← Chapters

အခန်း (၉၉)

Vol. 11 Ch. 99

အခန်း (၉၉)

Vol. 11 Ch. 99

🍼 Chapter 99

"ဆရာ တာ့တာ!"

ချင်ချင် သူမ၏လက်ကလေးကို အားတက်သရော ဝှေ့ယမ်းနှုတ်ဆက်ပြီးနောက် နောက်သို့ပင် ပြန်မကြည့်တော့ဘဲ စာသင်ခန်းထဲမှ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။

အရပ်ရှည်ရှည်နှင့် ခန့်ညားလှသည့် ဆရာဖြစ်သူမှာ လက်မြှောက်ရုံရှိသေးသော်လည်း ချစ်စရာကောင်းသည့် ကလေးမလေးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အနေရခက်စွာ သိလိုက်ရသည်။

အခြားကလေးငယ်များ၏ အပြစ်ကင်းစင်သော အကြည့်များအောက်တွင် ဆရာဖြစ်သူမှာ သူ့ခေါင်းနောက်ဘက်ကို အမ်းအမ်းတမ်းတမ်း ကုတ်လိုက်ရင်း "ချင်ချင်က အိမ်ပြန်ပြီး ထမင်းစားဖို့ လောနေပုံရတယ်"

"ဦးဦးကူး!"

ချင်ချင် ပြေးလာသည့်အရှိန်ဖြင့် ကူးလန် ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

ချင်ချင်၏ အရှိန်ကြောင့် ကူးလန်မှာ နောက်သို့ပင် ယိုင်သွားရပြီး သူမအား မေးလိုက်မိသည်။

"မင်း ပြန်ဝလာတာလား?"

ထိုသေစေနိုင်လောက်သည့် မေးခွန်းမှာ ကလေးမလေး၏ စိတ်အား ချက်ချင်း ထိခိုက်သွားစေသည်။ သူမ ချက်ချင်းပင် ဒေါသထွက်သွားကာ ကူးလန် ပေါင်ကို သူမ လက်သီး ဆုပ်လေးဖြင့် ထိုးလိုက်ပြီး

"ချင်ချင် မဝပါဘူး၊ ချင်ချင်က ပိန်ပိန်လေးပါ!"

"မင်းက... ပိန်တယ်?"

ကူးလန် ထိုစကားကို ဆက်မပြောဝံ့ပေ။ ကလေးမလေး သူ့အား ထိုးမည်စိုး၍ မဟုတ်ဘဲ သူမ ငိုသွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။

မိန်းကလေးငယ်လေးတွေ ငိုလျှင် ချော့ရသည်မှာ မလွယ်ကူသလို၊ ထိုသို့ငိုလျှင် အလိုလိုက်ထားသည့် ကလေးတစ်သိုက် ရောက်လာပြီး သူ့ကို အတားအဆီးမရှိ ဝိုင်းတိုက် ခိုက်ကြပေလိမ့်မည်။

"ဒီနေ့ ချင်ချင်ကို လာကြိုတာ ဦးဦးကူး တစ်ယောက်တည်းပဲလား"

ချင်ချင် ကူးလန်၏နောက်ကွယ်မှနေ၍ ခေါင်းလေးပြူကာ တခြားသူများအား မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည့်ပုံပေါ်သည်။

"ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလား၊ တခြားဘယ်သူ့ကို လိုချင်သေးလို့လဲ?"

ကူးလန်မှာ ရယ်ပင်ရယ်ချင်သွားသည်။ သူ လက်ညှိုးဖြင့် ချင်ချင့်ခေါင်းလေးကို တို့လိုက်ရာ ကလေးမလေးမှာ သနားစရာ အမူအရာလေးဖြင့် ဟိုဘက်ဒီဘက် ယိမ်းထိုးသွားတော့မှ သူမအား လွှတ်ပေးလိုက်သည်။

သူ ချင်ချင့်အား စာသင်ခန်းထဲသို့ ပြန်ခေါ်သွားပြီး ဆရာကို နှုတ်ဆက်စေကာ ကားပေါ်တင်၍ အိမ်သို့ ပြန်လာခဲ့သည်။

ချင်ချင် ကိုယ်ခံပညာသင်တန်း ဝတ်စုံကို ဝတ်ထားသည်။ ထိုဝတ်စုံမှာ ပြုပြင်ထားသည့် ဗားရှင်းဖြစ်သဖြင့် ကိုယ်ခံ ပညာရှင်တစ်ဦးကဲ့သို့ ခန့်ညားသွက်လက်နေမည့်အစား သူမ၏ လက်တိုခြေတိုလေးများကြောင့် ပိုချစ်စရာကောင်းနေတော့သည်။

ကလေးမလေးမှာမူ သူမကိုယ်သူမ လုံးဝ သတိမထားမိပေ။ သူမ ထိုဝတ်စုံကို ဝတ်၍ အပိုသင်တန်းသို့ နေ့တိုင်းသွားလေ့ရှိပြီး သူမကိုယ်သူမ အလွန်ပင် စတိုင်ကျသည်ဟု ထင်မှတ်နေရှာသည်။

သူမ မားမားမတ်မတ် ရပ်နေသည်မှာ ယုံကြည်မှုတွေ ပြည့်နှက်နေလေသည်။

အတိအကျပြောရလျှင် ဂုဏ်ယူဝင့်ကြွားနေသည့် ကြက်ဖလေးတစ်ကောင်ကဲ့သို့ပင်။

၎င်းမှာ ဖူစစ်ချန်၏တိတ်တဆိတ် ဝေဖန်ချက်ဖြစ်ပြီး ကူးလန် ကြားသွားသဖြင့် သူ့အား အကြီးအကျယ်ဆူပူခဲ့သေးသည်။

ကူးလန် အလွန်ပင် ဟန်ဆောင်ကောင်းသူဖြစ်သည်။ သူကိုယ်တိုင် ချင်ချင့်အား ဝေဖန်နိုင်သော်လည်း တခြားသူများကိုတော့ လုံးဝခွင့်မပြုပေ။

၎င်းမှာ သူ့စိတ်ခံစားချက်ကို ဖော်ပြသည့် ထူးဆန်းသော နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

"ကြည့်ဦး၊ ချွေးတွေနဲ့ တစ်ရှူးယူပြီး အမြန်သုတ်လိုက်"

သူ ကလေးသုံး တစ်ရှူးအစိုကိုကမ်းပေးကာ သူမ မျက်နှာအား သုတ်ခိုင်းလိုက်သည်။

ချင်ချင် သူမ မျက်နှာကို ဟိုပွတ်ဒီပွတ် လုပ်လိုက်ပြီးနောက် အပြီးသတ်လိုက်သည်။

ကူးလန် : "..."

ဒါက တကယ်ပဲ သူတို့မိသားစုက ကလေးလား?

"တိတိ... ချင်ချင် ကြက်ဥလိပ် စားချင်တယ်"

အနားတွင် အပြင်လူမရှိတော့သည်နှင့် ချင်ချင့်ခေါ်ဝေါ်ပုံမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

နေသားကျနေပြီဖြစ်သော ကူးလန်မှာ သူမ သဘောအတိုင်း လွှတ်ထားလိုက်သည်။ သူ ကားမောင်းနေသဖြင့် သူမအား လှည့်မကြည့်နိုင်ဘဲ ပြန်ပြောလိုက်သည်။

"ပြန်ရောက်ရင် အန်တီတင်းကို လုပ်ပေးဖို့ ပြောလိုက်မယ်လေ"

ချင်ချင် စားချင်သည့် ကြက်ဥလိပ်မှာ ရိုးရိုးကြက်ဥမဟုတ်ဘဲ ဘဲဥငန်အနှစ်ဖြင့် လုပ်ထားသည့် လိပ်စာကလေး ဖြစ်သည်။ ၎င်းမှာ ကလေးမလေး၏ လတ်တလော "အသည်းစွဲ" မုန့်ဖြစ်ပြီး နေ့တိုင်း စားချင်နေကာ မစားရလျှင် တစ်နေ့လုံး စိတ်ညစ်နေတတ်သည်။

ကံကောင်းသည်မှာ အာဟာရမရှိသည့် မုန့်မဟုတ်သဖြင့် တစ်နေ့လျှင် အနည်းငယ် စားသုံးခြင်းက ပြဿနာမရှိပေ။

ကူးလန် ချင်ချင့်အား ဖူအိမ်တော်သို့ ခေါ်လာခဲ့သည်။ သူသည် သူမအား သူ့အိမ်သို့ တိုက်ရိုက် ခေါ်သွားချင်သော် လည်း ညဘက်တွင် ချင်ချင် အိပ်မရဘဲ ဂျီကျမည်ကိုမကိုင်တွယ်နိုင်သဖြင့် နောက်ဆုံးတွင် ဖူအိမ်တော်သို့သာ ပြန်ပို့ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။

အမှန်ပင်... သူမ ကိုယ်ခန္ဓာ သေးငယ်သွားသော်လည်း သူမ နှလုံးသားထဲတွင် အရေးအကြီးဆုံးလူမှာ ဖူဟန် ဖြစ်နေဆဲပင်။ ၎င်းမှာ တကယ်ကို ဒေါသထွက်စရာပင်။

နေ့စဉ် ကလေးကြိုပို့တာဝန်ကို ပြီးမြောက်သွားပြီဖြစ်သဖြင့် ကူးလန်မှာ ပြန်သွားလို့ရပြီဖြစ်သော်လည်း... မဖြစ်နိုင်ပေ။

ချင်ချင့်အား သူ့အိမ်သို့ ခေါ်သွား၍မရသဖြင့် သူ ပစ္စည်းများ ထုပ်ပိုးကာ ဖူအိမ်တော်၌သာ နေထိုင်လိုက်တော့ သည်။ မည်သို့ပင်ဆိုစေ သူ့အိမ်မှ ကုမ္ပဏီအကွာအဝေးနှင့် ဖူအိမ်တော်မှ ကုမ္ပဏီအကွာအဝေးမှာ အတူတူပင်ဖြစ်ရာ အလုပ်ကိုလည်း မထိခိုက်စေဘဲ ချင်ချင်နှင့်လည်း အတူရှိနိုင်သည် မဟုတ်လား? ဖူမိသားစုကရော သူ့ကို နှင်ထုတ်ဝံ့ပါ့မလား?

ဖူဟန် သူ့အား မနှင်ထုတ်သော်လည်း ကြိုဆိုသည့်အရိပ် အယောင်လည်း မပြပေ။

သူ့သဘောထားမှာ လွှတ်ထားသည့်သဘောပင်။ ယောက်ဖဖြစ်သူ လာချင်လျှင် လာနိုင်သည်။ ဖူအိမ်တော်မှာ ကြီးမားလှသဖြင့် ကလေးထိန်းပေးမည့်သူ တစ်ယောက်ပိုလာသည်ဟုသာ သူ သဘောထားလိုက်သည်။

သူတို့ မလာကြလျှင် ပိုကောင်းပေလိမ့်မည်။ သို့မှသာ ချင်ချင့် အာရုံစိုက်မှု သူတို့ဆီသို့ အမြဲတမ်း ရောက်မနေတော့မည် ဖြစ်သည်။

ချင်ချင် တစ်နေ့လုံး သင်တန်းတွေတက်ထားသဖြင့် ကိုယ်ပေါ်တွင် ဖုန်တွေပေကျံနေသည်။ အိမ်ပြန်ရောက်သည်နှင့် အန်တီတင်း သူမအား ရေချိုးပေးပြီး အဝတ်အစားလဲပေး လိုက်သည်။

သန့်ရှင်းလတ်ဆတ်သည့် မုန့်လုံးလေးအဖြစ် ပြောင်းလဲသွားပြီး အောက်ထပ်သို့ ပြေးဆင်းလာသည့်အခါတွင်မူ မိသားစုဝင်အားလုံး စုံစုံလင်လင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့ဩသွားရသည်။

ဖူမိသားစုဝင် အားလုံးအပြင် ယိယိ၊ အန်းရန်၊ ကူးလန်၊ ပိုင်ချီယွီနှင့် နျန်ကောင်း၊ ဟန်ဟန်နှင့် သူမ မိဘများ၊ ဒါရိုက် တာကောင်းနှင့် နင်နင်တို့ပါ ရှိနေကြသည်။

ချင်ချင် ခေါင်းလေးစောင်းကာ ဝေခွဲမရစွာမေးလိုက်သည်။

"ဘာလို့ လူတွေ အများကြီးရှိနေတာလဲ?"

"လူတွေအများကြီးက ချင်ချင် မွေးနေ့ကို အတူတူ ဆင်နွှဲပေးဖို့ လာကြတာဆိုတော့ မပျော်ဘူးလား?"

ဖူဟန် ပြုံးလျက် ရှေ့သို့တိုးလာကာ ချင်ချင့်လက်ကလေးကို ဆွဲ၍ လူအုပ်ထဲသို့ခေါ်ဆောင်သွားသည်။

ဤတစ်ကြိမ်တွင် အန်တီတင်း ချင်ချင့်အား ရေချိုးပြီးနောက် ပုံမှန်အတိုင်း သက်သောင့်သက်သာရှိသည့် အိမ်တွင်းဝတ်စုံ မလဲပေးဘဲ လှပလှသည့် မင်းသမီးဝတ်စုံလေး ဝတ်ပေးထားသည်။

ကလေးမလေး၏ စိုထိုင်းထိုင်း ဖြစ်နေသော ဆံပင်လေးများမှာ ဖရိုဖရဲ ဖြစ်မနေဘဲ နုနယ်လှပသော သူမ မျက်နှာလေးအား ပို၍ပင် ချစ်စရာကောင်းအောင် ပံ့ပိုးပေးနေသည်။

သူမသည် ဖူဟန် လက်ချောင်းအား တင်းတင်းဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေလေသည်။

လူအုပ်ကြီး ဘေးသို့ဖယ်ပေးလိုက်သောအခါ သေချာစွာ ပြင်ဆင်ထားသည့် နောက်ခံမြင်ကွင်း ပေါ်ထွက်လာသည်။

ပန်းရောင်နှင့် အဖြူရောင် ပူဖောင်းများ တစ်ခုပြီးတစ်ခု ပျံတက်နေပြီး၊ အရောင်စုံ ပန်းပွင့်ဖတ်လေးများ တဖွဲဖွဲ ကြွေကျနေသည်။ ဤလှပလှသည့် မြင်ကွင်းအလယ်တွင် ရှိနေသော ကြီးမားလှသည့် မွေးနေ့ကိတ်ကြီးမှာ ချင်ချင့်အား ဝမ်းသာအားရ ဖြစ်သွားစေသည်။

သုံးဆင့်ပါသည့် ကိတ်မုန့်အဆင့်တိုင်းတွင် ကာတွန်းပုံစံ တစ်မျိုးစီ ရှိနေပြီး အပေါ်ဆုံးအဆင့်တွင်မူ ချင်ချင် အနှစ်သက်ဆုံး ဖြစ်သည့် ဒိုင်နိုဆော ရုပ်လေး ရှိနေသည်။

ခန့်ညားလှသည့် ဒိုင်နိုဆောရုပ်လေးမှာ ကောင်းကင်သို့ မော့ဟိန်းနေသည့် ပုံစံမှာ ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းလှသဖြင့် ချင်ချင်လည်းလိုက်ပြီး ရယ်မောနေတော့သည်။

"အရမ်းလှတာပဲ!"

လက်လေးများကို ပျော်ရွှင်စွာ တီးလိုက်ရင်း ချင်ချင် အလွန်အမင်း ဝမ်းသာနေကာ သူမ၏ ပျော်ရွှင်မှုအား မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ချင်ချင်!"

ဟန်ဟန်၊ နင်နင်နှင့် နျန်ကောင်းတို့မှာ ချင်ချင့်အတွက် ပြင်ဆင်လာသည့် လက်ဆောင်လေးများ ပေးရန် ရောက်ရှိလာကြသည်။

ကလေးများဆီမှ လက်ဆောင်မှာ တန်ဖိုးမကြီးသော်လည်း သူတို့၏ စစ်မှန်သော စေတနာ အပြည့်ပါဝင်နေသည်။

လူကြီးများလည်း သူတို့လက်ဆောင်များကို ပေးအပ်ကြသည်။ ဟန်ဟန့်မိဘများမှာ ချင်ချင် ဘာကြိုက်မှန်း မသိသဖြင့် ရိုးရိုး Barbie အရုပ်ကိုသာ ပေးခဲ့သော်လည်း ကျန်သည့်သူများမှာ ချင်ချင် အကြိုက်ဆုံးလက်ဆောင်များကိုသာ ပေးခဲ့ကြသည်။

ဒိုင်နိုဆောပုံစံ ပစ္စည်းများမှာ မပါမဖြစ်ပင်။ ထို့ပြင် သူမသည် သေသပ်လှပသည့် လက်ဝတ်ရတနာလေးများကိုလည်း နှစ်သက်သည်။

အမှန်စင်စစ် ကလေးများ အလိုချင်ဆုံးအရာမှာ ဝေမျှစားသုံးရန် စောင့်ကြိုနေသည့် ကိတ်မုန့်ကြီးပင်။

ဖယောင်းတိုင်လေးတိုင် ထွန်းလိုက်ပြီး အားလုံး၏ "Happy Birthday" ဆိုသည့် သီချင်းသံနှင့်အတူ ချင်ချင်မျက်လုံးလေးမှိတ်ကာ စိတ်ထဲမှ ဆုတောင်းလိုက်သည်။

"လူတိုင်း လူတိုင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ချင်ချင် ဆုတောင်းပါတယ်"

သူမ ဆုတောင်း ပြည့်ဝသွားပြီးနောက် ဖူဟန် ချင်ချင့်အား ပွေ့ချီကာ ဖယောင်းတိုင်များကို မှုတ်ခိုင်းလိုက်သည်။

သူမ ပါးလေးကို ဖောင်းလိုက်ပြီး အားရပါးရ မှုတ်လိုက်ရာ ဖယောင်းတိုင်အားလုံး ငြိမ်းသွားတော့သည်။ အားလုံး လက်ခုပ်တီး အားပေးကြပြီး အောင်ပွဲခံ ဗြောက်အိုးလေးများ ဖောက်လိုက်ကြသည်။ ထို့နောက်တွင်တော့ ထုံးစံအတိုင်း ကိတ်မုန့်လှီးသည့် အခမ်းအနား ရောက်လာသည်။

မွေးနေ့ရှင်မှာ ကိတ်မုန့်၏ ပထမဆုံးအချပ်ကို လှီးရမည်ဟူသော အစဉ်အလာ ရှိသည်မဟုတ်လား?

ချင်ချင် အရပ်မမှီသဖြင့် ဖူဟန် သူမအား ပွေ့ချီထားပေးကာ၊ ကူးလန်က သူမ လက်ကလေးကို ကိုင်လျက် ကိတ်မုန့်အား သေချာစွာ လှီးဖြတ်လိုက်ကြသည်။

အချပ်တစ်ခုချင်းစီမှာ ချင်ချင်၏ တစ်နှစ်တာ ကြီးထွားမှုကို ကိုယ်စားပြုနေလေသည်။

လူတိုင်းမှာ ချင်ချင်၏ မှတ်တိုင်တစ်ခုအတွက် ဂုဏ်ပြုအားပေးနေကြပြီး၊ ဖူဟန်နှင့် ကျန်သည့်သူများကလည်း လိုက်ပြီး ပြုံးနေကြသော်လည်း သူတို့ကြားမှ ခါးသက်သည့် ခံစားချက်ကိုတော့ သူတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။

ချင်ချင်က... ဘယ်တော့မှ ကြီးပြင်းလာတော့မည် မဟုတ်ပေ။

ထိုအချက်မှာ လူတိုင်း ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခုလို လေးလံနေစေသည်။

ဘာမှမသိရှာသည့် ချင်ချင်နှင့် တခြားသော ဧည့်သည်များသာ မွေးနေ့ပွဲအား အပြည့်အဝ ဆင်နွှဲနိုင်ကြသော်လည်း အနည်းဆုံးတော့ ပတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်စရာ အငွေ့အသက်တွေနှင့် ပြည့်နှက်နေလေသည်။

အားလုံး ကိတ်မုန့်ကို ဝေမျှစားကြသည်။ ချင်ချင့်ခေါင်းပေါ်တွင် စိန်သရဖူလေး ဆောင်းကာ၊ မျက်နှာပေါ်တွင် ကိတ်မုန့်ခရင်မ်တွေ ပေကျံလျက် တောက်ပစွာ ပြုံးနေတော့သည်။

ထိုမြင်ကွင်းလေးကို ဓာတ်ပုံရိုက်ကာ သေချာစွာသိမ်း ဆည်းထားလိုက်ပါတော့သည်။

ဖြစ်နိုင်သည်မှာ အချိန်တွေ အတော်ကြာအောင် ကုန်ဆုံးသွားပြီးနောက်၊ ချင်ချင် ပြန်လည်ကြီးပြင်းလာသည့် တစ်နေ့ကျမှသာ ထိုဓာတ်ပုံပိုင်ရှင်သည် ဤအမှတ်တရအား လူတိုင်းနှင့် ဝေမျှပေးပေလိမ့်မည်။

"ဒင်ဒေါင်!"

ဆော့ကစားနေကြဆဲမှာပင် ရုတ်တရက် လူခေါ်ဘဲလ်သံ မြည်လာသည်။

အိမ်ရှင်၏ အမိန့်ကိုပင် မစောင့်တော့ဘဲ အိမ်စောင့်မှ တံခါးကို မိမိဘာသာ ဖွင့်ပေးလိုက်ရာ ခဏအကြာတွင် ချင်ချင့်အတွက် ပါဆယ်ထုပ်တစ်ခု ရောက်ရှိလာတော့သည်။

"ဒီပါဆယ်ထုပ်က မဒမ်ချင်ချင်အတွက် မွေးနေ့လက် ဆောင်လို့ ရေးထားပါတယ်ခင်ဗျာ"

ဖူမိသားစုဝင်များ၏မျက်နှာမှာ တစ်ချက် တင်းခနဲ ဖြစ်သွားကြသည်။ အကြောင်းမှာ ထိုပါဆယ်ထုပ်သည် သူတို့အိမ်မှ ချင်ချင်လေးအတွက်မဟုတ်ဘဲ 'မဒမ်ချင်ချင်' ဟု အတိအကျ လိပ်စာတပ်ထားသည်ကို အားလုံး ရှင်းရှင်း လင်းလင်း ကြားလိုက်ရသောကြောင့် ဖြစ်သည်။

ဒါက ဘာကို ဆိုလိုတာလဲ?

ချင်ချင် စပ်စုလိုစိတ်ဖြင့် ပါဆယ်ထုပ်အား လှမ်းယူရန် လက်ကလေးဆန့်လိုက်သော်လည်း ဖူဟန် တားလိုက်သည်။

"ချင်ချင်... ဧည့်သည်တွေရှေ့မှာ ပါဆယ်ဖွင့်တာက မယဉ် ကျေးဘူးလေ၊ နောက်မှ အားလုံးအတူတူ ဖွင့်ကြည့်ကြတာပေါ့၊ ဟုတ်ပြီလား?"

"ဒါပေမဲ့..."

ချင်ချင် ပါဆယ်အား ချက်ချင်းဖွင့်ရန် ရည်ရွယ်ချက်မရှိပေ။

သူမအတွက်ဆိုသည့် စကားကြောင့် အလိုအလျောက် လှမ်းယူမိခြင်းသာ။

ကံဆိုးစွာပင် သူမစကားမဆုံးခင်မှာပင် ဖူဟန် ကြားဖြတ်ပြောလိုက်သည်။

"လိမ္မာပါတယ် ချင်ချင်၊ လက်ဆောင်ကို နောက်မှ ဖွင့်ကြမယ်နော်"

ပိုင်ချီယွီကလည်း အလိုက်တသိဖြင့် ရှေ့သို့တိုးလာကာ လုံခြုံရေးဝန်ထမ်းထံမှ ပါဆယ်ထုပ်အား လှမ်းယူပြီး ခပ်ပေါ့ပေါ့လေး ဝှေ့ယမ်းကြည့်လိုက်သည်။

အလွန်ပင် ပေါ့ပါးလှသဖြင့် အထဲတွင် ဘာမှမရှိသလိုပင်၊ သို့သော် သဲ့သဲ့မျှ လှုပ်ခတ်သံတော့ ကြားနေရသည်။

ဓာတ်ပုံ သို့မဟုတ် ပို့စကတ် တစ်ခုခု ဖြစ်နိုင်ပေသည်။

သူ ဖူဟန်နှင့် ကျန်သည့်သူများကို အေးဆေးနေရန်မျက် ရိပ်ပြလိုက်သည်။

"ဦးဦးက ဒီလက်ဆောင်တွေကို တစ်စုတစ်စည်းတည်း ထားပေးမယ်နော်"

ချင်ချင့်ရှေ့တွင်တော့ ပိုင်ချီယွီ ထိုပါဆယ်ဘူးအား လက် ဆောင်ပုံထဲသို့ သွားထည့်သယောင် ဟန်ဆောင်လိုက်သော်လည်း တကယ်တမ်းတွင်မူ သူ့လက်ချောင်းကြား၌ ဝှက်ထားသော ဓားပြားလေးဖြင့် ဘူးတိပ်ကို အသံမထွက်အောင် လှီးဖြတ်ကာ အထဲမှ ပစ္စည်းအားထုတ်ယူလိုက်ပြီဖြစ်သည်။ ထို့နောက် အထဲသို့ တခြားအသေးအဖွဲပစ္စည်းအချို့ အမြန်ထည့်လိုက်သည်။

ထိုလှုပ်ရှားမှုအားလုံးမှာ စီးဆင်းနေသည့် ရေအလား ချော မွေ့လွန်းလှသဖြင့် အပြင်ပန်းကြည့်လျှင် ပိုင်ချီယွီ ပါဆယ်ဘူးကို လက်ဆောင်ပုံထဲ သဘာဝကျကျ သွားထည့်သည်ဟုသာ ထင်ရပြီး အထဲမှပစ္စည်းအား ခိုးယူလိုက်မှန်း ဘယ်သူမှ မသိလိုက်ပေ။

ချင်ချင်လေးမှာလည်း ဘာမှ မသင်္ကာပေ။ ပိုင်ချီယွီ သူမ လက်ဆောင်အား သေချာ သိမ်းပေးသည်ဟု ထင်မှတ်ကာ သူငယ်ချင်းများနှင့် ဆက်လက် ဆော့ကစားနေတော့ သည်။

ကလေးများမှာ တစ်ယောက်ပြီးတစ်ယောက် တန်းစီကာ ဥယျာဉ်ထဲမှ ရေကန်ဘေးတွင် ပတ်ပြေးနေကြသည်။

သူတို့ ပုန်းတမ်းကစားနေသည်ဟု ဆိုကြသော်လည်း သူတို့ပုံစံကိုကြည့်ရသည်မှာ ဘယ်သူက လိုက်ရှာရသူ၊ ဘယ်သူက ပုန်းနေသူဆိုသည်ကို ခွဲခြား၍ပင် မရတော့ပေ။

"ဒါက အစာကွင်းဆက်များလား?"

ခဏမျှ စောင့်ကြည့်ပြီးနောက် ဖူစစ်ချန် လွှတ်ခနဲ ပြောလိုက်မိသည်။

"အင်း... တကယ်ကို ဆင်တူနေတာပဲ"

အန်းရန်ကလည်း ချင်ချင်တို့တစ်သိုက်အား ကြည့်ရင်း အလိုအလျောက် ထောက်ခံလိုက်သည်။ ဟန်ဟန် အရှေ့ဆုံးမှ ပြေးနေပြီး၊ နျန်ကောင်းမှ ထပ်ကြပ်မကွာ လိုက်နေကာ၊ ထိုနောက်တွင် ချင်ချင် နောက်ဆုံးမှတော့ နင်နင် ဖြစ်သည်။

ထိုကလေးလေးယောက်မှာ ဖူစစ်ချန် ပြောသကဲ့သို့ပင် အစာကွင်းဆက်တစ်ခုအလား စက်ဝိုင်းပုံစံ ပတ်ပြေးနေကြသည်။ ပျော်ရွှင်စရာ အချိန်များမှာ ည ၁၀ နာရီအထိ ကြာမြင့်ခဲ့ပြီးနောက် မွေးနေ့ပွဲသို့ ဖိတ်ကြားခံရသည့် ကလေးများသည် မိဘများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ ပြန်သွားကြတော့သည်။

ပိုင်ချီယွီပင်လျှင် နျန်ကောင်းကို ခေါ်ကာ ပြန်သွားပြီဖြစ်ရာ အိမ်တော်ကြီးထဲတွင် ရှုပ်ပွနေသော ပစ္စည်းများ၊ နုံးချိနေသည့် ချင်ချင်လေးနှင့်အတူ ကူးလန်၊ ဖူဟန်တို့သာ ကျန်ရစ်ခဲ့သည်။

"မင်းဆီမှာ အရက်နံ့တွေ နံနေတာပဲ၊ ငါ အရင်သွား ရေချိုးလိုက်ဦးမယ်"

ကူးလန် အခန်းထဲသို့ အရင်ဝင်သွားသလို ဖူဟန်လည်း လိုက်သွားသော်လည်း သူသည် ချင်ချင့်အား အရင် သန့်ရှင်းရေး လုပ်ပေးရဦးမည် ဖြစ်သည်။

အားအင်ကုန်ခန်းနေသည့် ကလေးမလေးမှာ ဖူဟန် ကိုယ်ပေါ်တွင် အရုပ်ကလေးတစ်ရုပ်အလား ပျော့ခွေကာ တွယ်ကပ်နေရှာသည်။

သူမ၏ မျက်လုံးလေးများမှာ မှေးစင်းနေပြီး အိပ်ချင်စိတ်နှင့် နိုးကြားလိုစိတ်ကြားတွင် ရုန်းကန်နေရသည်။ မကြာမီမှာပင် သူမ အိပ်မောကျခြင်း၏ ဖိတ်ခေါ်မှုအား မလွန်ဆန်နိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။

ဖူဟန် သူမကို ရေချိုးပေးပြီးကာစ ဖြစ်သဖြင့် ညဝတ်အင်္ကျီလေး ဝတ်ပေးထားသည့် ကလေးမလေးအား ပွေ့ချီကာ အိပ်ရာထဲသို့ သိပ်ရန် ပြင်လိုက်သည်။

ဖြစ်နိုင်သည်မှာ ဖူဟန်၏ လှုပ်ရှားမှုအနည်းငယ် ကြမ်းတမ်းသွားသဖြင့် ချင်ချင် နိုးလာခြင်းပင်။

သူမ မျက်လုံးလေးကို ဝိုင်းခနဲ ဖွင့်ကြည့်လိုက်ရာ ဖူဟန် သူမအား စောင်ခြုံပေးနေသည်ကို မြင်လိုက်ရပြီးမှ အိပ်ချင်မူးတူးဖြင့် ပြန်မှိတ်ရန် ကြိုးစားနေပြန်သည်။

"ချင်ချင် ခုနက ဘာဆုတောင်းလိုက်တာလဲ?"

ဖူဟန် ယခင်က ထိုအရာကို စိတ်မဝင်စားခဲ့သော်လည်း ယခုမူ ရုတ်တရက် မေးချင်စိတ် ပေါ်လာသည်။

ကလေးမလေး၏ ဆုတောင်းထဲတွင် သူပါဝင်နေမလားဟု သူ သိချင်မိသည်။

"ချင်ချင်လေ... လူတိုင်း လူတိုင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းတာ"

ချင်ချင်မှာ အိပ်ချင်မူးတူး ဖြစ်နေသဖြင့် ဆုတောင်းကို အပြင်ထုတ်မပြောရဟူသော အချက်အား မေ့လျော့နေကာ အပြစ်ကင်းစွာပင် မေးလိုက်သည်။

"ဦးဦး... ဘယ်လိုဆိုရင် ပျော်ရွှင်တယ်လို့ ခံစားရမှာလဲဟင်?"

"ပျော်ရွှင်မှုလား?"

ဖူဟန်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အလေးအနက် စဉ်းစားကာ ဆိုသည်။

"တခြားသူတွေတော့ မသိဘူး၊ ဒါပေမဲ့ ဦးဦးရဲ့ပျော်ရွှင်မှုကတော့ အမြဲတမ်း ချင်ချင့်လက်ထဲမှာပဲ ရှိနေတာပါ"

ချင်ချင်ကသာ သူ့ကို ပျော်ရွှင်မှု ပေးချင်စိတ်ရှိမှ သူ ပျော်ရွှင်ခွင့် ရနိုင်မည်မဟုတ်လား?

ထိုစဉ်မှာပင် အလွန်ရင်းနှီးလှသည့် ဖုန်းနံပါတ်တစ်ခုမှ ဖုန်းဝင်လာသည်။

ဖူဟန် ခန့်ညားလှသော မျက်ခုံးအစုံမှာ တစ်ချက် တွန့်ချိုးသွားသည်။ အလွန်ပင် ခက်ခဲသော လူတစ်ယောက်နှင့် တွေ့ရတော့မည့်အလား။ သူသည် ဖုန်းဖြေကြားလိုက်ကာ အသံနက်ကြီးဖြင့် "ကျွန်တော် ဖူဟန်ပါ"

"ဒီကောင်စုတ်လေး... မင်းနဲ့ ချင်ချင် ငါ့ဆီ လာမကြည့်တာ ဘယ်လောက်တောင် ကြာနေပြီလဲ!"

ဖုန်းတစ်ဖက်မှ ခြောက်ကပ်ကပ် အသံကြီးထွက်ပေါ်လာသည်။

ထိုအသံပိုင်ရှင်မှာ အိုမင်းနေပြီ ဖြစ်သော်လည်း ရာထူးအာဏာကြီးမားသူတို့၏ အရှိန်အဝါကိုတော့ မဖျောက်နိုင်ပေ။ ဖုန်းတစ်ဖက်မှ ဖူဟန်ပင်လျှင် ထိုအသံကြောင့် အနည်းငယ် ရှိန်သွားသယောင် ထင်ရသည်။

၎င်းမှာ မဖြစ်နိုင်တာ အမှန်ပင်။

ဖူဟန် ဖုန်းကို နားမှခေတ္တ ခွာထားလိုက်ပြီး တစ်ဖက်မှ အဘိုးအို၏ကြိမ်းမောင်းသံများ ဆုံးခန်းတိုင်သည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ ထို့နောက်မှ ဖုန်းကို နားနားပြန်ကပ်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ကျွန်တော်တို့ အလုပ်များနေလို့ လာဖို့ အချိန်မရသေးတာပါ"

"အချိန်မရဘူးဟုတ်လား? ငါကြည့်နေတာတော့ မင်း တစ် နေ့လုံး အိမ်မှာ ကလေးထိန်းနေတာပဲ၊ အချိန်တွေ အများကြီး ရှိပုံရပါတယ်!"

၎င်းမှာ ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဖြစ်သွားသည်။ တစ်ဖက်မှ အဘိုးအိုမှာ အော်ဟစ်ဆဲဆိုရင်း ခုန်ပေါက်နေတော့ရာ ဘေးမှ ပြုစုစောင့်ရှောက်သူ၏စိုးရိမ်တကြီး တားမြစ်သံများကိုပါ ကြားနေရသည်။

ဖူဟန် သက်ပြင်းတစ်ချက်ကို အားမလိုအားမရ ချလိုက်ရင်း "ခန္ဓာကိုယ်ကို ဂရုစိုက်ပါဦး၊ အသက်ကြီးပြီပဲ၊ အမြဲတမ်း ဒေါသမထွက်ပါနဲ့..."

"ဒေါသမထွက်နဲ့ ဟုတ်လား! ဘယ်သူက ငါ့ကို နေ့တိုင်း ဒေါသထွက်အောင် လုပ်နေတာလဲ!"

အဘိုးအိုမှာ အလွန်ပင် မကျေမနပ် ဖြစ်နေရှာသည်။ သား တစ်ယောက်ကို ဒီလောက် ကြီးအောင် ပြုစုပျိုးထောင်ပေးခဲ့တာကို တစ်နှစ်နေလို့မှ တစ်ခါ မတွေ့ရဘူး၊ ဘာအတွက် သုံးစားလို့ ရမှာလဲ?

တကယ်တော့ ဖုန်းတစ်ဖက်မှ လူမှာ တခြားသူမဟုတ်ဘဲ ဖူဂရု၏ ဥက္ကဋ္ဌဟောင်းနှင့် ဖူဟန့်ဖခင်အရင်းဖြစ်သူ ဖူချန်းသယ်ပင်။

စီးပွားရေးလောကတွင် တစ်ချိန်က အာဏာရှိခဲ့သည့် ထိုပုဂ္ဂိုလ်ကြီးမှာ ယခုအခါတွင်မူ ကလေးကဲ့သို့ စိတ်ကောက်တတ်သည့် အဘိုးအိုတစ်ဦး ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်ထားမည် မဟုတ်ပေ။ သားနှင့် ချွေးမဖြစ်သူ လာမတွေ့ကြသဖြင့် စိတ်ကောက်နေခြင်းသာ။

ဖူဟန်မှာ အပျော့ရော အမာပါမတိုးသည့် လူစားမျိုး ဖြစ်သည်။

သို့သော် သူသည် မိသားစုအပေါ်တွင်မူ ထူးခြားသည့် နူးညံ့မှုမျိုး အမြဲထားရှိတတ်သည်။ တစ်သက်လုံး တင်းမာခက် ထန်ခဲ့သည့် သူ့ဖခင်အပေါ်တွင်လည်း ထိုသို့ပင်။

အကယ်၍ သူ့ဖခင်မှ အမိန့်ပေးခိုင်းစေလျှင် သူ အေးအေး ဆေးဆေး ပြန်လည် တုံ့ပြန်နိုင်သော်လည်း၊ ဖခင်ဖြစ်သူမှ အားနည်းချက်ကို ပြလာလျှင်တော့ ဖူဟန် ဘယ်လို ငြင်းဆန်ရမှန်း မသိတော့ပေ။

ဖူချန်းသယ် မြေခွေးအိုကြီး တစ်ကောင်ကဲ့သို့ပင် လူတစ်ယောက်၏ အားနည်းချက်အား ရှာဖွေရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။

အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် အဘိုးအိုမှာ သားဖြစ်သူ့ အားနည်းချက်ကို အောင်မြင်စွာဆုပ်ကိုင်နိုင်ခဲ့ပြီးပိုကလေး ဆန်လာတော့သည်။

All Chapters