လက်မှုပညာရှင်များ၏ အဆင့်သတ်မှတ်ချက်
Vol. 7 Ch. 65
"စိတ်မပူပါနဲ့ ဆိုင်ရှင်တန်သယ်လွမ်... ဒီကိစ္စကို အဆင်ပြေပြေနဲ့ ပြီးသွားအောင် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျွန်တော်တို့ တတ်နိုင်သမျှကူညီပေးသွားပါ့မယ်။ ကျင့်ကြံသူဝမ်ရင်းကျဲ... အခု ခင်ဗျားအလှည့်ပါ"
ယန်ချင်းက ဝမ်ရင်းကျဲကို ထွက်ဆိုချက်ပေးရန် အလှည့်ပေးလိုက်၏။
ဝမ်ရင်းကျဲက လက်ယှက်ကာအရိုအသေပေးပြီးနောက် စတင်ပြောဆိုလေသည်။
“ညီငယ်လေး တန်သယ်လွမ်ပြောသွားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်တာတွေ၊ သူ့အဖေနဲ့ ကျွန်တော်သဘောတူထားခဲ့တာတွေ၊ ပြီးတော့ အဲဒီကြားထဲမှာဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှန်ကန်ကြောင်း ကျွန်တော်အတည်ပြုနိုင်တဲ့အတွက် တရားရုံးရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အသေးစိတ်တွေထပ်ခါတလဲလဲပြောပြီး မဖြုန်းတီးတော့ပါဘူး။”
“ကျွန်တော် ဥက္ကာကြွေပန်းပဲဆိုင်ကို သိနေတာ အတော်လေးကြာပါပြီ။ ပုံမှန်ဖောက်သည်တစ်ယောက်မဟုတ်ပေမဲ့၊ ဆိုင်ရှင်တန်ဖျင်ဆီမှာ ပစ္စည်းတချို့ အပ်ဖူးပါတယ်။”
“ဒါကြောင့် သူတို့လက်ရာအရည်အသွေးကို ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ သိရှိထားပြီး၊ အဲဒီအချက်ကပဲ ကျွန်တော့်အတွက် ဓားတစ်လက်ဖန်တီးပေးဖို့ သူတို့ကိုယုံယုံကြည်ကြည် အပ်နှံခဲ့ရတဲ့ အကြောင်းရင်းပါပဲ။”
“တန်သယ်လွမ် ရှင်းပြသွားတဲ့ အသေးစိတ်အချက်အလက်တွေကို တန်ဖျင်နဲ့ညှိနှိုင်းပြီး ၃ လအကြာမှာ၊ ဓားကိုလာစစ်ဆေးဖို့နဲ့ ကျွန်တော်သဘောကျမကျကြည့်ဖို့ တန်ဖျင်က ခေါ်ပါတယ်။”
“အကယ်လို့ လက်နက်မှာပြဿနာတစ်ခုခုရှိခဲ့ရင် တန်ဖျင်က အခကြေးငွေထပ်မယူဘဲ ပြင်ဆင်ပေးနိုင်အောင် ကျွန်တော်က ပါဝင်ပစ္စည်းအပိုတွေကို သူ့ဆီမှာ ထားခဲ့တာပါ။”
“ဒါပေမဲ့ ဓားက လက်ရာပိုင်းကနေစလို့ အရည်အသွေးပိုင်းအထိ ကျွန်တော်မျှော်လင့်ထားတာထက်တောင် အများကြီးပိုသာလွန်နေပါတယ်။”
“ထိပ်တန်းကောင်းကင်အဆင့်လက်နက် တော်တော်များများကို ကျွန်တော်မြင်ဖူးပေမဲ့၊ တန်ဖျင်လုပ်ပေးလိုက်တဲ့ဓားက အဲဒီအထဲကအကောင်းဆုံးတွေနဲ့ ယှဉ်နိုင်တယ်လို့ ပြောရဲပါတယ်။”
“ဓားလုပ်ဖို့ သူကြိုးစားအားထုတ်ခဲ့တာတွေကို သဘောကျတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အပိုပါဝင်ပစ္စည်းတွေကို သူ့ဆီမှာပဲထားခဲ့ပြီး ကျွန်တော် ပြန်လာခဲ့ပါတယ်။”
“ရက်အနည်းငယ်အကြာ... တစ်ပတ်လောက်နေတော့ ဓားမှာပြဿနာတစ်ခုရှိနေတာကို ကျွန်တော် သတိထားမိခဲ့တယ်။ သာမန်ပြဿနာလို့တော့ အတိအကျပြောလို့မရဘူး။”
“ဘာအကြောင်းကြောင့်မှန်းမသိဘဲ ဓားက မိုးကြိုးတွေကို ဆွဲဆောင်နေတာ။ အစတုန်းကတော့ ကျွန်တော်သိပ်ဂရုမစိုက်ခဲ့ဘူး။”
“ထူးဆန်းတဲ့မတော်တဆမှုတစ်ခု၊ ဒါမှမဟုတ် သဘာဝတရားဘေးအန္တရာယ်တစ်ခုလို့ပဲ ထင်ခဲ့တာ။”
“ဒါပေမဲ့ ပြဿနာက ပျောက်မသွားဘဲ ပိုပိုပြီးပြင်းထန်လာတယ်။ အစကမသိသာပေမဲ့၊ အကြိမ်အနည်းငယ်လောက် မိုးကြိုးပစ်ခံရလုနီးပါးဖြစ်ပြီးတဲ့နောက်မှာတော့ ဓားကြောင့်ဖြစ်နေတာမှန်း ကျွန်တော် သဘောပေါက်သွားတယ်။”
“ခေါင်းပေါ်မှာတိမ်တိုက်တွေရှိနေပြီဆိုတာနဲ့ ဓားက တဝီဝီမြည်သံထွက်လာပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးတွေပစ်ချလာတော့တာပဲ။ သာမန်လျှပ်စီးတွေသာဆိုရင် ကျွန်တော်လျစ်လျူရှုထားလို့ရပေမဲ့ အဲဒီမိုးကြိုးတွေကတော့ မတူဘူး။”
“မိုးကြိုးတစ်ချက်က... အရမ်းကြီးမပြင်းထန်တောင် ဒဏ်ရာအသေးစားလေးတွေရသွားလောက်အောင် ကျွန်တော့်ကို နာကျင်စေတယ်။”
“ပိုဆိုးသွားတာက ဘာလဲဆိုတော့ တစ်ခါတုန်းကဆိုရင်... ကျွန်တော့်ကိုပစ်ချဖို့လုပ်နေတဲ့ မိုးကြိုးတွေကနေ ရှောင်ပြေးဖို့ကြိုးစားနေတုန်း ဓားကဘယ်လိုဖြစ်သွားမှန်းမသိဘဲ မြေကြီးမှာကျောက်ချထားသလို စိုက်ဝင်သွားပြီး ကျွန်တော်ဘယ်လောက်ပဲ ဆွဲနှုတ်ဆွဲနှုတ် တစ်လက်မတောင်မရွေ့တော့ဘူး။”
“မိုးကြိုးတွေ မကင်းစင်သွားခင်အထိ ၁၀ မိနစ်လောက်ကြာအောင် ဓားက မိုးကြိုးတွေကို သူ့ဆီ ဆက်တိုက်ဆွဲငင်နေခဲ့တယ်။ ရိုးရိုးသားသားပြောရရင် မိုးကြိုးပစ်ခံရပြီး ဓားပျက်စီးသွားပြီလို့တောင် ထင်ထားတာ။”
“ဒါပေမဲ့ ဓားကအကောင်းပကတိအတိုင်း ရှိနေတုန်းပဲ ဘာကြောင့်မှန်းမသိပေမဲ့ မိုးကြိုးအပစ်ခံရပြီးနောက်မှာ ဓားကတစ်ခုခုပြောင်းလဲသွားပြီလို့ ကျွန်တော့်အလိုလိုသိစိတ်က ခံစားနေရတယ်။”
“အားလုံးက ပုံမှန်အတိုင်းထင်ရပေမဲ့ ဓားဆီမှာတစ်ခုခုထူးခြားနေတယ်လို့ ကျွန်တော့်အသိစိတ်က ပြောနေတယ်။ ဘာထူးခြားနေလဲဆိုတာကိုတော့ ကျွန်တော်လဲ မပြောတတ်ဘူး”
“နောက်တစ်ခါ ဓားကိုပြန်ကောက်ဖို့ကြိုးစားတဲ့အခါမှာတော့ လွယ်လွယ်ကူကူပဲ ကောက်ယူလို့ရသွားတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် ဥက္ကာကြွေပန်းပဲဆိုင်ကို အမြန်ပြန်သွားပြီး ဓားရဲ့ထူးဆန်းမှုတွေကို တန်ဖျင်ကိုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။”
“တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရှာဖွေရတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ မကြာခဏ ရင်ဆိုင်ရလေ့ရှိတယ်။”
“မိုးကြိုးလိုမျိုး မတည်ငြိမ်တဲ့အရာတွေကို ဓားကဆွဲငင်နေတာမျိုး၊ ဒါမှမဟုတ် ဓားကသူ့အလိုလို မြေကြီးမှာစိုက်ဝင်သွားတာမျိုးတွေက ကျွန်တော်အလုပ်လုပ်နေချိန်မှာ လုံးဝဖြစ်ခွင့်ပေးလို့မရတဲ့ ကိစ္စတွေပဲ စက္ကန့်ပိုင်းလောက် အာရုံလွဲသွားတာ ဒါမှမဟုတ် အားနည်းသွားတာနဲ့ ကျွန်တော့်အသက် သေသွားနိုင်တယ်လေ”
“ဓားက ပုံမှန်အတိုင်းရှိနေရင် ပြီးပြည့်စုံတဲ့လက်နက်တစ်ခုပါ။ ကျွန်တော့်အတွက် တစ်ခုတည်းသောပြဿနာက ဓားက မိုးကြိုးတွေကို ခနခနဆွဲဆောင်နေတာပဲ။”
“ ဒီထူးဆန်းမှုတွေက သူ့အလိုလိုပျောက်သွားမလား၊ ဒါမှမဟုတ် ပိုဆိုးလာမလားဆိုတာ ကျွန်တော်လဲ မသိဘူး။ ဒါကြောင့် စောင့်ကြည့်နေမယ့်အစား ကြိုတင်သတိထားတဲ့အနေနဲ့ ပြဿနာရှင်းဖို့ ဆုံးဖြတ်လိုက်တာ”
“ဒါပေမဲ့ တန်ဖျင်ဆီသွားတဲ့အခါ သူက အဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံခြင်းဝင်သွားပြီဆိုတာ သိလိုက်ရတယ်။”
“ညီငယ်တန်သယ်လွမ်က ကူညီပေးဖို့ကြိုးစားပေမဲ့ သူတောင် ဓားမှာဖြစ်နေတဲ့ ထူးဆန်းတဲ့လက္ခဏာတွေကို နားမလည်နိုင်ဖြစ်နေတော့ သူ့အဖေ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာမယ့်အချိန်ကိုစောင့်ဖို့ပဲ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။”
“ဒါပေမဲ့ ၃ လကြာတဲ့အထိ သူကထွက်မလာခဲ့ဘူး။ တခြားအချိန်သာဆိုရင် ကျွန်တော် တစ်နှစ်လောက်တောင် စောင့်နိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်မနေသွားရမယ့်ခရီးစဉ်တစ်ခု ကျွန်တော့်မှာ ရှိနေတယ်။”
“အဲဒီအတွက် ကျွန်တော့်မှာ အထက်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုလို တတ်နိုင်သမျှအားကောင်းတဲ့ အကူတိုက်ခိုက်ရေးစွမ်းအားကို လိုအပ်နေတယ်။”
“ကျွန်တော့်ဓားနဲ့ အဆင့်တူတဲ့ ထိပ်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုသာဆိုရင် အဲဒီဓားကို လဲပေးခဲ့မှာပါ။ ဒါပေမဲ့ ဓားကို တန်သယ်လွမ်ဆီထားခဲ့တာက တာဝန်မဲ့ရာကျတယ်လို့ ကျွန်တော် ခံစားရတယ်။”
“တန်သယ်လွမ်ဆီမှာရှိနေတုန်း မိုးကြိုးတွေကို နောက်တစ်ခါထပ်ဆွဲငင်ခဲ့ရင် အကောင်းဆုံးအခြေအနေက ဒုက္ခိတဖြစ်သွားနိုင်ပြီး၊ အဆိုးဆုံးအခြေအနေက ချက်ချင်းသေသွားနိုင်တယ်။”
“နောက်ပိုင်းဖြစ်လာနိုင်ခြေက အများကြီးပိုများပါတယ်။ ဘာလို့လဲဆိုတော့ ခုဆို လျှပ်စီးတွေက ပိုပိုပြီးအားကောင်းလာလို့ပဲ။”
“အခုဆိုရင် ရွှေအမြုတေနောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနီးပါးလောက်ကို အားကောင်းနေပြီ”
“အဲဒီအချိန်မှာ ကျွန်တော့်မှာလည်း နောက်ထပ် ထိပ်တန်းအဆင့်လက်နက်တစ်ခုဝယ်ဖို့ အရင်းအနှီးမရှိ၊ တန်သယ်လွမ်မှာလည်း ဒီကိစ္စကိုတိုင်ပင်ဖို့ ယုံကြည်ရပြီးအရည်အချင်းရှိတဲ့ တခြားလူမရှိတာကြောင့် ဒီကိစ္စကိုဒီမှာပဲဖြေရှင်းဖို့ အကောင်းဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။”
“တရားသူကြီးယန်ချင်း... ဒီကိစ္စမှာ ကျွန်တော်တို့ကို ကူညီပေးနိုင်ဖို့ ရိုးသားစွာ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင် ဒီဓားကိုကျွန်တော် ဆက်ထားချင်တယ်၊ သူနဲ့မခွဲချင်ဘူး။ ဒါကြောင့် နှိမ့်ချစွာနဲ့ပဲ လမ်းညွှန်မှုကို တောင်းခံပါတယ်”
ဝမ်ရင်းကျဲက သူ၏မျက်လုံးများတွင် နက်ရှိုင်းသောရိုးသားမှုများအပြည့်ဖြင့် လေးနက်စွာ ပြောလိုက်လေသည်။
“ဟားဟားဟားဟား... ဝမ်ရင်းကျဲ... ခင်ဗျားကံကောင်းနေတာ ဖြစ်နိုင်တယ်။ ခင်ဗျားတွေးထားတာထက်တောင် ပိုပြီးကံကောင်းနေနိုင်တယ်။”
“ကံကောင်းလို့ ဒီကိစ္စကို တခြားနေရာတွေ၊ အထူးသဖြင့် အသေးစိတ်ကိုသေချာကြည့်တတ်ပြီး လက်နက်တွေအကြောင်းကောင်းကောင်းသိတဲ့ တခြားပန်းပဲဆိုင်တွေ ဒါမှမဟုတ် ကုန်သည်တွေဆီ မသွားဘဲ ငါတို့ဆီ ယူလာတာ”
“ယီကျဲ... မင်းလည်း သတိထားမိတယ် မဟုတ်လား။ ငါ့ရဲ့ဧကရာဇ်အာရုံ သာမရှိရင် သတိမထားမိဘဲ လွတ်သွားနိုင်ပေမဲ့၊ မင်းလို ဝါရင့်ပန်းပဲဆရာတစ်ယောက်အတွက်တော့ ရှင်းရှင်းလင်းလင်း သိမှာပါ”
ယန်ချင်းက ယီကျဲလက်ထဲရှိ ဓားကိုကြည့်ရင်း မျက်လုံးများအရောင်လက်ကာ ပြောလိုက်သည်။ ယီကျဲကလည်း အသေအချာစစ်ဆေးနိုင်ရန် ဓားကို သူ၏နားနားသို့ပင် ကပ်ထားလေသည်။
“အင်း... ဘာလို့ ဆိုင်ရှင်က ချက်ချင်းတံခါးပိတ်ကျင့်ကြံခြင်းဝင်သွားလဲဆိုတာ နားလည်သွားပြီ။ ၃ လတည်းနဲ့ ဒီလိုဟာမျိုးကိုအောင်မြင်အောင်လုပ်နိုင်တာ၊ ပြီးတော့ ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားခဲ့တဲ့ပုံပဲ။”
“သူသင်ယူထားသမျှအရာအားလုံးရဲ့ အထွတ်အထိပ်က ဖန်တီးမှုတစ်ခုတည်းမှာတင် ပေါက်ကွဲထွက်လာတာပဲ။ ငါ သူ့ဆီကနေ လမ်းညွှန်မှုလေးဘာလေး ဖလှယ်ကြည့်ချင်လာပြီ တကယ့်ကိုကောင်းတဲ့ ဓားပဲ”
ယီကျဲက ဓားကို အလွန်အမင်းသဘောကျလေးစားသည့်အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။
ဤအမူအရာသည် သူ၏ပုံမှန် အသက်မပါသောမျက်နှာသေနှင့် သော်လည်းကောင်း၊ ဆံပင်အစိမ်းရောင်တရားသူကြီးတစ်ဦးကြောင့် မကြာခဏပေါ်လာလေ့ရှိသည့် သွေးကြောများထောင်ထနေသော ဒေါသတကြီးမျက်မှောင်ကြုတ်ထားသည့် မျက်နှာနှင့်သော်လည်းကောင်း လုံးဝဆန့်ကျင်ဘက်ပင်။
ယန်ချင်းနှင့် ယီကျဲတို့၏ စကားဝိုင်းကြောင့် ဝမ်ရင်းကျဲနှင့် တန်သယ်လွမ်တို့မှာ ဘာတွေဖြစ်နေမှန်းမသိဘဲ နားမလည်နိုင်အောင်ဖြစ်နေကြပြီး၊ သူတို့နှစ်ယောက်က ဓားကိုရတနာတစ်ခုလို ဘာကြောင့်ကြည့်နေကြသလဲဆိုတာကိုလည်း မစဉ်းစားတတ်အောင် ဖြစ်နေကြ၏။
“ခင်ဗျားတို့ သိချင်နေတာတွေကို မပြောပြခင်... ဒီက ယီကျဲနဲ့ အရင်မိတ်ဆက်ပေးပါရစေ။ သူက စစ်ဆေးရေးမှူးတစ်ယောက်... ဒီတရားရုံးရဲ့ ခေါင်းဆောင်စစ်ဆေးရေးမှူးပေါ့လေ... ဒါပေမဲ့ သူ့မှာ နောက်ထပ်ဂုဏ်ပုဒ်တစ်ခုလည်း ရှိသေးတယ်။”
“အဲဒါကတော့ အပြာရောင်အဆင့်ပန်းပဲဆရာပဲ။ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ခင်ဗျားတို့ သိမှာပါ။”
“ သူက ဧကရာဇ်အဆင့်လက်နက်တွေ ဒါမှမဟုတ် အဲဒီအဆင့်ကိုရောက်နိုင်ခြေရှိတဲ့ အလားအလာရှိတဲ့ လက်နက်တွေကို ဖန်တီးနိုင်တယ်”
ယန်ချင်း၏ရှင်းပြချက်ကြောင့် ဝမ်ရင်းကျဲနှင့် တန်သယ်လွမ်၊ အထူးသဖြင့် တန်သယ်လွမ်မှာ အံ့အားသင့်သွားကြလေသည်။
ပန်းပဲဆရာတစ်ယောက်အနေဖြင့် အပြာရောင်အဆင့် ပန်းပဲဆရာတစ်ယောက်ဖြစ်လာရန် မည်မျှခက်ခဲကြောင်း သူကောင်းကောင်းသိပေသည်။
ဒီလူက အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူ့အဖေဆိုလျှင် လိမ္မော်ရောင်အဆင့်တွင် တစ်ဆို့နေခဲ့ပြီး အဲဒီအဆင့်မှာ အကောင်းဆုံးတွေထဲက တစ်ယောက်လို့နာမည်ကြီးပေမဲ့ အပြာရောင်အဆင့်တော့ မဟုတ်သေးပေ။
အပြာရောင်မူလကမ္ဘာတွင် ပန်းပဲဆရာများ၊ အဂ္ဂိရတ်ပညာရှင်များနှင့် သားရဲထိန်းကျောင်းသူများ သို့မဟုတ် အစီအရင်သခင်များ အပါအဝင် မည်သည့်လက်မှုပညာရှင်ကိုမဆို အောက်ပါအတိုင်း အဆင့်များခွဲခြားထားသည်။
- အဖြူ၊ အနီ၊ လိမ္မော်၊ အပြာ၊ ရွှေ နှင့် နောက်ဆုံးတွင် ခရမ်းရောင်တို့ ဖြစ်ကြသည်။
သူတို့၏အဆင့်သတ်မှတ်ချက်သည် အခြေတည်အဆင့်တွင်တည်ဆောက်ရသော မဏ္ဏိုင်အမျိုးအစားများ၏ အဆင့်သတ်မှတ်ချက်များနှင့် တူညီသည်။
အဖြူရောင်က အနိမ့်ဆုံးဖြစ်ပြီး ခရမ်းရောင်က အမြင့်ဆုံးဖြစ်သော်လည်း၊ ခရမ်းရောင်အဆင့်လက်မှုပညာရှင်၏အထက်တွင် နောက်ထပ်အဆင့်တစ်ခုရှိသေးသည်ဟူသော ကောလာဟလများလည်း ရှိနေသေး၏။
ထိုအဆင့်ကို ရောက်ဖူးသူများမှလွဲ၍ ဘယ်သူမှမသိကြပေ။
ယီကျဲ၏အခြေအနေအရ အပြာရောင်အဆင့်ပန်းပဲဆရာဖြစ်သည်ဆိုခြင်းမှာ သူသည် ဧကရာဇ်အဆင့်အလားအလာ ရှိသော သို့မဟုတ် အဲဒီအဆင့်ရှိသော လက်နက်များကို ဖန်တီးနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
ဧကရာဇ်အဆင့်အလားအလာဆိုသည်မှာ နန်းတော်အဆင့်ကျင့်ကြံခြင်းအလားအလာ နှင့် တိုက်ရိုက်ညီမျှပေသည်။
လက်မှုပညာသည် ကျင့်ကြံခြင်းအဆင့်များနှင့် မတူညီသော အကဲဖြတ်မှုစနစ်တစ်ခုကို ကျင့်သုံးသည်။ တစ်ခါတစ်ရံ လက်မှုပညာရှင်တစ်ဦး၏အဆင့်သည် သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ညီမျှခြင်းမရှိပေ။
များသောအားဖြင့် ထိုနှစ်ခုမှာ တူညီသယောင်ရှိသော်လည်း ကျွမ်းကျင်သူများ၏ အထူးအခြေအနေများတွင်မူ ညီမျှလေ့မရှိပေ။
ဥပမာအားဖြင့် ရွှေအမြုတေအဆင့်အစီအရင်သခင်တစ်ယောက်သည် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို ထုတ်ဖော်နိုင်သော အစီအရင်တစ်ခုကို တည်ဆောက်နိုင်စွမ်းရှိပြီး၊ ပန်းပဲဆရာတစ်ယောက်သည် တစ်ကြိမ်တည်းသာဖြစ်စေကာမူ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်စွမ်းရှိသော လက်နက်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။
ယီကျဲသည် ဤအမျိုးအစားထဲတွင် ပါဝင်သည်။ သူသည် နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း နန်းတော်အဆင့်စွမ်းအားရှိသော သို့မဟုတ် ထိုအဆင့်နှင့်ညီမျှသော လက်နက်များကို ဖန်တီးနိုင်စွမ်းရှိလေသည်။
သို့သော် မဟာလက်မှုပညာရှင် စုန့်ချွမ်းလီကဲ့သို့သော လူများပါဝင်သည့် နောက်ထပ်အထူးအတန်းအစားတစ်ခုလည်း ရှိသေး၏။
သူတို့၏ကျွမ်းကျင်မှုသည် အလွန်နက်ရှိုင်းလှသောကြောင့် လိုအပ်သောပါဝင်ပစ္စည်းများသာရှိပါက သူတို့၏ တာအိုသက်သက်ဖြင့်ပင် ရတနာများ၏ အဆင့်ကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။
အကြီးအကဲစုန့်သည် ယီကျဲနှင့်ကျင့်ကြံခြင်းအဆင့်တူညီသော်လည်း ရွှေရောင်အဆင့်လက်မှုပညာရှင်တစ်ဦး ဖြစ်ပေသည်။
ထိုကဲ့သို့ကျွမ်းကျင်သော လက်မှုပညာရှင်များကြောင့်ပင် ရတနာ၏ အလားအလာ ဟူသော အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။