ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁)
Vol. 1 Ch. 1
နက်ပြာရောင် စကျင်ကျောက်သားများနှင့် ခင်းကျင်းထားသည့် လမ်းမထက်တွင် ရွှေရောင်လင်းယုန်တံဆိပ် ခပ်နှိပ်ထားသော အနက်ရောင် မြင်းရထားတစ်စီးမှာဖြည်းညင်းစွာမောင်းနှင်လာလျက်ရှိသည်။ လမ်းခင်းကျောက်များ၏ အနေအထားမှာ ကုဗတုံးပုံစံ သမုဒ္ဒရာပြင်ကြီးထက် လမ်းလျှောက်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေလေသည်။
ထိုသို့ခံစားရသည်မှာလည်း မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းမကြီးကို နှစ်တစ်ထောင်သက်တမ်းရှိ ကြည်လင်စန္ဒာကျောက်များဖြင့် ခင်းကျင်းထားသောကြောင့်ပင်။ ကျောက်သား၏ တောက်ပနေမှုကို ကြည့်ခြင်းအားဖြင့် အရည်အသွေးမြင့် သတ္တုရိုင်းမှ ရရှိထားမှန်း သိသာလှသည်။ သို့သော် ဂိုဏ်းငယ်လေးများအနေဖြင့် သူတို့၏ လျှို့ဝှက်ကျင့်စဥ်များနှင့် လဲလှယ်လိုသည့်ကျောက်များဖြင့်ခင်းကျင်းထားသောဤလမ်းမကြီးမှာ အထူးခြားဆုံး အရာတော့ မဟုတ်ပေ။
၎င်းထက်ပိုအထူးခြားဆုံးအရာမှာ မြင်းရထားကို ဆွဲလာသည့် ဧရာမ မဟူရာမြင်းနဂါးကြီးနှစ်ကောင်ပင် ဖြစ်သည်။ ထိုမြင်းကြီးများသည် ၅ မီတာခန့် မြင့်မားပြီး ခြေထောက်တစ်ဖက်တည်းကပင် ခန္ဓာကိုယ်အဓိက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားခန့် ရှိလေသည်။ သို့သော် ထိုထက် ကြောက်မက်ဖွယ်ကောင်းသည့် အရာမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ပင်။
သူတို့ဆီမှ ထွက်ပေါ်နေသော ဖိအားမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ သားရဲတစ်ကောင်၏ ဖိအားမျိုးဖြစ်သည်။ ထိုမြင်းကြီးများ၏ နှာမှုတ်သံတစ်ခုတည်းဖြင့် ချီစုဆောင်းခြင်းအဆင့် ထိပ်ဆုံးရောက်နေသူတစ်ယောက်ကို ဖုန်မှုန့်ဖြစ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ သို့သော် ထိုမျှ အစွမ်းထက်သည့် သားရဲကြီးများသည် ယခုအချိန်၌ လူတစ်ယောက်၏ မြင်းရထားကို ဆွဲပေးနေရသည့် အစီးအနင်း သက်သက်သာ ဖြစ်နေချေပြီ။ ဤအချက်ကပင် ရထားလုံးထဲတွင် ပါလာသည့် ပုဂ္ဂိုလ်မှာ မည်မျှ အဆင့်အတန်းမြင့်ကြောင်း သက်သေပြနေလေသည်။
လမ်းဘေးဝဲယာမှ ဖြတ်သွားဖြတ်လာများသည် ဤမြင်ကွင်းကို သိပ်ပြီး အံ့သြပုံမရပေ။ ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် မြင်တွေ့နေကျ ဖြစ်သောကြောင့်ပင်။ ဤနေရာသည် ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး တရားရုံးတော်များ တည်ရှိရာ ဝန်းကြီး ဖြစ်သည်။ ဤနေရာသို့ မြင်းရထားများ၊ ဓားပျံများဖြင့် ဝင်ထွက်ခွင့်ရသူများမှာ တရားရုံးတော်မှ အရာရှိများနှင့် အခွင့်ထူးခံများသာ ရှိလေသည်။
မကြာမီတွင် ကောင်းကင်ယံအထိ ထိုးဖောက်မတတ် မြင့်မားပြီး တည်ကြည်လေးနက်ကာ မည်သူမျှ မပုန်ကန်ရဲသည့် အငွေ့အသက်များ လွှမ်းခြုံထားသော အနက်ရောင် အထပ်မြင့် အဆောက်အအုံကြီးတစ်ခု၏ လှေကားထစ်များရှေ့တွင် မြင်းရထားမှာ ရပ်တန့်သွားခဲ့သည်။
အပြာတစ်ဝက် အနီတစ်ဝက် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပေါ်ထပ်ဝတ်ရုံတွင် ရောမဂဏန်းအမှတ်အသား 'IV'ဟု ရေးထိုးထားသော စတုဂံပုံတံဆိပ်ပါရှိသည့် ရထားလုံးမောင်းသူသည် ရထားပေါ်မှ အလျင်အမြန် ဆင်းလာပြီး ရထားတံခါးကို ညင်သာစွာ ခေါက်လိုက်လေသည်။
"တရားသူကြီး ယန်ချင်း... တရားရုံးတော် အဆောက်အအုံကို ရောက်ပါပြီခင်ဗျ... တရားသူကြီး... တရားသူကြီး... ကျွန်တော်ပြောတာ ကြားရလား... အသံလုံ အစီအရင်ကို ဖွင့်မထားနဲ့လေဗျာ..."
ရထားမောင်းသူမှာ အစောပိုင်းက ကျွမ်းကျင်ပညာရှင်တစ်ဦးအသွင်အပြင် ပျောက်ဆုံးသွားပြီး ညင်သာစွာ တံခါးခေါက်နေရာမှ ရထားလုံးကို အဆက်မပြတ် ထုရိုက်ကာ အော်ဟစ်နေတော့သည်။ သို့သော် သူ၏ ထုရိုက်မှုများက ရထားလုံးကို ဘာမှမဖြစ်စေခဲ့ပေ။
"ဟေ... ငါတို့ ရောက်တောင် ရောက်နေပြီလား... မြန်လိုက်တာ... ဟေ့ ယီကျဲ... မင်း ဟင်းလင်းပြင်အစီအရင်ကို သုံးပြန်ပြီလား... ငါ မင်းကို ပြောထားတယ်လေကွာ... အဲဒါကြီးကိုသုံးရင် ငါ ခေါင်းမူးပါတယ်ဆို... ပြီးတော့ မြင်းတွေအတွက်လည်း မကောင်းဘူးကွ... ကြည့်ပါဦး သူတို့ ပိန်သွားသလိုပဲ..."
ရထားလုံးထဲမှ လူငယ်တစ်ယောက်၏ အိပ်မှုန်စုန်ဝါး အသံထွက်ပေါ်လာသည်။
"ကျွန်တော် ဘာဟင်းလင်းပြင်အစီအရင် မသုံးပါဘူးဗျာ... ပြီးတော့ တရားရုံးတော် ဝင်းထဲအထိ တိုက်ရိုက်ရောက်အောင် အစီအရင်သုံးနိုင်တဲ့ အဆင့်လည်း ခင်ဗျားမှာ မရှိသေးဘူးလေ..."
ယီကျဲက မောပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်မှုတို့ ရောပြွမ်းနေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
ရထားလုံးတံခါး ပွင့်သွားသည့်အခါ အစိမ်းရောင်ဆံနွယ်များနှင့်၊ အစိမ်းရင့်ရင့် မျက်ဝန်းများ ပိုင်ဆိုင်ထားပြီး အခုမှ အိပ်ရာထလာသည့်ပုံစံဖြင့် ဆံပင်စုတ်ဖွား ဖြစ်နေသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။
"ဟားဟားဟား... အော် ဟုတ်သားပဲ... ဆောရီးကွာ ယီကျဲရာ... ငါက အိပ်... အဲ... ကျင့်ကြံနေတာကို အာရုံရောက်သွားလို့ပါ... မဟာလစန္ဒာပညာရပ်ကို ဘယ်လို ပြည့်စုံအောင် လုပ်ရမလဲတွေးရင်း ဉာဏ်အလင်းပွင့်သွားလို့လေ... အချိန်တွေတောင် ဘယ်လိုကုန်သွားမှန်း မသိလိုက်ပါဘူးကွာ... ဟားဟားဟား..."
ယန်ချင်းက ရယ်မောရင်း ပြောလိုက်ကာ ရထားပေါ်မှခုန် ဆင်းလိုက်သည်။ ထို့နောက် ယီကျဲ၏ ပခုံးကို ပုတ်လိုက်ရာယီကျဲက အရိပ်မဲ့ခြေလှမ်းကို သုံးပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ ဖြစ်သွားသည်။ ယန်ချင်းက သူ၏ခြေလှမ်းများကို အလွယ်တကူပင် ချိုးဖျက်လိုက်ပြီး ပခုံးကို လှမ်းပုတ်နိုင်ခဲ့လေသည်။
"ဒီနေ့ လုပ်စရာတွေ အများကြီး ရှိတယ်နော်... အလုပ်နောက်ကျလို့ဆိုပြီး ကြီးကြပ်ရေးမှူး လဲ့ဝေယွမ်ရဲ့ ဆူတာကို ထပ်မခံချင်ဘူး မဟုတ်လား... နောက်တစ်ပတ်နေရင် ခင်ဗျားရဲ့ ရာထူးတိုးပွဲ အခမ်းအနား ရှိတယ်ဆိုပေမယ့် အခုလောလောဆယ်တော့ ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ဦးမှ ဖြစ်မှာနော်..."
"အေးပါ အေးပါကွာ... ငါ သိပါတယ်..."
ယန်ချင်းတစ်ယောက် သက်ပြင်းချလိုက်မိပြီး သူဘယ်လိုလုပ်ပြီး ဒီအခြေအနေကို ရောက်လာရတာပါလိမ့်ဟု တွေးတောနေမိသည်။
မူလက သူသည် အဆင့် ၅ မိသားစုလေးတစ်ခုမှ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် မိသားစုက ရှိသမျှ အရင်းအမြစ်များကို သူ့အပေါ် ပုံအောပေးခဲ့ကြသည်။ သို့သော် သူ အဆင့်မြင့်လာလေလေ၊ မိသားစုက ထောက်ပံ့နိုင်သည့် အရင်းအမြစ်များ နည်းပါးလာလေလေ ဖြစ်လာသည်။
ပါရမီရှင်တစ်ယောက် ဖြစ်သည့်အတွက် သူ့မှာ ရွေးချယ်စရာ လမ်းကြောင်း အများအပြား ရှိခဲ့သည်။ ဂိုဏ်းတစ်ခုခုသို့ ဝင်မလား၊ အဆင့်မြင့် မိသားစုကြီးတစ်ခုမှာ အလုပ်အကျွေးပြုမလား၊ တော်ဝင်မိသားစုမှ မင်းသားတစ်ပါးပါး၏ နောက်လိုက် လုပ်မလား၊ သို့မဟုတ် လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်အနေဖြင့် တိုက်ကြီးအနှံ့ လျှောက်သွားပြီး ရတနာများနှင့် အခွင့်အလမ်းများကို ရှာဖွေမလား၊ ဒါမှမဟုတ် ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး အဖွဲ့အစည်းကြီး သို့ ဝင်ရောက်ပြီး အရာရှိတစ်ယောက် လုပ်မလား စသည်ဖြင့် ရွေးချယ်စရာများစွာ ရှိခဲ့သည်။
သေချာပေါက်ပင် သူက နောက်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့သည်။ ကျန်သည့်နည်းလမ်းများမှာ အန္တရာယ်များလွန်းပြီး လွတ်လပ်ခွင့်လည်း ကန့်သတ်ခံရနိုင်သောကြောင့် ဖြစ်သည်။ လွတ်လပ်သော ကျင့်ကြံသူအဖြစ် နေလျှင်ပင် ထင်သလောက် မလွတ်လပ်ပေ။ အင်အားကြီးသူက အနိုင်ကျင့်မည်ဖြစ်သလို၊ အစုအဖွဲ့နှင့် အနိုင်ကျင့်ခံရလျှင် ပိုဆိုးပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး အဖွဲ့အစည်းကိုသာ ရွေးလိုက်ခြင်း ဖြစ်သည်။ သူတို့က အင်အားကြီးမားသည့် အဖွဲ့အစည်းဖြစ်သလို အရင်းအမြစ်များ ရရှိရန်အတွက်လည်း ကိုယ့်အသက်နှင့်ရင်းပြီး စွန့်စားစရာ မလိုပေ။ အချောင်ခိုလို့ပင် ရသေးသည်။
ဤအဖွဲ့အစည်းကို ဂိုဏ်းပေါင်းစုံ၊ မိသားစုများနှင့် တော်ဝင်မျိုးနွယ်များ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူနေထိုင်ရာ တောင်ပိုင်းတိုက်ကြီးသည် သဘာဝ သယံဇာတများ၊ ရတနာများနှင့် အဆင့်မြင့် သတ္တုတွင်းများ ပေါများကြွယ်ဝသလို ချီစွမ်းအင်မှာလည်း သိပ်သည်းပြည့်ဝလှသည်။ ဤအချက်များနှင့် ယှဉ်နိုင်သည့် တစ်ခုတည်းသော နေရာမှာ အလယ်ပိုင်းတိုက်ကြီးသာ ရှိလေသည်။
ထို့အပြင်အဆုံးမဲ့ရတနာပင်လယ် မှာလည်း တိုက်ကြီး၏ ဘေးတွင် ကပ်လျက် ရှိနေပြန်သည်။ ဤအချက်ကပင် ဂိုဏ်းများ၊ မိသားစုများ၊ တော်ဝင်မျိုးနွယ်များနှင့် လွတ်လပ်သော ကျင့်ကြံသူများအကြား ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများကို ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။ မက်လောက်စရာ ရတနာများအတွက် နေရာအနှံ့ တိုက်ခိုက်ခဲ့ကြသည်။ လောဘတရားက အသိစိတ်ကိုပင်ဖုံးလွှမ်းသွားခဲ့ကြသည်။
ထိုသို့ ရှုပ်ထွေးနေချိန်၌ အနောက်ဘက်၊ အရှေ့ဘက်နှင့် အလယ်ပိုင်းတိုက်ကြီးမှ လူများသည် တောင်ပိုင်းတိုက်ကြီးကို ဝေစုခွဲယူရန် ကြိုးစားလာကြသည်။ အထူးသဖြင့် တောင်ပိုင်းတိုက်ကြီးမှ လူများသည် အချင်းချင်း စစ်ခင်းနေကြသောကြောင့် ကဗျာဆရာများအတွက် ဆယ်စုနှစ်ပေါင်းများစွာ စာဖွဲ့မကုန်နိုင်အောင် ဖြစ်ခဲ့ရသည်။
ပြင်ပအင်အားစုများ၏ ကျူးကျော်မှုက သူတို့ကို အလျင်အမြန် အသိဝင်သွားစေခဲ့ပြီး ကျူးကျော်သူများကို မောင်းထုတ်ရန်ယာယီပူးပေါင်းခဲ့ကြသည်။ သို့သော် ထိုကိစ္စပြီးသည့်နောက် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်နည်း ဆိုသည့် မေးခွန်းကြီး ကျန်ရစ်ခဲ့သည်။ အကယ်၍ အရင်အတိုင်း ပြန်နေကြမည်ဆိုပါက မကြာမီ အားလုံး ဝါးမြိုခံရတော့မည် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး အဖွဲ့အစည်းကို တည်ထောင်ရန် စိတ်ကူးရခဲ့ကြသည်။ အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့် မိသားစုများ၊ ဂိုဏ်းများနှင့် တော်ဝင်မိသားစုများသည် သူတို့၏ အရင်းအမြစ်များကို စုပေါင်းပြီး တိုက်ကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် တရားမျှတပြီး ဘက်မလိုက်သော အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ကြသည်။
ထို့ကြောင့် တောင်ပိုင်းတိုက်ကြီးအတွင်း ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တရားစီရင်ရန်အတွက် 'ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး တရားရုံးတော်များ' ကို တည်ထောင်ခဲ့ကြပြီး မဟာမိတ်အဖွဲ့ဝင် အားလုံးသည် အဆင့်အတန်းမရွေး တရားရုံး၏ ဆုံးဖြတ်ချက်ကို နာခံကြရသည်။ တရားမျှတမှု ရှိစေရန်အတွက် တရားရုံးတော် အဖွဲ့ဝင်များကို အာဏာမရှိသော မိသားစုငယ်လေးများ၊ အဆင့်မရှိသော မိသားစုများ သို့မဟုတ် မိဘမဲ့များထဲမှသာ ရွေးချယ်ခန့်အပ်သည်။
ထူးခြားသော ပါရမီရှိသည့် ကလေးများကို လိုက်လံရှာဖွေ စုဆောင်းလေ့ရှိသလို၊ မိမိကိုယ်တိုင် လာရောက်၍ အရည်အချင်းစစ်ဆေးခံကာ ဝင်ရောက်နိုင်ခြင်းလည်း ရှိသည်။ ဂိုဏ်းများ၊ မိသားစုများနှင့် တော်ဝင်မျိုးနွယ်များထံမှ ရရှိသည့် အရင်းအမြစ်များကို အသုံးပြုကာ သူတို့ကို အတော်ဆုံးထဲမှ အတော်ဆုံးဖြစ်အောင် လေ့ကျင့်ပေးခဲ့သည်။ ဝင်ခွင့်သတ်မှတ်ချက် မြင့်မားသည့်အတွက် ပါရမီရှင်များသာ ဤအဖွဲ့အစည်းသို့ ရောက်ရှိလာနိုင်သည်။
နှစ်ပေါင်း ၁,၀၀၀ ကြာပြီးနောက်တွင် ထိန်းသိမ်းရေး အဖွဲ့အစည်းသည် အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။ တိုက်ကြီးအနှံ့မှ ခေါ်ယူထားသော ကလေးငယ်များသည် ဂိုဏ်းများ၊ မိသားစုများနှင့် တော်ဝင်မျိုးနွယ်များ မျှော်လင့်ထားသည်ထက် ကျော်လွန်သော ဝါရင့်ကျင့်ကြံသူများ ဖြစ်လာခဲ့သည်။
မထင်မှတ်ထားသော ဤကြီးထွားမှုနှုန်းသည် အဖွဲ့အစည်းကို ပိုမိုအင်အားကြီးထွားလာစေခဲ့ပြီး အမှန်တကယ်ဘက်မလိုက်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည်။ ယခုအခါ သူတို့သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လောက်အောင် ရင့်ကျက်လာပြီဖြစ်ပြီး အထူးသဖြင့် အဖွဲ့အစည်းကို သူတို့၏ လက်အောက်ခံ လျှို့ဝှက်အင်အားစုအဖြစ် ပုံသွင်းလိုကြသော အဆင့်မြင့် ဂိုဏ်း၊မိသားစု၊တော်ဝင်မျိုးနွယ်များကို မှီခိုနေစရာ မလိုတော့ပေ။
အဖွဲ့အစည်းသည် ပါရမီရှင်များ စုဝေးရာ၊ မိမိတို့၏ အရည်အချင်းကို စမ်းသပ်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ရာ မည်သူမျှ မပုန်ကန်ရဲသော အင်အားကြီး နေရာတစ်ခုအဖြစ် ဂုဏ်သတင်း ကျော်ဇောလာခဲ့သည်။ ဤအချက်ကပင် ပါရမီရှင်လူငယ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ယန်ချင်းလည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူ့အကြောင်းပြချက်မှာ လုံးဝ ကွဲပြားခြားနားနေသည်။ သူ၏ တွေးခေါ်ပုံမှာ ဤမျှ စွမ်းအားကြီးမားသော လူတော်တွေ ရှိနေသည့်နေရာသည် သူ့အတွက် အလုံခြုံဆုံးနေရာ ဖြစ်သည်ဟု တွေးခဲ့ခြင်းပင်။ လူတော်တွေ အများကြီးရှိနေမှတော့ သူ ဘာမှ သိပ်လုပ်စရာမလိုဘဲ အလုပ်ခိုလို့ရမည် မဟုတ်ပါလား။ ပြီးတော့ သူတို့ ရက်ရက်ရောရော ပေးကမ်းလာမည့် အရင်းအမြစ်များကို အေးအေးလူလူ ထိုင်စားရုံပင်။ ထိန်းသိမ်းရေး အဖွဲ့အစည်းသည် အဖွဲ့ဝင်များအပေါ် ဆက်ဆံပုံ ကောင်းမွန်သည်ဟု နာမည်ကြီးပြီး ကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးတတ်သည်။
ထို့ကြောင့် အသက် ၁၄ နှစ်အရွယ်တွင် သူသည် အဖွဲ့အစည်းသို့ ဝင်ရောက်ရန် အလျင်အမြန် စာရင်းသွင်းခဲ့ပြီး သူ့ကို စောင့်ကြိုနေမည့် ဇိမ်ကျသော ဘဝကို နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခဲ့တော့သည်။