လက်ပြနှုတ်ဆက်နေသည်။
"တာ့တာ... ချင်ချင်!"
ဖူစစ်ကျင်း ရင်ခွင်ထဲရှိနေသော ချင်ချင်ကလည်း ထိုအသံကို ကြားသည်နှင့် ကိုယ်လေးကို လှုပ်ခါကာ နင်နင်အား လက်ပြန်ပြလိုက်သည်။
"တာ့တာ... နင်နင်ကျဲကျဲ!"
ဆိုးဖော်ဆိုးဖက်အဖွဲ့ကြီးမှာ နောက်ဆုံးတော့ လမ်းခွဲခဲ့ကြလေပြီ။ ဖူစစ်ကျင်း၏ စစ်ဆေးရေးခရီးစဉ် ပြီးဆုံးသွားသလို၊ ချင်ချင့်ကိုလည်း အိမ်ပြန်ခေါ်လာခဲ့သည်။ နင်နင်မှာ အထီးကျန်ပြီး အပစ်ပယ်ခံထားရသည့် ဖခင်ဖြစ်သူအား ဆက်လက်စောင့်ရှောက်ရန် ရိုက်ကူးရေးကွင်း၌ ကျန်ရစ်ခဲ့သည်။
၎င်းမှာ သူမအား ဖခင်ဖြစ်သူထံ သွားကြည့်ရန်ဖျောင်းဖျစဉ်က မိခင် ပြောလိုက်သည့် စကားအတိုင်းပင်။
နှစ်ရက်မျှသာ ခွဲခွာခဲ့ရသော်လည်း ချင်ချင်မှာတော့ နှစ်လလောက် ကြာသွားသလို ခံစားနေရပြီး မိသားစုအားအလွန် အမင်း လွမ်းဆွတ်နေရှာသည်။
အိမ်ပြန်ရောက်ရန် မစောင့်နိုင်တော့သဖြင့် သူမ ဖူဟန်ကို တွေ့ရန် ကုမ္ပဏီသို့ လိုက်ပို့ပေးဖို့ ဖူစစ်ကျင်းအား တတွတ် တွတ် ပူဆာနေတော့သည်။
ကလေးမလေး၏ ဇွဲကို မယှဉ်နိုင်တော့သဖြင့် ဖူစစ်ကျင်းမှာ နောက်ဆုံးတော့ အရှုံးပေးလိုက်ရသည်။
သူ ကားကို လမ်းကြောင်းပြောင်းကာ ဖူဟန် ကုမ္ပဏီဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်ခဲ့သည်။
သူတို့နှစ်ယောက်လုံး ရင်းနှီးပြီးသား မျက်နှာများဖြစ်သဖြင့် ဧည့်ကြိုဝန်ထမ်းကလည်း မတားဝံ့ဘဲ အထပ်မြင့်သို့တက်မည့် ဓာတ်လှေကားထဲသို့ တိုက်ရိုက် လွှတ်ပေးလိုက်သည်။
ပြောရလျှင် ဖူစစ်ကျင်း ထိုနေရာ၌ မန်နေဂျာရာထူးအား ရယူထားဆဲပင်၊ သို့သော် သူ့ဖျားနာမှုနှင့် ကိုယ်ပိုင်ကုမ္ပဏီ အရှုပ်အထွေးများကြောင့် အလုပ်ကို အနည်းငယ် လစ်ဟင်းခဲ့သည်။
သို့သော်လည်း သူသည် နိုင်ငံခြားဘဏ်ခွဲကို အတော်လေး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့် ဖူဟန် ဖူစစ်ကျင်းအား ဘဏ်ခွဲ၏အထွေထွေမန်နေဂျာအဖြစ် ပြောင်းရွှေ့လိုက်ကြောင်း ကုမ္ပဏီအတွင်းကြေညာခဲ့သည်။
ဥက္ကဋ္ဌကြီးမှာ သားကြီးအား အုပ်စုတစ်ခုလုံး လက်မလွှဲပေးမီ သူ့ပုံရိပ်ကို မြှင့်တင်ပေးရန်အတွက် ဤသို့ နည်းဗျူဟာမြောက် ဆုတ်ခွာခိုင်းခြင်းဖြစ်မည်ဟု လူတိုင်း တွေးတောနေကြသည်။
အမှန်တရားကိုတော့ ဖူဟန် လူတိုင်းအား ဖွင့်ပြောပြမည်မဟုတ်ပေ။
သို့သော်ငြားလည်း ဖူစစ်ကျင်း၏ မူလရာထူးကိုတော့ ဆက်လက် ထိန်းသိမ်းထားပေးဆဲပင်။
ဖြတ်သွားဖြတ်လာ ဝန်ထမ်းများမှာ သူ့ကိုမြင်သည်နှင့် ချက်ချင်းပင် ရိုရိုသေသေ ဦးညွှတ်ကာ "နိဟောင်... မန်နေဂျာဖူ" ဟု နှုတ်ဆက်ကြသည်။
"နိဟောင်"
ဖူစစ်ကျင်း ချင်ချင့်အား ခေါ်ဆောင်ကာ လျှောက်လာစဉ် သူ့ နူးညံ့သိမ်မွေ့သော အပြုံးမှာ မရေမတွက်နိုင်သော နှလုံးသားများကို ဖမ်းစားသွားပြီး လူအချို့မှာ မေ့လဲမတတ်ပင် ဖြစ်သွားကြသည်။
"အား... မန်နေဂျာဖူက သိပ်ပြီး နူးညံ့တာပဲ၊ ကြည့်ကောင်းလိုက်တာ!"
"အား မနေနဲ့ဦး၊ သူမှာ ရည်းစားရှိတယ်"
"အားကျလိုက်တာ၊ သူ့ရည်းစားက အရင်ဘဝက ဂလက် ဆီကြီးကို ကယ်တင်ခဲ့တာ နေမှာပဲ"
"စကြဝဠာကြီးကို ကယ်ခဲ့တာလို့တောင် ငါထင်တယ်"
...
"အဲ့ဒါတွေ တစ်ခုမှ မမှန်ဘူး"
ဝန်ထမ်းများ၏တိုးတိုးတိတ်တိတ် ပြောသံကို ကြားလိုက်ရသဖြင့် ဖူစစ်ကျင်း အပြုံးမှာ ပိုစစ်မှန်သွားသည်။
"သူမက လူတစ်ယောက်တည်းကိုပဲ ကယ်ခဲ့တာပါ... အဲ့ဒါ ကျွန်တော့်ကိုလေ"
"အားကျင်း ဘာတွေပြောနေတာလဲ ?"
ဖူစစ်ကျင်း၏တိုးတိုးလေး ရေရွတ်သံကို ချင်ချင် ကြားသွားပြီး ခေါင်းလေးစောင်းကာ စပ်စုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ပါးရဲ့ ရုံးခန်းတံခါးဝကို ရောက်တော့မယ်၊ ချင်ချင် ကိုယ်တိုင်ပဲ ဝင်သွားမလား?"
ချင်ချင့်အား တစ်ယောက်တည်း အရင်ဝင်ခိုင်းလိုက်လျှင် ပိုပြီး အံ့အားသင့်စရာ ကောင်းလိမ့်မည်ဟု ဖူစစ်ကျင်း တွေးလိုက်သည်။
"ဟုတ်!"
ချင်ချင် သူ့လက်ကလေးနှစ်ဖက်ကို နောက်ပစ်ကာ၊ အတောင်ပံဖြန့်နေသည့် ကြက်ပေါက်လေးတစ်ကောင်အလား ဖူဟန် ရုံးခန်းထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားပြီး သူ့အား ဖက်လိုက်သည်။
"ဦးဦး!"
တစ်စုံတစ်ယောက်နှင့် စကားပြောနေသော ဖူဟန်မှာ ဤရုတ်တရက် အံ့အားသင့်စရာကြောင့် လန့်သွားရသည်။ သူ ချင်ချင် ထိခိုက်မိမည်စိုးသဖြင့် သူမ ကိုယ်လုံးလေးကို အလိုအလျောက်ပင် ပွေ့ဖက်လိုက်သည်။
"ဒီကလေးက ဘယ်သူလဲ?"
ဖူဟန် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူငယ်မှာ ချင်ချင့်အား သံသယဖြင့် စိုက်ကြည့်နေသည်။
"ကျွန်တော့် ဇနီးရဲ့ကလေးပါ"
ဖူဟန် ချင်ချင့်ဟန်ဆောင်ဝိသေသကို ဘာမှမစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
သူ ချင်ချင့်ထံမှ အမှန်တရားအား ဖုံးကွယ်ထားရသည်မှာ ကျင့်သားရနေပြီဖြစ်သလို၊ တစ်စုံတစ်ယောက်မှ သူမ၏ မူလဝိသေသကို သိသွားမည်ကိုလည်း အမြဲတမ်း စိုးရိမ်နေမိသည်။
"မထင်ပါဘူး"
ထိုလူငယ်မှာ အလှည့်စားမခံပေ။ သူ ချင်ချင့်အား ပေါက်ထွက်မတတ် စူးစူးစိုက်စိုက် ကြည့်နေသည်။
ချင်ချင်မှာ အနည်းငယ် ကြောက်သွားသဖြင့် ဖူဟန် ရင်ခွင်ထဲတွင် တိတ်တဆိတ် ပုန်းနေမိသည်။
"ပါးပါး... သူက ဘယ်သူလဲ?"
ချင်ချင့်နောက်မှ လိုက်ဝင်လာသည့် ဖူစစ်ကျင်းမှာ ထိုလူငယ်၏ ထက်မြက်လှသော အကဲခတ်နိုင်စွမ်းကို အံ့ဩသွားသလို ပို၍လည်း သတိထားလိုက်မိသည်။
သူသည် သူ့ဖခင် ပြောလိုက်သည့် လိမ်ညာမှုအား တစ်ချက်ကြည့်ရုံဖြင့် သိမြင်နေသည် မဟုတ်လား!
ဖူစစ်ကျင်း ထိုလူအား သေချာ စေ့စေ့စပ်စပ်ကြည့်လိုက်မိသည်။ သူက ထိုင်နေသဖြင့် အရပ်ကို အတိအကျ မသိရသော်လည်း ပုသူတော့ မဟုတ်သည်မှာ သေချာသည်။ ထိုသူမှာ သွယ်လျကာ ခန့်ညားပြီး၊ လောကကြီးနှင့် အဆက် အသွယ် ပြတ်နေသည့်အလား ထူးခြားသည့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုလူငယ်တွင် အထူးခြားဆုံးမှာ သူ့ရုပ်ရည်မဟုတ်ဘဲ ဝတ်စားဆင်ယင်မှု ဖြစ်သည်။
လဝန်းရောင်ကဲ့သို့ ဖြူဖွေးသည့် ဝတ်ရုံရှည်၊ ထုံးထားသည့် ဆံပင်နှင့် လက်ထဲတွင် ကိုင်ထားသည့် သားမြီးယပ်ဖြူ - ရှေးဟောင်းပုံစံ ဝတ်ဆင်ထားမှုမှာ သူ့အား လိမ်လည်လှည့်ဖြားတတ်သည့် ဆရာတစ်ယောက်ကဲ့သို့ ထင်မှတ်ရစေသည်။ မသိသူဆိုလျှင် တစ်စုံတစ်ယောက်မှ ရှေးဟောင်းဝတ်စုံ ပြပွဲထဲမှ ခိုးထွက်လာသည်ဟု ထင်ရလောက်သည်။
"ကျွန်ုပ် ခိုးထွက်လာတာလည်း မဟုတ်ဘူး၊ ရှေးဟောင်းဝတ်စုံပြပွဲဆိုတာ ဘာလဲဆိုတာလည်း မသိဘူး၊ တကယ်လို့ ခင်ဗျားက ကျွန်ုပ်ကို လူလိမ်လို့ထင်ရင်အပြင်ကို နှင်ထုတ်နိုင်ပါတယ်၊ ကျွန်ုပ် ဘာမှ မငြင်းပါဘူး"
သူ့ ကြည်လင်သာယာလှသည့် အသံမှာ ဖန်ပန်းကန်ပေါ်သို့ ပုလဲလုံးလေးများ ပြုတ်ကျသံကဲ့သို့ နားထောင်လို့ ကောင်းလှသော်လည်း ဖော်ပြလို့မရသည့် ရင့်ကျက်တည်ငြိမ်မှုအား ဆောင်ထားသည်။
သို့သော် ထိုအချက်မှာ ဖူစစ်ကျင်းအာရုံကို မဖမ်းစားနိုင်တော့ပေ။
သူ့မျက်မှန်အိမ်များ ကျုံ့သွားပြီး၊ တုန်လှုပ်ခြောက်ခြားနေသည့် မျက်နှာဖြင့် ထိုလူငယ်အား စိုက်ကြည့်လိုက်သည်။
"ခင်ဗျားက... သူတစ်ပါးစိတ်ကို ဖတ်နိုင်တာလား?"
သူ့ စိတ်ထိန်းချုပ်နိုင်စွမ်းမှာ သူ့ဖခင်လောက် မကောင်းသော်လည်း၊ ထိုမျှ လွယ်လွယ်ကူကူနှင့် အဖတ်ခံရလိမ့် မည်ဟု သူ မယုံကြည်နိုင်ပေ။
ဤလူ့ရှေ့တွင် သူ့အတွေးများအားလုံးမှာ အကာအကွယ်မဲ့စွာ ပေါ်လွင်နေသကဲ့သို့ ခံစားနေရသည်။
"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့..."
သူ ထိုလူအား ထိတ်လန့်သွားစေမှန်း သိလိုက်သဖြင့် လူငယ်မှာ ခပ်တိုးတိုးရယ်မောကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"ကျွန်ုပ်ရဲ့ စိတ်ဖတ်နိုင်စွမ်းက သတိလက်လွတ် ဖြစ်နေတဲ့သူတွေပေါ်မှာပဲ အလုပ်လုပ်တာပါ၊ ခင်ဗျားက တည်တည် ငြိမ်ငြိမ်နဲ့ ကျွန်ုပ်ရဲ့ စမ်းသပ်မှုကို ပိတ်ဆို့ထားသရွေ့တော့ ခင်ဗျားရဲ့ အတွေးအစအနလေးကိုတောင် ကျွန်ုပ် မြင်နိုင်မှာ မဟုတ်ပါဘူး"
ထိုစကားကို ကြားသည်နှင့် ဖူစစ်ကျင်း ချက်ချင်းခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ပြီး စိတ်ထဲမှနေ၍ ထိုလူ့အပြစ်များကိုသာ တောက်လျှောက် ပြောနေတော့သည်။ သို့သော် ထိုလူငယ်မှာ ဘာမှမကြားရသည့်အလား မလှုပ်မယှက် ရှိနေဆဲပင်။
ဒါကို မြင်တော့မှ ဖူစစ်ကျင်း စိတ်အေးသွားရသည်။
သူပင် သတိမထားမိဘဲ ထိုလူအား တကယ့် ဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်မိခြင်းပင်။
တကယ်တမ်းတွင်လည်း ထိုသို့ပင်။
"ဆရာကြီး... မဟုတ်ဘူး၊ တာအိုဆရာကြီး"
ထိုသူမှာ သူတို့ လောလောလတ်လတ် ရှာဖွေနေသည့် တကယ့် အရည်အချင်းရှိသော ဆရာကြီးမဟုတ်ပါလား?
ဆရာကြီးတစ်ယောက်မှ သူတို့ပြဿနာအား မဖြေရှင်းပေးနိုင်လျှင်တောင်၊ ဆရာအချင်းချင်း သိကျွမ်းသည့် အသိုင်း အဝိုင်းထဲမှ တကယ့် အရည်အချင်းရှိသူများကို လမ်းညွှန်ပေးနိုင်ပေလိမ့်မည်။
စောစောမှ သံသယများကြောင့် တစ်ဖက်လူ၏ အထင်အ မြင်အား ထိခိုက်သွားမည် စိုးရိမ်သဖြင့် ဖူစစ်ကျင်း ချက်ချင်း တောင်းပန်လိုက်သည်။
"ကျွန်တော့်အမှားပါ၊ ဆရာကြီးရဲ့ တကယ့်အရည်အချင်းကို မသိဘဲ စော်ကားမိသွားပါတယ်...တောင်းပန်ပါတယ်၊ ဆရာကြီး ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ထိုလူမှာ သူ့ကိုယ်သူ "လူအိုကြီး" ဟု ခေါ်ဆိုပြီး သူ့ကို "လူငယ်" ဟု ခေါ်သဖြင့် ဖူစစ်ကျင်းကလည်း လူကြီးတစ်ဦးအပေါ် ထားရှိသည့် ရိုသေမှုဖြင့် ဆက်ဆံလိုက်သည်။
ဒါက ပိုပြီးတော့ သည်းခံနားလည်မှုကို ရရှိစေနိုင်သည်။
"ရပါတယ်"
တောင်ပေါ်မှ ဆင်းလာကတည်းက ထိုလူငယ်မှာ မရေမတွက်နိုင်သော သံသယများ ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်ရာ၊ တစ်ခုနှစ်ခုလောက်ကတော့ သူ့အတွက် ကိစ္စမရှိပေ။
ထို့အပြင် ဖူစစ်ကျင်း စိတ်ထဲမှာသာ သံသယရှိခဲ့ခြင်းဖြစ်ပြီး မျက်နှာပေါ်တွင် တစ်ချက်ကလေးမှ အရိပ်အယောင်မပြဘဲ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည်မှာ ချီးကျူးဖွယ်ပင်။
"ကျွန်ုပ် တာအိုဘွဲ့ကတော့ ဖူချန်ပါ၊ ဖုန်းလိုင်တောင်က တာအိုဆရာတစ်ဦးဖြစ်ပြီး၊ ဒီနှစ်မှာ အသက် ရှစ်ဆယ့်ရှစ်နှစ် ရှိပါပြီ"
ထပ်မံပြီး အထင်အမှားမခံစေရန်အတွက် ဖူချန် သူ့အချက် အလက်များကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
"ဖုန်းလိုင်တောင်?"
ထိုနေရာအား တစ်ခါမှ မကြားဖူးသော သားအဖနှစ်ယောက်မှာ အချင်းချင်း ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။
"ဒါကို ထည့်မတွက်ပါနဲ့တော့၊ ကျွန်ုပ် ဒီနေ့ ဒီကိုလာတာ လူတစ်ယောက်အတွက်ပဲ"
ဖူချန် ပြုံးယောင်သန်းနေသော အကြည့်များမှာ ချင်ချင့်အပေါ်သို့ ကျရောက်သွားသည်။ ချင်ချင့် ရင်ထဲတွင် ထိတ်ခန့်သွားပြီး ဖူဟန် ရင်ခွင်ထဲသို့ ပိုတိုးဝင်လိုက်သည်။ သူမ သူ့အား လျစ်လျူရှုကာ တခြားဘက်သို့ လှည့်ကြည့်နေရင်း ဘာမှမသိသလို ဟန်ဆောင်နေတော့သည်။
ချင်ချင့်ငြင်းဆန်မှုနှင့် မတူဘဲ ဖူချန် မည်သူမည်ဝါဖြစ် ကြောင်း သိလိုက်ရပြီးနောက် ဖူသားအဖနှစ်ယောက်၏ စိတ်ထဲတွင် ထူးခြားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဖူဟန် ချင်ချင့်အား ဖူချန်ဘက်သို့ လှည့်ပေးလိုက်ရင်း "တာအိုဆရာကြီး... ချင်ချင်ကို ကြည့်ပေးပါဦး၊ သူမက..."
ဖူချန် ခေါင်းကို အသာအယာခါပြကာ ဖူဟန့်စကားအား ရပ်တန့်လိုက်သည်။
ဖူချန် လက်ကိုမြှောက်လိုက်ရာ၊ သူ့ သွယ်လျဖြူစင်သည့် လက်ချောင်းထိပ်လေးများမှာ ချင်ချင့်မျက်ခုံးကြားကို အသာအယာ ထိလိုက်သည်။ မှိန်ဖျဖျ အလင်းတစ်ခု ပေါ်လာပြီးမှ ပြန်လည် ပျောက်ကွယ်သွားသည်။ သူ မတ်တပ်ရပ်လိုက်ပြီး ချက်ချင်းထွက်ခွာရန်ပြင်လိုက်တော့သည်။
ဖူစစ်ကျင်းနှင့် ဖူဟန်တို့ အလျင်အမြန်ပင် တားလိုက်ကြသည်။
"တာအိုဆရာကြီး... ချင်ချင် ဘယ်လိုရှိလဲဆိုတာ မပြောရသေးဘူးလေ? သူမ... သူမ ဘယ်လိုလုပ်မှ နဂိုအတိုင်း ပြန်ဖြစ်မှာလဲ?"
ဖူချန် ရပ်လိုက်ပြီး ခေါင်းလှည့်ကြည့်လာသည်။ သူ၏ အေးမြလှသည့် လဝန်းရောင် အကြည့်များမှာ ဖူစစ်ကျင်းအပေါ်သို့ ကျရောက်လာသည်။
"သဘာဝအတိုင်းပဲ ဖြစ်ပါစေ၊ ဆန္ဒတွေ ပြည့်ဝတဲ့အခါ၊ ပြဿနာတွေလည်း ပြေလည်သွားလိမ့်မယ်"
ထိုစကားများကိုသာ ချန်ထားရစ်ခဲ့ပြီး ဖူချန်မှာ ဖူဟန်နှင့် ဖူစစ်ကျင်းတို့ မျက်စိရှေ့မှာတင် ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။
သားအဖနှစ်ယောက်မှာ စကားပင် မပြောနိုင်လောက်အောင် အံ့ဩတုန်လှုပ်နေကြသည်။ ဝေခွဲမရဖြစ်နေသည့် ချင်ချင်မှာ စပ်စုလိုစိတ်ဖြင့် ပြေးသွားကာ ဖူချန် ပျောက်ကွယ်သွားသည့် နေရာအား လက်ကလေးဖြင့် ပုတ်ကြည့်နေရှာသည်။ ပတ်ပတ်လည်ကို လိုက်ရှာသော်လည်း ဘာမှ ရှာမတွေ့တော့ပေ။
"ပျောက်သွားပြီ"
ကလေးငယ်လေးမှာ သူ့လက်ဝါးနှစ်ဖက်အား ဖြန့်ပြလိုက်သည်။ သူ့လေသံထဲတွင်ပင် နောင်တရရိပ် အနည်းငယ် ရောယှက်နေသည်။
အခြားတစ်ဖက်တွင်မူ ဖူဂရုရုံးချုပ်အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သော ဖူချန်မှာ သက်ပြင်းတစ်ချက်အား အသာချလိုက်ရင်း သူ့ရင်ဘတ်ကို သူ ပြန်ပုတ်နေမိသည်။
"တော်သေးတာပေါ့... ငါသာ နောက်တစ်လှမ်း နောက်ကျခဲ့ရင် တခြားတစ်ယောက်ရဲ့အခွင့်အရေးကို ဖျက်ဆီးမိတော့မှာ"
ဖူချန့်တည်ရှိမှုမှာ လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသကဲ့သို့ပင်။ ဝုန်းခနဲ ရောက်လာပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားရာ ဘယ်သူမှ လိုက်ဖမ်းခွင့်ပင် မရလိုက်ကြပေ။
ဖူစစ်ကျင်းမှာ ချင်ချင့်အား ကူညီနိုင်မည့်သူကို မတားဆီးလိုက်နိုင်သဖြင့် သိသိသာသာပင် စိတ်တိုကာ နောင်တရနေမိသည်။
ဖူဟန် စိတ်ကို ချက်ချင်းပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဟိုပြေးဒီပြေး လုပ်နေသည့် ချင်ချင့်အား ပွေ့ချီလိုက်သည်။ ထို့နောက် သူမ နှာခေါင်းလုံးလုံးလေးကို အသာအယာ တို့လိုက်ရင်း "ချင်ချင်က ဦးဦးကို နှုတ်တောင်မဆက်သေးဘူးနော်"
"ချင်ချင် နှုတ်ဆက်ပြီးသားပါ!"
အထင်မှားခံရသည်ကို မလိုလားသော ချင်ချင်မှာ ချက် ချင်းပင် ပြန်လည် ခုခံချေပတော့သည်။
"ချင်ချင် အကျယ်ကြီး အော်ခေါ်တာကို ဦးဦးက မကြားတာပါ"
"ဟုတ်လို့လား?"
ဖူဟန် မယုံသလို ဟန်ဆောင်လိုက်သည်။
"ဒါဆိုရင် ချင်ချင် နောက်တစ်ခါ ထပ်အော်ကြည့်ဦးလေ၊ ဒါဆို ဦးဦး ကြားရကောင်းပါရဲ့"
"ဦးဦး!"
ကလေးမလေး ချက်ချင်းပင် အသံကုန် အော်ဟစ်လိုက်ရာ ဖူဟန် ပြုံးလျက်ပင် ထူးလိုက်တော့သည်။
စကားစဖြတ်လိုက်သဖြင့် ဖူချန် အကြောင်းမှာ ချင်ချင့်ခေါင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ဖူဟန် သူ့သားကြီးအား ကြည့်ကာ ချင်ချင်ရှေ့တွင် ဘာမှ မပြောရန် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် ချင်ချင့်အား မုန့်ကျွေးရန်အတွက် အတွင်းဘက် နားနေခန်းဆီသို့ တိုက်ရိုက် ပွေ့ချီသွားတော့သည်။
သူ၏ နားနေခန်းမှာ မူလက အိပ်ရာတစ်ခုသာရှိပြီး ဗလာ ကျင်းနေတတ်သည်။ နားနေခန်းဆိုသည်မှာ အနားယူရန်အတွက်သာ ဖြစ်သဖြင့် အပိုအလှဆင်ခြင်း သို့မဟုတ် အပိုပစ္စည်းများ ထားရှိရန် မလိုအပ်ဟု သူ ယူဆထားခြင်းကြောင့် ဖြစ်သည်။
သို့သော် ချင်ချင် ရောက်လာပြီးနောက်တွင်မူ တစ်စုံပြီးတစ်စုံ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
အိပ်ရာခင်းနှင့် စောင်များအား ရိုးရှင်းသည့် အနက်ရောင်မှ တောက်ပသည့် အပြာရောင် ကွက်စိပ်ပုံစံသို့ ပြောင်းလဲလိုက်ရုံတင်မကဘဲ၊ မူလက အလှပြရန်သာ ထားရှိသော ဗီဒိုထဲတွင်လည်း ပစ္စည်းများ ပြည့်နှက်နေတော့သည်။
ထိုအထဲတွင် ချင်ချင့်မုန့်များ၊ ချင်ချင့်အဝတ်အစားများနှင့် ကစားစရာများ ဖြစ်သည်။ တစ်ခန်းလုံးမှာ ချင်ချင့်ပစ္စည်းများနှင့် လျှံထွက်နေတော့သည်။
ဤကလေးမလေးမှာ သူတစ်ပါး နယ်မြေအား မည်မျှ ကျွမ်းကျင်စွာ ကျူးကျော်နိုင်သလဲဆိုသည်မှာ သိသာလှသည်။ အပြစ်ကင်းစင်သည့် အကြည့်လေးတစ်ချက် သို့မဟုတ် ချစ်စရာကောင်းသည့် အပြုံးလေးတစ်ခုကပင် ဘယ်သူ့နှလုံးသားကိုမဆို အလွယ်တကူ အရည်ပျော်သွားစေနိုင်သည်။
သူ ကစားစရာအချို့နှင့် မုန့်အချို့ကို ထုတ်ပေးကာ ချင်ချင့်အား တစ်ယောက်တည်း ဆော့ကစားရန် ချော့ထားလိုက်သည်။
ဖူဟန် နားနေခန်းတံခါးကို ပိတ်လိုက်သည်နှင့် သူ့မျက်နှာ ချက်ချင်းပင် တည်ကြည်သွားတော့သည်။
"ဒီနေ့ တာအိုဆရာကြီး ဖူချန်နဲ့ တွေ့ခဲ့တာကို ဘယ်သူ့ကိုမှ မပြောနဲ့၊ မင်းရဲ့ ညီနဲ့ ဦးလေးကိုတောင် မပြောပြနဲ့ဦး"
"ဘာဖြစ်လို့လဲ ပါး?"
ဖူစစ်ကျင်း ဝေခွဲမရစွာ မေးလိုက်သည်။
"တာအိုဆရာကြီးက သဘာဝအတိုင်းပဲ ဖြစ်ပါစေလို့ ပြောသွားတယ်၊ ပြီးတော့ သူ မရောက်လာခင်မှာပဲ ချင်ချင်က သူမရဲ့ နဂိုပုံစံအတိုင်း တစ်ခါပြန်ပြောင်းသွားခဲ့ဖူးတယ် မဟုတ်လား? ဒါက တစ်ခုခုကို နိမိတ်ပြနေတာလည်း ဖြစ်နိုင်တယ်"