← Chapters

အလုပ်ဆင်းချိန်

Vol. 9 Ch. 88

အလုပ်ဆင်းချိန်

Vol. 9 Ch. 88

မုန့်ချောင်ကဲ့သို့သော အဆင့်အတန်းရှိသည့် လူတစ်ယောက်က ဤအမှုတွင် အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ပတ်သက်နေရသနည်း ဟု တိန်ချောင်တစ်ယောက် တွေးတောနေစဉ်၊ တရားရုံးတော်၏ အလယ်ဗဟိုရှိ စာချုပ်သားရေစာရွက်မှာ မိတ္တူငါးစောင်အဖြစ် ကွဲထွက်သွားလေသည်။

ထိုမိတ္တူငါးစောင်သည် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် ဂိုဏ်းချုပ်၊ ပိုင်ရှင် လျိုယွမ် ၊ ကျောက်ချီ၊ မုန့်ချောင်နှင့် နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းတစ်ခု သူ့ထံသို့ ပျံသန်းလာသည်ကို မြင်လိုက်ရမှ တွေဝေမှုထဲမှ ရုန်းထွက်လာနိုင်ခဲ့သော တိန်ချောင်တို့ထံသို့ အသီးသီး ပျံသန်းသွားကြလေသည်။

“ဒီမှာ ငါလုပ်စရာရှိတာ ပြီးသွားပြီထင်တယ်။ မင်းရဲ့ အမှုထဲကို ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယန်ချင်း ။”

“ကျန်တာတွေကို မင်းဆီမှာပဲ ထားခဲ့တော့မယ်” မုန့်ချောင်က ယန်ချင်းကို ခေါင်းညိတ်ပြလိုက်ရာ၊ ယန်ချင်းကလည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“လဲ့ဝေယွမ်… မင်း ကျူးလောင်ရဲ့ ကြိုဆိုပွဲကို လာမှာမလား။ လွန်ခဲ့တဲ့ နှစ် ၅၀ က သူလုပ်ခဲ့တဲ့ ကိစ္စလေးတစ်ခုကြောင့် အခုမှ သူ့မိန်းမက သူ့ကို အပြင်ထွက်ခွင့် ပြုလိုက်ပြီလေ။ ပါတီပွဲက မနက်ဖြန်ည စုယင်ရဲ့ အိမ်မှာ လုပ်မှာ”

မုန့်ချောင်က ပြောရင်း သဘောကျစွာ ရယ်မောကာ ခေါင်းခါလိုက်သည်။

“သူ တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီဆိုတော့ ဝမ်းသာစရာပဲ။ အကယ်ဒမီက သူ့ရဲ့ဌာနမှာ ဌာနမှူးမရှိတော့ အတော်လေး ဂယက်ထနေတာ။ ဟီးဟီး သေချာတာပေါ့... ငါ လာခဲ့မယ်”

လဲ့ဝေယွမ်က ပြုံးရင်း ပြောလိုက်သည်။

“ကျူးလောင်… ဟုတ်လား” ယန်ချင်းက ထိုသူမှာ မည်သူဖြစ်ကြောင်းကို ချက်ချင်း သတိရသွားပြီး စကားကို ခဏရပ်လိုက်သည်။

အချိန်အတော်ကြာအောင် ပျောက်ဆုံးနေခဲ့သော ကျင့်စဉ်သမိုင်းနှင့် ခန္ဓာဗေဒဌာန၏ ဌာနမှူးနာမည် ဖြစ်နေသည့်အတွက် သူ မည်သို့များ မမှတ်မိဘဲ နေနိုင်မည်နည်း။

အကယ်ဒမီတွင် ရှိနေစဉ်တစ်လျှောက်လုံး ယန်ချင်း တစ်ခါမှ မမြင်ဖူးခဲ့သော တစ်ဦးတည်းသော ဌာနမှူးဖြစ်သည့်အပြင်၊ သူ့ကို မှတ်မိနေရသည့် အဓိက အကြောင်းရင်းမှာ ယခု လက်ရှိ အဖွဲ့အစည်းတွင် ကျင့်ကြံနေကြသော အဓိကကျင့်စဉ်များထဲမှ တစ်ခုကို သူက ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။

၎င်းမှာ ရွှေရောင်အဆင့် ကျင့်စဉ်များထဲတွင် အလယ်အလတ်အဆင့်ရှိသော ကိုယ်ဖော့ပညာတစ်ခု ဖြစ်ပြီး ‘ဝိညာဥ်အရိပ် ခြေလှမ်း’ဟု အမည်ရသည်။

‘ဝိညာဥ်အရိပ် ခြေလှမ်း’ သည် ကျင့်ကြံသူကို ငှက်မွေးတစ်မျှင်ကဲ့သို့ ပေါ့ပါးစေပြီး လေပွေတစ်ခုကဲ့သို့ လျင်မြန်စေသည်။

ကျွမ်းကျင်မှုအဆင့် မြင့်မားလာပါက၊ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၏ အရိပ်ထဲတွင်ပင် ရွေ့လျားနိုင်ပြီး နေရာရွှေ့ပြောင်းခြင်း နီးပါး စွယ်စုံသုံးနိုင်စွမ်း ရှိလာပေမည်။

ထို့အပြင် ကျင့်ကြံသူ၏ ကျွမ်းကျင်မှု မြင့်မားလေလေ၊ သတ်မှတ်ထားသော အဆင့်တစ်ခုရှိ ကာကွယ်ရေး အစီအရင်များကိုပင် ကျော်ဖြတ်နိုင်စွမ်း ရှိလေလေ ဖြစ်သည်။

၎င်းသည် အဖွဲ့အစည်းတွင် ရှိသမျှထဲ၌ အကောင်းဆုံးသော ကိုယ်ဖျောက်ကျင့်စဉ်နှင့် ဘက်စုံသုံး ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့်၊ ဖန်တီးသူ ကျူးလောင်အား လူငယ်အဖွဲ့ဝင်များ တစ်ခါမျှ မမြင်ဖူးကြသော်လည်း၊ အထူးသဖြင့် ထိုကျင့်စဉ် ဖန်တီးမှုနှင့် ပတ်သက်သည့် ဇာတ်လမ်းများကြောင့် သူ့ကို လူသိများ ကျော်ကြားစေခဲ့သည်။

ကောလာဟလများအရ သူသည် ညသန်းခေါင်ယံ အချိန်များတွင် သူငယ်ချင်းများနှင့် စကားပြောရန်နှင့် သောက်စားရန်အတွက် အိမ်မှ မသိမသာ ခိုးထွက်နိုင်ရန်နှင့်၊ ပြန်ဝင်နိုင်ရန်အတွက် ထိုကျင့်စဉ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

အစပိုင်းတွင် အောင်မြင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် စူးရှသောအာရုံခံစားမှုရှိသည့် သူ၏ဇနီးက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာခဲ့သည်။

အထူးသဖြင့် သူ အိမ်ပြန်နောက်ကျသည့် လအနည်းငယ်အတွင်း တာအိုဆွေးနွေးပဲ လုပ်နေသည်ဟူသော အကြောင်းပြချက် အမျိုးမျိုးကို အသုံးပြုလာသောကြောင့် ဖြစ်သည်။

သူမ၏ သံသယများအပေါ် အခြေခံ၍ ကျူးလောင်မသိစေဘဲ သတိပေး အစီအရင် အချို့ကို သူမက တိတ်တဆိတ် ထည့်သွင်းထားလိုက်လေသည်။

မိန်းမဖြစ်သူကို လှည့်စားနိုင်ခဲ့ပြီဟူသော ဂုဏ်ယူဝင့်ကြွားမှုကြောင့် သတိလက်လွတ် ဖြစ်နေခဲ့သော ကျူးလောင်မှာ၊ သူ အပြင်သို့ ခိုးထွက်မည့်အချိန်တွင် ထိုအစီအရင်များထဲမှ တစ်ခုနှင့် တိုက်မိပြီး ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားလေတော့သည်။

အပြင်သို့ ခိုးထွက်နေစဉ် လက်ပူးလက်ကြပ် ဖမ်းမိသွားပြီးနောက်၊ အဖွဲ့အစည်းအတွင်း ပျံ့နှံ့သွားသော သတင်းမှာ သူသည် တာအိုအပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းစေရန်အတွက် တံခါးပိတ် ကျင့်ကြံတော့မည် ဟူ၍ပင်။

ထိုသို့ ကြေညာခဲ့သည်မှာ နှစ်ပေါင်း ၅၀ တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

‘ဝိညာဥ်အရိပ်ကင်းမဲ့ ခြေလှမ်း’သည် ကိုယ်ဖော့ပညာများထဲတွင် မည်မျှ ရှုပ်ထွေးနက်နဲကြောင်းကို ထည့်သွင်းစဉ်းစားကာ ယန်ချင်းသည် ထိုကျင့်စဉ်ကို ဖန်တီးခဲ့သူနှင့် အမြဲတမ်း တွေ့ဆုံချင်နေခဲ့သည်။

ထိုသို့သော ပုဂ္ဂိုလ်ထံမှ လမ်းညွှန်မှုများ ရရှိမည်ဆိုပါက သူ၏ တိုးတက်မှုများမှာ မိုးပေါ်ပျံတက်သွားမလောက် ရှိမည်ဟု သူ ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် ကျူးလောင်သည် ‘တိတ်ဆိတ်သော လမင်း ခြေလှမ်း’ဟုခေါ်သည့် အနီရောင်အဆင့် ကျင့်စဉ်တစ်ခုကို အဆင့်မြှင့်တင်ကာ ‘ဝိညာဥ်အရိပ် ခြေလှမ်း’ ကို ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

သူသည် ကျင့်စဉ်ကို သုံးဆင့်တိတိ မြှင့်တင်ပေးခဲ့ခြင်းဖြစ်ရာ ၎င်းမှာ သူ့ချည်းသက်သက်ပင် ကြီးမားလှသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။

သို့သော် ယန်ချင်း အနေဖြင့် သူ၏ ခွင့်ရက်များနှင့်ပင် လဲလှယ်၍ နှုတ်ဆက်ခွင့်ရရန် ဆန္ဒရှိနေသည့် နောက်ထပ် လူတစ်ဦး ရှိသေးသည်။

ထိုသူမှာ မြင့်မြတ်နယ်မြေများမှ သူများပင် မစွမ်းဆောင်နိုင်သည့် ခရမ်းရောင်အဆင့် ကျင့်စဉ် လေးခုကို တီထွင်ခဲ့သော မိစ္ဆာတစ်ကောင်ပင် ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ‘တံခါးပိတ် ကျင့်ကြံခြင်း’ ကြောင့် ဆက်သွယ်ရန် ခက်ခဲသော ကျူးလောင်ကဲ့သို့ပင်၊ ခရမ်းရောင်အဆင့် ကျင့်စဉ် လေးခုကို ဖန်တီးခဲ့သူကို ရှာဖွေရန်မှာလည်း အလားတူ ခက်ခဲလှပေသည်။

ယန်ချင်းနှင့် လူအများစု သူ့အကြောင်းကို သိရှိကြရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏အမည်သည် ခေတ်အဆက်ဆက် အကျိုးဆောင်မှတ်တမ်း နံရံတွင် ရေးထိုးထားသော ထိပ်တန်း အမည်ဆယ်ခုထဲတွင် ပါဝင်နေသောကြောင့်ပင်။

…

“စီနီယာ မုန့်ချောင် … ကျွန်တော်ရော ပါလို့ရမလား”

ယန်ချင်းက မျှော်လင့်ချက်များဖြင့် တောက်ပနေသော မျက်လုံးများဖြင့် အလျင်စလို မေးလိုက်သည်။

ယခုလက်ရှိ သူ၏တောင်းဆိုမှုမှာ စီနီယာများထံမှ လမ်းညွှန်မှု ရယူလိုသည့် လူငယ်ကျင့်ကြံသူတစ်ဦး၏ စိတ်ဝင်စားမှု သက်သက်ကြောင့်တော့ မဟုတ်ပေ။

သူ၏ လောဘကြီးသော သဘာဝက အမြဲတမ်းလိုလို သူ၏ ခြေလှမ်းများကို လမ်းပြနေခဲ့ပြီ ဖြစ်သည်။

“နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ယောက်က ကျွေးမွေးမယ့် ပွဲတော်ထက် ဘာကများ ပိုကောင်းနိုင်ဦးမှာလဲ။ အစားအသောက် အရည်အသွေးတွေကတော့ လန်ထွက်နေမှာပဲ”

ယန်ချင်းက သူ့ဘာသာ တွေးလိုက်မိသည်။

“ယန်ချင်း… မင်းရဲ့ တကယ့် အတွေးတွေကို နည်းနည်းပါးပါးတော့ ဖုံးကွယ်ထားသင့်တယ်လို့ မထင်ဘူးလား”

မုန့်န့်ချောင်က ယန်ချင်း၏ ပါးစပ်ထောင့်မှ သွားရည်များ အနည်းငယ် စီးကျနေသည်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ယန်ချင်းမှာ သူ၏ အင်္ကျီလက်ဖြင့် အလျင်အမြန် သုတ်ပစ်လိုက်သည်။

“တောင်းပန်ပါတယ် စီနီယာ မုန့်ချောင်။ စီနီယာ့ရှေ့မှာ ကျွန်တော် လူပြက်တစ်ယောက်လို ဖြစ်သွားပြီ ထင်ပါတယ်။”

“ တာအိုအပေါ် ကျွန်တော့်ရဲ့ ဆာလောင်မွတ်သိပ်မှုက တစ်ခါတလေ ကျွန်တော့်ကို လွှမ်းမိုးသွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပျောက်သွားတတ်လို့ပါ။”

“ကျွန်တော် သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ပါရမီပါလွန်းတဲ့ စီနီယာတွေဆီကနေပေါ့”

ယန်ချင်းက အရှက်ကင်းမဲ့စွာ ပြောလိုက်ရင်း၊ သူ ဖန်တီးနိုင်သမျှ အလေးနက်ဆုံးနှင့် တာအိုအပေါ် အာရုံစိုက်မှု အရှိဆုံး မျက်နှာထားကို ပြင်ဆင်လိုက်လေသည်။

“ဒီကောင်က တကယ်ကို အရှက်ကင်းမဲ့လွန်းတယ်။”

“အကယ်လို့ အရှက်ကင်းမဲ့ခြင်းကသာ တာအိုလမ်းစဉ် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်၊ သူက အခုလောက်ဆို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်တောင် ဖြစ်နေလောက်ပြီ”

ယီကျဲက တွေးလိုက်ရာ၊ သူ ခံစားနေရသော သွယ်ဝိုက်သည့် ရှက်ရွံ့မှုကြောင့် သူ၏ နဖူးပေါ်ရှိ ဖောင်းကြွနေသော သွေးကြောကြီးမှာ ပေါက်ထွက်မတတ် ဖြစ်လာလေသည်။

သူသည် ယန်ချင်း၏ စစ်ဆေးရေးမှူးချုပ် ဖြစ်သောကြောင့် ယန်ချင်း၏ အရှက်ကင်းမဲ့မှုဒဏ်ကို အမြဲတမ်း ခံစားရလေ့ရှိသည်။

ယန်ချင်း၏ တုံ့ပြန်မှုကြောင့် မုန့်ချောင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ကောင်းပြီ... မင်းလည်း လာခဲ့လို့ ရပါတယ်။ မင်းရဲ့ အဖွဲ့ရော၊ မင်းနဲ့အတူ စားသောက်လေ့ရှိတဲ့ တရားသူကြီး သူငယ်ချင်းတွေပါ ခေါ်ခဲ့ပေါ့”

မုန့်ချောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ယန်ချင်းက သူ၏ ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့သော ဟန်ပန်ကို ပျက်စီးသွားစေမည့် တစ်ခုခုကို မလုပ်မီ သူ အမြန်ဆုံး လွတ်မြောက်ချင်နေပြီ ဖြစ်သည်။

“လဲ့ဝေယွမ်ကတော့ ဒီကိစ္စမှာ တကယ်ကို ပညာရှင်ပဲ။ သူက နည်းနည်းလေးတောင် မတုန်လှုပ်သွားဘူး”

မုန့်ချောင်က လဲ့ဝေယွမ်ကို လေးစားစွာ ကြည့်ရင်း တွေးလိုက်မိသည်။

“ဒါဆိုရင်လည်း... တခြားဘာမှ မရှိတော့ဘူးဆိုရင် ငါ သွားလိုက်ပါဦးမယ်”

မုန့်ချောင်က လွတ်မြောက်ရန်အတွက် လှည့်ထွက်သွားရင်း အလျင်စလို ပြောလိုက်သည်။

သို့သော် သူက တိန်ချောင်၏ အနီးမှ ဖြတ်သွားချိန်တွင် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့သည်။

“ခင်ဗျားရဲ့ ဂိုဏ်း နောက်ဆုံး အချိန်တွေမှာ ကျွန်တော် အဲဒီမှာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ခင်ဗျားအတွက်ရော ခင်ဗျားရဲ့ ဂိုဏ်းအတွက်ပါ ကျွန်တော် သိပ်မလုပ်ပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”

“ဒါပေမဲ့ နောက်တစ်နှစ်လောက် နေလို့ ခင်ဗျားရဲ့ ဂိုဏ်း ပျက်စီးသွားရတဲ့ နောက်ကွယ်က ကြိုးကိုင်သူရဲ့ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ နောက်ဆုံး ဝင်ရောက်ကျူးကျော်လာသူတွေရဲ့ ဇာစ်မြစ် အမှန်တရားကို သိချင်လာခဲ့ရင်၊ ကျွန်တော့်ကို လာရှာနိုင်ပါတယ်”

မုန့်ချောင်က ပြောလိုက်ရင်း၊ တစ်ဖက်တွင် ရွှေလင်းယုန် သင်္ကေတတစ်ခုနှင့် အခြားတစ်ဖက်တွင် ‘မုန့်’ ဟူသော အမည်ပါရှိသည့် အနက်ရောင် တိုကင်ပြားငယ် တစ်ခုကို ကမ်းပေးလိုက်သည်။

တိန်ချောင်မှာ တွေဝေသွားသော်လည်း အလိုအလျောက်ပင် ထိုတိုကင်ပြားကို လှမ်းယူလိုက်မိသည်။

သူ သတိပြန်ဝင်လာပြီး မေးခွန်းတစ်ခု မေးရန် ပြင်လိုက်ချိန်တွင်မူ၊ မုန့်ချောင်မှာ သူ ရောက်လာစဉ်ကကဲ့သို့ပင် သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေပြီ။

“သူ အဲဒီမှာ ရှိနေခဲ့တယ်ဆိုရင် ဘာလို့ ဝင်မပါခဲ့တာလဲ။ သူ့ရဲ့ စွမ်းရည်တွေနဲ့ဆို ငါ့ရဲ့ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားမယ့် အရေးကို တားဆီးနိုင်မှာ သေချာသလို၊ နောက်ဆုံးအချိန်မှ ရောက်လာတဲ့ ကျူးကျော်သူတွေကိုတောင် ဟန့်တားထားနိုင်မှာပဲလေ”

တိန်ချောင်က တိုးတိုးလေး ပြောလိုက်သည်။ သို့သော် သူ၏ လေသံ တိုးညှင်းနေသော်ငြားလည်း၊ သူ၏ အသံထဲတွင် ပါဝင်နေသော ဒေါသနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ကို လူတိုင်း ခံစားမိနေကြသည်။

“အဲဒီအချိန်တုန်းက သူက နယ်မြေအဆင့်ရဲ့ သတ္တမအဆင့် အထွတ်အထိပ်မှာ ရှိနေခဲ့တာ။”

“ ပြီးတော့ အဖွဲ့အစည်းကလည်း တည်ထောင်တာ လအနည်းငယ်ပဲ ရှိသေးတဲ့အတွက် အဲဒီလိုအဆင့်မျိုးရှိတဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ သင့်တော်တဲ့ ဖွဲ့စည်းပုံ မရှိသေးဘူးလေ။”

“စီနီယာ မုန့်ချောင်ဒါမှမဟုတ် အဖွဲ့အစည်းအတွက် ဆင်ခြေပေးချင်လို့ ဒါကို ပြောနေတာ မဟုတ်ပါဘူး။ အမှန်တရားကို အရှိကိုအရှိအတိုင်း ပြောပြနေတာပါ။”

“အကယ်လို့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီး၊ ခင်ဗျားသာ သတ္တမအဆင့် နယ်မြေကျင့်ကြံသူ မုန့်ချောင်နေရာမှာဆိုရင်၊ နှောင်းပိုင်း နယ်မြေအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ကျော် ပါဝင်နေတဲ့ တိုက်ပွဲတစ်ခုကို မဆင်မခြင် ဝင်ရောက် စွက်ဖက်ရဲပါ့မလား” ဟုလဲ့ဝေယွမ်က မေးလိုက်သည်။

တိန်ချောင်၏ မျက်လုံးများထဲတွင် နာကျင်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူ ပြောမည့် စကားများကို ပြန်လည် မြိုချလိုက်လေသည်။

သူက အပြစ်ဖို့ခြင်းဖြင့် အကြောင်းပြချက် မခိုင်လုံစွာ ပြုမူနေမိကြောင်း သူ သိပါသည်။

သို့သော် တစ်ခါတစ်ရံတွင် ရက်စက်ကြမ်းကြုတ်သော အမှန်တရားကို ရင်ဆိုင်ရခြင်းထက် အခြားသူတစ်ဦးကို အပြစ်တင်လိုက်ခြင်းက ပို၍ လွယ်ကူသယောင် ရှိနေတတ်သည် မဟုတ်ပါလား။

“အဲဒီအချိန်တုန်းက ခင်ဗျားအတွက် သူ ဘာမှ မလုပ်ပေးနိုင်ခဲ့ပေမဲ့၊ လွန်ခဲ့တဲ့ နှစ် ၄၀၀ အတွင်းမှာ သူက ခင်ဗျားရဲ့ ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ ပတ်သက်ပြီး သူ ရှာတွေ့နိုင်သမျှ သဲလွန်စတိုင်းကို စုံစမ်းစစ်ဆေးပြီး ရှာဖွေနေခဲ့တာပါ။”

“သူ လေးစားရတဲ့ ကျင့်ကြံသူတစ်ယောက်အပေါ် အကြွေးတင်နေတယ်လို့ ခံစားရတဲ့အတွက်၊ မရေမတွက်နိုင်တဲ့ အချိန်တွေနဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး အဲဒါကို လုပ်ဆောင်ခဲ့တာပါ။”

“တာအိုမိတ်ဆွေ... ခင်ဗျား လိုအပ်နေတဲ့ အဖြေတွေကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

ယန်ချင်း… ငါလည်း သွားတော့မယ်”

လဲ့ဝေယွမ်က ပြောလိုက်ရင်း နေရာမှ ပျောက်ကွယ်သွားလေသည်။

တရားရုံးတော်၏ လေထုမှာ မည်သူမျှ မလှုပ်ရှား၊ ဘာစကားမျှ မပြောဘဲ ငါးမိနစ်ခန့်အထိ လေးလံမှုန်မှိုင်းနေခဲ့သည်။

တိန်ချောင်သတိပြန်ဝင်လာပြီး အနည်းငယ် တည်ငြိမ်သွားပုံရသည့် အချိန်ကျမှသာ ထိုတိတ်ဆိတ်မှုကြီးက ကျိုးပျက်သွားလေသည်။

“တရားသူကြီး ယန်ချင်း… တာအိုမိတ်ဆွေ မုန့်ချောင်နဲ့ နောက်တစ်ကြိမ် တွေ့တဲ့အခါ ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားကို ပါးပေးနိုင်မလား။”

“ သူက ကျွန်တော်နဲ့ ကျွန်တော့်ဂိုဏ်းအပေါ် ပြုလုပ်ပေးခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ သူ့ကို ပြောပြပေးပါ”

တိန်ချောင်က အနည်းငယ် တည်ငြိမ်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“ပြောပေးပါ့မယ်။ စကားမစပ်... ခင်ဗျားကို တစ်ခုလောက် မေးလို့ရမလား။ အကယ်လို့ မေးခွန်းက ပုဂ္ဂိုလ်ရေး ဆန်လွန်းတယ်လို့ ထင်ရင် မဖြေဘဲ နေလို့ရပါတယ်” ဟု ယန်ချင်းက ပြောလိုက်သည်။

တိန်ချောင်ကို စတင်တွေ့ရှိကတည်းက သူ့စိတ်ထဲတွင် ဖယ်ရှားပစ်၍ မရနိုင်သော၊ အမြဲတမ်း နှောင့်ယှက်နေသည့် အရာတစ်ခု ရှိနေခဲ့သည်။

တိန်ချောင်အနည်းငယ် ပိုမို တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိနေသည်ကို မြင်သောအခါ၊ စွန့်စား၍ မေးကြည့်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

“ဖြေလို့ရရင် ဖြေပေးပါ့မယ်” ဟု တိန်ချောင်က ယဉ်ကျေးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“တိန်ချောင်ဆိုတာ ခင်ဗျားရဲ့ နာမည်အရင်းပဲလား” ဟု ယန်ချင်းက တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။

“ဘာလို့ အဲဒီလို မေးရတာလဲ” ဟု တိန်ချောင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ မျက်နှာထား တည်တည်ဖြင့် မေးလိုက်သည်။

“ကျွန်တော့်ရဲ့ အလိုလို သိစိတ်အရ မေးကြည့်တာလို့ ပြောရင်ကော လုံလောက်မလား”

တိန်ချောင်မှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားကာ သက်ပြင်းချလိုက်ရင်း သူ၏ ပခုံးများ ပြေလျော့သွားလေသည်။

“သူတို့အားလုံး သေကုန်ကြပြီဆိုတော့ အခုချိန်မှာ ထုတ်ပြောလည်း ကိစ္စမရှိပါဘူးလေ။”

“ကျွန်တော့်ရဲ့ နာမည်အရင်းက တိန်ချောင်မဟုတ်ပါဘူး၊ လီရန်ပါ။ အဲဒါကလွဲရင် ခင်ဗျားကို ပိုပြီး မပြောပြနိုင်တော့ဘူးလို့ ထင်ပါတယ်။”

“ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော် ပြန်မတူးဆွချင်တော့တဲ့ အတိတ်တစ်ခု ဖြစ်နေလို့ပါ။ ဘဝတစ်လျောက်လုံးအတွက် လုံလောက်နေတဲ့ ဝမ်းနည်းကြေကွဲမှုတွေ ကျွန်တော့်ဆီမှာ ရှိနေပြီးသားမို့ပါ” ဟု တိန်ချောင်က ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ တိန်ချောင် ”

ယန်ချင်းက နေရာမှ ထရပ်လိုက်ရင်း သူ့ထံသို့ နက်ရှိုင်းစွာ ဦးညွှတ်ကာ ပြောလိုက်သည်။

“ဒီမေးခွန်းကို မေးရတဲ့ အကြောင်းရင်းမှန်ကို နောက်မှ ခင်ဗျား ကျွန်တော့်ကို ပြောပြမယ်လို့ မျှော်လင့်ပါတယ်” ဟု တိန်ချောင်က ပြုံးရင်း ပြောလိုက်သည်။

“ပြောပြပါ့မယ်” ဟု ယန်ချင်းက တည်ကြည်စွာ ပြောလိုက်သည်။

အကယ်၍ သူ၏ သံသယများက မှန်ကန်နေကြောင်း အတည်ပြုနိုင်ပါက၊ သူက နှစ်ဖက်စလုံးကို ချိတ်ဆက်ပေးရန် တွေးထားခဲ့သော်လည်း၊ သူ အလုပ်ဆင်းချိန်တွင် ဖြစ်နိုင်ခြေရှိသော အဖြေရှာရမည့် နောက်ထပ် တစ်ဝက်နှင့် တွေ့ဆုံရမည့် အချိန်အထိ စောင့်ရပေဦးမည်။

“အလုပ်ဆင်းချိန်” တစ်ခုခုကို သတိရသွားသည့်အလား ယန်ချင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ တရားသူကြီး သစ်သားတူကို အလျင်စလို ဆွဲယူလိုက်လေသည်။

“အဖွဲ့အစည်းရဲ့ အထက်တန်း အမြူတေ တရားရုံးက တရားသူကြီးဖြစ်တဲ့ ငါ ယန်ချင်းက... ဒီအမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ တရားသူကြီးအနေနဲ့ ကြာပန်းဝါဂိုဏ်းက ဂိုဏ်းချုပ် ဟန်ချင်းလင်း၊ ကျောက်ချီ နဲ့ တောင်ကျစမ်းရေစံအိမ်တို့ကြားက အမှုကို ပိတ်သိမ်းကြောင်း ကြေညာလိုက်တယ်”

ယန်ချင်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်ရင်း၊ တရားသူကြီး သစ်သားတူကို မိုးကြိုးပစ်ချသံကဲ့သို့ ကျယ်လောင်စွာ ထုချလိုက်ရာ စကားပြောစင်မြင့်ကြီးပင် တုန်ခါသွားပြီး ကျန်သူများမှာ အလွန်တရာ အံ့အားသင့်သွားကြလေတော့သည်။

All Chapters