← Chapters

ထူးဆန်းသော တပည့်

Vol. 21 Ch. 201

ထူးဆန်းသော တပည့်

Vol. 21 Ch. 201

“တောင်းပန်ပါတယ် မိတ်ဆွေလေး။ ဒီနေ့ ဂိုဏ်းကို ဧည့်သည်လာမယ်ဆိုတဲ့ အကြောင်းကြားစာ ဘာမှမရှိထားလို့ မင်းကို ဝင်ခွင့်ပြုဖို့ ခက်ခဲလိမ့်မယ်။”

“မင်းလို နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဝင်ခွင့်မပြုတာ အထင်သေးလို့တော့ မဟုတ်ပါဘူး။”

“ဒါက ဂိုဏ်းရဲ့ စည်းကမ်းတွေမို့ပါ။ ခွင့်ပြုချက်မရဘဲနဲ့ ဘယ်သူ့ကိုမှ ပေးဝင်လို့မရလို့ပါ... နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။”

ခြံဝင်းအတွင်းမှ တည်ငြိမ်သော အဘိုးအိုတစ်ဦး၏အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုအသံမှာ ငြိမ်းချမ်းနေပြီး လောကနှင့်ကင်းကွာနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

“ဒါဆို ကျွန်တော့်ဆီကနေ စကားတစ်ခွန်းလောက် ပါးပေးလို့ရမလား။”

“ရပါတယ်” ဟု အဘိုးအိုက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်လေသည်။

“ကျွန်တော်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တရားသူကြီးတစ်ဦးပါ။ နွေဦးလွင်ပြင်တိုင်းပြည်မှာ အကဲဖြတ်စစ်ဆေးမှုတွေ လုပ်နေတုန်း မဟူရာတစ္ဆေဂိုဏ်းက လူတစ်ယောက်က ကျုပ်ကို အလစ်ဝင်တိုက်ခိုက်ခဲ့တယ်။”

“တိုက်ခိုက်တဲ့သူကိုတော့ ကျွန်တော် ရှင်းလင်းလိုက်ပါပြီ။ ဒါပေမဲ့ မဟူရာတစ္ဆေဂိုဏ်းက လူတွေဟာ ကောက်ကျစ်စဉ်းလဲပြီး စေ့စပ်သေချာတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။”

“သူတို့က နှစ်နဲ့ချီပြီး ကြိုတင်မစီစဉ်ထားဘဲ ဒီလိုတိုက်ခိုက်မှုမျိုးကို လုပ်မှာမဟုတ်ဘူး။”

“ကျွန်တော့်အထင်ပြောရရင် ခင်ဗျားတို့ရဲ့ နယ်မြေအတွင်းက အဖွဲ့အစည်းတွေကို အကဲဖြတ်စစ်ဆေးနေချိန်မှာ ဒီလိုတိုက်ခိုက်မှု ဖြစ်လာတယ်ဆိုတာ သူတို့က ခင်ဗျားတို့နယ်မြေထဲမှာ ဌာနခွဲတစ်ခု ဖွင့်လှစ်ထားပြီးပြီလို့ ဆိုလိုတာပဲ။”

“ပြီးတော့ ဒီလိုလုပ်တာ သူတို့တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး။”

“ခင်ဗျားတို့က ဂိုဏ်းအပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဂရုမစိုက်ပေမဲ့ သူတို့ကတော့ အဲဒီလို တွေးမှာမဟုတ်ဘူး။”

“ကျွန်တော်က ခင်ဗျားတို့ကို သတိထားနေဖို့ သတိပေးချင်ရုံသက်သက်ပါ။”

ယန်ချင်းက အကဲဖြတ်နေစဉ် ခန်းမဆောင်အတွင်း ဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ ပေးအပ်ရန်အတွက် အခြားမှတ်တမ်းတစ်ခု ရှိထားပြီးဖြစ်ကာ ယခုသူ့လက်ထဲရှိ မိတ္တူမှာမူ ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းအား သူ၏စကားများ မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်းသာ ဖြစ်လေသည်။

“ဒါကို သက်သေအဖြစ် ယူထားလိုက်ပါ” ဟု ယန်ချင်းက ပြောလိုက်ကာ ဝင်ပေါက်တံခါးပေါ်မှတစ်ဆင့် အဆောင်ကို ပစ်ပေးလိုက်၏။

အဆောင်သည် လမ်းကြောင်းအတိုင်း ပျံသန်းသွားပြီး ယန်ချင်းနှင့် စကားပြောနေသော အဖိုးအို၏ လက်ထဲသို့ ကျဆင်းသွားလေတော့သည်။

“ကျွန်တော် သွားတော့မယ်။ ခင်ဗျားတို့ရဲ့ အထက်လူကြီးတွေကို အသိပေးလိုက်ပါ။”

“မဟူရာတစ္ဆေဂိုဏ်းက ခင်ဗျားတို့နယ်မြေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားရဲနေပြီဆိုရင် တခြားဘယ်လိုအဖွဲ့အစည်းတွေများ ခိုအောင်းနေသေးလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာပဲ။”

“ခင်ဗျားတို့ရဲ့ အသိုက်အမြုံထဲမှာ ပုန်းအောင်းနေတဲ့ မြွေဆိုးတွေ ပြည့်နှက်နေလောက်ပြီ။”

ယန်ချင်းသည် သူတို့၏တုံ့ပြန်မှုကို စောင့်ဆိုင်းမနေတော့ဘဲ အယ်လီ့ထံသို့ ပျံသန်းသွားကာ ကြာပန်းပြာတိုင်းပြည်သို့ ဆက်လက်ထွက်ခွာသွားလေတော့သည်။

….

ခြံဝင်းအတွင်း၌ကား၊

လျင်မြန်စွာ ပြီးဆုံးသွားသည့် အပြန်အလှန်စကားဝိုင်းကြောင့် ကျင့်ကြံသူသုံးဦးမှာ ဆွံ့အလျက် ရပ်နေမိကြသည်။

သူတို့ မျှော်လင့်ထားသည့် အခြေအနေပေါင်းများစွာရှိသော်လည်း ယခုလိုဖြစ်လာမည်ဟုတော့ တစ်ခါမျှ မတွေးထားခဲ့မိပေ။

“သူက တကယ်ပဲ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလား” ဟု ကျင့်ကြံသူသုံးဦးအနက် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ကျင့်ကြံမှုအခြေခံ အားအနည်းဆုံးဖြစ်သော မိန်းမပျိုလေးက မေးလိုက်သည်။

သူမသည် အသက်နှစ်ဆယ်အရွယ်ခန့်သာ ရှိသေးပြီး ငယ်ရွယ်ကာလှပ၏။ သိချင်စိတ်ဖြင့် တောက်ပနေသော နက်မှောင်ဝိုင်းစက်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး ဆံပင်ကို သလင်းကျောက်လိပ်ပြာဆံထိုးဖြင့် ဆံထုံး ထုံးထားလေသည်။

ထိုမိန်းမပျိုလေးသည် အဘိုးအို၏ လက်ထဲမှ ကျောက်စိမ်းအဆောင်ကို စူးစမ်းလေ့လာရန် ကိုယ်ကိုကိုင်းညွတ်လိုက်သည်။

သူ၏အသားအရေမှာ တွန့်လိပ်နေပြီး ခန္ဓာကိုယ်မှာ ကိုင်းညွတ်နေသော်ငြား သူ၏မျက်လုံးများတွင်မူ ကြည်လင်ပြတ်သားမှုများ ကိန်းအောင်းနေသောကြောင့် အသက်အရွယ်မရှိသောသူတစ်ဦးဟုပင် ထင်မှတ်ရစေ၏။

အဖွဲ့၏နောက်ဆုံးအဖွဲ့ဝင်မှာ အသက် ၃၀ အစောပိုင်းအရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည်လည်း ဝတ်ရုံဖြူများကို ဝတ်ဆင်ထားပြီး နက်မှောင်သောဆံပင်ကို ဆံထုံး ထုံးထားလေသည်။

သူသည် နွေဦးလေနုအေးတွင် လွတ်လပ်စွာယိမ်းနွဲ့နေသော မြက်ပင်လေးတစ်ပင်ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် လွတ်လပ်သော အငွေ့အသက်မျိုး ရှိနေ၏။

“အကြီးအကဲရှီ.. သူက တကယ်ပဲ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလား” ဟု အစောပိုင်းက သူမ၏မေးခွန်းကို မည်သို့မျှတုံ့ပြန်မှု မရရှိသဖြင့် မိန်းမပျိုလေးက ထပ်မံမေးမြန်းလိုက်ပြန်သည်။

“မဟူရာတစ္ဆေဂိုဏ်း... သူတို့ရဲ့ဌာနခွဲက ဒီမှာတကယ်ရှိနေရင်တော့ ကိစ္စတွေက ထင်တာထက် ပိုရှုပ်ကုန်တော့မှာပဲ” ဟု အဘိုးအိုက စိုးရိမ်တကြီး သက်ပြင်းချရင်း ပြောလိုက်လေသည်။

“ဟုတ်တယ် သူက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကပဲ... သူ့လို နန်းတော်အဆင့် လူငယ်ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ နေရာဆိုတာ များများစားစားမရှိ။”

“ပြီးတော့ ငါတို့ချထားတဲ့ အကာအကွယ်အတားအဆီးကို လုံးဝဂရုမစိုက်ဘဲ ဒီအဆောင်ကို လှမ်းပစ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း သူ့ရဲ့စွမ်းအားက နိမ့်ကျမနေဘူးဆိုတာ သက်သေပြနေတာပဲ။”

“မှတ်တမ်းလည်း ရှိသေးတယ်... ကံကောင်းချင်တော့ ငါတို့ သူ့ကိုဝင်ခွင့်မပေးတာကို သူက သိပ်ပြီး စိတ်ထဲထားပုံမရဘူး” ဟု အဘိုးအိုက နောက်ထပ် သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။

“သူသာ တကယ်ဝင်ချင်လာရင် အစီအရင်ကရော သူ့ကို ဘယ်လောက်ကြာကြာ တားဆီးနိုင်ပါ့မလဲ” ဟု သူက တွေးတောလိုက်ပြီးနောက် ထိုအတွေးများကို ခေါင်းခါ၍ ဖျောက်ဖျက်ပစ်လိုက်၏။

“စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အဲဒီလောက်တောင် အင်အားကြီးတာလား” ဟု မိန်းမပျိုလေးက အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

“ပြီးတော့ သူက သမီးထက် အသက်အများကြီး ပိုကြီးပုံမပေါ်ပါဘူး...” ဟု သူမက မယုံကြည်နိုင်စွာဖြင့် ဆက်ပြော၏။

“ဒါမှမဟုတ် သူက သူ့ရဲ့နုပျိုတဲ့ရုပ်သွင်ကို ထိန်းသိမ်းထားတဲ့ အဘိုးကြီးတစ်ယောက်များ ဖြစ်နေမလား” ဟု သူမက လေးနက်စွာ တွေးတောနေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

“ဂျူနီယာညီမလေးယာ.. စီနီယာအစ်မယွီမေကရော သူ့ရဲ့နုပျိုတဲ့ရုပ်သွင်ကို ထိန်းသိမ်းထားတဲ့ အဘွားကြီးတစ်ယောက်ပဲလား” ဟု မိန်းမပျိုလေး၏ အတွေးလမ်းကြောင်းကို လူငယ်လေးက ပြုံးစစဖြင့် ညင်သာစွာ မေးလိုက်သည်။

“ဂိုဏ်းတူအစ်ကိုလီဖန် ဘာလို့ အစ်မမေကို ခုလို အသရေဖျက်နေရတာလဲ။ အကြီးအကဲရှီ.. သူပြောတာ ကြားလိုက်တယ်မလား။”

“စီနီယာအမမေက ဘယ်လိုလုပ် အဘွားကြီးတစ်ယောက် ဖြစ်နိုင်မှာလဲ။ သူက ဂိုဏ်းစတင်တည်ထောင်ကတည်းက အသက်အငယ်ဆုံး နန်းတော်အဆင့်ကျွမ်းကျင်သူအဖြစ် မှတ်တမ်းဝင်ထားတာလေ။”

“အသက် ၃၂ နှစ်ပဲရှိသေးပေမဲ့ သူက နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပြီ...”

“စီနီယာအစ်ကိုလီဖန်က မနာလိုဖြစ်ပြီး အသက်လေးနည်းနည်း ပိုကြီးရုံနဲ့၊ ကိုယ့်ထက် ပါရမီရှိပြီး ရုပ်ချောတဲ့လူတွေကို အဲဒီလို လိုက်ပြီး အသရေမဖျက်သင့်ဘူးနော်။”

“ဒီတစ်ခါတော့ အစ်ကိုပြောတာတွေကို သူ့ကို သွားမတိုင်တော့ဘူး။ ဒါပေမဲ့ စီနီယာအကို.. ကျင့်ကြံခြင်းမှာတိုးတက်မှုရချင်တယ်ဆိုရင် ကိုယ့်ရဲ့ တာအိုနှလုံးသားကိုကိုယ် ပြန်လည်ဆန်းစစ်ဖို့ လိုနေပြီနော်။”

“ဒီလို အသရေဖျက်ချင်တဲ့ အတွေးတွေကို ဆက်ပြီး မွေးမြူထားမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ အတွင်းမိစ္ဆာနဲ့ ကြုံတွေ့ရနိုင်တယ်။”

“ဝိညာဉ်ကျင့်ကြံသူတွေအနေနဲ့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အဓိကအားသာချက် ဖြစ်နေသင့်တာ။”

“အကြီးအကဲရှီ.. မတော်တဆမှုတစ်ခုခု ဖြစ်မလာအောင် စီနီယာအကိုလီဖန်ရဲ့ ကျင့်ကြံခြင်းမှာ လမ်းညွှန်မှုတွေ ပိုလိုအပ်နေပြီလို့ ထင်တယ်” ဟု ခုနလေးတင် ဖြစ်ပျက်သွားသည့်အရာကို လုံးဝမယုံကြည်နိုင်ဖြစ်နေသော လူငယ်လေးအား စိုးရိမ်တကြီး ကြည့်ကာ မိန်းမပျိုလေးက ပြောလိုက်လေသည်။

သူ၏မေးခွန်းက သူ၏စီနီယာအစ်မအား ကဲ့ရဲ့ရှုတ်ချကာ မည်ကဲ့သို့မနာလိုရာ ရောက်သွားရသနည်း။ သူ၏ ရုပ်ရည်သွင်ပြင်ပင်လျှင် အဆစ်ပါသွားသေး၏။

သူက ဂုဏ်ယူစရာကောင်းသော စီနီယာအကိုကြီးဖြစ်ရန် ကြိုးစားကာ သူမအား လမ်းညွှန်ပြသလိုရုံသာ။

သို့သော် သူပြန်ရလိုက်သည်က အတွင်းမိစ္ဆာကို ဖြစ်စေသော ထိုးနှက်ချက်များနှင့် မိမိကိုယ်မိမိ တိုက်ကြီးတစ်ခုလုံးတွင် အယုတ်မာဆုံးကောင်ဟု ခံစားရစေသည့် သနားကြင်နာမှုအပြည့်ပါသော အကြည့်တစ်ချက်သာ ဖြစ်ပေတော့သည်။

All Chapters