← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း (၃၃၆) - ယုံကြည်ချက်ဖြင့် ခြေလှမ်းတစ်လှမ်း လှမ်းခြင်း

သူမသည် အစွန်းသို့ ရောက်သောအခါ စိတ်တည်ငြိမ်စေရန် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မျက်စိမှိတ်ထားလိုက်၏။

ထို့နောက် ချက်ချင်းပင် မျက်စိမှိတ်လျက် ခြေလှမ်းများကို ဖြည်းညင်းစွာ ရေတွက်ရင်း လျှောက်လှမ်းလေတော့သည်။

ဆယ့်သုံးလှမ်းမြောက်သို့ ရောက်ရှိသွားချိန်တွင် သူမက ချီတုံချတုံဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေ၏။

မျက်လုံးဖွင့်လိုက်ချိန်တွင် မတူညီသော သစ်ပင်များ ဝန်းရံလျက်ရှိသည့် နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားခဲ့သည်။

သူမ ရပ်နေသော သစ်ပင်၏ အကိုင်းအခက်တစ်ခုပေါ်တွင် ပျံလွှားငှက်တစ်ကောင် နားနေလေသည်။

"ဒါက သော့ချက်ပဲ ဖြစ်ရမယ်"

ကျိုးလီချင်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

ထို့နောက် မျက်လုံးပြန်မှိတ်လိုက်ကာ သစ်ပင်၏ ဘယ်ဘက်သို့လှည့်၍ ယခင်ကကဲ့သို့ပင် ခြေလှမ်းများကို စတင်ရေတွက်လေတော့သည်။

ယခုတစ်ကြိမ်တွင်မူ သူမသည် ရှစ်လှမ်းလျှောက်ပြီးနောက် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူမ၏အရှေ့တွင် နွားလားတစ်ကောင် ရေသောက်နေသော ရေကန်ငယ်တစ်ခု ရှိနေပေ၏။

သူမ၏ မျက်နှာပေါ်တွင် အပြုံးငယ်တစ်ခု ပေါ်လာပြီးနောက် ရေကန်၏ မြောက်ဘက်သို့လှည့်ကာ မျက်စိမှိတ်လျက် ခြေလှမ်းများကို ထပ်မံရေတွက်လေတော့သည်။

ဤနည်းအတိုင်းပင် သူမသည် တစ်နေရာမှ တစ်နေရာသို့ လျှောက်လှမ်းခဲ့၏။

သတ်မှတ်ထားသော ခြေလှမ်းအရေအတွက်တစ်ခုအထိ ရေတွက်ပြီးနောက် သူမက မျက်စိဖွင့်ကာ ဦးတည်ရာလမ်းကြောင်းကို ပြန်လည်ချိန်ညှိလိုက်သည်။

ထို့နောက် မျက်စိပြန်မှိတ်၍ ခြေလှမ်းများကို ထပ်မံရေတွက်လေတော့သည်။

အဆုံးတွင် သူမသည် ချွန်ထက်ကြမ်းတမ်းသော ချောက်ကမ်းပါးတစ်ခုဘေးသို့ ရောက်ရှိချိန်၌ မျက်လုံးများကို ဖွင့်ကြည့်လိုက်လေ၏။

ထိုချောက်ကမ်းပါး၏ အစွန်းတွင် ငွေရောင်ဆိတ်တစ်ကောင်ရှိနေပြီး ထိုဆိတ်သည် ချောက်ကမ်းပါးမှ ခုန်ချသွားကာ ကမ်းပါးတစ်ခုလုံးကို ဖုံးလွှမ်းနေသော မြူခိုးများထဲသို့ ပျောက်ကွယ်သွားတော့သည်။

"ဒီကနေ ဘယ်ကိုဆက်သွားရမလဲ။ တခြားဘာအသံမှလည်း မကြားရတော့ဘူး"

ကျိုးလီချင်းက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

ထို့နောက် သူမသည် ကျိုးရီနှင့် အခြားသူများပါဝင်သော အင်္ကျီထုပ်ကြီးကို ငွေရောင်ဆိတ် ခုန်ချသွားသည့်နေရာသို့ ဆွဲယူလိုက်လေ၏။

ထိုနေရာသို့ရောက်သည်နှင့် အေးစက်သော အအေးဒဏ်ကို ကျိုးလီချင်း ခံစားလိုက်ရသည်။

ထို့နောက် အောက်သို့ဆင်းရန် လမ်းရှိမရှိ သိနိုင်ရန်အတွက် အစွန်းဘက်သို့ တုံ့ဆိုင်းစွာ ကပ်သွားခဲ့၏။

သို့သော် သူမ တွေ့လိုက်ရသည်မှာ အဆုံးမရှိ ဖြူလွှနေသော မြူခိုးများနှင့် အမြင့်ကြောက်သော စိတ်ခံစားချက်အသစ်တစ်ခုသာ ဖြစ်ပေသည်။

အောက်ရှိမြေပြင်သည် ရုတ်တရက် ပြိုကျသွားကာ သူမအား ပြုတ်ကျသေဆုံးစေမည်ကို ကြောက်ရွံ့သွားသည့်အလား အလျင်စလို နောက်သို့ ဆုတ်လိုက်မိလေတော့သည်။

အခြားရွေးချယ်စရာ လမ်းစမရှိတော့သဖြင့် ကျိုးလီချင်းသည် သူမကို ဤနေရာအထိ ရောက်လာစေရန် ကူညီပေးခဲ့သော အရာတစ်ခုဖြစ်သည့် အကြားအာရုံကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ယခင်ကဲ့သို့ပင် သူမသည် မျက်စိမှိတ်ကာ ရှေ့ဆက်ရမည့် လမ်းကြောင်းကို ညွှန်ပြပေးနိုင်သည့် အသံတစ်ခုခု ချောက်ကမ်းပါးအနီး သို့မဟုတ် မြူခိုးများထဲတွင် ရှိနိုင်မလားဟု အာရုံခံကြည့်လေ၏။

ဆယ်မိနစ်နီးပါး ကြာသွားသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။

ကျိုးလီချင်းသည် သူမ၏ ယူဆချက် မှားယွင်းနေပြီလော၊ ဤချောက်ကမ်းပါးမှ ထွက်ခွာရန်အတွက် အကြားအာရုံကို အသုံးပြုခြင်းသည် အဖြေမဟုတ်ဘူးလောဟု မိမိကိုယ်ကို စတင်သံသယဝင်လာခဲ့သည်။

သို့သော် သူမ မျက်လုံးဖွင့်ကြည့်တော့မည့် အချိန်တွင်ပင် သူမ၏ နှလုံးသားထဲအထိ တုန်လှုပ်သွားစေနိုင်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရလေ၏။

ထိုအသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်မှစ၍ အတွေးများနှင့် စိတ်ဝိညာဉ်အထိပါမကျန် အရာအားလုံးကို အကျပ်ရိုက်သွားစေနိုင်သော အလွန်အေးစက်သည့် အအေးဒဏ်ကြီးပါ ရောက်ရှိလာလေတော့သည်။

သူမ သေတော့မည်ဟု ခံစားလိုက်ရရန် နှစ်စက္ကန့်ပင် မကြာလိုက်ချေ။

သို့သော် သူမ သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေချိန်တွင် ဟိန်းဟောက်သံနှင့် ယင်း၏ အကျိုးသက်ရောက်မှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေတော့၏။

နှစ်မိနစ်ခန့် ကုန်လွန်သွားသော်လည်း ကျိုးလီချင်းမှာ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ကာ မျက်လုံးဖွင့်ရန် သို့မဟုတ် ထိုနေရာမှ လက်တစ်ဆစ်ခန့် ရွေ့လျားရန်ပင် မဝံ့ရဲခဲ့ပေ။

"ဘာ... ဘာကြီးလဲ"

မျက်လုံးဖွင့်ရန် သတ္တိအလုံအလောက် ရရှိလာချိန်တွင် ကျိုးလီချင်းက ကြောက်ရွံ့တုန်လှုပ်စွာ ရေရွတ်လိုက်လေသည်။

သူမသည် ထိခိုက်ဒဏ်ရာမရကြောင်း သေချာစေရန် မျက်နှာ၊ လက်မောင်းများနှင့် ခြေထောက်များကို စမ်းသပ်ကြည့်လိုက်၏။

အကုန်အဆင်ပြေကြောင်း အတည်ပြုပြီးမှသာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရဲတော့သည်။

ထိုအသံကို ပြုလုပ်ခဲ့သည်မှာ မည်သည့်သားရဲဖြစ်ကြောင်း သူမ လုံးဝ မသိပေ။

သူမ သိသည်မှာ ထိုအရာသည် အအေးဒဏ်၏ ကိုယ်ပွားတစ်ခုဖြစ်ပြီး ယခုကဲ့သို့သော ကြောက်ရွံ့မှုကို သူမ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးကြောင်းပင် ဖြစ်သည်။

"အဲဒီကနေ လာတဲ့ပုံပဲ"

ကျိုးလီချင်းက ပြောလိုက်သည်။ သူမသည် ငွေရောင်ဆိတ် ခုန်ချသွားသော နေရာရှိ ဖြူလွှလွှမြူခိုးများကို စိုက်ကြည့်နေစဉ် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်ရွံ့မှုများ လွှမ်းခြုံနေဆဲ ဖြစ်လေ၏။

"ဒါပေမဲ့ မဖြစ်နိုင်ပါဘူး..."

ကျိုးလီချင်းမှာ အသံက ထိုအရပ်မျက်နှာမှ လာသည်ကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

အကယ်၍ သူတို့သာ ခြေတစ်လှမ်း လှမ်းရဲပါက ထိုနေရာသည် သူတို့အားလုံးကို ဝါးမျိုသွားမည့် အဆုံးမဲ့ချောက်နက်ကြီးတစ်ခု ဖြစ်ပေသည်။

သူမသည် အသံလာရာလမ်းကြောင်းကို ပြန်လည်မှတ်မိရန် ကြိုးစားခဲ့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ မမှတ်မိနိုင်ကြောင်း သိလိုက်ရသဖြင့် အလွန်အံ့အားသင့်သွားခဲ့၏။

မည်သို့ဆက်လုပ်ရမည်ကို အဆက်မပြတ် တွေးတောငြင်းခုံရင်း အချိန်အတန်ကြာ ရပ်နေခဲ့ပြီးနောက် အဆုံးတွင် သူမသည် အရှုံးပေးသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

ထို့နောက် ကျိုးရီနှင့် အခြားသူများအား ထည့်ထားသော အင်္ကျီထုပ်ကို သူမ၏ ခန္ဓာကိုယ်နှင့် မြဲမြံစွာ ချည်နှောင်ရင်း အံကြိတ်ထားလိုက်သည်။

သူတို့အားလုံး အင်္ကျီထဲမှ ပြုတ်ကျသွားမည်မဟုတ်ကြောင်းနှင့် သူမကိုယ်ပေါ်မှ ပြုတ်မထွက်သွားနိုင်ကြောင်း သေချာသွားသောအခါ ချောက်ကမ်းပါးစွန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။

သူမ၏ နှလုံးခုန်သံများမှာ ခြေလှမ်းတိုင်းတွင် ပြင်းထန်နေပြီး နားနှင့် လည်ချောင်းထဲတွင်ပါ ပဲ့တင်သံများကို ခံစားနေရသည်အထိ ကျယ်လောင်လှသည်။

"လိုက်မှတ်ရမယ့် အသံလှိုင်းအကြိမ်အရေအတွက်တောင် မရှိဘူး။ ငါ ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းရမှာလဲ"

ကမ်းပါးစွန်းသို့ ရောက်သောအခါ သူမဘာသာ ရေရွတ်လိုက်သည်။

"ငါ ခန့်မှန်းကြည့်ရမလား"

ရေရွတ်နေခြင်းဖြင့် တစ်ခုခု သတိရလာနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဂဏန်း '၉၆' ကို အထပ်ထပ်အခါခါ ရေရွတ်နေစဉ် ကျိုးလီချင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေခဲ့လေ၏။

ဝမ်းနည်းစရာကောင်းသည်မှာ နှစ်မိနစ်ကြာသွားသော်လည်း မည်သည့်အရာမျှ ထွက်ပေါ်မလာခဲ့ခြင်းပင်။

ရုတ်တရက် အလင်းပွင့်သွားခြင်းမျိုး မရှိဘဲ သူမထံတွင် ရှိနေသည်မှာ သူမအား ခေါ်ဆောင်နေသော အဆုံးမဲ့ချောက်နက်ကြီးနှင့် အန်ထွက်လုနီးပါးဖြစ်နေသော အစာအိမ်သာ ရှိလေတော့သည်။

"ဂိုဏ်းတူအစ်ကို ယန်ချင်းက ဒီစာမေးပွဲကို သတ်မှတ်ခဲ့တာဆိုတော့ သူသာ နည်းနည်းဉာဏ်များချင်တယ်ဆိုရင် ဒါက အဖြေဖြစ်နိုင်တယ်..."

"၁၂ လှမ်းပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ထိုသို့ ထပ်မံပြောလိုက်ပြီးနောက် သူမသည် မျက်စိမှိတ်လျက် ရှေ့သို့ ရဲဝံ့စွာဖြင့် ခြေတစ်လှမ်း လှမ်းလိုက်လေ၏။

ပထမဆုံးခြေလှမ်းမှာပင် အောက်သို့ ပြုတ်ကျသွားမည်ဟု ထင်ထားခဲ့သော်လည်း သူမ၏ခြေလှမ်းသည် အလွန်အေးစက်သော တိမ်တိုက်တစ်ခုပေါ်သို့ နင်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူမထံတွင် အကြောက်တရားများ အပြည့်ရှိနေဆဲဖြစ်သည်။

ကျိုးလီချင်းတစ်‌ယောက် တစ်လှမ်းပြီးတစ်လှမ်း ထပ်လှမ်းခဲ့ရာ ခြေလှမ်း (၁၂) လှမ်း ပြည့်သွားချိန်တွင် ရပ်လိုက်လေ၏။ (၁၂) လှမ်းမြောက် ရောက်သွားသော်လည်း မျက်လုံးမဖွင့်ရဲသေးချေ။

သူမအတွက် ကံကောင်းသည်မှာ သူမ၏ ခန့်မှန်းချက် မှားသည်၊ မှန်သည်ကို တွေးတောကာ ကြောက်ရွံ့နေရန် မလိုအပ်တော့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် (၁၂) လှမ်းမြောက်ခြေလှမ်းအား လှမ်းပြီးနောက် ဆယ်စက္ကန့်အကြာတွင် ဖားပြုတ်များ၏ အသံကို ကြားလိုက်ရပြီး သူမကို ဝန်းရံထားသော အေးစက်သည့် အအေးဒဏ်မှာလည်း နူးညံ့သော နွေးထွေးမှုဖြင့် အစားထိုးသွားသောကြောင့်ပင် ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ ရုတ်တရက် အပြောင်းအလဲများကြောင့် ကျိုးလီချင်းသည် တုံ့ဆိုင်းစွာဖြင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ ပင်စည်တွင် ဖားပြုတ်ရုပ်ထွင်းထုထားသော ဧရာမသစ်ပင်ကြီးကို တွေ့လိုက်ရပြီး ထိုသစ်ပင်ဆီမှ အသံများ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။

"အထူး... ဇုန်ပဲ..."

ကျိုးလီချင်းသည် မယုံကြည်နိုင်ခြင်းများနှင့် မျက်ရည်များရောယှက်နေသော ဆို့နင့်နေသည့်အသံဖြင့် ရေရွတ်လိုက်လေ၏။

ထို့နောက် ချက်ချင်းပင် သတိလစ်သွားတော့သည်။

....

ဆောင်းဦးတောင်ထွတ်၏ တောင်ထိပ်ဖျားတွင်ဖြစ်သည်။

"ဂုဏ်ယူပါတယ် လီချင်း၊ မင်း သိပ်တော်တာပဲ"

All Chapters