အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆) - လျောင်ကျားရီ၏ နောက်ခံသမိုင်းကြောင်း
ယန်ချင်းအတွက် ပါဝင်ယှဉ်ပြိုင်သူများအားလုံး၏ ဒဏ်ရာများကို အပြည့်အဝ ကုသပေးရန်မှာ မိနစ်နှစ်ဆယ်ပင် အချိန်မယူလိုက်ရချေ။
ပုဖေး၏ ပြတ်ထွက်သွားသော လက်မောင်းကို ပြန်ဆက်ပေးခဲ့ပြီး ထန်စု၏ ဖောက်ဝင်သွားသော အပေါက်များ၊ ပေါက်ပြဲသွားသော ကိုယ်တွင်းအင်္ဂါများနှင့် ကျိုးကြေသွားသော အရိုးများကိုပါ ကုသပေးလိုက်၏။
တောင်ပေါ်သို့တက်ရာတွင် သတိထားရမည့်အချက်များကို အရေးမစိုက်တော့ဘဲ အမြန်ပြေးတက်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် ရရှိလာသော ဒဏ်ရာများနှင့် အဆိပ်များကိုလည်း ယန်ချိုး၏ ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပေးလိုက်သည်။
ပထမနေရာမှ ပန်းဝင်လာသော လျောင်ကျားရီမှာမူ အပြည့်အဝ သက်သာသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သတိပြန်မလည်လာသေးပေ။
သူသည် ခန္ဓာကိုယ်နှင့်သက်ဆိုင်သော စွမ်းရည်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့သောကြောင့် ခန္ဓာကိုယ်ကိုသာမက စိတ်ဝိညာဉ်ကိုပါ ဝန်ပိသွားစေခဲ့ခြင်းပင်။
ယန်ချင်းနှင့် အခြားသူများ ကောက်ချက်ချမိသလောက်ဆိုလျှင် လျောင်ကျားရီတွင် ခွန်းဖန်နှင့်သက်ဆိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပါရှိလေသည်။
သို့သော် ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သဘာဝအတိုင်း ရရှိလာခြင်းမျိုး မဟုတ်ပေ။
ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် ပတ်သက်လာလျှင် လောကကြီးကို အုပ်စိုးထားသော စည်းမျဉ်းများ၊ ဥပဒေသများ၏ လက်ဆောင်အဖြစ် သဘာဝအတိုင်း ရရှိနိုင်သကဲ့သို့ ခန္ဓာကိုယ်သန့်စင်ခြင်းမှတစ်ဆင့် ကြိုးကြိုးစားစား ကျင့်ကြံခြင်းဖြင့်လည်း ရယူနိုင်ပေသည်။
သဘာဝအတိုင်းရရှိလာသော ခန္ဓာကိုယ်များမှာ အလွန်ရှားပါးသောကြောင့် လူအများစုမှာ ဒုတိယနည်းလမ်းကိုသာ အသုံးပြုကြလေသည်။
စဉ်းစားကြည့်မည်ဆိုလျှင် ထိုခန္ဓာကိုယ်များမှာ သဘာဝတာအိုရတနာများနှင့် ကွာခြားမှုမရှိချေ။
သို့သော် ဤနှစ်မျိုးအပြင် အဆိုပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှစ်ခုလုံးကို ပေါင်းစပ်ထားသော တတိယမြောက်အုပ်စုတစ်ခုလည်း ရှိသေးသည်။
လျောင်ကျားရီသည် ဤအမျိုးအစားထဲတွင် ပါဝင်နေလေသည်။
ထိုခန္ဓာကိုယ်မှာ သဘာဝအတိုင်း ရရှိထားခြင်းဖြစ်သကဲ့သို့ ကျင့်ကြံခြင်းဖြင့်လည်း ရယူထားခြင်း ဖြစ်ပေသည်။
ထိုသို့သောခန္ဓာကိုယ်မျိုးကို များသောအားဖြင့် လူသားတစ်ဦးနှင့် စိတ်ဝိညာဉ်သားရဲ သို့မဟုတ် အသိဉာဏ်ရှိသော စိတ်ဝိညာဉ်ဆေးပင်တစ်ပင်တို့ကြား သစ္စာဆိုပဋိညာဉ်ပြုခြင်းမှတစ်ဆင့် ရလေ့ရှိ၏။
ထိုသို့သော ပဋိညာဉ်မျိုးသည် နှစ်ဦးနှစ်ဖက်ကြား စိတ်ဝိညာဉ်ကို ချည်နှောင်ထားလေ့ရှိပြီး ပါဝင်သူနှစ်ဦးလုံး သို့မဟုတ် တစ်ဦးဦး၏ သွေးမျိုးဆက်ကို ထာဝရပြောင်းလဲသွားစေနိုင်သည်အထိ အကျိုးသက်ရောက်မှုရှိလေသည်။
တောင်ပိုင်းတိုက်ရှိ အကြီးမားဆုံးနှင့် အင်အားအကြီးမားဆုံး မျိုးနွယ်စုများ၊ အင်ပါယာများ၏ ဇစ်မြစ်မှာ ထိုသို့သောပဋိညာဉ်များနှင့် ဆက်စပ်နေပေသည်။
၎င်းတို့အထဲမှ တစ်ခုမှာ မြင့်မြတ်နယ်မြေနှစ်ခုကဲ့သို့ ရှေးကျသော အဆင့် (၁) မျိုးနွယ်စုဖြစ်သည့် ရှူမျိုးနွယ်စုပင်ဖြစ်သည်။
၎င်းတို့၏ တည်ထောင်သူသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ရှိ အစွမ်းထက်သော ရွှေရောင်လင်းယုန်တစ်ကောင်နှင့် ပဋိညာဉ်ဖွဲ့ခဲ့လေသည်။
ထိုအချိန်က တည်ထောင်သူမှာလည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တွင် ရှိနေခဲ့ခြင်းပင်။
စိတ်ဝိညာဉ်ပဋိညာဉ်ကြောင့် သူ၏သွေးမျိုးဆက်မှာ ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်လင်းယုန်၏ ခန္ဓာကိုယ်လက္ခဏာအချို့ ပါဝင်လာကာ လင်းယုန်များ၏ နာမည်ကြီး အမြန်နှုန်းအပါအဝင် ရွှေရောင်လင်းယုန်၏ စွမ်းရည်များကိုပါ ရရှိလာခဲ့လေသည်။
အပြန်အလှန်အားဖြင့် ထိုလင်းယုန်သည် ရှူမျိုးနွယ်စုခေါင်းဆောင်၏ တာအိုအမျိုးမျိုးကို နားလည်သဘောပေါက်နိုင်စွမ်းရှိသော ပါရမီအချို့ကို ရရှိသွားခဲ့၏။
ပို၍တိတိကျကျဆိုရလျှင် ခေါင်းဆောင်ဖြစ်သူကျွမ်းကျင်သော တာအိုကို ရရှိသွားခြင်း ဖြစ်ပေသည်။
အခြားမျိုးစိတ်များနှင့်ယှဉ်ပါက လူသားများတွင် အားအနည်းဆုံးခန္ဓာကိုယ်နှင့် အနိမ့်ဆုံးစတင်မှုသာ ရှိသည်။
သို့သော် အခြားမျိုးစိတ်များကို ကျော်လွန်နိုင်သော နယ်ပယ်တစ်ခု ရှိနေခဲ့ပြီး ၎င်းမှာ တာအိုပုံစံအမျိုးမျိုးကို ပြောင်းလွယ်ပြင်လွယ်နှင့် လိုက်လျောညီထွေဖြစ်စေရန် သင်ယူနိုင်စွမ်းပင်။
ရေနှင့်မီး သို့မဟုတ် လေနှင့်လျှပ်စီးကဲ့သို့သော ဆန့်ကျင်ဘက်တာအိုနှစ်ခုကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ကြလေသည်။
ထို့ကြောင့်ပင် လောကကြီး၌ ကျင့်စဉ်ပေါင်းသန်းနှင့်ချီ၍ ပျံ့နှံ့နေခြင်း ဖြစ်ပေသည်။
လူသားများသည် စိတ်ဝိညာဉ်သားရဲများကဲ့သို့ မိမိတို့ သင်ယူနိုင်သည့်အရာအပေါ် မွေးရာပါကန့်သတ်ချက်များ မရှိပေ။
စိတ်ဝိညာဉ်သားရဲများသည် အစွမ်းထက်သော ခန္ဓာကိုယ်များ၊ ရှည်လျားသော သက်တမ်းများနှင့် မျိုးနွယ်စုလက္ခဏာများ ရှိကြသော်လည်း တိကျသော တာအိုတစ်ခုတည်းတွင်သာ ကန့်သတ်ခံထားရပြီး ၎င်းတို့၏ ကျင့်ကြံခြင်းတိုးတက်မှုမှာလည်း ခရုကဲ့သို့ နှေးကွေးလှသည်။
စိတ်ဝိညာဉ်သားရဲ၊ စိတ်ဝိညာဉ်ဆေးပင်နှင့် လူသားတို့ကြားရှိ ပဋိညာဉ်သည် ထိုပြဿနာကို ဖြေရှင်းရန် ကူညီပေးလေသည်။
သို့သော် ပဋိညာဉ်အောင်မြင်ရန်အတွက် လူသားဘက်တွင် ၎င်းတို့နှင့်ကိုက်ညီသော ပါရမီနှင့် ခွန်အားရှိရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက စိတ်ဝိညာဉ်ပဋိညာဉ်ပြုလုပ်သည့် ရိုးရာဓလေ့အတွင်း ဝါးမျိုခံရမည် ဖြစ်ပေသည်။
ရှူမျိုးနွယ်စုခေါင်းဆောင်သည် ပဋိညာဉ်ကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းလဲသွားပြီး ရွှေရောင်လင်းယုန်၏ မျိုးနွယ်စုစွမ်းရည်အချို့ကို ရရှိခဲ့၏။
၎င်းတို့အထဲမှတစ်ခုမှာ အလွန်ကြီးမားသော အမြန်နှုန်းနှင့် လေတာအိုအပေါ် နီးစပ်မှုပင်။
ဤသွေးမျိုးဆက်သည် သူ၏ သားသမီးများထံသို့ အလျင်အမြန် လက်ဆင့်ကမ်းသွားခဲ့ပြီး ထိုသားသမီးများမှတစ်ဆင့် ယနေ့တိုင်အောင် ဆက်လက်ဆင်းသက်လာခဲ့လေသည်။
ထို့ကြောင့် ရှူမျိုးနွယ်စုကို လင်းယုန်ခန္ဓာကိုယ်ပိုင်ရှင်များအဖြစ် လူသိများကြသော်လည်း မျိုးနွယ်စုဝင်များအကြား ကွဲပြားမှုများ ရှိလေသည်။
လူတိုင်းက သွေးမျိုးဆက်ကို မရရှိကြသကဲ့သို့ သွေးမျိုးဆက်၏ သန့်စင်မှုမှာလည်း ကွဲပြားပြီး ရွှေရောင်လင်းယုန်၏ လက္ခဏာ မည်မျှရရှိသည်ကိုပါ သက်ရောက်မှုရှိပေသည်။
သန့်စင်မှုနှင့် ပတ်သက်လာလျှင် မျိုးဆက်အဆင့်အတန်းက အရေးမကြီးပေ။
မျိုးဆက် (၅၀) မြောက်မှ လူတစ်ဦးသည် မျိုးဆက် (၅) မြောက်မှ လူတစ်ဦးထက် ပို၍ခိုင်မာသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားနိုင်လေသည်။
ဤစည်းမျဉ်းမှ ကင်းလွတ်သူများမှာ ခေါင်းဆောင်နှင့် သူ၏ တိုက်ရိုက်သားသမီးများသာ ဖြစ်ပေသည်။
လျောင်ကျားရီတွင် ခွန်ဖန်၏ အပေါ်ယံသွေးမျိုးဆက် ရှိပုံရလေသည်။ သို့သော် သူပြသခဲ့သော စွမ်းရည်များမှာ ခိုင်မာသော သွေးမျိုးဆက်ရှိသူတစ်ဦး၏ စွမ်းရည်များ ဖြစ်နေ၏။
ယန်ချင်းက သူ၏ကိုယ်ထဲတွင် အခြားအရာတစ်ခုခု ရှိနေမည်ဟု ခန့်မှန်းမိသည်။
တကယ့်ခွန်ဖန် သို့မဟုတ် ခွန်ဖန်နှင့် ပဋိညာဉ်ဖွဲ့ခဲ့သော ဘိုးဘေးတစ်ဦးဦးနှင့် သက်ဆိုင်သည့် အရာတစ်ခုခု ရှိနေခြင်းကြောင့်သာ ရေတာအိုမှတစ်ဆင့် အမြန်နှုန်းမြင့်မားစွာ အနာကျက်စေခြင်းကဲ့သို့သော စွမ်းရည်အချို့ကို ထုတ်ယူသုံးစွဲနိုင်ခြင်း ဖြစ်ပေမည်။
ယန်ချင်းရော တိုင်ချန်ပါ သူတို့၏ နန်းတော်အာရုံကို အသုံးပြု၍ လျောင်ကျားရီ၏ ခန္ဓာကိုယ်ကို စုံစမ်းစစ်ဆေးရန် ကြိုးစားခဲ့သော်လည်း အတွင်းပိုင်းတည်ဆောက်ပုံကို ဖုံးကွယ်ထားသော အကာအကွယ်တစ်ခု ရှိနေပုံရလေသည်။
လျောင်ကျားရီတွင် ထိုသွေးမျိုးဆက်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ပန်းဝင်မျဉ်းကို မဖြတ်ကျော်မီ နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့သောကြောင့်ပင်။
'ထားလိုက်ပါတော့လေ... လျောင်ကျားရီနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိရင် ဒုတိယအဓိပတိက ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်'
ယန်ချင်းက တွေးလိုက်မိသည်။
လျောင်ကျားရီတွင် မည်သည့်ပစ္စည်းများ ရှိနေသည်ဖြစ်စေ၊ ခွန်းဖန်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ၊ ခွန်းဖန်နှင့် ပဋိညာဉ်ဖွဲ့ထားသူတစ်ဦးဦးနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ ဤအရာအားလုံးက သူ၏နောက်ခံသမိုင်းကြောင်းမှာ မရိုးရှင်းကြောင်း ပြသနေပေသည်။
ယန်ချင်းက ဤကိစ္စကို အလွန်အကျွံ မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။
သူ၏နောက်ခံ မည်သို့ပင် ရှိစေကာမူ လျောင်ကျားရီသည် အဖွဲ့အစည်း၏ တရားဝင်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပြီး ယန်ချင်းအထက်တွင် ဤကိစ္စကို ကိုင်တွယ်ရန် ပို၍သင့်တော်သော ယုံကြည်ရသည့် အကြီးအကဲများ ရှိနေလေသည်။
အောက်ခြေဝန်ထမ်းတစ်ဦးအနေဖြင့် သူ၏ အခန်းကဏ္ဍမှာ တာဝန်ထမ်းဆောင်ရန်သာဖြစ်ပြီး ခွန်းဖန်သွေးမျိုးဆက်ရှိသည့် လျောင်ကျားရီ၊ ဖန်သားကျောက်စိမ်းနှလုံးသား ခန္ဓာကိုယ်ပိုင်ရှင် ယုမေ၊ စိတ်ပိုင်းဆိုင်ရာပင်လယ်ကို ဖွင့်လှစ်ထားသော အသက် ၁၄ နှစ်အရွယ် မုန့်ကျား၊ မီးလျှံနွယ်ပင်နှင်းဆီဖြူ ခန္ဓာကိုယ်ပိုင်ရှင် ယင်ရုံးနှင့် ဖုန်မှုန့်များကြား မြုပ်ကွယ်လုနီးပါးဖြစ်နေသည့် ဓားပါရမီရှင်အဘိုးအို ပုဖေးတို့အား ရှာဖွေတွေ့ရှိခဲ့မှုအတွက် အကျိုးပြုရမှတ်များ ပိုမိုရယူရန်အတွက် အရှက်မရှိ ကြိုးစားရန်သာ ရှိတော့သည်။
အဖွဲ့အစည်းထံမှ ရယူနိုင်မည့် အကျိုးပြုရမှတ်များနှင့် ရတနာများကို တွေးမိသောအခါ ယန်ချင်းတစ်ယောက် မချိသွားဖြဲမရယ်ဘဲ မနေနိုင်တော့ချေ။
ထိုသူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကင်းထောက်ရှာဖွေခဲ့သယောင် ဖန်တီးရန် သူ အပြည့်အဝ ရည်ရွယ်ထားလေသည်။
'ကျိုးရီ၊ ကျိုးလီချင်း... ပန်းတိုင်ရောက်အောင် ကြိုးစားကြပါဦး... ဒါမှ ငါ ဒီကနေ အကျိုးအမြတ်အများကြီး ယူလို့ရမှာ...'
ယန်ချင်းက တွေးလိုက်ရင်း မျက်လုံးများထဲတွင် လောဘရောင်တောက်နေသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေတော့သည်။