ယန်ချင်း၏ ဆုံးရှုံးမှု
Vol. 20 Ch. 197
သွေးစက်နှင့်လွင်ပြင်တို့ ထိတွေ့သွားချိန်၌ အဖြူရောင်မျဉ်းကြောင်းများနှင့် လွင်ပြင်ကြီးမှာ ရေကန်မျက်နှာပြင်တစ်ခုကဲ့သို့ လှိုင်းထသွားလေသည်။
ထိုအနီရောင်သွေးစက်သည် လွင်ပြင်အောက်သို့ ပျော်ဝင်သွားပြီး အဖြူရောင်မျဉ်းကြောင်းတစ်ခုအတွင်းသို့ တိုးဝင်သွားတော့၏။
၎င်းသည် တစ်စုံတစ်ခုဆီသို့ လမ်းပြနေသည့် လမ်းကြောင်းတစ်ခုကဲ့သို့ အဖြူရောင်မျဉ်းကြောင်းများတစ်လျှောက် အလျင်အမြန် ကူးလူးဖြတ်သန်းသွားလေသည်။
သွေးစက်က ပိုမိုမြန်ဆန်စွာ ရွေ့လျားလေလေ၊ ယန်ချင်း၏ အဖြူရောင်အလင်းတန်းနှင့် မီးခိုးရောင်မီးတောက်များက ပိုမိုတောက်ပလာလေလေ ဖြစ်ပေသည်။
ထိုသို့ အလျင်အမြန် ကူးလူးဖြတ်သန်းနေမှုမှာ ဆယ်မိနစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက်၊ နောက်ဆုံးတွင် လွင်ပြင်၏ အနောက်မြောက်ဘက်ခြမ်းရှိ အဖြူရောင်မျဉ်းကြောင်းတစ်ခုပေါ်၌ ရပ်တန့်သွားလေသည်။
"လောင်ကျွမ်းစမ်း..."
သွေးစက်က နောက်ဆုံး၌ ရပ်တန့်သွားသည်ကို မြင်လိုက်ရချိန်တွင် အဖြူရောင်ဝတ်ရုံအတွင်းမှ ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။
သွေးစက်မှာ ရုတ်တရက် အပြာရင့်ရောင်မီးတောက်တစ်ခုအဖြစ် လောင်ကျွမ်းသွားလေသည်။
လုပ်ငန်းစဉ်တစ်ခုလုံးတွင် အသုံးမပြုရသေးဘဲ ကျန်ရှိနေသော တစ်ခုတည်းသော အရာဖြစ်သည့် မက်မွန်သစ်သားတုံးလေးမှာ အပြာရောင်မီးတောက်ဆီသို့ ပြေးဝင်သွားတော့၏။
"ဒါပဲ... ခြေရာခံမိဖို့ မျှော်လင့်ရတာပဲ..."
မက်မွန်သစ်သားတုံးလေး လောင်ကျွမ်းသွားစဉ် ပန်းရောင်မီးခိုးကြိုးခွေများ ထွက်ပေါ်လာပြီး အပြာရောင်မီးတောက်နှင့် သွားရောက်ချိတ်ဆက်နေသည်ကို စောင့်ကြည့်ရင်း ယန်ချင်းက သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
မက်မွန်သစ်သားတုံးလေးမှာ စတုဂံပုံစံရှိပြီး အလျားခြောက်လက်မ၊ အနံသုံးလက်မခန့် ရှိ၏။
မီးတောက်ထဲသို့ ကျရောက်သွားချိန်တွင် မျက်စိတစ်မှိတ်အတွင်း ထက်ဝက်ခန့် လျော့ကျသွားပြီးနောက်၊ ကျန်ရှိနေသော ထက်ဝက်မှာ အပြာရောင်မီးတောက်များ၏ဒဏ်ကို ခံနိုင်ရည်ရှိနေသကဲ့သို့ လောင်ကျွမ်းမှုနှုန်းမှာ ရပ်တန့်သွားလေသည်။
"ဆက်သွားလေ... ကျေးဇူးပြုပြီး ဆက်သွားစမ်းပါ..."
ငါးမိနစ်ကြာသည့်တိုင်အောင် အခြေအနေမှာ မပြောင်းလဲဘဲ ရှိနေသည်ကို မြင်လိုက်ရချိန်တွင် ယန်ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။
ယန်ချင်း၏ တောင်းဆိုမှုကို တုံ့ပြန်လိုက်သည့်အလား၊ စတုဂံပုံမက်မွန်သစ်သားတုံးလေးမှာ တစ်လက်မခန့် ထပ်မံလျော့ကျသွားပြီး လောင်ကျွမ်းသွားတိုင်း ပန်းရောင်မီးခိုးကြိုးခွေများ ပိုမိုထွက်ပေါ်လာလေသည်။
ထိုရွေ့လျားမှုကို မြင်လိုက်ရချိန်၌ ယန်ချင်း၏ မျက်နှာအမူအရာမှာ စိတ်သက်သာရာရသွားလေသည်။
ထို့နောက်ပိုင်း တိုးတက်မှုမှာ နှေးကွေးနေသော်လည်း ယခင်ကကဲ့သို့ ရပ်တန့်နေခြင်းမျိုးတော့ မရှိတော့ပေ။
အပြာရောင်မီးတောက်က မက်မွန်သစ်သားတုံးကို ဖြည်းညင်းစွာ ဝါးမျိုသွားပြီး ထွက်ပေါ်လာသော ကြိုးခွေများက အပြာရောင်မီးတောက်ကို ဘောလုံးတစ်လုံးကဲ့သို့ ရစ်ပတ်သွားလေသည်။
ဤလုပ်ငန်းစဉ်မှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် မက်မွန်သစ်သားတုံး၏ နောက်ဆုံးအပိုင်းအစလေးပါ လောင်ကျွမ်းသွားလေသည်။
ကျန်ရစ်ခဲ့သည်မှာ အပြာရောင်မီးတောက်၏ နောက်ဆုံးမီးခဲလေးများကိုပါ ငြိမ်းသတ်ပစ်နေသော တိမ်တိုက်နှင့်တူသည့် ပန်းရောင်ကြိုးခွေဘောလုံးတစ်လုံးသာ ဖြစ်လေတော့သည်။
"ရပြီဟေ့..."
ကြိုးခွေများမှာ ပေါင်းစပ်သွားကာ မက်မွန်ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီးနောက် သွေးစက်ရှိခဲ့သောနေရာထဲသို့ ပျော်ဝင်သွားချိန်တွင် ယန်ချင်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် လွင်ပြင်ကြီးမှာ မီးခိုးရောင်မီးတောက်များနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ယန်ချင်း၏ အဖြူရောင်ဝတ်ရုံကြီးပင် ပျောက်ကွယ်သွားပြီး အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော်လည်း အောင်ပွဲရ စစ်သူကြီးတစ်ဦး၏အပြုံးတစ်ခုကို ချိတ်ဆွဲထားသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။
သူ၏ဆံပင်၊ အရေပြားနှင့် မျက်လုံးများမှာ အစိမ်းရောင်ဆံပင်နှင့် အစိမ်းရောင်မျက်လုံး အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။
ချက်ချင်း ပုံမှန်အခြေအနေသို့ ပြန်မရောက်သွားသော တစ်ခုတည်းသောအရာမှာ ယခင်ကထက် အနည်းငယ်ဖြူဖျော့နေသော သူ၏အရေပြားအရောင်သာ ဖြစ်သော်လည်း၊ သူ ဝင်သက်ထွက်သက် ရှူသွင်းရှူထုတ်လိုက်တိုင်း ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာလေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏အရေပြားအရောင်မှာ ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ၏မျက်လုံးအနက်ရှိုင်းဆုံးနေရာတွင်မူ ပင်ပန်းနွမ်းနယ်နေသော ခံစားချက်တစ်ခု ပုန်းကွယ်နေဆဲဖြစ်ပေသည်။
သူ ထုတ်ယူထားခဲ့သော ပစ္စည်းများအတွက်မူ သူ၏အထက်ရှိ အဆောင်များဆီမှ မီးတောက်များမှာ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အမိုးမှာမူ အကာအကွယ် ရရှိသွားခဲ့သည်။
သူ၏အထက်ရှိ ကျီးကန်းဖြူမှာ ယခင်ကထက် ပိုမိုမှေးမှိန်ပြီး သေးငယ်သွားသော်လည်း မြူခိုးများမှာမူ ယခင်ကအတိုင်း သိပ်သည်းနေဆဲ ဖြစ်၏။
မီးခိုးရောင်ဖယောင်းတိုင်နှင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများမှာမူ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
"ဝိညာဉ်အားဖြည့်နံ့သာတိုင်ရဲ့ အကူအညီ ပါတာတောင်မှ၊ ထိပ်တန်းရွှေရောင်အဆင့်ကျင့်စဉ်ဖြစ်တဲ့ 'ကျိန်စာသင့်လွင်ပြင်၏ မီးတောက်ငါးထောင်ခြေရာခံခြင်း' က အတော်လေး ဝိညာဥ်စွမ်းအားကိုကုန်ခန်းစေတာပဲ...”
“ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ မှော်ကျင့်စဉ်တွေက ငါအားသန်တဲ့အရာတွေ မဟုတ်ဘူးပဲ...”
“ယွီဟွေ့ဖန်တစ်ယောက် ဒါတွေကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းလဲ မသိဘူး..."
နံ့သာတိုင်ရှိခဲ့သောနေရာနှင့် လွင်ပြင်ရှိခဲ့သောနေရာသို့ကြည့်ရင်း ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။
ထိုကျင့်စဉ်ကို အဆုံးတိုင်အောင် အသုံးပြုလိုက်ချိန်တွင် သူ၏ဒန်တျန်အတွင်းမှ ချီစွမ်းအင်တစ်ဝက်နီးပါးနှင့် ဝိညာဉ်အနှစ်သာရများကို စုပ်ယူသွားခဲ့သည်။
ပထမတစ်ခုအတွက်မူ သူသိပ်ပြီး စိတ်မပူလှပေ။
အကြောင်းမှာ သူ၏ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာကိုယ်ကြောင့် ချီစွမ်းအင်ကို အခြားသူများထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ဖြည့်တင်းနိုင်သောကြောင့် ဖြစ်၏။
ချီစွမ်းအင်ကို ပိုမိုမြန်ဆန်စွာ ပြန်လည်ဖြည့်တင်းနိုင်ခြင်းနှင့်အတူ ပုံမှန်ထက်ကြီးမားနေသော ဒန်တျန်တို့မှာ ၎င်း၏ အထူးအရည်အချင်းများထဲတွင် ပါဝင်လေသည်။
သို့သော် ဝိညာဉ်အနှစ်သာရနှင့် ပတ်သက်လာလျှင်ပင် သူ၏ ပြန်လည်ဖြည့်တင်းနိုင်စွမ်းက အခြားသူများထက် မြန်ဆန်နေလျှင်တောင် အပြည့်အဝပြန်လည်ပြည့်ဝလာရန် တစ်ရက်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။
သူသာ ဝိညာဉ်အားဖြည့်နံ့သာတိုင်ကို အသုံးမပြုခဲ့လျှင် သူ၏ဝိညာဉ်အနှစ်သာရ ကုန်ခန်းမှုမှာ ယခုထက် အဆပေါင်းများစွာ ပိုမိုများပြားနေမည် ဖြစ်သည်။
"မင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်လို့ ရပေမဲ့၊ အဲဒီလုပ်ရပ်ကိုယ်တိုင်ကပဲ သဲလွန်စတွေကို ချန်ထားခဲ့တာ...”
“ကံကောင်းတာက မင်းရဲ့ ခြေရာလက်ရာတွေကို ဖျောက်ဖျက်ဖို့ ကူညီပေးခဲ့တဲ့သူနဲ့ ပုလဲနီပေးခဲ့တဲ့သူက တစ်ယောက်တည်း ဖြစ်နေတာပဲ...”
“ပုလဲနဲ့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူချန်ထားခဲ့တဲ့ ချီစွမ်းအင်က ခြေရာခံဖို့လုံလောက်တယ်... အခု နောက်ဆုံးအပိုင်းပဲ ကျန်တော့တယ်..."
ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူရင်း ယန်ချင်းက ပင်ပန်းစွာ တီးတိုးရေရွတ်လိုက်သည်။
"မင်းရဲ့ စာရင်းထဲက အကဲဖြတ်ရမယ့် အရေအတွက်တွေကို ငါလျှော့မပေးနိုင်ဘူး ယန်ချင်း..."
အဆက်အသွယ် ရသွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်မှ တုံးတိတိအသံတစ်ခု ထွက်ပေါ်လာလေသည်။
"အဲဒီကိစ္စအတွက် ကျွန်တော် ဆက်သွယ်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးလဲ့ဝေယွမ်...”
“ကျွန်တော့်ကို ပြင်ဆင်ဖို့ အချိန်အလုံအလောက် မပေးဘဲ အဲဒီအကဲဖြတ်မှုတွေကို ရုတ်တရက်ကြီး ခေါင်းပေါ် ပစ်ချလိုက်တာ မတရားဘူးလို့ မထင်ဘူးလား..."
ယန်ချင်းက နာကြည်းနေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေနဲ့ ယန်ချင်းက အဲဒီလိုမျိုး လိုချင်မှာ မဟုတ်ပါဘူး...”
“ဂရုစိုက်တတ်တဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်အနေနဲ့ သူ့ရဲ့ ဆန္ဒတွေကို ငါကလေးစားပေးလိုက်တာပါ...”
“ညည်းတွားဖို့နဲ့ အလုပ်လျှော့ပေးဖို့ တောင်းဆိုတာ မဟုတ်ရင် ဘာလို့ဆက်သွယ်တာလဲ..."
ယန်ချင်းက သွားကြိတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်လိုက်သည်။
လဲ့ဝေယွမ်၌ သူ့ကို ဒေါသထွက်အောင် ဆွပေးသည့်နေရာတွင် အယ်လီကဲ့သို့ တူညီသော ကျွမ်းကျင်မှုမျိုး ရှိနေသည်။
အယ်လီနှင့်ဆိုလျှင်မူ အနည်းဆုံး လက်သီးတစ်ချက်၊ အချက်ငါးဆယ်လောက်တော့ ထိုးပစ်၍ ရသေးသည်။
သို့သော် လဲ့ဝေယွမ်နှင့်ကျတော့ သူက အမြဲတမ်းခံနေရသူ ဖြစ်နေလေသည်။
"နွေဦးလွင်ပြင်တိုင်းပြည်မှာ အကဲဖြတ်မှုတွေ လုပ်နေတုန်း မဟူရာတစ္ဆေဂိုဏ်းက လူတစ်ယောက် ကျွန်တော့်ကို လာတိုက်ခိုက်သွားတယ်..."
"ထပ်ပြီး တိုက်ခိုက်ခံရပြန်ပြီလား... လွန်ခဲ့တဲ့ နာရီအနည်းငယ်ကပဲ ရွှေဝါးရုံစံအိမ်က လူတစ်ယောက်နဲ့ မင်းတိုက်ခိုက်ခဲ့ရတယ် မဟုတ်ဘူးလား...”
“လူတစ်ယောက်က ဘယ်လောက်တောင် ကံဆိုးနိုင်ရတာလဲ..."
'ခင်ဗျားက ဒီကျိန်စာသင့်နေတဲ့ အကဲဖြတ်မှုတွေကို သွားခိုင်းလို့ ဒါတွေအကုန်လုံး ကျွန်တော့်ဆီ ရောက်လာရတာ မဟုတ်ဘူးလား... အားလုံးက ခင်ဗျား အပြစ်တွေချည်းပဲ၊ အဘိုးကြီး...'
ယန်ချင်းက စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ယန်ချင်းသည် လဲ့ဝေယွမ်၏ ဖြတ်ပြောမှုနှင့် မှတ်ချက်များကို လျစ်လျူရှုရန် ရွေးချယ်လိုက်ပြီး သူ၏အစီရင်ခံစာကို ဆက်လက်ပြောဆိုလိုက်သည်။
"တိုက်ခိုက်သူကတော့ သေသွားပြီ... ဒါပေမဲ့ သူ့ရဲ့ စစ်ဆင်ရေးအတွက် ဧကရာဇ်အဆင့် ရတနာတစ်ခု ပေးခဲ့တဲ့ ကျောထောက်နောက်ခံ တစ်ယောက်ရဲ့ တည်နေရာကို မှတ်သားဖို့ ကျွန်တော် 'ကျိန်စာသင့်လွင်ပြင်၏ မီးတောက်ငါးထောင်ခြေရာခံခြင်း' ကျင့်စဉ်ကို အသုံးပြုနိုင်ခဲ့တယ်...”
“သူ့ကို ခြေရာခံဖို့ ကျွန်တော် ပေးဆပ်ခဲ့ရတဲ့ အားထုတ်မှုတွေအရ ဆိုရင်တော့ အဲဒီကျောထောက်နောက်ခံဆိုသူဟာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်...”
“မက်မွန်သစ်သားနဲ့ သူ့ကို အမှတ်အသား လုပ်ထားနိုင်ခဲ့တယ်...”
“အထူးစစ်ဆေးရေးအဖွဲ့ကလူတွေ သူ့ရဲ့ အနံ့ကနေတစ်ဆင့် အလွယ်တကူ ခြေရာခံနိုင်ပါလိမ့်မယ်..."
ယန်ချင်းက မက်မွန်သစ်သား ဆုံးရှုံးသွားရခြင်းအတွက် နှမြောတသစွာ မျက်နှာမဲ့ရင်း ပြောလိုက်သည်။
သူ့ထံတွင် ရှိခဲ့သော မက်မွန်သစ်သားမှာ သူတော်စင်အဆင့် သစ်ပင်တစ်ပင်မှ ရရှိထားခြင်း ဖြစ်သည်။
၎င်းတွင် အသုံးဝင်မှုများစွာရှိပြီး ၎င်းတို့ထဲမှတစ်ခုမှာ တစ်စုံတစ်ယောက်ကို ခြေရာခံရာတွင် ဖြစ်သည်။
၎င်းသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် ၎င်း၏ အနံ့ဖြင့် အမှတ်အသားပြုလုပ်ထားနိုင်သည်။
တစ်ကြိမ်ခြေရာခံမိသွားသည်နှင့် အခြားသူတော်စင်အဆင့် ရတနာတစ်ခု သို့မဟုတ် အနည်းဆုံး ရွှေရောင်အဆင့်တွင် ရှိသော အဆင့်မြင့်ကျင့်စဉ်တစ်ခုကို အသုံးပြုမှသာ ထိုအနံ့ကို ဆေးကြောဖယ်ရှားနိုင်မည် ဖြစ်၏။
တစ်စုံတစ်ယောက်အပေါ် ထိုအနံ့ စွဲကျန်နေမည့် အချိန်ကာလမှာ အသုံးပြုခဲ့သော သစ်သားအရွယ်အစားအပေါ် မူတည်လေသည်။
"ဘယ်လောက် ကြာမလဲ..." လဲ့ဝေယွမ်က မေးလိုက်သည်။
"ရက် ၂၀ ကနေ ၃၀ ဝန်းကျင်လောက်ပါ..."
"အဲဒါက အထူးစစ်ဆေးရေးမှူးတွေ သူတို့ကို ခြေရာခံဖို့ အချိန်လုံလောက်တာထက်တောင် ပိုသေးတယ်...”
“သူတို့ရဲ့ ဒု-ညွှန်ကြားရေးမှူးကို ငါအကြောင်းကြားပေးလိုက်မယ်၊ ပြီးတော့ ဒီအတွက် မင်းရဲ့ အကျိုးဆောင်မှတ်တွေကိုလည်း မှတ်တမ်းတင်ထားဖို့ လုပ်ပေးလိုက်မယ်..."
"အမ်း... ကြီးကြပ်ရေးမှူးလဲ့ဝေယွမ်... ကျွန်တော် အဲဒီအတွက် နစ်နာကြေးများ ပြန်ရနိုင်မလား..."
ယန်ချင်း သူ၏စကားကို အဆုံးသတ်နိုင်ခြင်း မရှိမီမှာပင် အဆက်အသွယ် ပြတ်တောက်သွားလေသည်။
"သောက်အဘိုးကြီး.... စောင့်နေလိုက်... ကျွန်တော် ခင်ဗျားရဲ့အထက်လူကြီး ဖြစ်လာတဲ့ အချိန်ကျရင် ခင်ဗျားကို ဘယ်လိုပြန်ဂရုစိုက်ပေးမလဲ ကြည့်ထားလိုက်..."
မြူခိုးများကို လက်သီးဖြင့် အကြိမ်အနည်းငယ် ထိုးကြိတ်ကာ ခြေထောက်ဖြင့်ကန်ရင်း ယန်ချင်းက ဒေါသတကြီး ပြောလိုက်လေတော့သည်။