ယန်ချင်းသည် ကောင်းကင်ယံသို့ထိုးဖောက်လုမတတ် မြင့်မားစွာ တည်ရှိနေပြီး ချိုးဖျက်၍မရနိုင်သော အရှိန်အဝါများ လွှမ်းခြုံထားသည့် အနက်ရောင် အဆောက်အအုံကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ထိန်းသိမ်းရေးအဖွဲ့အစည်းကတော့ တကယ်ကို နှလုံးသားမရှိတာပဲ “ ဒေါသတကြီး တွေးတောရင်း ထိုအဆောက်အအုံထဲသို့ မကျေမနပ်ဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုအဆောက်အအုံသည် သူ၏ ဒုတိယအိမ်သဖွယ် ဖြစ်သလို၊ အားလပ်ရက်မရှိသော အလုပ်ချိန်များကြောင့် သူ့အတွက်တော့ အဆုံးမရှိ သောကများ၏ အကြောင်းအရင်းလည်း ဖြစ်၏။ ဤအဆောက်အအုံသည် ကျင့်ကြံခြင်းထိန်းသိမ်းရေးအဖွဲ့အစည်း၏ တရားရုံးခန်းများ တည်ရှိရာနေရာ ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် တောင်ပိုင်းတိုက်ကြီး၏ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံခြင်းလောကကို စည်းစနစ်တကျ ရှိစေရန် တည်ထောင်ထားခြင်း ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူများကိုသာ လွှတ်ထားမည်ဆိုလျှင် ဤတိုက်ကြီးတစ်ခုလုံးကို မြေလှန်ပစ်ကြမည်မှာ အသေအချာပင်။ ကျင့်ကြံသူများ၏ စိတ်လိုက်မာန်ပါ လုပ်တတ်သော သဘာဝကြောင့် အမှုအခင်းများမှာ တစ်နေ့တစ်မျိုး မရိုးရပေ။ “ယီကျဲ... ဒီနေ့ ဘာအမှုတွေ ရှိလဲ” “နန်းတော်အဆင့် ကျင့်ကြံသူနှစ်ယောက် ရတနာတစ်ခုအတွက် တိုက်ခိုက်ကြရင်း သမင်ပြာနိုင်ငံရဲ့ နယ်မြေတစ်ဝက်ကို ဖျက်ဆီးပစ်လိုက်တဲ့အမှု၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ‘ဥက္ကာကြွေ ပန်းပဲဆိုင်’ ပိုင်ရှင်ကို တရားစွဲထားတဲ့အမှု... တရားစွဲရတဲ့အကြောင်းက သူဝယ်လိုက်တဲ့ ဓားက ချို့ယွင်းချက်ရှိနေပြီး မိုးကြိုးကပ်ဘေးတွေကို ခဏခဏ ဆွဲဆောင်နေလို့တဲ့၊ ဆေးအဆိပ်သင့်နေတဲ့ ကျင့်ကြံသူတစ်ယောက်က ‘တောင်ကုန်းဖြူ စားသောက်ဆိုင်’ကို တရားစွဲထားတဲ့အမှု... စားသောက်ဆိုင်က ဝိညာဉ်သားရဲတွေကို ကြီးထွားမြန်အောင် ဆေးလုံးတွေ ကျွေးထားတယ်လို့ သူက သံသယရှိနေတာ၊ နောက်ဆုံးအမှုကတော့... မိသားစုပေါင်း (၅၀၀) က ရန်ဖူလို့ အမည်ရတဲ့ ကျင့်ကြံသူတစ်ယောက်ကို တရားစွဲထားတာ။ အကြောင်းရင်းကတော့ သူက တစ်နေရာကနေ တစ်နေရာ ကူးပြောင်းသွားတိုင်း သူတို့ဆီက အရင်းအမြစ်တွေကို ပြောင်သလင်းခါအောင် ခိုးယူသွားသလို၊ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အနေနဲ့လည်း တာဝန်မကျေလို့ ဆိုပြီးတရားစွဲထားကြတာပါ...” “…” ဘယ်တော့မှ မပြီးဆုံးနိုင်သော အမှုအခင်းများ၊ ပြဿနာများနှင့် ရင်ဆိုင်နေရသော ကျင့်ကြံခြင်းထိန်းသိမ်းရေးအဖွဲ့အစည်းမှ ငပျင်းတရားသူကြီးယန်ချင်း၏ အလွဲများကို ကျွန်တော်တို့နဲ့အတူ လိုက်ပါဖတ်ရှုလိုက်ကြအောင်လားဗျာ…။

