ကျောက်စိမ်းလက်ဝါးဂိုဏ်း (၁)
Vol. 8 Ch. 79
"ထင်တဲ့အတိုင်းပဲ၊" ဟု အဘိုးအို၏ မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ လဲ့ဝေယွမ်က စိတ်ထဲမှ တွေးလိုက်လေသည်။
ကြည်လင်နေသော မျက်လုံးများနှင့် လက်ဝါးများကို မြင်ကတည်းက သူသံသယ ဝင်နေခဲ့ပြီး၊ အမည်ကို ကြားလိုက်ရချိန်တွင်တော့ သူ၏ သံသယများ အားလုံး သေချာသွားတော့သည်။
"မင်းရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ ငါ့အကြောင်း ကြားဖူးတယ် ထင်တယ်၊"
ဟု လဲ့ဝေယွမ်၏တုံ့ပြန်မှုကို သတိပြုမိသွားသော တိန်ချောင်က ပြောလိုက်၏။
"လွန်ခဲ့တဲ့ နှစ် ၂,၀၀၀ အတွင်းမှာ သတိထားမိတဲ့ သူတွေ၊ အထူးသဖြင့် ကျွန်တော်တို့ အဆင့်လောက် ရှိတဲ့ သူတွေကတော့ ခင်ဗျားရဲ့ နာမည်ကို ကြားဖူးကြမှာပါ။”
“တကယ်လို့ မကြားဖူးဘူး ဆိုရင်တောင်မှ ကျောက်စိမ်းလက်ဝါးဂိုဏ်း အကြောင်းကိုတော့ အနည်းဆုံး ကြားဖူးကြမှာပါ၊"
ဟု လဲ့ဝေယွမ်က ဖြေလိုက်သည်။
ကျောက်စိမ်းလက်ဝါးဂိုဏ်း ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင် တိန်ချောင်၏မျက်နှာပေါ်၌ နာကျင်သောအမူအရာ ပေါ်လာလေသည်။
ထိုအမည်က သူ မေ့ဖျောက်ထားချင်သော အတိတ် အမှတ်တရများကို ပြန်လည် ဆွပေးလိုက်သကဲ့သို့ ရှိနေ၏။
တိန်ချောင် ဟူသော အမည်ကို ကြားတုန်းက ဘယ်သူမှန်းမသိခဲ့သော ယန်ချင်းသည်၊ လဲ့ဝေယွမ်က ကျောက်စိမ်းလက်ဝါးဂိုဏ်းဟု ပြောလိုက်ချိန်တွင်မူ ရုတ်တရက် တုံ့ပြန်မှု တစ်ခု ပြသလိုက်လေသည်။
တရားစီရင်ရေးအဖွဲ့သည် သူတို့၏သင်ရိုးညွှန်းတမ်း တစ်စိတ်တစ်ပိုင်း အဖြစ်၊ တိုက်ခိုက်ရေး၊ ကျင့်စဉ်များနှင့် အခြားဒုတိယ ကျွမ်းကျင်မှု ပညာရပ်များကိုသာ သင်ကြားပေးခြင်း မဟုတ်ပေ။
ကျောင်းသားများကို တရားစီရင်ရေးအဖွဲ့၏ သမိုင်းကြောင်း အပြင်၊ သူတို့ တာဝန်ထမ်းဆောင်ရမည့် တိုက်ကြီး၏သမိုင်းကြောင်းကိုပါ လေ့လာရန် အလေးအနက် တိုက်တွန်းထားလေသည်။
သမိုင်းကို လေ့လာခြင်းသည် ကျောင်းသားများနှင့် တရားစီရင်ရေးအဖွဲ့ မှ အလုပ်လုပ်နေသူ အားလုံး အနေဖြင့် သူတို့ ဘာကြောင့် ဒီအလုပ်ကို လုပ်နေရသလဲ ဆိုတာကို နားလည်စေရန်နှင့် သူတို့၏အလုပ်အပေါ် လေးနက်မှုနှင့် လေးစားမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ထို့အပြင် အရာရာတိုင်းသည် မျက်တောင်တစ်ခတ် အတွင်း မည်သို့ ပြောင်းလဲသွားနိုင်သနည်း ဆိုသည်ကို မျက်စိဖွင့်ပေးရန်လည်း ရည်ရွယ်သည်။ သို့မှသာ တာဝန်ထမ်းဆောင်ရာတွင် အမြဲတမ်း သတိဝီရိယရှိနေစေရန်နှင့် ခွဲခြားသိမြင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့ ထက်မြက်သောအာရုံခံနိုင်စွမ်း ရှိခြင်းကသာလျှင်သေလောက်သည့် ဘေးအန္တရာယ် တစ်ခုကို ရှောင်လွှဲနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ကွာခြားချက် ဖြစ်နေသောကြောင့်ပင်။
ကျောင်းသားများ အနေဖြင့် သမိုင်း ဘာသာရပ်များကို အာရုံစိုက်မှုရှိစေရန် ထပ်ဆောင်း အစီအစဥ် တစ်ခု အဖြစ်၊ တရားစီရင်ရေးအဖွဲ့သည် ထိုဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်သူများအား မြင့်မားသော အကျိုးဆောင်ရမှတ်များ ပေးအပ်သည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။
အကျိုးဆောင်ရမှတ် ဆိုသည်မှာ တရားစီရင်ရေးအဖွဲ့ အတွင်း အလွန်လူကြိုက်များပြီး အထူးအခွင့်အရေး ရရှိစေသော အရင်းအမြစ် တစ်ခု ဖြစ်သည်။
၎င်းသည် တရားစီရင်ရေးအဖွဲ့ အတွင်း အသုံးပြုသော ငွေကြေး ပုံစံတစ်မျိုး ဖြစ်ပြီး၊ အထူးသဖြင့် သင့်ထံတွင် အပို ဝိညာဉ်ကျောက်တုံးများ မရှိသည့် အချိန်မျိုးတွင် မည်သည့်အရာကိုမဆို ဝယ်ယူရန် အသုံးပြုနိုင်သည်။
အချို့သော အခြေအနေများတွင် ၎င်းသည် ဝိညာဉ်ကျောက်တုံးများထက်ပင် ပိုမို တန်ဖိုးရှိသော ငွေကြေးတစ်မျိုး အဖြစ် သတ်မှတ်ခံရလေသည်။
သင့်ထံတွင် ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ရှိနေလျှင်တောင် ဝယ်မရနိုင်သော အရာများ ရှိနေသော်လည်း၊ အကျိုးဆောင်ရမှတ်များနှင့် ဆိုလျှင်တော့ တရားစီရင်ရေးအဖွဲ့အတွင်း ဖြစ်နေသရွေ့ မည်သည့် အရာကိုမဆို နီးပါး ဝယ်ယူနိုင်သည်။
ထိုအထဲတွင် ယန်ချင်းကို သမိုင်းရူးသွပ်သူတစ်ယောက် ဖြစ်လာစေရန် တွန်းအားပေးခဲ့သည့် အပိုခွင့်ရက်များကို ဝယ်ယူခွင့်လည်း ပါဝင်လေသည်။
သူသည် ရရှိလာမည့် တန်ဖိုးရှိလှသော ခွင့်ရက်များ အတွက်၊ ဘာသာစကား အမျိုးမျိုးကို သင်ယူခြင်း၊ ဟောင်းနွမ်းဆွေးမြည့်နေသော ပေလွှာများကို ထိန်းသိမ်းသည့် ခက်ခဲသောနည်းပညာများကို လေ့လာခြင်းနှင့် ပျက်စီးနေသောရှေးဟောင်းစာများကို ဖတ်ရှုဘာသာပြန်ခြင်း စသည့် အလုပ်များကိုပင် အတိုင်းအတာတစ်ခု အထိ လုပ်ဆောင်ခဲ့သေး၏။
ယန်ချင်းလို လောဘကြီးပြီး အခွင့်အရေး ယူတတ်သူ တစ်ယောက်က သမိုင်းဘာသာရပ်ကို အလွန်အမင်း လေ့လာခဲ့သဖြင့်၊ နောက်ဆုံးတွင် ခွင့်ရက် ခြောက်လစာနီးပါး ရနိုင်လောက်အောင် အကျိုးဆောင်ရမှတ်တွေ စုဆောင်းမိသွားတာကို အထက်လူကြီးများက သိပ်မကြာခင်မှာပဲ သတိထားမိသွားကြသည်။
သူက ထိုခွင့်ရက်များကို အရှက်မရှိအသုံးချပြီး အနားယူခဲ့သဖြင့်၊ သူ့၏အသုံးအဖြုန်း ကြီးပုံကို ကြားရသော လုပ်ဖော်ကိုင်ဖက်များက မနာလို ဖြစ်ခဲ့ကြရသည်။
တခြားလူတွေ ဆိုရင် ထိုမျှ များပြားသော အကျိုးဆောင်ရမှတ်များကို အဆင့်မြင့် ဆေးဘက်ဝင် အပင်များ၊ လက်နက်၊ ဆေးလုံး သို့မဟုတ် ပိုအဆင့်မြင့်သောကျင့်စဉ်များ စသော ဈေးကြီးသည့်ကျင့်ကြံခြင်း အရင်းအမြစ်များဝယ်ယူရာတွင် အသုံးပြုကြမည်ဖြစ်သည်။
သို့ရာတွင် ယန်ချင်းတစ်ယောက်မှာ သူ၏ကြီးမားလှသော ဉာဏ်ပညာဖြင့် လူချမ်းသာသခင်လေးပုံစံ အတိုင်း၊ ထိုရမှတ် အားလုံးကို အေးအေးဆေးဆေးအိပ်ပြီး စားရန် အတွက် အခွင့်အရေး တစ်ခု အဖြစ် ဖြုန်းတီးပစ်ခဲ့လေသည်။
ယန်ချင်းတစ်ယောက် သူ့၏ အကျိုးဆောင်ရမှတ်များ အသုံးအဖြုန်းကြီးပုံကို ကြားပြီး၊ ချီသွေဖည်ခြင်း ဖြစ်သွားသော တရားသူကြီး တစ်ယောက်ပင် ရှိခဲ့သေး၏။
တရားစီရင်ရေးအဖွဲ့က ယန်ချင်း၏အခွင့်အရေး ယူတတ်သော သဘာဝကြောင့် နောက်ထပ်အားနည်းချက် တစ်ခုကို သတိပြုမိသွားပြီးနောက်၊ ယန်ချင်းတစ်ယောက် မည်မျှပင် ပြင်းပြင်းထန်ထန်နဲ့ စိတ်အားထက်သန်စွာ ကန့်ကွက်နေပါစေ၊ လူတစ်ယောက် အနေဖြင့် တစ်နှစ်ကို ခွင့်ရက်အတွက် သုံးစွဲနိုင်တဲ့ အကျိုးဆောင်ရမှတ်ပမာဏ အပေါ် ကန့်သတ်ချက် တစ်ခု သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။
ကျောက်စိမ်းလက်ဝါးဂိုဏ်း၏ သမိုင်းကြောင်းကို ယန်ချင်း ပြန်လည် သတိရရန် အချိန် သိပ်မကြာလိုက်ပေ။ အထူးသဖြင့် ထိုဂိုဏ်းသည် လွန်ခဲ့သော အနှစ် ၄၀၀ တိုင်အောင် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် ထိပ်တန်းအဆင့် ၂ ဂိုဏ်းများထဲမှ တစ်ခု ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
ယန်ချင်း ဖတ်ဖူးသလောက်၊ထိုဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ခန့်က လူလေးယောက်ဖြင့်စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့က ပါရမီရှင် သွေးေသာက်ညီအစ်ကို လေးယောက် ဖြစ်ပြီး၊ ထိုထဲက သုံးယောက်မှာ သူတို့၏ကိုယ်ပိုင် နယ်ပယ်၌ အကျော်အမော်များ ဖြစ်ကြသည်။
တစ်ယောက်မှာဓားပါရမီရှင်တစ်ဦဖြစ်ပြီး ၁၄ နှစ် အတွင်း၌ ဓားသိုင်း စိတ်ဆန္ဒကို ရရှိခဲ့သည်။ နောက်တစ်ယောက်မှာ အစီအရင် ပညာရပ်၌ ပါရမီပါသဖြင့် အခြေတည်အဆင့်အစပိုင်းမှာတင် အမြူတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
တတိယမှာ အဂ္ဂိရတ်နှင့် ဆေးပညာ၌ ကျွမ်းကျင်ပြီး၊ ထိုအရာကပင် သူတို့ ဂိုဏ်းတည်ထောင်စ အချိန်တွင် အရင်းအမြစ်များရရန်အတွက် အမြဲတမ်း တိုက်ပွဲဝင်နေရသော်လည်း သူတို့ အသက်ရှင် ကျန်ရစ်နိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်သည်။ စတုတ္ထ တစ်ယောက် အကြောင်းကိုတော့ သိပ်မသိရပေ။
စတုတ္ထတစ်ယောက်မှာ တိုက်ပွဲများတွင် ပါဝင်လေ့မရှိဘဲ၊ အထူးသဖြင့် ဂိုဏ်း စတင် တည်ထောင်ချိန်တွင် ဂိုဏ်းကို စောင့်ရှောက်ရန်အတွက် အမြဲတမ်း ချန်ထားခံရလေ့ ရှိသည်။
သူသည် ညီအစ်ကိုများအနက် အားအနည်းဆုံးဖြစ်သောကြောင့် အရင်းအမြစ်များကို လုယူရန်နှင့် ဂိုဏ်း၏ သြဇာအာဏာ ချဲ့ထွင်ရန်အတွက် အဆက်မပြတ် တိုက်ပွဲဝင်နေရသည့် အန္တရာယ်များကြားသို့ ခေါ်ဆောင်သွားမည့်အစား၊ ဂိုဏ်း၌သာ ချန်ထားခဲ့ခြင်းက ပို၍လုံခြုံမည်ဟုယူဆကာ ကျန်ညီအစ်ကို သုံးယောက်က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း လူအများစုက ယူဆခဲ့ကြသည်။
ကျောက်စိမ်းလက်ဝါးဂိုဏ်း အနေဖြင့် နာမည်မရှိ အဆင့်မဲ့ဂိုဏ်းလေးတစ်ခုမှစ၍ အဆင့် ၂ ဂိုဏ်း တစ်ခု ဖြစ်လာရန် နှစ်တစ်ထောင်သာ အချိန်ယူခဲ့ရသည်။ အဲဒီအချိန်မှာ ညီအစ်ကိုတွေ ထဲက တစ်ယောက်က ဒိုမိန်းအဆင့်ကို ဖောက်ထွက်နိုင်ခဲ့သည်။
နှစ် ၃၀၀ အကြတွင် နောက်ထပ် ညီအစ်ကို တစ်ယောက် အဆင့်တက်ခဲ့ပြီး၊ နောက်ထပ် နှစ် ၁၀၀ အကြာမှာ နောက်ဆုံး တစ်ယောက် အဆင့်တက်ခဲ့သည်။ ညီအစ်ကို သုံးယောက်က အဆင့်တက်သွားကြသော်လည်း၊ စတုတ္ထ တစ်ယောက်မှာ မည်သည့်လှုပ်ရှားမှု ကြီးကြီးမားမားမှ မလုပ်ခဲ့သည့် အတွက် သူ့သတင်းကို ဘယ်တော့မှ မကြားရပေ။
တစ်ခါတုန်းက ညီအစ်ကိုသုံးယောက် မရှိခိုက် ဂိုဏ်းကို လာတိုက်ခိုက်ခံရသော်လည်း၊ တိုက်ခိုက်သူများကို ချက်ချင်းပဲ ချေမှုန်းပစ်နိုင်ခဲ့သည်။
ဂိုဏ်းခေါင်းဆောင်များအနက် တစ်ဦးသည် နာမည်ကျော် အစီအရင်ပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်၊ ပြင်ပလောကကမူ ဂိုဏ်း၏ရတနာများနှင့် အစွမ်းထက် အစီအရင်များကြောင့်သာ တိုက်ခိုက်သူများကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသဖြင့် မည်သည့် ဆူညံပွက်လောရိုက်မှုမျှ မဖြစ်ပေါ်ခဲ့ပေ။
ထို့အပြင် ဂိုဏ်းသို့ လာရောက်တိုက်ခိုက်သော အဖွဲ့ထဲမှ တစ်စုံတစ်ရာပြန်ပြောပြနိုင်မည့် မျက်မြင်သက်သေ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိပေ။
နောက်ထပ် နှစ်ပေါင်း ၁,၆၀၀ အတွင်း၌ ကျောက်စိမ်းလက်ဝါးဂိုဏ်းဟူသော အမည်သည် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး အဆင့် ၁ ဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏အောက်တွင် အင်အားအကောင်းဆုံး ဂိုဏ်းများအနက် တစ်ခုအဖြစ် ဟန့်တား၍မရသော အရှိန်အဟုန်ဖြင့် တက်လှမ်းလာခဲ့သည်။
ထိုနှစ်ပေါင်း ၁,၆၀၀ အတွင်း၌ ၎င်းတို့သည် နောက်ထပ် နယ်မြေအဆင့် ကျွမ်းကျင်သူ ၃ ဦးကို သူတို့၏ အင်အားစုအတွင်းသို့ ထပ်မံဖြည့်တင်းနိုင်ခဲ့သေးသည်။ ၎င်းတို့ တည်ဆောက်ထားသော ဂုဏ်သတင်းကြောင့် ပါရမီရှင် အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
ထို နယ်မြေအဆင့် ကျွမ်းကျင်သူ ၃ ဦးအနက် ၂ ဦးမှာ ဂိုဏ်း၏တပည့်များထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ တတိယတစ်ဦးမှာမူ နယ်မြေအဆင့် ကျွမ်းကျင်သူအဖြစ် လာရောက်ပူးပေါင်းခဲ့သော ဧည့်သည်အကြီးအကဲ တစ်ဦး ဖြစ်သည်။
ကျင့်ကြံသူတစ်သန်းတွင် တစ်ယောက်လောက်သာ နယ်မြေအဆင့်ကို ရောက်ရှိနိုင်မည့် အလားအလာ ရှိလေသည်။ ဤအဆင့်သည် ပျမ်းမျှထက် သာလွန်သူများနှင့် တကယ့် ပါရမီရှင် အစစ်အမှန်များကို ခွဲခြားပေးသည့် ရေဝေကုန်းတန်း တစ်ခုအဖြစ် သတ်မှတ်ခံရသည်။
သေချာသည်မှာ ကြီးမားလှသော ကံကောင်းမှုများကြောင့် အဆင့်တက်သွားသူများ ရှိသကဲ့သို့၊ မိမိခြေထောက်ပေါ် မိမိရပ်တည်ကာ အခက်အခဲများကို ကျော်ဖြတ်လာသူများလည်း ရှိကြပေသည်။
နယ်မြေအဆင့်... ၎င်းသည် မိမိကိုယ်ကိုယ် ကံကြမ္မာ၏ သားတော် သမီးတော်များဟု ထင်မှတ်ထားကြသော ရေတွက်၍မရနိုင်သည့် လူအများအပြားအား တံခါးဖြင့် မျက်နှာကို ဆောင့်ပိတ်လိုက်ကာ၊ လူတစ်စုကိုသာ ဝင်ခွင့်ပြုသည့် အဆင့်ပင် ဖြစ်သည်။
သို့သော် ထိုအဆင့်ကို ဖောက်ထွက်နိုင်ပြီဆိုသည်နှင့် တစ်ပြိုင်နက် သက်တမ်းမှာ အဆမတန် တိုးလာသည့်အပြင်၊ နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ထုတ်ဖော်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကိုပါ ရရှိလာမည် ဖြစ်သည်။
တောင်ပိုင်းတိုက်ကြီး တစ်ဝိုက်တွင် ဆိုရိုးစကားတစ်ခု ရှိလေသည်။ အကယ်၍ မိမိတိုင်းပြည်တွင် အခြား မည်သည့်ကျင့်ကြံသူမျှ မရှိဘဲ နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦးတည်းသာ ရှိမည်ဆိုလျှင်ပင်၊ ထိုတိုင်းပြည်သည် အနည်းဆုံး နှစ်ပေါင်း ၁၀,၀၀၀ တိုင်အောင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အာမခံချက်ကို ရရှိလိမ့်မည်ဟူ၍ပင်။
ဤသည်မှာ နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းက မည်မျှ ကြီးမားသော ဟန့်တားနိုင်စွမ်းရှိပြီး၊ မည်မျှ တန်ဖိုးကြီးမားသည့် အရင်းအမြစ်တစ်ခု ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
အဆင့် ၁ ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများတွင်ပင် ၎င်းတို့ကို အလွန် တန်ဖိုးထားကြလေသည်။
ဤနေရာတွင်မူ ကျောက်စိမ်းလက်ဝါးဂိုဏ်းဟူသော ဂိုဏ်းသစ်လေးတစ်ခုသည် နှစ်ပေါင်း ၃,၀၀၀ အတွင်း၌ နယ်မြေအဆင့် ကျွမ်းကျင်သူ ၈ ဦးအထိ ပိုင်ဆိုင်ထားခဲ့လေသည်။
အခြေအနေများ ဤအတိုင်း ဆက်လက် တည်ရှိနေမည်ဆိုပါက ၎င်းတို့သည် အဆင့် ၁ ဂိုဏ်းတစ်ခု ဖြစ်လာသည်အထိ ဆက်လက် တက်လှမ်းသွားလိမ့်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။
၎င်းတို့ထံတွင် အံ့အားသင့်စရာ ကောင်းလောက်အောင် များပြားသော နယ်မြေအဆင့် ကျွမ်းကျင်သူများ ရှိပြီး၊ ပါရမီထက်မြက်သော ခေါင်းဆောင်သုံးဦး ရှိကာ၊ ထိုအရာအားလုံးအနက် အကောင်းဆုံးမှာ ၎င်းတို့၏ ကျင့်စဉ်ပညာရပ်ပင် ဖြစ်လေသည်။
ထိုအရာသည် ၎င်းတို့အား ပါရမီရှင် အများအပြားကို ဆွဲဆောင်နိုင်စေခဲ့ပြီး၊ ထိုမျှလောက်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာနိုင်ခဲ့သည့် အခြေခံအကြောင်းရင်းများအနက် တစ်ခုပင် ဖြစ်လေသည်။ ၎င်းမှာ ကျောက်စိမ်းလက်ဝါး ကျင့်စဉ်ပင်တည်း။
ယန်ချင်း အနေဖြင့် ထိုကျင့်စဉ်အကြောင်းကို များများစားစား မသိသော်လည်း၊ ထိုကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်သူများသည် တောင်တန်းများကိုပင် ရိုက်ခွဲနိုင်ပြီး ၎င်းတို့၏လက်များကို အပြင်းထန်ဆုံး အဆိပ်များ၊ မီးနှင့် နှင်းခဲကဲ့သို့သော ဒြပ်စင်များထဲသို့ ထည့်သွင်းလိုက်လျှင်ပင် မည်သို့မျှ မဖြစ်နိုင်ဆိုသည်ကိုမူ သိထားလေသည်။
၎င်းသည် ပကတိ ဖျက်ဆီးနိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်းကို ပေးစွမ်းနိုင်သော အလွန်အမင်း အစွမ်းထက်သည့် ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။
ဤကျင့်စဉ်နှင့် ထိုကျင့်စဉ်၏အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်သော ပါရမီရှင်များ ရှိနေသည့်အတွက်၊ ၎င်းတို့သည် ရန်သူများကို အလွယ်တကူ တံမြက်လှည်းသကဲ့သို့ ရှင်းလင်းဖယ်ရှားပစ်နိုင်ခဲ့ကြသည်။
ယန်ချင်း၏ ဝါသနာများထဲတွင် အလုပ်ခိုခြင်း၊ စားသောက်ခြင်းနှင့် ထပ်မံ၍ အလုပ်ခိုခြင်းများအပြင်၊ အဆင့်ပေါင်းစုံမှ ကျင့်စဉ်များကို စုဆောင်းခြင်းကိုရလည်း သဘောကျလေသည်။
အစွမ်းထက်သော ကျင့်စဉ်များကိုမူ ထိုအရာများမှတစ်ဆင့် စိတ်ကူးဉာဏ်သစ်များ ရရှိနိုင်မည်လားဟု လေ့လာရန်ဖြစ်ပြီး၊ အဆင့်နိမ့် ကျင့်စဉ်များကိုမူ ထပ်မံဖြည့်စွက်၍ အဆင့်မြှင့်တင်ပေးနိုင်မည်လားဟု စမ်းသပ်ရန် ဖြစ်လေသည်။
ကျောက်စိမ်းလက်ဝါးဂိုဏ်း အကြောင်း ဖတ်ရှုရသောအခါ ၎င်းတို့၏ကျင့်စဉ်က သူ့ကို ဆွဲဆောင်သွားခဲ့ပြီး၊ သူ၏စုဆောင်းမှု စာရင်းထဲသို့ မထည့်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရလေသည်။
သူ၏ ခန့်မှန်းချက်အရ... ထိုကျင့်စဉ်၏ဖော်ပြချက်များသာ မှန်ကန်မည်ဆိုပါက၊ ၎င်းသည် အနည်းဆုံး ထိပ်တန်းအပြာရောင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်ရမည်။
သူ၏ရှေ့၌ တိန်ချောင်ကို မြင်လိုက်ရချိန်တွင် သူ၏မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက တိန်ချောင်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ မခန့်မှန်းနိုင်သေးပေ။
"သူတို့ဆီမှာ ရှိခဲ့တဲ့ နယ်မြေအဆင့်ကျွမ်းကျင်သူ ၈ ယောက်ထဲက သူက ဘယ်သူများလဲ... ငါ တိန်ချောင် ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ သူက ဂိုဏ်းခေါင်းဆောင်တွေ ထဲက တစ်ယောက် မဟုတ်ဘူး ဆိုတာ ငါ သိတယ်... ဘာလို့လဲဆိုတော့ သူတို့ အားလုံးက...”
သူ၏ အတွေးများ ထိုနေရာသို့ ရောက်သွားသောအခါ၊ ဝမ်းနည်းမှုများ ဖုံးလွှမ်းနေဆဲ ဖြစ်သည့် တိန်ချောင်ကို ကြည့်ရင်း ယန်ချင်း သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သော နှစ် ၄၀၀ က၊ တောက်ပနေသော ကြယ်ပွင့်လေး ဖြစ်သည့် ကျောက်စိမ်းလက်ဝါးဂိုဏ်းသည် မီးငြိမ်းသတ်ခံလိုက်ရလေသည်။
မည်သို့ စတင်ခဲ့မှန်း မသိရသော်လည်း ၎င်းတို့၏ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် အဆုံးမဲ့ရတနာပင်လယ်အတွင်း၌ သူတော်စင်အဆင့်လုနီးပါး ရတနာတစ်ခုကို ရှာတွေ့ခဲ့သည်ဟူသော ကောလာဟလများ ပြန့်နှံ့လာခဲ့သည်။
၎င်းသည် မကြာသေးမီကမှ အဆင့် ၁ သို့ တိုးမြှင့်ခံထားရသော ဂိုဏ်းများ၊ မိသားစုများနှင့် အင်ပါယာများ အပါအဝင် လူတိုင်း၏ မျက်စိကျမှုကို ခံခဲ့ရလေသည်။
အချိန်များ ကြာလာသည်နှင့်အမျှ ထိုကောလာဟလမှာ ပိုမိုကြီးထွားလာကာ ပျံ့နှံ့သွားခဲ့လေသည်။
ထိုကောလာဟလသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားပြီး၊ အဆင့် ၂ ဂိုဏ်း ၁၀ ဂိုဏ်းနှင့် အဖွဲ့အစည်းအချို့က ကျောက်စိမ်းလက်ဝါးဂိုဏ်းကို ဝိုင်းရံပိတ်ဆို့လာကြလေတော့သည်။
နယ်မြေအဆင့် ကျွမ်းကျင်သူများ ဦးဆောင်သည့် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် မိုးကြိုးသံအလား စစ်ပွဲကြီးတစ်ခု မကြာမီမှာပင် ဖြစ်ပွားလာခဲ့သည်။
ထိုအချိန်က တရားစီရင်ရေးအဖွဲ့မှာ အတော်လေး အသစ်ဖြစ်နေသေးသည်။ စစ်ပွဲသည် လွန်ခဲ့သော နှစ် ၄၀၀ က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားစီရင်ရေးအဖွဲ့ကို တည်ထောင်ခဲ့သည်မှာ ၎င်းမတိုင်မီ နှစ် ၁၀၀ ခန့်ကမှ ဖြစ်သည်။
ထိုမျှလောက် အဆင့်ရှိသော တိုက်ပွဲကြီးဆိုသည်မှာ ထိုအချိန်က သနားစရာကောင်းလောက်အောင် လူအင်အား နည်းပါးလှသည့် တရားစီရင်ရေးအဖွဲ့ ကိုင်တွယ်နိုင်သော အတိုင်းအတာထက် ကျော်လွန်နေခဲ့လေသည်။
စစ်ပွဲမှာ ၃ နှစ် ကြာမြင့်ခဲ့သော်လည်း ကျောက်စိမ်းလက်ဝါးဂိုဏ်း၏ အစွယ်များကို ထိုစစ်ပွဲအတွင်း အားလုံး မြင်တွေ့ခဲ့ကြရသည်။
၎င်းတို့က လာရောက်ဝိုင်းရံသော အဆင့် ၂ ဂိုဏ်း ၇ ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့သည့်အပြင်၊ ၎င်းတို့၏လူအင်အားအချို့ကို လျှို့ဝှက်စေလွှတ်၍ ထိုဂိုဏ်း ၇ ဂိုဏ်း၏ဌာနချုပ်များကိုပါ ဖျက်ဆီးပစ်ခဲ့သေးသည်။
ကျန်ရစ်သော ရန်သူ့အင်အားစုများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေစဉ် အချိန်၌ တတိယ အင်အားစုတစ်ခုက ဝင်ရောက် စွက်ဖက်လာခဲ့သည်။
ထိုအဖွဲ့သည် အဆင့် ၁ အဖွဲ့အစည်း တစ်ခုခုမှ လာသည်ဟု သံသယရှိရပြီး အဆင့် ၂ ဂိုဏ်း အများအပြားကို စုစည်းခဲ့သည့် နောက်ကွယ်မှ ကြိုးကိုင်သူဟု ယူဆရလေသည်။
ကျောက်စိမ်းလက်ဝါးဂိုဏ်းသည် အသက်ရှင်ကျန်ရစ်သူ အနည်းဆုံးဖြင့် အမြစ်ပြတ် ချေမှုန်းခံလိုက်ရကာ ခေါင်းဆောင်များအားလုံး သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
သို့သော်လည်း မသေဆုံးမီတွင် ၎င်းတို့က ထိုတတိယ အင်အားစုကို ကြီးမားသော တန်ကြေးတစ်ခုပေးဆပ်ရအောင် တန်ပြန်တိုက်ခိုက်ခဲ့သေးသည်။
တတိယ အင်အားစုသည် စစ်ပွဲကို နောက်ကျမှ ဝင်လာခဲ့သော်လည်း အစကတည်းက ပါဝင်ခဲ့သည်ဟု ထင်ရလောက်အောင် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
ချောင်ပိတ်အရိုက်ခံရသော သားရဲတစ်ကောင်သည် ၎င်း၏နောက်ဆုံးအချိန်များတွင် မည်သည့်အရာများ လုပ်ဆောင်နိုင်သနည်း ဆိုသည်ကို ၎င်းတို့က အဓိက ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
သူတော်စင်အဆင့်လုနီးပါး ရတနာနှင့် ပတ်သက်၍ ပြောရလျှင် ထိုနေရာ၌ ရှိနေသော အဖွဲ့အစည်းအားလုံး ဘာမျှမရဘဲ ပြန်သွားကြရသည့်အတွက် ၎င်းမှာ တကယ်တမ်း ရှိ၊ မရှိ ဆိုသည်ကိုပင် အတည်မပြုနိုင်ခဲ့ပေ။
စင်စစ် လုံးဝ ဘာမျှမရခြင်းတော့ မဟုတ်ပေ။ ကျန်ရစ်သော အဆင့် ၂ ဂိုဏ်း သုံးခုအနက် နှစ်ခုသည် စစ်ပွဲတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိလာသည်ဟူသော သတင်းပြန့်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ပြိုင်ဘက်များထံမှ တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
ကျန်ရှိသော နောက်ဆုံးဂိုဏ်းတစ်ခုမှာမူ အဆင့် ၁ အင်ပါယာတစ်ခု၏ လက်အောက်ခံအဖြစ် ဝင်ရောက်သွားကာ ၎င်းတို့၏ လုံခြုံရေးကို အာမခံချက် ရယူလိုက်ရသည်။
တတိယ အင်အားစုအနေဖြင့်မူ နယ်မြေအဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် နန်းတော်အဆင့် ကျွမ်းကျင်သူ ဒါဇင်ကျော် ဆုံးရှုံးခဲ့ရပြီး၊ ထိုအတွက် မည်သည့် အကျိုးအမြတ်မျှ မရရှိခဲ့ပေ။
ကျောက်စိမ်းလက်ဝါးဂိုဏ်း၏ သမိုင်းကြောင်းသည် တိုက်ကြီးပေါ်တွင် လောဘကြီးသော ဝံပုလွေများနှင့် ဘီလီယံချီသော ပူးပေါင်းကြံစည်မှု ကွန်ရက်များ ပြည့်နှက်နေသောကြောင့်၊ အမြဲတမ်း သတိဝီရိယရှိရန် ယန်ချင်းအတွက် အခိုင်အမာ သတိပေးချက်တစ်ခု ဖြစ်လာခဲ့လေသည်။
အထူးသဖြင့် မကြာသေးမီက တရားစီရင်ရေးအဖွဲ့မှ လူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ပတ်သက်၍၊ တရားစီရင်ရေးအဖွဲ့က ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအပေါ် မကျေနပ်မှု သက်သက်ထက် ပိုမိုကြီးမားသော အကြံအစည်တစ်ခု ရှိနေမည်ဟု သူ မသင်္ကာဖြစ်မိလေသည်။