← Chapters

အခန်း (၂၁၇)

Vol. 22 Ch. 217

အခန်း (၂၁၇)

Vol. 22 Ch. 217

ထိုမတိုင်ခင်က သူ့စိတ်ထဲ၌ သံသယတစ်စုံတစ်ရာ ရှိနေခဲ့လျှင်တောင်မှ ထိုဆွဲဆောင်မှုရှိသော ရနံ့လေးက အားလုံးကို လုံးဝဖယ်ရှားပစ်လိုက်လေပြီ။

သူတို့ နယ်စပ်သို့ ရောက်ရှိချိန်၌ ငှားရမ်းလာခဲ့သော ကြေးစားအဖွဲ့က တာဝန်ပြီးဆုံးသွားပြီဖြစ်၍ သူတို့နှင့် လမ်းခွဲသွားခဲ့ကြသည်။

ထိုချီသန့်စင်ခြင်းအဆင့်ရှစ် ကျင့်ကြံသူက သူတို့ကို ဤနေရာသို့ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးခဲ့သည့်အတွက် ကြေးစားများကို ကျေးဇူးတင်စကားဆိုခဲ့ပြီး အပိုဆုငွေ အနည်းငယ်ပင် ထပ်ဆောင်းပေးလိုက်သေး၏။

ကြေးစားအဖွဲ့နှင့် လမ်းခွဲပြီး မိနစ်အနည်းငယ်မျှအကြာမှာပင် တိုက်ခိုက်ခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အိပ်မက်ထဲက နေရာဆီသို့ ရောက်ရှိလာပြီဟူသော ဝမ်းသာပျော်ရွှင်မှုမှာ ရက်စက်စွာ ရိုက်ချိုးခံလိုက်ရလေသည်။

ဓားပြက သူ့ကို ပုဆိန်ဖြင့် ထက်ပိုင်းပိုင်းတော့မည့် ထိုခဏလေးအတွင်း သူမှားယွင်းသွားပြီလော၊ ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့လျှင် သူ့အတွက် ပိုကောင်းမည်လောဟု တစ်ခဏမျှ တွေးမိလိုက်သေးသည်။

သူ၏လမ်းစဥ်ကို မစွန့်လွှတ်နိုင်ခဲ့သောကြောင့် သူနှင့်အတူ သူ၏ မိသားစုပါ သေပွဲဝင်ရတော့မည် မဟုတ်ပါလော။

သို့သော် ယခုတွင် သူအသက်ရှင်လျက် သစ်တောဖြူနိုင်ငံသို့ ရောက်ရှိနေလေပြီ။ ထိုသို့သော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် မည်သို့ ခံစားရမည်ကိုပင် သေချာမသိတော့ချေ။

ဤနေရာတွင် ဆက်နေပြီး ရှေ့ဆက်ရမည်လော၊ သို့တည်းမဟုတ် ယခုကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို သတိပေးလက္ခဏာတစ်ရပ်အဖြစ် မှတ်ယူကာ လမ်းကြောင်းပြောင်းလိုက်ရမည်လော။

“ခင်ဗျား ကလေးဘဝတည်းက အမြဲတမ်းချက်ရတာကြိုက်တဲ့ အစားအစာတစ်ခုက ဘာလဲ”

သူ အတွေးလွန်နေချိန်မှာပင် သဘောကောင်းသော အပြုံးတစ်ခုနှင့် သူ့ရှေ့၌ ရပ်နေသည့် ဆံပင်အစိမ်းနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

အဘယ်ကြောင့်မှန်း သေချာမသိသော်လည်း ထိုလူနှင့် ရင်းနှီးကျွမ်းဝင်မှု တစ်ခုခု ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

ယခု သူ့ရှေ့တွင် ရပ်နေသည့် ဆံပင်စိမ်းနှင့် လူငယ်ကိုပါ ထည့်တွက်လိုက်လျှင် သူ၏ ဘဝတစ်သက်တာလုံး၌ ဤသို့သော ခံစားချက်မျိုး လေးကြိမ်တိတိ ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုခံစားချက်က မည်သည့်ပုံစံ အကြောင်းပြချက်နှင့်မျှ သက်ဆိုင်ဟန် မပေါ်ပေ။

ပထမတစ်ကြိမ်က ကလေးဘဝတုန်းက ဖြစ်ပြီး သူကြက်ဥမွှေကြော် ချက်နည်းကို စမ်းသပ်နေစဉ် ခြံဝင်းထဲသို့ ခိုးဝင်လာခဲ့သည့် ကြောင်ခရမ်းရောင်လေးတစ်ကောင် ဆီမှဖြစ်သည်။

ယနေ့တိုင် ထိုကြောင်က သာမန်မဟုတ်ဟု အမြဲခံစားခဲ့ရပြီး ဘာကြောင့်မှန်း မသိသော်လည်း သူ၏ အလိုအလျောက်သိစိတ်က ထိုသို့ခံစားမိစေခြင်း ဖြစ်လေသည်။

ဒုတိယအကြိမ်က သူစားသောက်ဆိုင် စတင်ဖွင့်လှစ်ခါစ အချိန်တွင် ဖောက်သည်တစ်ဦးအဖြစ် ပထမဆုံး လာရောက်ခဲ့သော သူ၏ ဇနီးသည်နှင့် တွေ့ဆုံချိန်၌ ဖြစ်သည်။

တတိယအကြိမ်မှာမူ သစ်တောဖြူနိုင်ငံအကြောင်း သူ့ကို ပြောပြခဲ့သော ဖောက်သည်နှင့် တွေ့ချိန်တွင် ဖြစ်ပြီး ယခုစတုတ္ထအကြိမ်မှာ သူ့ရှေ့၌ ရပ်နေသော ဆံပင်စိမ်းနှင့် လူငယ်လေးပင် ဖြစ်ပေသည်။

….

“ကျွန်တော်သာ တစ်ခုရွေးရမယ်ဆိုရင်တော့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ပဲ ဖြစ်လိမ့်မယ်” သူက အလိုအလျောက်ပင် ပြန်ဖြေလိုက်မိသည်။

“အိုး.. ကျွန်တော်လည်း ကြက်ဥမွှေကြော်ကို အရမ်းကြိုက်တယ်။ အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ၊ ကလေးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုပဲဖြစ်ဖြစ် အမြဲတမ်း နှစ်သက်သဘောကျစေမယ့် အရာတစ်ခု သူ့ဆီမှာ ရှိနေတယ်။”

“ဒါက အချိန်ကာလကို ကျော်လွန်နေတဲ့ အစားအစာတစ်ခုဖြစ်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့လည်း ပြောင်းလဲချက်ပြုတ်နိုင်တယ်လေ။”

“ဒါကြောင့် ခင်ဗျားကိုယ်ခင်ဗျား အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်မှာပါ...”

ထိုဆံပင်စိမ်းနှင့် လူငယ်လေးသည် ကြက်ဥမွှေကြော်အကြောင်းနှင့် နှစ်များစွာတစ်လျှောက် သူပေါင်းထည့်ခဲ့သော အမျိုးမျိုးသော ချက်ပြုတ်နည်းများအကြောင်းကို စိတ်အားထက်သန်စွာဖြင့် တတွတ်တွတ် ပြောဆိုနေတော့၏။

ရှေ့ဆက်၍ ဘာလုပ်ရမည်ကို တွေးကာ စိတ်လေးနေခဲ့သော ထို ချီသန့်စင်ခြင်းအဆင့်ရှစ် ကျင့်ကြံသူမှာ ကြက်ဥမွှေကြော်အကြောင်း ပြောဆိုနေသည့် စကားဝိုင်း၏ စည်းချက်နှင့် ဆံပင်စိမ်းလူငယ်လေး၏ စိတ်အားထက်သန်မှုတို့အောက်တွင် မျောပါသွားခဲ့ပြီး သူကိုယ်တိုင်လည်း သူ၏ အတွေ့အကြုံများကို စတင်မျှဝေလာတော့သည်။

မိနစ်အနည်းငယ်အတွင်း တစ်ဦးနှင့်တစ်ဦး လုံးဝမသိကျွမ်းကြသော လူစိမ်းများမှာ ကျောပုတ်ကာ ရယ်မောရင်း စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုနေကြလေသည်။

တစ်ချိန်ချိန်၌ သူတို့၏ ဆွေးနွေးမှုက အခြားလူတစ်ယောက်ကိုပါ ဆွဲဆောင်သွားခဲ့ပြီး သွယ်လျကာ အနည်းငယ်ရင့်ကျက်ပုံပေါက်သည့် ဆံပင်နီနှင့် အမျိုးသမီးတစ်ဦးက သားသတ်ဓားတစ်ချောင်းကို ကိုင်ဆောင်လျက် စကားဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဆွေးနွေးပွဲအုပ်စုထဲရှိ လူအုပ်ကြီးမှာ တဖြည်းဖြည်း ကြီးမားလာတော့၏။

ဆယ့်ငါးမိနစ်ခန့် အကြာတွင်တော့ လူအုပ်ကြီး၏ အရေအတွက်မှာ ဆယ့်နှစ်ယောက်အထိ တိုးလာခဲ့ပြီး ကွဲပြားခြားနားသော ဟင်းချက်နည်းများအကြောင်း၊ သူတို့၏ ကောင်းမွန်သော အတွေ့အကြုံများနှင့် ရှက်စရာအဖြစ်အပျက်များအကြောင်းကို ရယ်မောရင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြလေသည်။

ထိုသို့ ရယ်မောနေကြစဉ်အတွင်း လူအုပ်ထဲမှ အဖွဲ့ဝင်အချို့က ယာယီအကင်စင်တစ်ခုကို ပြင်ဆင်လိုက်ကြသည်။

ထို ချီသန့်စင်ခြင်းအဆင့်ရှစ် ကျင့်ကြံသူမှာ အဖွဲ့ဝင်တစ်ဦး၏ ချိုချဉ်ဝက်နံရိုး ပြင်ဆင်နေမှုကို ငေးမောကြည့်ရှုရင်း အလွန်အမင်း စိတ်ဝင်စားနေခဲ့သဖြင့် ဆံပင်စိမ်းလူငယ်လေး နောက်ကွယ်သို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုပင် သတိမထားမိလိုက်ချေ။

…

“လုံဝေ့ မင်းက နောက်ထပ်ပါရမီရှင်တစ်ယောက်ကို ဆွဲဆောင်လိုက်နိုင်ပြန်ပြီထင်တယ်။ ငါအဖွဲ့အစည်းကနေ ထွက်ပြီး ဒီနေရာကိုပဲ အပြီးအပိုင် ပြောင်းလာသင့်ပြီထင်ပါရဲ့”

ယန်ချင်းက အယ်လီ၏အပေါ်တွင် ထိုင်ကာ အောက်ဘက်ရှိ လူအုပ်ငယ်လေးကို ငုံ့ကြည့်ရင်း သူ့ဘာသာသူ စကားပြောနေသကဲ့သို့ ဆိုလိုက်သည်။

“မင်း ဒီကိုပြောင်းလာသင့်တယ်လို့ အကြိမ်တစ်ရာမက ငါပြောဖူးပါတယ်။”

“ဒါပေမဲ့ မင်းက တာဝန်၊ တရားမျှတမှု၊ ဂုဏ်သိက္ခာနဲ့ တခြားသော တန်ဖိုးတွေဆိုတဲ့ အရာတွေကိုပဲ အမြဲတမ်းအကြောင်းပြနေတာပဲ။ တကယ်တော့ ဒါတွေက လုပ်ကြံဖန်တီးထားတဲ့ ဆင်ခြေတွေပဲ။”

“ပြီးခဲ့တဲ့အကြိမ် ဖုန့်ရှင်း ဒီကိုလာတုန်းက အကြောင်းရင်းမှန်ကို ငါ့ကို ပြောပြသွားတယ်။”

“ချင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သတ္တိကြောင်ရတာလဲ၊ ဒါတောင် မင်းကိုယ်မင်း အဖွဲ့အစည်းရဲ့ ပြိုင်ဘက်ကင်းလှံလို့ ခေါ်ရဲသေးတယ်နော်။”

“လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိနိုင်ရတာလဲ”

ထိုစဉ် မီးခိုးရောင်နွယ်ပင်ကြိုးကြာငှက်တစ်ကောင်သည် လေဟာပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ ယန်ချင်း၏ ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။

ထိုငှက်ပေါ်တွင် အရပ်ရှည်ရှည် သွယ်လျလျနှင့် ချောမောသော လူငယ်တစ်ဦး ထိုင်နေပြီး သူ၏ ရှေ့၌ ကြက်ဘဲအသားမှစ၍ အမဲသား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းရည်များအပါအဝင် မတူညီသော ဟင်းလျာမျိုးစုံ ထည့်ထားသည့် ပန်းကန်ပြား ဒါဇင်ပေါင်းများစွာ ရှိနေလေသည်။

လက်ရှိတွင် ထိုလူငယ်၏ လက်ထဲ၌ ခေါက်ဆွဲပျော့ပျော့နှင့် ကြက်ဥပြုတ်များ ပါဝင်သော ပန်းကန်လုံးတစ်လုံး ရှိနေပြီး သူက ဖြည်းညင်းစွာ အရသာခံ စားသောက်နေ၏။

“မင်း မျှဝေပေးဖို့ကော အစီအစဉ်ရှိရဲ့လား ခွေးကောင်” ယန်ချင်းက မျက်လုံးများအတွင်း လောဘရိပ်များ ဖြတ်ပြေးသွားလျက် မေးလိုက်သည်။

“မင်းဆီမှာ အလဲအလှယ်လုပ်စရာ တစ်ခုခုရှိမှပဲ ရမယ်” လူငယ်က သတိထားကာ ပြန်ဖြေလိုက်သည်။

“မင်း အဖွဲ့ဝင်သစ်တစ်ယောက် စုဆောင်းနိုင်ဖို့ ကူညီပေးခဲ့တဲ့အတွက် ငါဘာမှမရသင့်ဘူးလား။ သူက အနာဂတ်မှာ ထူးခြားတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်နော်”

ယန်ချင်းက ဟင်းချက်နေသူတစ်ဦး၏ဘေးတွင် စကားကို ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ကာ နားထောင်နေသော ဆံပင်ပြာနှင့် လူငယ်လေးထံ အကြည့်ရောက်သွားရင်း ပြောလိုက်သည်။

ထိုဆံပင်ပြာနှင့် လူငယ်မှာ စောစောက သူနှင့် ကြက်ဥမွှေကြော်အကြောင်း စကားပြောနေခဲ့သော ချီသန့်စင်ခြင်းအဆင့်ရှစ် ကျင့်ကြံသူပင် ဖြစ်ပေသည်။

“ငါလည်း သဘောတူရမှာပဲ၊ သူ့ဆီမှာ ငါသေချာ မခန့်မှန်းနိုင်တဲ့ ထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲဒါက နတ်ဘုံနတ်နန်းက အရာတစ်ခုလိုပဲ။”

“သူတို့ရဲ့ တာအိုကတော့ ငါတို့နဲ့ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့်ပေါ့။သူတို့အတွက်လည်း အတူတူပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ ” ဟု လူငယ်က သူ၏ ခေါက်ဆွဲပြုတ်ထဲမှ ကြက်ဥပြုတ်ကို တစ်ကိုက် ကိုက်စားရင်း ပြောလိုက်သည်။

“သူ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အစားအစာတွေကို ဖန်တီးလာမလဲဆိုတာ သိချင်မိသား” ယန်ချင်းနှင့် လူငယ်နှစ်ဦးလုံးက ဆံပင်ပြာလူငယ်လေးထံ အကြည့်ရောက်သွားရင်း တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။

သူတို့ မသိသေးသည့်အချက်မှာ နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်တွင် ထိုဆံပင်ပြာနှင့် လူငယ်လေးသည် ဟင်းချက်ခြင်းမှတစ်ဆင့် ၎င်းတို့၏ တာအိုကို သက်သေပြနိုင်သည့် ထိပ်တန်းကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့မည် ဆိုခြင်းပင်။

ထိုသို့သော အမြင့်ဆုံးအဆင့်သို့ သူမည်သို့ ရောက်ရှိလာခဲ့သနည်းဟု မေးမြန်းခံရသောအခါ သူ၏ အဖြေမှာ “ဒါက ကြက်ဥမွှေကြော်ကနေ စတင်ခဲ့တာပါ” ဟူ၍ ဖြစ်သည်။

ထို့ကြောင့်ပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာချိန်၌ သူ၏ တာအိုအမည်ကိုပင် ‘ကြက်ဥမွှေကြော် ရွှေရောင်လမ်းစဉ် တာအိုပညာရှင်’ ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

All Chapters