ယန်ချင်း၏ ကမ်းလှမ်းချက်
Vol. 15 Ch. 146
လေထုကို ပေါ့ပါးသွားစေရန် ယန်ချင်းက နောက်ပြောင်လိုသည့် လေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... စကားတွေကို သေချာ စဉ်းစားမယ်ဆိုရင် ကျစ်သတင်းအချက်အလက်အဖွဲ့အစည်း စတင်လည်ပတ်နိုင်ဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး”
“အစောပိုင်းရင်းနှီးမြှုပ်နှံသူ တစ်ယောက် လုပ်ဖို့တောင် စိတ်ကူးရနေပြီ...”
ကျစ်တာက စားပွဲပေါ်သို့ ကိုယ်ကို ဆွဲတင်လိုက်ရင်း မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်ကာ ရုတ်တရက် မေးလိုက်သည်။
“တကယ်လား...”
ယန်ချင်းက ပြန်ဖြေလိုက်သည်။
“ဘာလို့ မဖြစ်ရမှာလဲ။ အချိန်နဲ့ အရင်းအမြစ် အလုံအလောက်သာ ရှိရင် နှစ်ယောက်လုံး တော်တော်လေးလုပ်နိုင်မယ်လို့ ထင်တယ်...”
ထိုစကားများမှာ အစစ်အမှန် အတွေးများပင် ဖြစ်ပြီး ထိုမောင်နှမ၏ ညဏ်ရည်နှင့် ဝေဖန်ပိုင်ခြားနိုင်စွမ်းကို အတော်လေး အထင်ကြီးနေမိသည်။
လုံလောက်သော လေ့ကျင့်သင်ကြားမှုနှင့် အရင်းအမြစ်များသာ ရှိပါက မည်မျှအထိ အောင်မြင်သွားနိုင်မည်ကို မခန့်မှန်းနိုင်ပေ။
ကြက်သွန်မြိတ်ပန်ကိတ် နောက်တစ်ခုကို ကောက်ယူရင်း ယန်ချင်းက တွေးလိုက်သည်။
“အရိပ်သိမ်းငှက်အဖွဲ့ထဲ ဝင်လို့ရနိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်မှုတွေက အရမ်းရက်စက်ပြီး သေဆုံးမှုနဲ့ ထွက်သွားရတဲ့ သူတွေ အရမ်းများတယ်။ အဲဒီအတွက် ထောက်ခံပေးသင့်သလား မသိဘူး”
“အစောပိုင်းက ကြောက်လန့်နေတဲ့ တုံ့ပြန်မှုတွေအရ နောက်ကွယ်က ဇာတ်လမ်းတွေ ရှိနေပုံရပြီး အခုလို သတိကြီးနေတာကို ကြည့်ရင် အဲဒီဇာတ်လမ်းကလည်း အဆုံးသတ်ကောင်းခဲ့တာတော့ မဖြစ်နိုင်ဘူး...”
ယခုတစ်ကြိမ်တွင် တိုက်ရိုက်ကိုက်စားမည့်အစား မစားမီ ခရမ်းချဉ်သီးကြက်ဥဟင်းချိုထဲသို့ အရင် နှစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဂျွတ်...
ပေါင်းစပ်မှု အသစ်၏ အရသာကို ခံစားရင်း ကျေနပ်စွာ ညည်းတွားလိုက်သည်။
တစ်ခုခုကို တွန့်ဆုတ်နေပုံရပြီးနောက် နောက်ဆုံးတွင် သွားကို ကြိတ်ကာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။
စိုးရိမ်မှုကို ဖုံးကွယ်ရန် အတုအယောင် ရယ်မောသံနှင့်အတူ စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကျစ်တာက ပြောလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... အင်ပါယာက မဟုတ်ဘူးဆိုတာကို ဘယ်လိုသိတာလဲ... ဒါက အင်ပါယာက မဟုတ်ဘူးလို့ ဝန်ခံနေတာတော့ မဟုတ်ဘူးနော်”
“ သတင်းအချက်အလက် စုဆောင်းတဲ့ စွမ်းရည် တိုးတက်လာအောင်လို့ သိချင်ရုံ သက်သက်ပါ။ ဒါက သတင်းအချက်အလက်အဖွဲ့အစည်းအတွက် သီးသန့်ပါပဲ”
“ အလုပ်မှာ ပိုတော်လာလေလေ ပိုက်ဆံ ပိုရှာနိုင်လေလေဆိုတော့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဖြစ်နေမှတော့ ဒါက ဝမ်းသာစရာပဲ မဟုတ်လား...”
ပန်းကန်ထဲသို့ ထည့်ပေးထားသော ကြက်သွန်မြိတ်ပန်ကိတ်ကို ကြည့်ရင်း ကျစ်ရော့လန်က အလျင်အမြန် ဝင်ပြောလိုက်သည်။
“သမီးလည်း သိချင်တယ်...”
ပန်ကိတ်ကို ယူရမလား၊ ဒယ်အိုးကပ် ဖက်ထုပ်ကြော်ကို စားရမလား ဆိုသည်ကို ရွေးချယ်ရခက်နေပုံရသည်။
အဆုံးတွင်တော့ ကြက်သွန်မြိတ်ပန်ကိတ်ကို ရွေးချယ်လိုက်ပြီး ကြီးမားသော အခက်အခဲကြီး တစ်ခုကို ကျော်ဖြတ်သွားရသည့်အလား သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
ဖူး...
ကျစ်ရော့လန်၏ အမူအရာကြောင့် ရယ်မောမှုကို အလျင်အမြန် ထိန်းချုပ်လိုက်သော်လည်း ကြားသွားသဖြင့် ရှက်ရွံ့စွာ လက်ထဲရှိ ကြက်သွန်မြိတ်ပန်ကိတ် နောက်တွင် မျက်နှာကို ဖုံးကွယ်ထားလိုက်လေသည်။
ကျစ်တာပါ ဝင်ရယ်လိုက်သဖြင့် အခြေအနေမှာ ပို၍ပင် ဆိုးသွားတော့သည်။
ဝတ်ရုံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“အင်း... အချက်အနည်းငယ်တော့ ရှိတယ်။ နှစ်ယောက်လုံး လူအုပ်ထဲကနေ ရွေးလိုက်တာ အကြောင်းပြချက် ရှိတယ်... ခန့်မှန်းရမယ်ဆိုရင် ဒီဝတ်ရုံကြောင့် မဟုတ်လား...”
မြင့်မြတ်သောဟန်ပန်နှင့် ရေစက်ဆုံကြောင်း လျှောက်ပြောခဲ့မိသည်များကို သတိရသွားသော ကျစ်တာ အပါအဝင် နှစ်ယောက်လုံးက ရှက်ရွံ့စွာရယ်မောရင်း ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်...”
“ဒီဝတ်ရုံရဲ့ အရည်အသွေးကို သိနိုင်တဲ့သူ သိပ်မများဘူး... သိတဲ့သူတွေကလည်း သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခု ရှိရမယ်”
“ ဒါမှမဟုတ် ဒီလိုအဆင့်အတန်းရှိတဲ့ ဝတ်ရုံမျိုးနဲ့ ထိတွေ့ဖူးသူ ဖြစ်ရမယ်။ အဲဒီအခြေအနေ နှစ်ခုထဲက ဘယ်ဟာပဲဖြစ်ဖြစ် သတိထားမိတဲ့သူက သာမန်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...”
“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လောက်ပဲ ရှိတဲ့ ကလေးနှစ်ယောက်က ဝတ်ရုံကို သတိထားမိနေတာက သေချာပေါက်သိသာနေတာပေါ့...”
“အမြင်ကောင်းရုံလေးနဲ့တင် ဒီလို မသိနိုင်ဘူးလေ။ ကျန်တာတွေ အသာထား... အနည်းဆုံးတော့ ဘဝတစ်ချိန်ချိန်မှာ ဒီလို အရည်အသွေးတူ ဝတ်ရုံတွေနဲ့ ထိတွေ့ဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“မေပယ်နီအင်ပါယာကို အထင်သေးတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီမှာက ဒီလိုအရည်အသွေးမျိုးရှိတဲ့ ဝတ်ရုံတွေ ရှိဖို့ မလွယ်ဘူး။ တကယ်လို့ ရှိခဲ့ရင်တောင် ဧကရာဇ် ဒါမှမဟုတ် မင်းသားတွေလိုမျိုး အဆင့်မြင့်တဲ့ သူတွေပဲ လက်လှမ်းမီနိုင်မှာ...”
ဟင်းလင်းပြင်အသွင်တုပိုးကောင်သည် နေထိုင်ရာ ဒေသများကြောင့် ခြေရာခံရန် အလွန်ခက်ခဲသော ဝိညာဉ်သားရဲတစ်မျိုး ဖြစ်သည်။
တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ရုပ်ဖျက်စွမ်းရည်နှင့် မတည်ငြိမ်သော ဟင်းလင်းပြင်များ ရှိသည့် နေရာများတွင် နေထိုင်လိုသော သဘာဝကြောင့် ဖမ်းဆီးရန် အလွန်ခက်ခဲလှသည်။
ဖမ်းဆီးမိလျှင်တောင်မှ ထုတ်လုပ်သော ပိုးချည်ကို ဝတ်ရုံအဖြစ် ပြောင်းလဲရန် လက်မှုပညာ အရည်အသွေးအရ အနည်းဆုံးအပြာရောင်အဆင့် ရှိသူတစ်ဦး၏ ကျွမ်းကျင်မှု လိုအပ်သည်။
ထိုပိုးချည်ဖြင့် ပြုလုပ်ထားသော ဝတ်ရုံတစ်ထည်တည်းပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ထက်မက တန်ဖိုးရှိသည်။
မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်သော်လည်း၊ မသိစိတ်တွင် မှတ်သားမိသွားသည်အထိ ဟင်းလင်းပြင်အသွင်တုပိုးချည်ဖြင့် ပြုလုပ်ထားသော ဝတ်ရုံများနှင့် အချိန်အကြာကြီး ထိတွေ့ခဲ့ဖူးခြင်း ဖြစ်ရမည်။
အနည်းဆုံးတော့ ယန်ချင်း တွေးမိသည်မှာ ထိုသို့ပင် ဖြစ်သည်။ယန်ချင်းက ဆက်ပြောလိုက်သည်။
“ဧကရာဇ်မိသားစုမှာ သွေးမျိုးဆက်ကြောင့် ထူးခြားတဲ့ လက္ခဏာတွေ ရှိတယ်... ဒါပေမဲ့ နှစ်ယောက်လုံးဆီမှာ အဲဒါမျိုး တစ်ခုမှ မရှိဘူး။ အဲဒီတော့ ဒီဝတ်ရုံကို အင်ပါယာက မဟုတ်တဲ့ တခြား တစ်နေရာရာမှာ ထိတွေ့ခဲ့ဖူးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...”
“ဒုတိယ တစ်ချက်ကတော့ ဧကရာဇ် ဒါမှမဟုတ် ဧကရာဇ်မိသားစုအကြောင်း ပြောတဲ့အခါမှာ ရိုသေမှု ဒါမှမဟုတ် သတိထားမှုလုံးဝမရှိဘူး”
“တခြားအဘိုးကြီး လမ်းသွားလမ်းလာတစ်ယောက်လိုမျိုးပဲ၊ မှူးမတ်မျိုးနွယ်စုတွေတောင် အဲဒီလောက် မျက်နှာပြောင်တိုက်ရဲမယ် မထင်ဘူး”
“ ပြီးတော့ မှူးမတ်မျိုးနွယ်စုတွေအပေါ် ထားတဲ့ မထီမဲ့မြင်လုပ်မှုကိုလည်း မဖုံးကွယ်နိုင်ဘူး... အဲဒါက နာမည်ဆိုးကြောင့် သက်သက် မဟုတ်ဘဲ နိမ့်ကျနေသလိုမျိုး မွေးရာပါ ခံစားချက် တစ်ခုကြောင့်ပဲ”
“အဲဒီအကြောင်း ပြောနေတုန်းက လေသံနဲ့ အမူအရာတွေမှာ အဲဒါက ထင်ရှားနေတယ်...”
“နောက်ဆုံး တစ်ချက်ကတော့ အဆင့်အတန်းမြင့်မြင့် ပြုစုပျိုးထောင်ခံခဲ့ရတယ် ဆိုတာကို ပေါ်လွင်စေတဲ့ မသိစိတ်အလေ့အကျင့်တွေပဲ”
“ ဒါက မွေးကတည်းက လုပ်နေကျ အရာတစ်ခု ဖြစ်နေတော့ ကိုယ်တိုင်တောင် သတိထားမိမှာ မဟုတ်ဘူး...”
လည်ချောင်း ခြောက်လာသဖြင့် ဂျင်ဂိုလက်ဖက်ရည် ခွက်ငယ်လေး တစ်ခွက်ကို ယူသောက်ရန် ဆုံးဖြတ်လိုက်ရင်း ယန်ချင်းက ရှင်းပြလိုက်သည်။
“ပထမ အချက်နှစ်ချက်ကို အလွယ်တကူ ပြင်လို့ ရနိုင်ပေမဲ့ နောက်ဆုံးတစ်ချက်ကိုတော့ မသိစိတ်အလေ့အကျင့် အဖြစ်ကနေ သတိထားပြီး ထိန်းချုပ်နိုင်တဲ့ အပြုအမူတစ်ခု ဖြစ်လာအောင် ပြောင်းလဲဖို့ အများကြီး ကြိုးစားအားထုတ်ရလိမ့်မယ်...”
တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား သွေးဆုတ်နေသော မျက်နှာဖြင့် ကျစ်တာ၏ မေးရိုးများ စားပွဲပေါ်သို့ ပြုတ်ကျမတတ် ဖြစ်နေစဉ် ကျစ်ရော့လန်က မျက်လုံးပြူးကာ မေးလိုက်သည်။
“အစ်ကိုကြီးယန်ချင်းက တကယ်တော့ ဘယ်သူလဲ...”
အံ့အားသင့်နေသော အမူအရာများကို ကြည့်ရင်း အနည်းငယ် ဝင့်ကြွားသွားသလို ခံစားရသဖြင့် ယန်ချင်းက ညင်သာစွာ ရယ်မောလိုက်သည်။
မျက်လုံးများထဲတွင် ကလက်ကျကျ အရောင်တစ်ချက် လက်သွားရင်း ယန်ချင်းက တွေးလိုက်သည်။
“ဟိုအဘိုးကြီးအဘွားကြီး စုံတွဲရဲ့ ဖုံးကွယ်ထားတာတွေကို ဖော်ထုတ်လိုက်ရင်လည်း ဒီလို တုံ့ပြန်မှုမျိုး ရမလား မသိဘူး...”
သို့သော် ထိုအတွေးများကို ဘေးဖယ်ထားကာ ဤကိစ္စတစ်ခုလုံးအတွက် တကယ့် ရည်မှန်းချက်ဆီသို့ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။
“အတိတ်အကြောင်းကို မသိသလို မေးဖို့လည်း အစီအစဉ် မရှိပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ လျှို့ဝှက်ချက်တွေ ရှိပိုင်ခွင့် ရှိတယ်”
“ဒါပေမဲ့ တစ်ယောက်ယောက်ဆီကနေ ပုန်းရှောင်နေရတယ် ဆိုတာကိုတော့ သိတယ်... ဒါကလည်း အင်ပါယာထဲမှာ အဲဒီအထဲကမှ လူအစည်ကားဆုံး မြို့ထဲမှာ ရှိနေရတဲ့ အကြောင်းရင်းပဲ...”
လေးနက်သော အတွေးများဖြင့် ပြည့်နှက်နေသည့် မောင်နှမနှစ်ဦး၏ အမူအရာများကို အကဲခတ်ရင်း ယန်ချင်းက ခေတ္တရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“အဲဒါတွေကို သေချာပြင်ဆင်ပြီး ပုန်းကွယ်မှုကို သေချာထိန်းသိမ်းထားနိုင်အောင် အခုလို အချက်အနည်းငယ်ကို ထောက်ပြလိုက်တာပါ”
“ဒါပေမဲ့ တကယ်လို့ အဲဒီလို စွမ်းရည်တွေကို တိုးတက်ချင်တယ် ဆိုရင် ကူညီပေးနိုင်တယ်... ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် လက်ရှိဘဝပုံစံကို ပင်ပန်းလာပြီး အသစ်ကနေ ပြန်စဖို့ နေရာတစ်နေရာ လိုအပ်နေတယ် ဆိုရင်လည်း ကူညီပေးနိုင်တယ်...”
ယန်ချင်း၏ စကားများကြောင့် စိတ်ဝင်စားသွားပုံ ရသော်လည်း သတိထားနေကြဆဲပင်။
ယန်ချင်းတွင် မည်သို့သော နောက်ခံမျိုး ရှိနေပါစေ ပုန်းရှောင်နေရသော နောက်ခံနှင့် ယှဉ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု တွေးကာ ဒုတိယရွေးချယ်စရာကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး ကျစ်တာက မေးလိုက်သည်။
“အဲဒီ စွမ်းရည်တွေကို သင်ယူဖို့ဆိုရင် ဘာလုပ်ရမလဲ...”
ကျစ်တာ ရွေးချယ်လိုက်သော စကားလုံးများကို သတိပြုမိပြီး နောက်ကွယ်မှ အကြောင်းရင်းကို ခန့်မှန်းမိသဖြင့် ယန်ချင်းမှာ မရည်ရွယ်ဘဲ ရယ်မောမိသွားသည်။
အဖွဲ့အစည်းမှ ဖြစ်ကြောင်း ပြောပြလိုက်လျှင် တုံ့ပြန်မှု မည်သို့ ဖြစ်သွားမည်ကို တွေးကြည့်နေမိသည်။
နောက်ခံက မည်မျှပင် ခမ်းနားကြီးကျယ်နေပါစေ အဖွဲ့အစည်းကို အကြပ်ရိုက်စေနိုင်မည့် အဆင့်မျိုး ဖြစ်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။
ရုတ်တရက် အမူအရာ တင်းမာသွားပြီး စကားကို ရပ်တန့်ကာ အော်လိုက်သည်။
“အင်း... အဲဒီစွမ်းရည်တွေကို သင်ယူချင်တယ်ဆိုရင် လုပ်ရမှာက... အယ်လီ...”
အသံသာ ကျန်ရစ်ခဲ့ပြီး ကိုယ်တိုင်မှာမူ ပုံသဏ္ဌာန်မဲ့ လေပြင်းတစ်ခုကဲ့သို့ ထိုင်ခုံမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
“ခဏလောက် ခွင့်ပြုပါဦး...”
ကျစ်မောင်နှမနှစ်ဦးမှာ အံ့အားသင့် မှင်သက်သွားကြပြီး တုန်လှုပ်မှု လှိုင်းတံပိုးများက ရိုက်ခတ်သွားလေသည်။
ကျစ်တာက အက်ကွဲနေသော အသံဖြင့် သတိလွတ်ကာ ရေရွတ်လိုက်သည်။
“သူက အခြေတည်အဆင့်က မဟုတ်ဘူးလား...”