နောက်ဆုံး စီရင်ချက်
Vol. 5 Ch. 50
“အထက်တန်း ရွှေအမြုတေတရားရုံးတရားသူကြီး ကျွန်တော်ယန်ချင်းသည် ဤအမှုအား စီရင်ချက်ချမှတ်ရန် လုံလောက်သော သတင်းအချက်အလက်များ ရရှိပြီဖြစ်ကြောင်း သေချာပြီးနောက် သဘာပတိတရားသူကြီးအာဏာကို ကျင့်သုံး၍ ဂိုဏ်းချုပ်ချန်ယွမ်နှင့် ဝမ်ချန်တို့၏အမှုအား စီရင်ချက်ချမှတ်ပါတော့မည်”
“အဆင့် ၄ ဂိုဏ်းဖြစ်သော မြူနွံဂိုဏ်း၏ ဂိုဏ်းချုပ်ချန်ယွမ်အား ဝမ်ချန်အပေါ် တာဝန်ဝတ္တရားပျက်ကွက်သည်ဟူသော စွပ်စွဲချက်မှ အပြစ်မရှိကြောင်း ကြေညာလိုက်သည်။ ထို့အတူ ဝမ်ချန်အား ဂိုဏ်းနှင့်သဘောတူထားသော ကတိကဝတ်ကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်မှ အပြစ်မရှိကြောင်း ကြေညာလိုက်သည်။”
“သူမ၏အပြစ်ကင်းစင်မှုသည် ချန်ယွမ်နှင့် ရန်တိုက်ပေးရန် လိမ်လည်လုပ်ကြံဇာတ်လမ်းဖန်တီးခဲ့သော ဂိုဏ်းအကြီးအကဲများဖြစ်ကြသည့် တုန်းယန်လင်၊ ဖုန်းကျန်းနှင့် ဂိုဏ်းဘဏ္ဍာတိုက်အတွင်း ရတနာများထားရှိခဲ့သော အခြားအကြီးအကဲများ၏ ခြယ်လှယ်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။”
“သို့သော် ခင်ဗျားအပြစ်မရှိသော်လည်း လိမ်လည်လှည့်ဖြားခံရပြီး ရန်ငြိုးဖွဲ့ခဲ့ရသော်ငြား ဂိုဏ်းကိုပေးဆပ်ရန်ရှိနေသော နို့ရည်ပမာဏကို ပြန်လည်ပေးဆပ်ရန် အကြံပြုလိုပါတယ်။ အကြောင်းရင်းက ရှင်းရှင်းလေးပါ။ ဂိုဏ်းက ခင်ဗျားကိုကျွေးမွေးဖို့ ကတိကဝတ်တည်ခဲ့ပေမဲ့ ခင်ဗျားဘက်က ကတိကဝတ်ပျက်ကွက်ခဲ့လို့ပါ။”
“ခင်ဗျားခန္ဓာကိုယ်ပြောင်းလဲမှုကိုကြည့်ရင် သိနိုင်ပါတယ်။ ဂိုဏ်းက ခင်ဗျားကို ဆက်တိုက်ကျွေးမွေးခဲ့တဲ့ ဆေးမြစ်တွေက ကောင်းကင်အဆင့်မဟုတ်ပေမဲ့ စွမ်းအင်နဲ့အာဟာရပြည့်ဝတဲ့ အလယ်အလတ်ကနေ အမြင့်ဆုံး မြေကမ္ဘာအဆင့် ရတနာတွေဖြစ်တာမို့ ခင်ဗျားခန္ဓာကိုယ်မှာ ကြီးမားတဲ့ ပေါက်ကွဲထွက်မတတ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။ အဲဒါတွေမပါရင် ကျင့်ကြံခြင်းပညာရပ်တစ်ခုတည်းနဲ့ ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး”
“ခင်ဗျားကို ဒီအထိရောက်အောင် တတ်နိုင်သမျှကူညီပေးခဲ့တဲ့ ဂိုဏ်းကိုပြန်လည်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကိုယ်ယူပါ ဝမ်ချန်”
ယန်ချင်းက ဝမ်ချန်ကိုကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။
ဝမ်ချန်သည် ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားပြီး မျက်ရည်များဝဲနေသည်။ ရုတ်တရက်ပြောင်းလဲမှု ဖြစ်ပြီးနောက်တွင် သူမမည်မျှပင်ဆိုးသွမ်းခဲ့ကြောင်း သဘောပေါက်လာသည်။
“လုပ်ပါ့မယ်”
ဝမ်ချန်၏ ခိုင်မာသောအသံ ထွက်ပေါ်လာသည်။
“ကောင်းပြီ... ချန်ယွမ်... ခင်ဗျားအနေနဲ့လည်း ကောင်းကင်အဆင့်အရင်းအမြစ်တွေကို မနှမြောပါနဲ့။ ဂိုဏ်းရဲ့အနာဂတ်အတွက် စုဆောင်းထားတယ်ဆိုတာ နားလည်ပေမဲ့ အပင်ပေါက်လေးတွေ ကိုယ့်ဘာသာရပ်တည်နိုင်မယ့်အချိန် မရောက်ခင်အထိ ရာသီဥတုဒဏ်ခံနိုင်အောင် သစ်ပင်ကြီးတွေက အရိပ်အာဝါသပေးဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။”
“ဝမ်ချန်ကို အကောင်းဆုံးအခြေအနေမှာရှိနေဖို့ ခင်ဗျားလိုအပ်တယ်။ ဒါမှခင်ဗျားရဲ့အစီအစဉ်တွေအတွက် လိုအပ်တဲ့အချိန်နဲ့ အထောက်အပံ့တွေရမှာပါ။ ပြီးတော့ သူမရဲ့နို့ရည်က အထူးသဖြင့် အဂ္ဂိရတ်လောကမှာ တန်ဖိုးကြီးတယ်။ ကောင်းကင်အဆင့်ဆေးပင်အချို့နဲ့ လဲလှယ်ဖို့ သဘောတူနိုင်ကြတယ်။”
“အဆင့်မြင့်တော့မဟုတ်ပေမဲ့ ကောင်းကင်အဆင့်ဆေးပင်တွေပါပဲ။ အဲဒီအဂ္ဂိရတ်အဖွဲ့အစည်းတချို့နဲ့ ဆက်သွယ်ဖို့ အဆက်အသွယ်ပေးလိုက်မယ်။ နောက်ပိုင်းညှိနှိုင်းမှုတွေက ခင်ဗျားအပိုင်းပေါ့။ မိတ်ဆက်ပေးတာက ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်အရ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးပါပဲ”
ယန်ချင်း ပြောလိုက်သည်။
“ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း။ ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိပါဘူး”
ချန်ယွမ်က ကျေးဇူးတင်ကြောင်းဦးညွှတ်ရင်း ပြောလိုက်သည်။
“ကျေးဇူးဆပ်စရာ မလိုပါဘူး။ တရားစီရင်ရေးအဖွဲ့ရဲ့ တရားသူကြီးတစ်ယောက်၊ အဖွဲ့ရဲ့စံနှုန်းတွေကို လိုက်နာသူတစ်ယောက်အနေနဲ့ တာဝန်အရလုပ်ပေးတာပါ။ ခင်ဗျားတကယ်ကျေးဇူးဆပ်ချင်ရင် နောက်တစ်ခါ ဒီတရားခွင်တွေထဲမှာ ခင်ဗျားကိုရော မြူနွံဂိုဏ်းသားတွေကိုရော မမြင်ရအောင်နေပါ။ အလုပ်နည်းလေ ကျွန်တော့်အတွက် အကောင်းဆုံးကျေးဇူးဆပ်ခြင်းပါပဲ”
ယန်ချင်းက အပြုံးပါးပါးလေးဖြင့် ပြောလိုက်သည်။
ချန်ယွမ်သည် ထိုစကားကြောင့် အားနာစွာပြုံးလိုက်သော်လည်း ယီကျဲနှင့်ကျန်လူများကမူ ယန်ချင်းသည် နောက်ပြောင်နေသယောင်ရှိသော်လည်း ထိုကိစ္စကို အလွန်ပင်အလေးထားကြောင်း သိကြသည်။
“ကဲ... အခု အကြီးအကဲဖုန်းနဲ့ အကြီးအကဲဂွီတို့အလှည့်... ဂိုဏ်းရှင်သန်ရပ်တည်ရေးအတွက် ခင်ဗျားတို့လုပ်ခဲ့ရတာတွေကို လေးစားတယ်၊ နားလည်တယ်၊ စာနာမိပေမဲ့ တရားစီရင်ရေးအဖွဲ့ကို ခင်ဗျားတို့ရဲ့အကြံအစည်ထဲဆွဲထည့်ပြီး ရွှံ့အိုင်ထဲအတူတူ ခုန်ချခိုင်းခဲ့တဲ့အချက်ကိုတော့ ငြင်းလို့မရပါဘူး။”
“ခင်ဗျားတို့ဆန္ဒရှိခဲ့တဲ့အတိုင်း အဖွဲ့ကအခု ခါးလည်လောက်အထိ နစ်နေပြီ။ နဂါးတွေမှာ ပြောင်းပြန်အကြေးခွံ ရှိသလို တရားစီရင်ရေးအဖွဲ့မှာလည်း သည်းခံနိုင်တဲ့အကန့်အသတ် ရှိပါတယ်။ စေတနာကောင်းခဲ့ပေမဲ့ ခင်ဗျားတို့က အဲဒီအကန့်အသတ်ကို ထိပါးခဲ့တယ်”
“အနည်းဆုံးတော့ ခင်ဗျားတို့ရဲ့ကျင့်ကြံခြင်းကိုဖျက်ဆီးပြီး ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး စစ်ဘေးသင့်ရွာတွေမှာ အလုပ်သမားအဖြစ် စေခိုင်းသင့်တယ်။ အဆိုးဆုံးအခြေအနေဆိုရင် သေဒဏ်ပေးပြီး ချက်ချင်းကွပ်မျက်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့အခြေအနေက နည်းနည်းရှုပ်ထွေးတယ်။ ကျွန်တော်သာ ခင်ဗျားတို့နေရာမှာရှိပြီး နောက်ကျောမလုံတဲ့အခြေအနေမျိုးကြုံရင် ဒီထက်ပိုကောင်းအောင် လုပ်နိုင်မယ်မထင်ဘူး။”
“ကျင့်ကြံခြင်းကိုဖျက်ဆီးတာ၊ သေဒဏ်ပေးတာတွေလုပ်ရင် ဘယ်လိုကြည့်ကြည့် ကျွန်တော်တို့က လူဆိုးဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အခြေအနေအပြည့်အစုံမသိဘဲ ဝင်ပါခဲ့တဲ့ ဖုန့်ရှင်းကို သေသွားနိုင်ခဲ့တဲ့အခြေအနေမျိုး ဖန်တီးခဲ့တာကြောင့် ခင်ဗျားတို့ကို လွှတ်ပေးလို့လည်းမရပြန်ဘူး”
“ဒါကြောင့် ဒါကကျွန်တော့်စီရင်ချက်နဲ့ ပြစ်ဒဏ်ပါပဲ။ ဖုန်းကျန်း... တရားစီရင်ရေးအဖွဲ့ကို ခင်ဗျားရဲ့လုပ်ရပ်တွေနဲ့ အကြံအစည်တွေထဲမှာ မသိလိုက်ဘဲကြံရာပါဖြစ်စေခဲ့တဲ့အတွက်၊ တာဝန်ထမ်းဆောင်ရာမှာ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ထိမ်ချန်ထားပြီး အဖွဲ့ဝင်တစ်ဦးကို အန္တရာယ်ဖြစ်စေနိုင်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက ကျင့်ကြံခြင်းဥပဒေပုဒ်မ ၄၅ အောက်မှာရှိတဲ့ အချက်အလက်အပြည့်အစုံ ဖွင့်ဟဝန်ခံခြင်းဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်”
“ဒါကြောင့် ခင်ဗျားကို ‘နှစ် ၃၀ သေခြင်းရှင်ခြင်း’ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီနှစ် ၃၀ အတွင်း ခင်ဗျားက တရားစီရင်ရေးအကယ်ဒမီ ကျောင်းသားတွေရဲ့ တိုက်ခိုက်ရေးပါတနာအဖြစ် တာဝန်ထမ်းဆောင်ရမယ်။ အသက်ကိုရင်းပြီး တိုက်ခိုက်ရမှာဖြစ်လို့ တကယ့်ကို အသက်အန္တရာယ်ရှိပါတယ်။”
“အခြေတည်အဆင့်အလယ်အလတ်နဲ့ နောက်ဆုံးအဆင့်ရှိတဲ့ ကျောင်းသားတွေနဲ့ သေရေးရှင်ရေးတိုက်ပွဲ ဆင်နွှဲရမယ်။ ခင်ဗျားဘက်ကရှိသမျှ အကုန်ထုတ်သုံးပြီး တိုက်ခိုက်ရသလို သူတို့ဘက်ကလည်း အလားတူတိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမဲ့ သူတို့အသက်အန္တရာယ်ကြုံရင် နည်းပြတွေက ဝင်ကယ်ကြလိမ့်မယ်။ ခင်ဗျားအတွက်တော့ ဘယ်သူမှဝင်ကယ်မှာမဟုတ်ဘူး။ ရှင်ခြင်း၊ သေခြင်းက ခင်ဗျားလက်ထဲမှာပဲ ရှိတယ်”
တိုက်ပွဲစည်းမျဉ်းများ -
၁။ တိုက်ပွဲတွင် မလှုပ်ရှားနိုင်တော့သည်အထိ (သို့မဟုတ်) သေဆုံးသည်အထိယှဥ်ပြိုင်တိုက်ခိုက်ရမည်။ ပြိုင်ဘက်မလှုပ်ရှားနိုင်တော့လျှင် (သို့မဟုတ်) နည်းပြဝင်ပါလာလျှင် ခင်ဗျားနိုင်မည်။ ပြိုင်ဘက်က ခင်ဗျားမလှုပ်ရှားနိုင်အောင် လုပ်နိုင်လျှင် (သို့မဟုတ်) ခင်ဗျားသေဆုံးသွားလျှင် သူတို့နိုင်မည်။ စိတ်ထားနူးညံ့သောပြိုင်ဘက်နှင့်တွေ့ပါက ရှုံးသော်လည်း အသက်ရှင်နိုင်သည်။ နည်းပြများသည် မည်သည့်နည်းနှင့်မျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
၂။ တိုက်ပွဲများကို တစ်လလျှင်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး တစ်ယောက်ချင်း တိုက်ခိုက်ရမည်။ တိုက်ပွဲအပြီးတွင် အသက်ရှင်ကျန်ရစ်ပါက ရရှိသောဒဏ်ရာများကို အဖွဲ့ကကုသပေးမည်။
၃။ ခင်ဗျားဘက်က လျှော့ပေါ့ပြီးတိုက်ခွင့်မရှိ။ လျှော့ပေါ့ပြီးတိုက်နေကြောင်း နည်းပြများသိရှိပါက ပြစ်ဒဏ်ပြောင်းလဲပြီး နေရာတွင် ကွပ်မျက်ခံရမည်။
“စည်းမျဉ်းတွေက ဒါပါပဲ။ အပိုထပ်ဆောင်းရှိရင် နည်းပြတွေပြောပြလိမ့်မယ်”
“ဖြစ်ပျက်ခဲ့တာတွေက ခင်ဗျားရဲ့ရွေးချယ်မှု သက်သက်မဟုတ်သလို ယုတ်မာတဲ့ရည်ရွယ်ချက်လည်း မရှိခဲ့လို့ အဖွဲ့ထဲမှာ အကျဉ်းချထားမှာမဟုတ်ပါဘူး။ ဂိုဏ်းကိုပြန်ခွင့်ပြုတယ်။ တိုက်ပွဲရက်တွေမှာပဲ ဒီကိုလာရမယ်။”
“အဖွဲ့ကလူတစ်ယောက် ခင်ဗျားကို အကြိုအပို့လုပ်ပေးလိမ့်မယ်။ ပြီးတော့ ခင်ဗျားတိုက်ပွဲတွေမှာသုံးဖို့ အပြာရောင်အဆင့်ကျင့်ကြံခြင်းပညာရပ်တစ်ခု ပေးလိုက်မယ်။ ကျောင်းသားတွေသုံးမယ့် ပညာရပ်တွေက အဲဒီအဆင့်ရှိတတ်လို့ပါ။ တချို့ကတော့ ခင်ဗျားနဲ့ယှဉ်ပြိုင်ဖို့ လိမ္မော်ရောင်အဆင့်ကို ရွေးချယ်သုံးစွဲကြလိမ့်မယ်။’’
“ခင်ဗျားနိုင်ချေများအောင် အပြာရောင်အဆင့်ရှိထားတာ မမှားပါဘူး။ ဒါပေမဲ့ ဂိုဏ်းကိုပြန်မျှဝေခွင့်မရှိဘူး။ ကံကောင်းပါစေ ဖုန်းကျန်း... ရှိသမျှအကုန်ထုတ်ပြီးတိုက်ပါ။ ဘယ်သူသိမလဲ... နှစ် ၃၀ ပြည့်တဲ့အထိ အသက်ရှင်ရင် ခင်ဗျားအတွက်လည်း အကျိုးရှိသွားနိုင်တယ်”
“ဂွီဘင်းဝမ်အတွက်ကတော့... အဖွဲ့ကို ရွှံ့အိုင်ထဲဆွဲချမယ့်အကြံအစည်မှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိဘဲ သစ္စာရှိတဲ့မိတ်ဆွေတစ်ယောက်အဖြစ်သာ ရှိနေခဲ့လို့ အပြစ်မှလုံးဝလွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။”
“ဖုန်းကျန်းက တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ခင်ဗျားကိုအပြစ်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒီအမိန့်နဲ့ပဲ ဂိုဏ်းချုပ်ချန်ယွမ်နှင့် ဝမ်ချန်တို့ရဲ့အမှုကို ပိတ်သိမ်းလိုက်ပါတယ်”
ယန်ချင်းက တူကိုဒေါက်ခနဲထုရင်း ပြောလိုက်သည်။ မော့ယွင်ရုသည် လက်ကိုမြှောက်လိုက်ရာ အဖြူရောင်ကျောက်စိမ်းအဆောင်တစ်ခုမှ မျက်စိကျိန်းမတတ် အလင်းရောင်များလက်ခနဲလက်ခနဲ ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ရပ်တန့်သွားသည်။
ယန်ချင်း ခေါင်းညိတ်ပြလိုက်ရာ သူမသည် အဆောင်ကို ယန်ချင်း၏စားပွဲပေါ်တင်လိုက်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုအဆောင်သည် တရားခွင်ဆောင်ရွက်ချက်များနှင့် နောက်ဆုံးစီရင်ချက်ကို မှတ်တမ်းတင်ထားပြီး အထက်လူကြီးများထံပေးပို့ကာ ပြန်လည်သုံးသပ်စေခြင်းဖြစ်သည်။
“တရားသူကြီးယန်ချင်း... ကျွန်တော် ဖုန်းကျန်းနဲ့တူညီတဲ့ပြစ်ဒဏ်ကိုပဲ ခံယူချင်ပါတယ်”
ဂွီဘင်းဝမ်က ဘေးမှခိုင်မာသောမျက်နှာထားဖြင့် အလျင်အမြန်တောင်းဆိုလိုက်သည်။
“အကြီးအကဲဂွီ... မိတ်ဆွေကောင်းတစ်ယောက်ဖြစ်တဲ့အတွက် ခင်ဗျားကိုလေးစားပါတယ်။ ဒါပေမဲ့ ခင်ဗျားအကြံပြုတာက အကြီးအကဲဖုန်းအတွက် အကျိုးယုတ်စေပါလိမ့်မယ်။ သူရင်ဆိုင်ရမယ့်အခြေအနေမှာ တစ်ချက်လေးအာရုံလွတ်သွားတာနဲ့ သေသွားနိုင်တယ်။ သူ့မိတ်ဆွေကလည်း သူ့လိုအခြေအနေမျိုးရင်ဆိုင်နေရတယ်ဆိုတာသိရင် သူ ၁၀၀ ရာခိုင်နှုန်းအပြည့် တိုက်ခိုက်နိုင်မယ်ထင်လား။
ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အကြီးအကဲဂွီ... ပထမဆုံးတိုက်ပွဲမှာတင် ခင်ဗျားအသက်ရှင်နိုင်ခြေက ၁၀ ရာခိုင်နှုန်းအောက်ပဲရှိတယ်။ အဲဒီလိုဖြစ်မယ့်အစား ခင်ဗျားကိုတန်းပြီးသေဒဏ်ပေးလိုက်တာက ပိုကောင်းဦးမယ်။ ခင်ဗျားမိတ်ဆွေကို အထင်မသေးပါနဲ့... ဒီကိစ္စက ခင်ဗျားထင်ထားသလောက် သူ့အတွက်မျှော်လင့်ချက်မဲ့နေတာ မဟုတ်ပါဘူး။ ဟုတ်တယ်မဟုတ်လား အကြီးအကဲဖုန်း”
ယန်ချင်းက ဖုန်းကျန်းဘက်သို့ ခေါင်းညိတ်ပြရင်း ရုတ်တရက်မေးလိုက်သည်။
“ဟုတ်ပါတယ် တရားသူကြီးယန်ချင်း။ ဒါက ကျွန်တော့်လိုအရိုးဆွေးနေတဲ့လူအိုကြီးတစ်ယောက်နဲ့ မတန်လောက်အောင် ကြီးမားတဲ့အခွင့်အရေးပါ။ ဂွီ... ချန်... မင်းတို့နှစ်ယောက်စလုံး ငါ့အကြောင်း ငယ်ငယ်ကတည်းက သိကြပါတယ်။”
“ဘယ်တော့မှမပြောင်းလဲ၊ မတုန်လှုပ်ခဲ့တဲ့ တစ်ခုတည်းသောအရာက ကျင့်ကြံခြင်းအပေါ်ငါ့ရဲ့ ချစ်မြတ်နိုးမှုပဲ။ တခြားသူတွေအတွက် ဒါကနှိပ်စက်တဲ့ပြစ်ဒဏ်ဖြစ်နိုင်ပေမဲ့ ငါ့အတွက်တော့ အိပ်မက်တွေတကယ်ဖြစ်လာတာ။ တစ်သက်လုံးမရနိုင်မယ့် အဖိုးတန်ရတနာတစ်ခုကိုရလိုက်သလိုမျိုးပဲ။”
“တရားစီရင်ရေးအဖွဲ့က ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရမယ်၊ သူတို့လက်တွေကနေ ကျင့်ကြံခြင်းလှုပ်ရှားမှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစားခွင့်ရမယ်ဆိုတာထက် ပိုကောင်းတာကို ငါမစဉ်းစားတတ်တော့ဘူး။ တစ်လတစ်ကြိမ်ဆိုတာတောင် နည်းနေသလိုပဲ။ အခုချက်ချင်းတောင် သူတို့နဲ့သွားတိုက်ချင်နေပြီ”
“ဂွီ... ချန်... ငါအသက်ရှင်ရမယ် ငါ့ကို အထင်မသေးကြနဲ့”
ဖုန်းကျန်း ရုတ်တရက်ဟိန်းဟောက်လိုက်သည်။ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လွန်းသဖြင့် သူ၏ပတ်ဝန်းကျင်တွင် ဝတ်ရုံတစ်ခုလွှမ်းခြုံထားသကဲ့သို့ပင် ထင်ရသည်။ ဝမ်ချန်သည် သူ၏လက်ရှိပုံစံကိုမြင်ပြီး အံ့သြသွားသည်။ ဂွီဘင်းဝမ်နှင့် ချန်ယွမ်တို့မှာမူ အစပိုင်းတွင် တိတ်ဆိတ်နေပြီးမှ ယုံကြည်မှုပြည့်ဝသောမျက်လုံးများဖြင့် ပြိုင်တူပြုံးလိုက်ကြသည်။
“တောင်းပန်ပါတယ်ကွာ... မင်းက ကျင့်ကြံခြင်းအရူးတစ်ယောက်ဆိုတာ ငါမေ့သွားလို့ပါ။ မင်းရဲ့အဲဒီပုံစံ မမြင်ရတာကြာလို့ ပျောက်သွားပြီထင်နေတာ”
ဂွီဘင်းဝမ်က တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။
“ကတိတည်နော် ဖုန်း... မဟုတ်ရင် အဲဒီမိကျောင်းကို ငါတစ်ယောက်တည်း သွားပြီးရိုက်နှက်ရလိမ့်မယ်”
ချန်ယွမ်ကလည်း ပြုံးရင်းဖြည့်စွက်ပြောလိုက်သည်။
“တကယ်တော့ ဒါကငါ့အတွက် ဆုလာဘ်ပါပဲ ချန်ရာ။ ဂိုဏ်းမှာ မင်းကလွဲရင် ငါ့ပြိုင်ဘက်မရှိသလောက်ပဲ။ ငါတို့အချင်းချင်းလေ့ကျင့်တာကလည်း အသက်အန္တရာယ်မရှိဘူးလေ။ ဒီတိုက်ပွဲတွေက ရွှေအမြုတေအဆင့်ကို ဖောက်ထွက်နိုင်ဖို့ ငါ့ကိုလိုအပ်တဲ့တွန်းအား ပေးနိုင်လိမ့်မယ်။ ပြီးတော့ အပြာရောင်အဆင့် ကျင့်ကြံခြင်းပညာရပ်လည်း သင်ခွင့်ရဦးမယ်။ အဲဒီမိကျောင်းကို အရေခွံခွာဖို့ဆိုရင် ငါတို့အကုန်လိုအပ်တယ်၊ သူ မသေးဘူးဆိုတာ ငါတို့သိကြတာပဲ”
ဖုန်းကျိန်းက လေးနက်စွာပြောလိုက်ရာ ချန်ယွမ်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ငါထင်တဲ့အတိုင်းပဲ။ မဏ္ဍိုင်အဆင့်မြှင့်တင်ဖို့ အဆင့်မတက်ဘဲ မိုးကြိုးကပ်ဘေးကို လိုလိုလားလားခံယူရဲတဲ့သူက သာမန်လူမဟုတ်နိုင်ဘူး။ အဲဒီလိုစွန့်စားရဲတဲ့သူ သိပ်မရှိဘူး။ အပြာရောင်အဆင့်မိုးကြိုးမဏ္ဍိုင်… အတော်စိတ်ဝင်စားစရာကောင်းတဲ့လူပဲ... ဟဲဟဲဟဲ... အကယ်ဒမီက ကျောင်းသားတွေတော့ သူတို့ဘဝရဲ့ အခက်ခဲဆုံးတိုက်ပွဲတွေနဲ့ ကြုံရတော့မယ်”
ယန်ချင်း တွေးရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။