အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၉)
Vol. 11 Ch. 107
ကြာပန်းဝါဂိုဏ်းအတွင်းရှိ ဂိုဏ်းချုပ်၏ ခြံဝင်းထဲမှ အစည်းအဝေးခန်းမ အတွင်းဝယ်...
“ဂိုဏ်းချုပ်... ဘာဖြစ်လို့ ကျောက်ချီနဲ့အတူ ပြန်လာခဲ့တာလဲ။”
“သူ့အသက်ကို ကယ်တင်ဖို့အတွက် တောင်ကျစမ်းရေစံအိမ်ကို ပို့မယ်လို့ ကျွန်တော်တို့ အားလုံး သဘောတူထားခဲ့ကြတာ မဟုတ်ဘူးလား။”
“အခု သူ့ကို ဒီိကိုပြန်ခေါ်လာတာက သူ့ကို သေမိန့်ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
ခန်းမထဲတွင် စုဝေးရောက်ရှိနေကြသော အကြီးအကဲများအနက်မှ တစ်ဦးက အစည်းအဝေး စတင်ရန်ပင် မစောင့်တော့ဘဲ သူ၏မေးခွန်းကို တရစပ်မေးလိုက်သည်။
သူသည် ပိန်သွယ်ပြီး အရပ်ပုကာ၊ ဖြူဖွေးနေသော ဆံပင်များကို တာအိုဝါဒီတစ်ဦးကဲ့သို့ သပ်ရပ်စွာ ထုံးထားလေသည်။
သူ၏ မျက်လုံးများထဲတွင် အဖြူရောင်လျှပ်စီး မီးပွားလေးများက တလက်လက်တောက်ပနေလေသည်။
ထိုစကားကြောင့် ဂိုဏ်းချုပ်ဟန်ချင်းလင်းမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“ဝေ့ဖုန်း… သူက မင်းရဲ့တပည့်ဖြစ်လို့ မင်း သူ့ကို ဂရုစိုက်တယ်ဆိုတာ ငါ သိပါတယ်။”
“ဒါပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါကရော သူ့အပေါ် ဂရုစိုက်မှု လျော့ရဲလိမ့်မယ်လို့ မင်းထင်နေတာလား။”
ပြောစရာစကားများ ကျန်နေသေးပုံရသော ဝေ့ဖုန်းမှာ ဂိုဏ်းချုပ်ဟန်ချင်းလင်း၏ စကားများကြောင့် တိတ်ဆိတ်သွားလေသည်။
“အစောက ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့အတူ ကျောက်ချီက ဘာလို့ ဂိုဏ်းကို ပြန်ပါလာရတာလဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်သေးဘူး။”
“အထူးသဖြင့် သူ့လုံခြုံရေးအတွက် သေချာအောင် လုပ်တဲ့နေရာမှာ ကျွန်တော်တို့ သူ့ကို ခံစားရစေခဲ့တဲ့ အရာတွေကြောင့် ဂိုဏ်းကနေ ထွက်သွားတာက ပိုကောင်းတဲ့ ကိစ္စပါ။”
“အဲဒီအရာတွေ အားလုံးနဲ့ဝေးရာ တစ်နေရာရာမှာ ဘဝသစ်ကို ပြန်စတာက သူ့အတွက် အကောင်းဆုံး ဖြစ်မှာပါ။”
“သူက ဖုံးကွယ်ထားဖို့ ကြိုးစားကောင်း ကြိုးစားလိမ့်မယ်... ဒါပေမဲ့ အဲဒီကလေးက နာကျင်မှုတွေအများကြီးကို ဖုံးကွယ်ထားတယ်ဆိုတာ ကျွန်တော် သိတယ်။”
“ ပြီးတော့ အဲဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဂိုဏ်းက သူ့အပေါ် ဆက်ဆံခဲ့တဲ့ အပေါ်မှာချည်းပဲ မူတည်နေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်” ဝေ့ဖုန်းက နောင်တရစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
သူ၏ခံစားချက်ကို ခန်းမထဲရှိ အခြားအကြီးအကဲများကလည်း သဘောတူကြပြီး အားလုံးမှာ အပြစ်ရှိသကဲ့သို့ ခံစားနေရလေသည်။
သူတို့သည် ကျောက်ချီ၏ အသက်ကို ကာကွယ်နိုင်ရန်အတွက် ဤလုပ်ရပ်ကို သဘောတူခဲ့ကြခြင်း ဖြစ်သော်လည်း၊ သူတို့ အားနည်းလွန်းသောကြောင့် အလားအလာရှိသော လူငယ်လေးတစ်ဦး၏နာမည်ကောင်းကို ဖျက်ဆီးခဲ့ရသည့် လုပ်ရပ်ကို သူတို့ မမုန်းတီးဘူးဟု မဆိုလိုပေ။
သူတို့သာ စွမ်းအားကြီးမားခဲ့မည် ဆိုပါက သူတို့၏ တပည့်များ အသက်အန္တရာယ်ကင်းရန်အတွက် ဤမျှအထိ အစွန်းရောက်သော နည်းလမ်းများနှင့် လှည့်စားမှုများကို အသုံးပြုခဲ့ရမည်လား။
“ကျောက်ချီ ပြန်လာခဲ့တာက သူ့သဘောဆန္ဒအလျောက်ပါ။ ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ ငါတို့ ဖန်တီးခဲ့တဲ့ လှည့်ကွက်အကြောင်းကို ငါတို့အမှုကို ကိုင်တွယ်တဲ့ တရားသူကြီးကို ပြောပြခဲ့ရတယ်။”
“တကယ်တော့ ပြောပြနေစရာတောင် မလိုဘူးလို့ ငါ ခံစားရတယ်... ဘာလို့လဲဆိုတော့ အဲဒီတရားသူကြီးက အစကတည်းက တစ်ခုခု လွဲချော်နေတယ် ဆိုတာကို သံသယရှိနေပုံ ရလို့ပဲ”
ယနေ့ ဖြစ်ရပ်များကြောင့် ရှုပ်ထွေးသောခံစားချက်အချို့ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားရင်း ဂိုဏ်းချုပ်ဟန်ချင်းလင်းက ပြောလိုက်သည်။
ဝေ့ဖုန်းအပါအဝင် မည်သည့်အကြီးအကဲကမျှ ဝင်ရောက် မနှောင့်ယှက်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ဟန်ချင်းလင်းတွင် ပြောစရာများ ကျန်နေသေးသည်ဟု သူတို့ ခံစားရသောကြောင့် ဖြစ်သည်။
“အမှုစစ်ဆေးနေတုန်း ငါ အခုထိ ဖွင့်ပြောခွင့် မရှိသေးတဲ့ ကိစ္စရပ် အမျိုးမျိုး ဖြစ်ပျက်ခဲ့တယ်။ ဒါပေမဲ့ ငါပြောလို့ရတဲ့ အချက်အနည်းငယ်တော့ ရှိတယ်။”
“ပထမအချက်က... ဒီဘေးအန္တရာယ်ကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်။”
“ဒုတိယအချက်က... တောင်ကျစမ်းရေစံအိမ်ရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ ငါတို့ မဟာမိတ် ဖွဲ့ထားတယ်။”
“အဲဒီအတွက် ဝေ့ဖုန်... မင်းရဲ့ သူငယ်ချင်းဖြစ်တဲ့ ‘ဂျင်ဆင်းဖြူစံအိမ်’က လူနဲ့ ဆက်သွယ်ပြီး ‘ကောင်းကင်ရောင်စဥ် နေကြာပန်း’ကို ရနိုင်မယ့် နည်းလမ်းရှိမရှိ မေးကြည့်ပေးဖို့ လိုတယ်” ဟု ဂိုဏ်းချုပ်ဟန်ချင်းလင်းက ကျောက်ချီ၏ ဆရာဖြစ်သူကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကျွန်တော် သူတို့ကို မေးကြည့်ပေးပါ့မယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က အဲဒီဆေးပင်ကို ဘာလုပ်ဖို့ လိုတာလဲ။”
“ အဲဒါက ဧကရာဇ်အဆင့်ဆေးပင် တစ်ခု ဖြစ်နိုင်ပေမဲ့၊ သူက အခိုးအငွေ့တွေကို သန့်စင်ဖို့နဲ့ တခြားအဆိပ်နဲ့ ပတ်သက်တဲ့ ကျိန်စာတွေကိုချိုးဖျက်ဖို့ပဲ အသုံးဝင်တာလေ”
ဝေ့ဖုန်းက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
“အဲဒါက ကျင့်စဉ်တစ်ခုကြောင့် ဒဏ်ရာရထားတဲ့ သူတို့ရဲ့ ခေါင်းဆောင် တစ်ယောက်အတွက်ပါ။”
“စံအိမ်ပိုင်ရှင်လျိုယွင်ပြောပုံအရဆိုရင် အဲဒါက အဆိပ်နဲ့ ပတ်သက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပုံရတယ်။”
“ဆေးပင် ရှိတယ်ဆိုတာ သေချာတာနဲ့ သူကိုယ်တိုင် ငွေပေးချေမယ်လို့ ပြောထားတယ်... ဒါပေမဲ့ ငါတို့က သူ့ကိုယ်စား ဆေးပင်ကို ဝယ်ပေးရလိမ့်မယ်။”
“ဒါက ငါတို့ လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် အနည်းဆုံး ပြန်လုပ်ပေးနိုင်တာပါပဲ။”
“ ပြီးတော့ ဒီနေရာမှာ ငါတို့ဆီမှာ ကျန်နေသေးတဲ့ အရင်းအမြစ်တွေကို သုံးပြီး အဲဒီလိုလုပ်တာက ဖြုန်းတီးရာ ရောက်တယ်လို့ ထင်နေတဲ့ သူတွေအတွက် ပြောချင်တာက... နန်းတော်အဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့ နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကို ဝယ်ယူလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။”
“ဧကရာဇ်အဆင့် ဆေးပင် တစ်ပင်တည်းနဲ့တင် နန်းတော်အဆင့်တဝက် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကို ငှားရမ်းဖို့ မလုံလောက်ဘူး ဆိုတာ မင်းတို့အားလုံးလဲ သိမှာပါ။”
“အလားအလာရှိတဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ဆိုရင်တော့ ပိုတောင်ဆိုးသေးတယ်”
ဂိုဏ်းချုပ်ဟန်ချင်းလင်းက ပတ်ဝန်းကျင်ရှိ အကြီးအကဲများကို အကဲခတ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
အထူးသဖြင့် သူတို့၏ခေါင်းပေါ်တွင် ခြိမ်းခြောက်မှုများ ကျရောက်နေချိန်၌၊ သူတို့ထံတွင် ကျန်ရှိနေသော အနည်းငယ်မျှသော အရင်းအမြစ်များကို ပြင်ပလူတစ်ဦးကို ကူညီရန် အသုံးပြုမည့်အပေါ် ကန့်ကွက်မည့်သူ အချို့ ရှိနိုင်ကြောင်း သူ သိထားလေသည်။
သို့သော် ဂိုဏ်းချုပ်ဟန်ချင်းလင်းက အလားအလာရှိသော နန်းတော်အဆင့်ကျွမ်းကျင်သူ တစ်ယောက်အကြောင်း ပြောလိုက်သောအခါ၊ ထိုဖုံးကွယ်ထားသော မျက်မှောင်ကြုတ်မှုများနှင့် မကျေနပ်မှုများမှာ ဝမ်းသာအားရ အံ့ဩမှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ဂိုဏ်းချုပ်ရဲ့ အစီအစဉ်တွေကို ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။”
“ ချင်းလင်း... အကောင်းဆုံး ရှေ့ဆက်ရမယ့် လမ်းကြောင်းလို့ မင်း ဆုံးဖြတ်သမျှကို ငါတို့ အကောင်းဆုံး ထောက်ခံသွားမှာပါ။”
“မင်းရဲ့ အရည်အချင်းနဲ့ ဂိုဏ်းအပေါ် ဒီလောက် သစ္စာမရှိခဲ့ဘူး ဆိုရင်၊ မင်း လိုချင်တဲ့ ဘယ်ဂိုဏ်းကိုမဆို ဝင်လို့ရပြီး ပိုကောင်းတဲ့ နေရာနဲ့ အရင်းအမြစ်တွေကိုတောင် ရနိုင်တယ် ဆိုတာကို ငါတို့ သိပါတယ်။”
“ဒါပေမဲ့ အဲဒီအစား မင်းကငါတို့နဲ့အတူ ဒီမှာဆက်နေဖို့ ရွေးချယ်ခဲ့တယ်။”
“ချင်းလင်း ဘာပြောပြော အဲဒီအတိုင်းပဲ ဖြစ်ရမယ်။ ငါတို့ရဲ့ တာဝန်က သူ့ရဲ့လက်ရုံးတွေ ဖြစ်လာပေးဖို့ပဲ”
အဖွဲ့ထဲရှိ အသက်အကြီးဆုံး အကြီးအကဲတစ်ဦးက သူ၏ခန္ဓာကိုယ်မှ ပြင်းထန်ပြီး ခြိမ်းခြောက်မှုပါသော ဖိအားတစ်ခုကို ထုတ်လွှတ်ရင်း မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက် ပြောဆိုလိုက်သည်။
သူသည် ကြာပန်းဝါဂိုဏ်းတွင်ရှိသော နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူ လေးဦးအနက်မှ တစ်ဦး ဖြစ်သည်။
ကျန်သုံးဦးအနက် တစ်ဦးမှာ ဂိုဏ်းချုပ်ဟန်ချင်းလင်း ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ဝေ့ဖုန်ဖြစ်ကာ၊ နောက်ဆုံးတစ်ဦးမှာ ထိုစကားကို ပြောလိုက်သော အကြီးအကဲနှင့် ခေတ်ပြိုင်ဖြစ်ပုံရသော တူညီသည့်အသက်အရွယ်ရှိ အကြီးအကဲတစ်ဦး ဖြစ်လေသည်။
အသက်ကြီးသော အကြီးအကဲ၏ စကားများကြောင့် ဆန့်ကျင်ကန့်ကွက်ရန် စကားပြောလိုနေသော အခြား အကြီးအကဲ အချို့မှာ နောက်ဆုတ်သွားကြလေသည်။
“ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဓိကအကြီးအကဲဟွမ်”
ဂိုဏ်းချုပ်ဟန်ချင်းလင်းက ကျေးဇူးတင်ကြောင်း အရိုအသေပေးရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။
သူသည် ပိုမိုစွမ်းအားကြီးမားသော်လည်း၊ အကြီးအကဲဟွမ်နှင့် အခြား အသက်အရွယ်တူအကြီးအကဲတို့ကို လေးစားမှု ရှိနေဆဲပင် ဖြစ်သည်။
သူတို့ နှစ်ဦးစလုံးမှာ သူ၏ဆရာနှင့် တစ်ခေတ်တည်းဖြစ်သော ယခင်မျိုးဆက်မှ အဓိကအကြီးအကဲများ ဖြစ်ကြသည်။
သူတို့သည် နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် အချိန်ကြာမြင့်စွာ တံခါးပိတ် ကျင့်ကြံနေသင့်သော်လည်း၊ သူတို့၏ ဂိုဏ်းကို ကူညီနိုင်ရန်အတွက် တံခါးပိတ် ကျင့်ကြံခြင်းကို ရပ်တန့်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့မှာ အသက် သုံးထောင်ကျော် နေပြီဖြစ်ပြီး၊ အချိန်ကြာလာလေလေ ခန္ဓာကိုယ်၏သွေးချီ ကျဆင်းမှုများကြောင့် သဘာဝအလျောက်ပင် နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ပိုမို နည်းပါးလာလေလေ ဖြစ်သည်။
ထိုအချက်အတွက် ဂိုဏ်းချုပ်ဟန်ချင်းလင်းက သူတို့ကို အလွန် ကျေးဇူးတင်နေလေသည်။
“ဒီတော့ ငါတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကနေ ရှောင်လွှဲနိုင်ဖို့ မင်းဆီမှာရှိတဲ့ အစီအစဉ်က ဘာများလဲ” အဓိကအကြီးအကဲဟွမ်က ပြုံးရင်း ညင်သာစွာမေးလိုက်သည်။
“ဒီဟာနဲ့ပါ”
ဂိုဏ်းချုပ်ဟန်ချင်းလင်းက အစီအရင်ပုံကြမ်းအနည်းငယ်ကို လက်ဆင့်ကမ်း ပေးလိုက်ရင်း ပြောလိုက်သည်။
“ဒါက... ဂိုဏ်းချုပ်... ဧကရာဇ်အဆင့်အစီအရင်ပုံကြမ်း တစ်ခုကို ဘယ်ကနေ ရလာတာလဲ... ပုံစံကိုကြည့်ရတာ ဒါက အဖွဲလိုက်တိုက်ခိုက်လို့ရတဲ့ ပုံစံမျိုးပဲ။”
“ကျုပ်ရဲ့ အရည်အချင်း မပြည့်မီမှုကြောင့် နားမလည်တဲ့ အစိတ်အပိုင်း တချို့ ရှိနေပေမဲ့၊ ဒီအစီအရင်ရဲ့ အဆင့်က အဓိကအကြီးအကဲထင်ဖုန်း ဂိုဏ်းမှာချထားခဲ့တဲ့ အစီအရင်နဲ့ အဆင့်တူပဲ...”
“အန်လိုင်… လာကြည့်ပါဦး”
အစီအရင်များတွင် ကျွမ်းကျင်သူ ဖြစ်ပုံရသော အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး၊ အခြား အကြီးအကဲ တစ်ဦးကို လှမ်းခေါ်လိုက်ရာ၊ ထိုအကြီးအကဲမှာလည်း အစီအရင်ပုံကြမ်းအပေါ် အကြည့်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းစိတ်ဝင်စားသွားလေသည်။
သူတို့သည် ကစားစရာအသစ်တစ်ခု ရထားသော ကလေးများကဲ့သို့ ဖြစ်နေကြလေသည်။
အကြီးအကဲများမှာ ပုံကြမ်းတွင် ရေးဆွဲထားသော အစီအရင်၏ ပြီးပြည့်စုံမှုကို သိရှိသွားသောအခါ၊ ဂိုဏ်းချုပ်ဟန်ချင်းလင်းကို မေးခွန်းထုတ်သည့် အကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
ဧကရာဇ်အဆင့်ဆေးပင်တစ်ပင် ဝယ်ယူခြင်းနှင့် ဧကရာဇ်အဆင့်အစီအရင်ပုံကြမ်းတစ်ခု ဝယ်ယူခြင်းမှာ တူညီသောအရာ မဟုတ်ပေ။
ပထမအရာမှာ များသောအားဖြင့် လူတစ်ဦးတည်းကိုသာ အကျိုးပြုနိုင်ပြီး တစ်ခါသုံး ပစ္စည်းဖြစ်သော်လည်း၊ ဒုတိယအရာမှာမူ ဂိုဏ်း၊ မျိုးနွယ်စု သို့မဟုတ် တိုင်းပြည်ကဲ့သို့သော အဖွဲ့အစည်း တစ်ခုလုံး၏ ရှင်သန်မှုကို အာမခံချက်နိုင်လေသည်။
ထို့ကြောင့် စျေးနှုန်းပိုင်းတွင်ပင် ကွာခြားချက်က ကြီးမားလှပေသည်။
ထို့ကြောင့်ပင် ဂိုဏ်းချုပ်ထံတွင် ထိုသို့သော အဆင့်ရှိ အစီအရင်ပုံကြမ်း တစ်ခု ရှိနေသည်ကို သူတို့ အံ့ဩသွားခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် အစီအရင်ပုံကြမ်း တစ်ခုမှာ တူညီသော အဆင့်ရှိ အစီအရင်ချပ်ပြား သို့မဟုတ် အလံထက် အဆပေါင်းများစွာ ပိုမို ဈေးကြီးသောကြောင့်၊ သူတို့၏လက်ရှိ ငွေကြေးအခြေအနေအရ ထိုအဆင့်ရှိ ပစ္စည်းတစ်ခုကို တတ်နိုင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်း သိထားကြလေသည်။
“အဖွဲ့အစည်းက မင်းကို ပေးလိုက်တာလား” ကျန်ရှိနေသော အဓိကအကြီးအကဲတစ်ဦးက မေးလိုက်သည်။
“မဟုတ်ပါဘူး... ကျွန်တော် ဒါကို လောလောဆယ် ထုတ်ပြောလို့ မရသေးတဲ့ တခြား နေရာတစ်ခုကနေ ရခဲ့တာပါ။”
“ခင်ဗျားတို့ သိထားဖို့ လိုတာက ဒီအစီအရင်ကြောင့် ကျုပ်တို့ရဲ့ ရှင်သန်မှုကို အနည်းဆုံး နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက် သေချာအောင်လုပ်နိုင်မယ် ဆိုတာပဲ။”
“ပြီးတော့ ခင်ဗျားတို့ သတိထားမိတဲ့အတိုင်းပဲ... အဲဒါက ဝိညာဉ်သွေးကြောနားမှာ ချထားဖို့ မလိုဘူး။ ဝိညာဉ်ကျောက်တုံးတွေနဲ့ အဖိုးတန် ရတနာ အနည်းငယ်ကို သုံးလိုက်ရင် ရပြီ။”
“အဲဒီအချိန်က ကျုပ် နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ လုံလောက်ပါလိမ့်မယ်။”
“ အချိန်ကျလာရင် ကျုပ်တို့ရဲ့ ရန်သူတွေကို စာရင်းရှင်းဖို့ အင်အား လုံလုံလောက်လောက် ရှိနေပါလိမ့်မယ်”
ဂိုဏ်းချုပ်ဟန်ချင်းလင်း၏ အကြည့်များမှာ အေးစက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျောက်ချီရဲ့ နာမည်ကို ရှင်းလင်းပေးဖို့အတွက် လူသိရှင်ကြား တောင်းပန်မှုတစ်ခုကိုလည်း လုပ်ရမယ်။”
“ထပ်လောင်းအနေနဲ့၊ ကျောက်ချီကို ငါတို့ရဲ့ အဓိကကျင့်စဉ်ကို သင်ယူခွင့် ပြုရမယ်။”
“စိတ်မပူပါနဲ့ ဖုန်း... သူ့ရဲ့ ခိုင်မာတဲ့ အုတ်မြစ်တွေကြောင့် သူက အခြေတည်အဆင့်ရဲ့ အစောပိုင်းအဆင့်တွေမှာ ရှိနေသေးရင်တောင်၊ ငါတို့ သတ်မှတ်ထားသလို နောက်ပိုင်းအဆင့်တွေမှာမှ မဟုတ်ဘဲ၊ ဒီကျင့်စဉ်ကို သင်ယူဖို့ သူ့အတွက် အန္တရာယ်မရှိဘူးဆိုတာ မင်းသိသင့်တယ်”
ဂိုဏ်းချုပ်ဟန်ချင်းလင်းက အကြီးအကဲဝေ့ဖုန်၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော မျက်မှောင်ကြုတ်မှုကို မြင်သောအခါ ပြောလိုက်သည်။
“ဒါပါပဲ... မင်းတို့အားလုံး အစီအရင်တွေကို စတင် ဖန်တီးပြီး ဂိုဏ်းပတ်လည်မှာ ချထားဖို့ လိုတယ်။”
“အဓိကအကြီးအကဲဟွမ်၊ အဓိကအကြီးအကဲပင်းဝမ်နဲ့ အကြီးအကဲဝေ့ဖုန်... ကျေးဇူးပြုပြီး ကျန်နေခဲ့ပေးပါ။”
“ကျုပ်တို့ ဆွေးနွေးရမယ့် တခြား ကိစ္စတစ်ခု ရှိသေးတယ်”
ဂိုဏ်းချုပ်ဟန်ချင်းလင်းက အကြီးအကဲသုံးဦးကို ရည်ရွယ်၍ ပြောလိုက်သည်။
ထိုသုံးဦးမှာ တိန်ချောင်နှင့် မိတ်ဆက်ပေးရန် သူ ဆုံးဖြတ်ထားသူများ ဖြစ်သည်။
အကြောင်းရင်းတစ်ခုမှာ သူတို့သုံးဦးသည် သူ အယုံကြည်ရဆုံးသူများ ဖြစ်ပြီး၊ အခြားအကြောင်းရင်းတစ်ခုမှာ သူတို့သည် နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူများ ဖြစ်သောကြောင့် ဖြစ်သည်။
တိန်ချောင်ထံမှ လမ်းညွှန်ချက် အနည်းငယ်က သူတို့ကို ထိုအတားအဆီးကို ကျော်ဖြတ်နိုင်ရန် အထောက်အကူ ဖြစ်စေနိုင်ပြီး၊ ကြာပန်ဝါဂိုဏ်းတွင် နန်းတော်အဆင့် ကျွမ်းကျင်သူလေးဦး ရှိလာသောအခါ နောက်ထပ် လုံခြုံရေးကွန်ရက်တစ်ခု ထပ်တိုးလာမည် ဖြစ်သည်။
…..
“ခေါင်းဆောင်... ပစ်မှတ်ကို ကျွန်တော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် အရှိန်အဝါအရ ကြည့်ရင် သူက နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ပုံပဲ။”
“ကျွန်တော်တို့ သူ့ကို အခုပဲ ဖမ်းရမလား... ဒါမှမဟုတ် သူအဆင့်ချိုးဖျက်ပြီးမှပဲ ဖမ်းရမလား။”
ဝတ်ရုံနက်များကို ဝတ်ဆင်ထားသော လူနှစ်ဦးသည် သူ၏နေအိမ်သို့ ဦးတည်သွားနေသော အရပ်ပုပုနှင့် တုတ်ခိုင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို စောင့်ကြည့်နေကြလေသည်။
“ပစ်မှတ်က နန်းတော်အဆင့်ကို ချိုးဖောက်ဝင်ရောက်တဲ့အထိ စောင့်ပါ။ မဟုတ်ရင် သူက ငါတို့အတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
ဝတ်ရုံနက်ဝတ် နှစ်ဦးအနက်မှ တစ်ဦး ကိုင်ဆောင်ထားသော ဆက်သွယ်ရေး အဆောင်လက်ဖွဲ့၏ အခြားတစ်ဖက်မှ အေးစက်သော အသံတစ်ခုက ပြန်ဖြေလိုက်သည်။
“သခင်... အဖွဲ့အစည်းကိုရော ဘယ်လိုလုပ်မလဲ။ သူက အဲဒီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်း မဟုတ်ရင်တောင်၊ အဲဒီမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်နေတာလေ။”
“ဒါက မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ဆွဲဆောင်သလို ဖြစ်မနေဘူးလား”
လူတစ်ဦးက သူ၏လေသံထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ပါဝင်နေသော လေသံဖြင့် တွန့်ဆုတ်စွာ မေးလိုက်သည်။
“မင်းတို့က မင်းတို့ လက်ရှိလုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်သင့်တယ်။ ကျရှုံးတာကို ခွင့်မပြုဘူး”
အေးစက်သော အသံက ပြောလိုက်ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားလေသည်။
လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်ရင်း ဆုပ်လဲစူးစားလဲရူးဖြစ်နေသော သူတို့၏ အခြေအနေကို ဝမ်းနည်းစွာ ပြုံးလိုက်ကြပြီးနောက် လက်ရှိ ကိစ္စကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
အကယ်၍ ဖမ်းမိပါက အဖွဲ့အစည်းက သူတို့ကို ဘာလုပ်မည်ကို တွေးကြောက်နေခြင်းထက်၊ အခြားတစ်ဖက်ရှိလူကို သူတို့က ပို၍ ကြောက်ရွံ့ကြလေသည်။
….
မုန့်ချောင်၏ အခန်း အတွင်းတွင်...
“ကြည့်ရတာ ကြွက်တွေ ငါးစာမိသွားပြီ ထင်တယ်။”
“သူတို့ရဲ့ အသိုက်ဘယ်မှာရှိလဲ ဆိုတာကို သွားကြည့်ပြီး၊ နောက်ဆုံးတော့ ငါ့ရဲ့ ခန့်မှန်းချက်က မှန်သလား ဆိုတာကို ကြည့်ရမယ့် အချိန်ရောက်ပြီ”
ရေခဲစံပယ်လက်ဖက်ရည်ကို သောက်ရင်း မုန့်ချောင်က ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်လေသည်။