← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) - မာယွမ်၏ အမှုအား လွှဲပြောင်းပေးခြင်း

"ပထမဆုံးနေ့ဆိုတော့ အစ်ကိုဒီမှာ အလုပ်များနေဦးမယ်ဆိုတာ ကျုပ်တို့သိတယ်။ ဒါကြောင့် ကျုပ်တို့အရင် သွားနှင့်ပါ့မယ်။ တကယ်လို့ ကိစ္စတစ်ခုခု ရှိလာရင် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ကနေဖြစ်ဖြစ်၊ ဆေးပင်ဥယျာဉ် ဟင်းရည်ဆိုင်မှာဖြစ်ဖြစ် ကျုပ်တို့ကို ဆက်သွယ်နိုင်ပါတယ်။

အမှုတွေရဲ့ ကြားကာလဆိုရင် အဲဒီဆိုင်မှာပဲ အမြဲလိုလို ရှိတတ်လို့ပါ။ တစ်ခါတလေတော့လည်း ရနံ့တစ်ထောင် စားသောက်ဆိုင်ဘက်ကို ဝင်လေ့ရှိတယ်။ အစ်ကိုက အဲဒီဆိုင်ရဲ့ ဖောက်သည်ဟောင်းဆိုတာကို တိုင်ချန်ကနေတစ်ဆင့် ကြားထားတော့ အဲဒီဆိုင်မှာလည်း အဆင်ပြေပါတယ်"

ယွီကန်က ပြောလိုက်၏။

"ဆေးပင်ဥယျာဉ်ဆိုင်ကလည်း မဆိုးပါဘူး။ အဲဒီဆိုင်က ဟင်းရည်ကိုတော့ ကျုပ်တော်တော်လေး သဘောကျတယ်။ ဒါပေမဲ့ အရသာတစ်ထောင် စားသောက်ဆိုင်ကတော့ ဟင်းလျာမျိုးစုံ ရနိုင်တာပေါ့"

ယန်ချင်းက မိမိကိုယ်ကိုယ် သတိမမူမိဘဲ စားသောက်ဆိုင်နှစ်ဆိုင်၏ အားသာချက်များကို သုံးမိနစ်ခန့်မျှ ဆက်တိုက်ဆိုသလို ရေရွတ်နေမိလေသည်။

အမြဲတမ်း နှုတ်ဆိတ်နေတတ်သော ရှာထင်၏ မျက်နှာပေါ်တွင် အမူအရာတစ်ခု ပေါ်လာပြီး မျက်လုံးပြူးကာ အထူးအဆန်းပုံစံဖြင့် ကြည့်လာမှသာ သူက သတိပြန်ဝင်လာခဲ့၏။

"အရှင်က အစားအသောက်တွေကို တော်တော်လေး နှစ်သက်ပုံရတယ်နော်"

သူမ၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေလျက် ပြောလာ၏။

"တောင်းပန်ပါတယ်ဗျာ"

ယန်ချင်းက ရှက်ရမ်းရမ်းကာ ခေါင်းကုတ်ရင်း ပြောလိုက်လေသည်။

"ယန်ချင်းရေ ကျုပ်တို့ သွားနှင့်တော့မယ်။ ခင်ဗျားနဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်။ ရှေ့ဆက်ပြီး အောင်အောင်မြင်မြင် လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်"

ယွီကန်က နှုတ်ဆက်ခေါင်းညိတ်ပြနေသော ရှာထင်နှင့်အတူ ထွက်ခွာရန် ပြင်ဆင်ရင်း ပြောလိုက်၏။

"တကယ်တော့ စီနီယာတို့ဆီက အကူအညီနည်းနည်းလောက် လိုချင်လို့ပါ"

ယန်ချင်းက ရုတ်တရက် လှမ်းပြောလိုက်ရာ သူတို့နှစ်ဦးလုံး၏ ခြေလှမ်းများ ရပ်တန့်သွားချေသည်။

"ဘာကိစ္စများလဲ"

ရှာထင်က ယွီကန်ထက် အလျင်ဦးကာ မေးလိုက်လေသည်။

"ပြီးခဲ့တဲ့အပတ်က အကဲဖြတ်စစ်ဆေးမှုတွေ လုပ်နေတုန်း မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့ အမှုတစ်ခု ရှိလို့ပါ။ ကျုပ်ဘက်က အခြေခံအချက်အလက် တချို့ကိုတော့ စုံစမ်းထားပြီးပါပြီ။ စစ်ဆေးရေးမှူးကျန်းဟူကိုတောင် အသေးစိတ်အချက်တွေ ရှာဖွေပေးဖို့ အကူအညီ တောင်းထားသေးတယ်။

တကယ်လို့များ စီနီယာတို့ဘက်က အနှောင့်အယှက် မဖြစ်ဘူးဆိုရင် အဲဒီအမှုအတွက် ကူညီပေးစေချင်လို့ပါ။ လိုအပ်လာရင် အခုလက်ရှိ စုံစမ်းနေတဲ့ အမှုသုံးခုနဲ့အတူ ဦးစားပေးအမှုအနေနဲ့ သတ်မှတ်ပေးဖို့ပါ မျှော်လင့်မိတယ်"

ယန်ချင်းက တုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်၏။

"ဘယ်လိုအမှုမျိုးလဲ" ယွီကန်က မေးလိုက်သည်။

"လွန်ခဲ့တဲ့ ခုနစ်နှစ်က ဇနီးနဲ့ သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ အမှုပါ။ အဲဒီဖခင်ရဲ့ နာမည်က မာယွမ်လို့ ခေါ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့။ ဒါပေမဲ့ ဇနီးနဲ့ သမီးဖြစ်သူ ဖမ်းဆီးခံရတဲ့နေ့မှာပဲ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံတွေ ဖျက်ဆီးခံလိုက်ရတယ်။

သူပြောပြတာတွေနဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်လေ့လာသုံးသပ်ချက်တွေအရ ဆိုရင်တော့ မာယွမ်က ကံကောင်းမှုတချို့ကြောင့် ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့ ရွှေကိုယ်ထည်ကို ရောက်ရှိခဲ့ပြီး အပြာရောင်အဆင့် အမြုတေကိုပါ ပိုင်ဆိုင်ထားတယ်။

တိုက်ခိုက်သူက အမြုတေဖွဲ့စည်းခြင်း ပဉ္စမအဆင့်မှာ ရှိနေတဲ့ မာယွမ်ကိုတောင် အသာစီးယူပြီး ဒန်တျန်ကို အသာအယာလေး ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဆိုလိုတာက တိုက်ခိုက်သူဟာ အနည်းဆုံးတော့ အဆင့်မြင့်အမြုတေကို ပိုင်ဆိုင်ထားတဲ့ အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ဒါမှမဟုတ် နန်းတော်အဆင့်မှာ ရှိနေနိုင်တယ်။

မာယွမ် အသတ်ခံရတော့မယ့် အချိန်မှာ ဇနီးဖြစ်သူက ဝင်ရောက်တားဆီးခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တာပဲ။ ဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုရင် ဇနီးဖြစ်သူက တိုက်ခိုက်သူကို သိနေပုံရပြီး သူ့ကိုယ်သူ တမင်တကာ အဖမ်းခံခဲ့တဲ့ပုံပဲ။

သူမအနေနဲ့ တိုက်ခိုက်သူကို တော်တော်လေး ကြောက်ရွံ့နေခဲ့လို့သာ ခင်ပွန်းဖြစ်သူရဲ့ မှတ်ဉာဏ်ထဲက တိုက်ခိုက်သူရဲ့ ပုံပန်းသဏ္ဌာန်ကို မှုန်ဝါးသွားစေမယ့် စည်းတံဆိပ်တစ်ခု ခတ်နှိပ်ခဲ့တာ ဖြစ်နိုင်တယ်။

မာယွမ်ရဲ့ ရှင်းပြချက်တွေအရ အဲဒီအမျိုးသမီးရဲ့ ပုံကြမ်းကိုတော့ ကျုပ် ဖန်တီးနိုင်ခဲ့တယ်"

ယန်ချင်းက မာယွမ်၏ ပြောပြချက်များကို အခြေခံ၍ အမျိုးသမီး၏ ပုံရိပ်ကြမ်းတစ်ခုကို ကျင့်ကြံခြင်းစွမ်းအင် အသုံးပြုကာ ဖန်တီးပြသရင်း ပြောလိုက်လေသည်။

"တော်တော်လှတာပဲ"

ယွီကန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း ရှာထင်ထံမှ လှောင်ပြောင်လိုသော အကြည့်များကို မြင်လိုက်ရချိန်တွင်တော့ နောက်သို့ တွန့်ဆုတ်သွားခဲ့၏။

"ဒါ့အပြင် အဲဒီအမျိုးသမီး တိုက်ခိုက်တုန်းက ထွက်ပေါ်လာတဲ့ ရေခဲစတစ်ခုကိုလည်း သူက ကျုပ်ကို ပေးခဲ့သေးတယ်"

ယန်ချင်းက ရေခဲစအား ရှာထင်ထံသို့ ကမ်းပေးရင်း ထပ်မံပြောလိုက်သော်လည်း ရှာထင်က ခေါင်းခါပြကာ ယွီကန်ကိုသာ လက်ညိုးထိုးပြလာ၏။

"ဒီလိုကိစ္စမျိုးတွေမှာ သူက ပိုပြီး ကျွမ်းကျင်တယ်"

သူမက ပြောလိုက်၏။

ယန်ချင်းက ရေခဲစကို ယွီကန်ထံ ကမ်းပေးလိုက်စဉ် မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသည့် အမူအရာများ ပေါ်လွင်နေ၏။ သူက ရှာထင်သည် ပိုမိုအားကောင်းသော ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားသဖြင့် ဤကိစ္စနှင့် ပတ်သက်၍ ပိုမိုနားလည်နိုင်စွမ်း ရှိလိမ့်မည်ဟု အလိုအလျောက် ကောက်ချက်ချထားခဲ့မိသည်။

သို့ဖြစ်ရာ ယင်စွမ်းအင်နှင့် သက်ဆိုင်သည့် အရာများအပေါ် သူမ၏ အာရုံခံနိုင်စွမ်းသည် ပွက်ပွက်ဆူနေသော မီးတောင်ချော်ရည်များနှင့် တူသည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသော ယွီကန်ထက် ပိုကောင်းနိုင်ပေသည်။ ယွီကန်၏ အခြေအနေမှာ ယန်စွမ်းအင်နှင့် သက်ဆိုင်သော သိုင်းပညာရပ်များတွင်သာ ပိုမိုမြင့်မားသည့် ပါရမီရှိနိုင်ကြောင်း ထင်ရှားနေသည်။

"အစ်ကို့ရဲ့ မျက်လုံးတွေကို လှည့်စားနိုင်ခဲ့တယ် ဆိုကတည်းက အဖြူရောင်ကန့်လန့်ကာသစ်ပင်ရဲ့ ရေစက်တစ်သောင်း အသွင်ပြောင်းခြင်း ပညာရပ်အပေါ် ကျုပ်တို့ရဲ့ ကျွမ်းကျင်မှုက ပိုတိုးတက်လာတယ်ဆိုတဲ့ သဘောပဲ"

ယွီကန်က သူ၏အသံမှလွဲ၍ တစ်ကိုယ်လုံး အသွင်ပြောင်းလဲသွားချိန်တွင် ပြောင်စပ်စပ် အမူအရာဖြင့် ပြောလိုက်လေသည်။

သူ၏ အညိုရောင်ဆံပင်များက ငွေရောင်သို့ ပြောင်းလဲသွားပြီး မျက်လုံးများကလည်း ငွေရောင်တောက်သွား၏။ ခန္ဓာကိုယ်မှာလည်း ပိုမိုသွယ်လျကာ အရပ်ပိုရှည်လာခဲ့သည်။ ယန်ချင်း အာရုံခံမိခဲ့သော ပွက်ပွက်ဆူနေသည့် အပူငွေ့များကလည်း သာယာငြိမ့်ညောင်းသော အေးမြမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ယွီကန် အသွင်ပြောင်းသွားသည်နှင့် တစ်ချိန်တည်းလိုလိုပင် ရှာထင်သည်လည်း ပြောင်းလဲသွားလေသည်။ သူမ၏ ငွေရောင်ဆံပင်များက နီညိုရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုပမာ ဖြစ်လာ၏။

ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုသက်သက်သာ မဟုတ်ဘဲ သူမထံမှ တက်ကြွလန်းဆန်းနေသော အငွေ့အသက်များကိုပါ ယန်ချင်း အာရုံခံမိလိုက်ပေသည်။

"မင်းလည်း မဆိုးပါဘူး ရှာထင်။ ဒီလောက်ကြာကြာ တောင့်ခံထားနိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ယွီကန်က ပြောလိုက်၏။

သူ၏လေသံမှာ ယခင်ကကဲ့သို့ တက်ကြွမှု မရှိတော့ဘဲ ယန်ချင်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က ရှာထင်ထံတွင် တွေ့ခဲ့ရသည့် ငြိမ်သက်အေးဆေးမှုမျိုး ပါဝင်လာခဲ့သည်။

"ဘာအဓိပ္ပာယ်လဲ။ သေချာပေါက် ငါက မင်းထက်သာအောင် ကြိုးစားရမှာပေါ့။ အထူးသဖြင့် ရွှင်လန်းခြင်းဟင်းရည်တစ်အိုးလုံး လောင်းကြေးထပ်ထားတဲ့ ကိစ္စမို့လို့ ငါ့ဘက်က အစွမ်းကုန် ကြိုးစားရမှာပဲ။ ကျုပ်တို့ရဲ့ သူဌေးသစ်ကတောင် ကျုပ်တို့ရဲ့ သဘာဝအစစ်အမှန်ကို ခွဲခြားမသိနိုင်ဘူး ဆိုကတည်းက ငါနိုင်တယ်လို့ပဲ သတ်မှတ်တယ်။ ပြီးခဲ့တဲ့အကြိမ်ကလိုမျိုး နောက်မှ စကားမရှုပ်နဲ့နော် ယွီကန်"

ရှာထင်က ပြောလိုက်၏။

ထိုကဲ့သို့ စရိုက်လက္ခဏာ ပြောင်းလဲသွားမှုက ယန်ချင်းအတွက် အလွန်အံ့အားသင့်စရာ ဖြစ်လာသည်။ အထူးသဖြင့် ရှာထင်၏ ဘက်မှ ပြောင်းလဲမှုက ပို၍ သိသာနေ၏။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကမှ နှုတ်ဆိတ်နေတတ်သော ရှာထင်နှင့် သူ၏ မျက်စိရှေ့တွင် မြင်နေရသည့် ဒေါသကြီးမည့်ပုံစံရှိသော လူတစ်ယောက်အကြား ဆက်စပ်ကြည့်ရန် သူ့အတွက် ခက်ခဲနေလေသည်။

"ဒါက ခင်ဗျားတို့ရဲ့ အစစ်အမှန် စရိုက်တွေလား"

ယန်ချင်းက စိတ်လွင့်မျောနေဟန်ဖြင့် မေးလိုက်သည်။

"ဘယ်သူသိမှာလဲ" ရှာထင်က ပြောင်စပ်စပ် ပြုံးကာ ဖြေလိုက်၏။

"အင်း တိုက်ခိုက်တဲ့သူက အေးစက်တဲ့ ယင်စွမ်းအင်ကို ကောင်းကောင်း အသုံးချနိုင်ပုံရတယ်။ သူ့ရဲ့အဆင့်ကလည်း အပြာရောင်အဆင့်ထက် မနိမ့်နိုင်ဘူး။ ဒါပေမဲ့ တစ်ခုခု လွဲချော်နေသလိုပဲ"

ယွီကန်က ရေခဲစကို သူ၏ လက်ချောင်းများကြားတွင် လှိမ့်ကစားရင်း ပြောလိုက်လေသည်။ သူ ရေခဲစကို လှိမ့်လိုက်သည့် အကြိမ်တိုင်းတွင် တံဆိပ်ခေါင်းတစ်ခု ပါဝင်သော အပြာရောင်မီးတောက်တစ်ခုက သူ၏လက်ချောင်းထိပ်များမှ ထွက်ပေါ်လာ၏။

"ဒီဟာကို ခဏလောက် ယူထားလို့ရမလား"

ယွီကန်က ရေခဲစကိုယူရန် လက်ဝါးဖြန့်လာသော ရှာထင်ထံသို့ ကမ်းပေးရင်း မေးလိုက်လေသည်။

"ရပါတယ်။ အဲဒီရေခဲစရဲ့ ဖွဲ့စည်းပုံနဲ့ ဝိသေသလက္ခဏာတွေကို ကျက်မိတဲ့အထိ ကျုပ်လေ့လာဆန်းစစ်ပြီးပါပြီ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ နောက်ရက်တွေမှာ ကျုပ်လည်း အလုပ်များနေတော့မှာပါ။ ဒါကြောင့် ကျုပ်ဆီမှာ ရှိနေတာထက် ခင်ဗျားတို့ဆီမှာ ရှိနေတာက ပိုကောင်းပါလိမ့်မယ်"

ယန်ချင်းက ပြောလိုက်၏။

All Chapters