← Chapters

မြစိမ်းရောင်မြူတောဒေသ၏အစစ်အမှန်ပုံရိပ်

Vol. 3 Ch. 26

မြစိမ်းရောင်မြူတောဒေသ၏အစစ်အမှန်ပုံရိပ်

Vol. 3 Ch. 26

ဖုန်ရှင်းသည် တစ်မိနစ်အတွင်း အကြီးအကဲဖုန်း၏ တောင်ထိပ်သို့ ရောက်ရှိသွားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။

ပုံရိပ်ယောင်ပုစဉ်းသည် ကြမ်းပြင်ပေါ်တွင် သတိလစ်နေကြသော မြူနွံဂိုဏ်းသားများ၏ အခြေအနေကိုအနီးကပ်စောင့်ကြည့်ရင်း ခန်းမထဲတွင်ဂနာမငြိမ်ပျံသန်းနေသည်။ ခရမ်းရင့်ရောင် အငွေ့များ ရှင်းလင်းသွားပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မျှ ပြန်လည် နိုးထလာခြင်း မရှိသေးပေ။

ပုစဉ်းသည် သူတို့၏အားနည်းပြီး သတိလစ်နေသော အခြေအနေတွင် မမျှော်လင့်ထားသော မတော်တဆမှုများ မဖြစ်ပေါ်စေရန် အနီးကပ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

သူတို့ကို မစားရန် သတိပေးထားသည်ကို သူကောင်းကောင်း မှတ်မိနေသည်။ အကယ်၍ မတော်တဆမှု တစ်ခုခု ဖြစ်ပွားခဲ့လျှင် သူနှင့် မဆိုင်သော်လည်း ဖုန်ရှင်းက သူ့ကို ခွင့်လွှတ်မည် မဟုတ်ကြောင်း သူ၏ပင်ကိုအသိစိတ်က ပြောပြနေသည်။ ဖုန်ရှင်း၏ရှေ့မှောက်တွင် သူ၏ကံကြမ္မာမှာ ရေခဲပါးပါးလေးပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေသည်။

တိမ်မြိုစွန်ကို ကျွေးပစ်မည်ဟူသော ဖုန်ရှင်း၏ စကားကို မှတ်မိနေဆဲပင်။ သူလုပ်နိုင်သည်မှာ အသက်ရှင်နိုင်မည့် အခွင့်အရေးများလာအောင် တတ်နိုင်သမျှ အသုံးဝင်ကြောင်းပြသရန်သာရှိသည်။

ခန်းမတံခါး ပွင့်လာသံကြောင့် စိတ်ပူနေသော ပုံရိပ်ယောင်ပုစဉ်းမှာ လန့်ဖျပ်သွားသည်။ သူသည် တံခါးတစ်ဖက်တွင် ရှိနေသူကို တိုက်ခိုက်ရန် ပြင်ဆင်ရင်း ကြောက်လန့်တကြားအော်မြည်လိုက်သည်။ ကျူးကျော်သူက အာရုံခံမိသွားမည် စိုးသဖြင့် သူ၏ဝိညာဉ်အာရုံကိုပင် အသုံးမပြုရဲပေ။

လောလောဆယ်တွင် အလစ်အငိုက် ဖမ်းခြင်းက သူ့အတွက် အကောင်းဆုံး ဝှက်ဖဲဖြစ်သည်။

မြူနွံဂိုဏ်းသားများမထိခိုက်စေဘဲ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မည့် တိုက်ကွက်များကို စဉ်းစားနေစဉ် ခန်းမတံခါး ဖွင့်လိုက်သူကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဖုန်ရှင်းကိုမြင်လိုက်ရသောအခါ မျှော်လင့်မထားလောက်အောင် စိတ်သက်သာရာရသွားသည်။ သူ၏ အတောင်ပံခတ်နှုန်းများ ပိုမိုနှေးကွေးသွားပြီး တောင့်တင်းနေသော အာရုံခံ အမွှေးအမျှင်များလည်း လျော့ကျသွားသည်။

ဖုန်ရှင်းသည် ပုံရိပ်ယောင်ပုစဉ်း၏ တောင့်တင်းနေသော ပုံစံကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူ၏ ဆံပင်များသည် ဂိုဏ်းချုပ်၏ အဆောက်အဦး ခေါင်မိုးပေါ်တွင် ရှိစဉ်ကကဲ့သို့ ဖြူဖွေးမနေတော့ဘဲ အမည်းရောင်သို့ ပြန်ပြောင်းသွားပြီဖြစ်သည်။ သူသည် ဖြည်းညှင်းစွာ လျှောက်လာရင်း အဆောက်အဦး တစ်ခုလုံး လွှမ်းခြုံသွားသည်အထိ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။

အဆောက်အဦးထဲရှိလူတိုင်းကို သေချာ စစ်ဆေးလိုက်သည်။ လူတိုင်းအဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ ဖုန်ရှင်းစစ်ဆေးပြီးနောက် မျက်နှာထား မပျက်သည်ကို တွေ့ရသဖြင့် ပုံရိပ်ယောင်ပုစဉ်း သိသိသာသာ စိတ်သက်သာရာ ရသွားသည်။

“မင်းမှာ နာမည်ရှိလား”

ဖုန်ရှင်းရုတ်တရက် မေးလိုက်သဖြင့် ပုံရိပ်ယောင် ပုစဉ်းမှာ သူ၏အပျော်လေးမှာ ပျက်သွားရသည်။ ဘာလို့ထိုမေးခွန်းကိုမေးတာလဲ နားမလည် ဖြစ်သွားသော်လည်း ရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဖုန်ရှင်းက သူ့ကို လိုက်ခဲ့မလားဟု မေးစဉ်ကကဲ့သို့ပင် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြခြင်း ဖြစ်သည်။ ထိုခေါင်းညိတ်မှုသည် အတောင်ပံခတ်သကဲ့သို့ မြန်ဆန်လွန်းသဖြင့် လေပွေလေးများပင် ဖြစ်ပေါ်လာသည်။

ဖုန်ရှင်းသည် သူ့အပြုအမူကြောင့် သက်ပြင်းချလိုက်မိသည်။ တိမ်မြိုစွန်ကို ကျွေးပစ်မည်ဟူသော ခြိမ်းခြောက်မှုကြောင့် ထိုကံကြမ္မာဆိုးမှ လွတ်မြောက်ရန် သူ့ကို အစွမ်းကုန် ဖားနေခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။ သူ၏အပြုအမူများမှာအတော်လေး အလုပ်ဖြစ်ပုံရသည်။

ဖုန်ရှင်း၏ အကြည့်မှာ ယခင်ကလောက် မအေးစက်တော့ပေ။ ဖုန်ရှင်းသည် သက်တံ့ရောင်မြူဖားပြုတ် ဘိုလင်းနှင့် အသုံးပြုခဲ့သော နို့နှစ်ရောင် ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ယူကာ ခေါင်းညိတ်နေဆဲဖြစ်သောပုံရိပ်ယောင်ပုစဉ်းထံသို့ ပစ်ပေးလိုက်သည်။

သူ့ထံသို့ အဖြူရောင် အရာဝတ္ထုတစ်ခု ပျံလာသည်ကို သူ၏ဘက်စုံမြင် မျက်လုံးများကြောင့် မြင်လိုက်ရပြီး ရှေ့ခြေများဖြင့် အလိုအလျောက် ဖမ်းလိုက်သည်။ ထို့နောက် ဒီပုတီးစေ့ကို ဘာလုပ်ရမလဲဟု မေးသည့် အကြည့်ဖြင့် ဖုန်ရှင်းကို ကြည့်လိုက်သည်။

ပုံရိပ်ယောင်ပုစဉ်းသည် သက်တံ့ရောင်မြူဖားပြုတ် ဘိုလင်းနှင့် မတူဘဲ မြစိမ်းရောင်မြူတောဒေသရှိအခြားသားရဲများနှင့် ဆက်ဆံရေးမှာ မရှိသလောက်နည်းပါးသည်။ သူ၏ကိုယ်ယောင်ဖျောက် စွမ်းရည်ကို အသုံးပြုပြီး တစ်ကောင်တည်းသာ နေလေ့ရှိသည်။

ထို့ကြောင့် အကြောင်းအရာများစွာ၊ အထူးသဖြင့် လူသားကျင့်ကြံသူများနှင့် ပတ်သက်သော အရာများကို မရင်းနှီးပေ။ ဖုန်ရှင်းအဝိုင်းခံရသော နေရာသို့ သူရောက်နေရခြင်းမှာ အစိမ်းရောင်ပန်းပွင့်ဝက်သိုးနောက်ကို လိုက်လာခဲ့သောကြောင့် ဖြစ်သည်။

ဝက်သိုးသည် သင့်လျော်သော ချီပမာဏ ပါဝင်သည့် ဝိညာဉ်အပင်များ ပေါက်ရောက်ရာနေရာကို ရှာဖွေရာတွင် နှာခေါင်းအလွန်ကောင်းသည်။ အများစုမှာမြေကမ္ဘာအဆင့် အလယ်အလတ်နှင့် အထက်တန်းစား အပင်များ ဖြစ်ပြီး တစ်ခါတစ်ရံ ထိပ်တန်းအဆင့် အပင်များပင် ပါဝင်တတ်သည်။

ပုံရိပ်ယောင်ပုစဉ်းသည်သူ၏ ကိုယ်ယောင်ဖျောက် စွမ်းရည်အောက်တွင် အပင်အချို့ကို အမြဲတမ်းခိုးယူလေ့ရှိသည်။ သူသည်ဝက်သိုးထက် မြန်ဆန်သဖြင့် အဖမ်းခံရမည်ကို စိတ်မပူပေ။ သို့သော်သူသည် သူ့လိုအပ်ချက်ပဏာမအနည်းငယ်လောက်သာယူပြီး ဝက်သိုးအတွက်မူအများအပြား ချန်ထားပေးလောက်အောင် သိတတ်မှု ရှိသည်။

သူ့အသိုက်နားတွင် ပေါက်ရောက်သော အပင်အချို့ကိုပင် အပြန်အလှန်အဖြစ် ထားခဲ့ပေးတတ်သည်။ ဝက်သိုးသည်ထိုအခြင်းအရာကို သတိထားမိသော်လည်း ဘာမှ မပြောဘဲ ပုံရိပ်ယောင် ပုစဉ်းနှင့် နားလည်မှု ယူထားသကဲ့သို့ နေတတ်သည်။

ဖုန်ရှင်းအဝိုင်းခံရသောနေ့က အစောပိုင်းတွင် ဝက်သိုးသည် လောဘနှင့် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် နေရာတစ်ခုသို့ ဦးတည်ပြေးလွှားနေသည်ကို သူတွေ့ခဲ့ရသည်။ ပုံရိပ်ယောင်ပုစဉ်းသည် သစ္စာရှိသော ကပ်ပါးကောင်ပီပီ ဝက်သိုးနောက်သို့ ထပ်တူ စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကောင်းကင်အဆင့် အပင်များပင် ပါဝင်နိုင်သော ဝိညာဉ်အပင် အများအပြား ရှိမည်ဟု သူသိနေသည်။ ဝက်သိုးနောက်သို့ လိုက်ခဲ့သော နှစ်ကာလ တစ်လျှောက်လုံး ဤမျှ စိတ်လှုပ်ရှားနေသည်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ဒါကို ကြည့်ခြင်းအားဖြင့် ဝက်သိုးသည် အလွန်ကောင်းမွန်သော အရာတစ်ခုကို အနံ့ခံမိထားသည်မှာ သေချာသည်။ မကြာမီ သူတို့သည် ဖုန်ရှင်း ရှိနေသော ကွင်းပြင်သို့ ရောက်ရှိသွားကြသည်။

ပုံရိပ်ယောင် ပုစဉ်းသည် အစပထမတွင် သတိထားခဲ့သည်၊ အထူးသဖြင့် ဖုန်ရှင်းကို ဝိုင်းထားသော အခြား ဝိညာဉ်သားရဲများ၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် ပို၍ သတိထားခဲ့သည်။ ထိုသားရဲများသည် သူ့အဆင့်နှင့် တူညီကြပြီး နှစ်ကောင်မှာမူ သူ့အတွက် သေစေနိုင်သော အန္တရာယ်များ ဖြစ်ကြသည်။

၎င်းတို့မှာလျှပ်စီးမြွေပွေးနှင့် သက်တံ့ရောင်မြူဖားပြုတ် တို့ ဖြစ်ကြသည်။ ထိုသားရဲအားလုံးကို တစ်နေရာတည်းတွင် တွေ့လိုက်ရသောအခါ သူထွက်ပြေးချင်ခဲ့သည်။ သူသည် ထိပ်တိုက်ရင်ဆိုင်ရသည်ကို မကြိုက်ပေ၊ သို့သော် ရန်စလာလျှင်လည်း ရှောင်ပြေးတတ်သူ မဟုတ်။

သို့သော် ဆရာကြီးများအားလုံး တစ်နေရာတည်း စုဝေးနေရခြင်းကို သိလိုစိတ်က သူ့ကို တားဆီးထားခဲ့သည်။ ထိုအချိန်တွင် သူ ဖုန်ရှင်းကို တွေ့လိုက်ရသည်။ မရှိသင့်သော နေရာတွင်ရှိနေသည့် ပိန်လှီအားနည်းသောလူသားတစ်ယောက်။ အစောပိုင်းက သတိမထားမိလိုက်ခြင်းမှာ အခြားသားရဲများထံမှ ထွက်ပေါ်နေသော ဖိအားများကြောင့် ဖြစ်သည်။

သို့သော် ဖုန်ရှင်းကို ကြည့်လေလေ သူ့စိတ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေလေ ဖြစ်သည်။ သူ့ပင်ကိုအသိစိတ်က ရှေ့မှ လူသားကို စားပစ်ရန် တိုက်တွန်းနေသည်။ ဖုန်ရှင်းကို စိုက်ကြည့်လေလေ ထိုခံစားချက်က ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။

ဘယ်အချိန်က စဖြစ်မှန်း မသိသော်လည်း ရှေ့မှ လူသားကိုသာ စားသုံးနိုင်ခဲ့လျှင် မြစိမ်းရောင်မြူတောဒေသ၏တောင်ဘက်ပိုင်းမှ ဘုရင်အတု ၃ ကောင်ထက်ပင် ပိုမို စွမ်းအားကြီးလာလိမ့်မည်ဟု သူ့စိတ်ထဲမှ အသံတစ်ခုက ပြောနေသည်။ လျှပ်စီးမြွေပွေးသည် ထိုဘုရင်အတု ၃ ကောင်အနက် တစ်ကောင်ဖြစ်သည်။

မြစိမ်းရောင်မြူတောဒေသသည် အလွန် ကြီးမားကျယ်ပြန့်သည်။ ၎င်း၏ အရွယ်အစား တစ်ခုတည်းကပင် အဆင့် ၂ အင်ပါယာနယ်မြေအများအပြား ပေါင်းစပ်ထားခြင်းနှင့် ညီမျှသည်။ အတွင်းဘက်သို့ ဝင်ရောက်လေလေ ဝိညာဉ်သားရဲများနှင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိနေသော အသိစိတ်ရှိ အပင်များ ပိုမို စွမ်းအားကြီးလာလေလေ ဖြစ်သည်။

ဗဟိုဒေသသည် တကယ့် ဘီလူးကြီးများ ကျက်စားရာ နေရာဖြစ်သည်။ ထိုနေရာတွင် နယ်မြေအဆင့်ဝိညာဉ်သားရဲများနှင့် အပင်များရှိပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲအချို့ပင် ရှိသည်ဟု ကောလာဟလများ ရှိသည်။

ထိုအထဲမှ တစ်ကောင်သည် ဤဒေသ၏ အစ်အမှန်အရှင်သခင် ဖြစ်သည်။ ဖုန်ရှင်းသည် တောင်ဘက်ခြမ်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။ မြူနွံဂိုဏ်း၊ သူ့ကို ခြုံခိုတိုက်ခိုက်ခဲ့သော သားရဲများနှင့် ဘုရင်အတု ၃ ကောင်စလုံးသည် မြစိမ်းရောင်မြူတော တောင်ဘက်ပိုင်း၏ အစွန်အဖျားတွင် တည်ရှိသည်။

အစွန်အဖျား သို့မဟုတ် နယ်မြေ ၈ ၏ တောင်ဘက်ပိုင်းဟု ခေါ်ဆိုသော်လည်း ၎င်းသည် ဧက ၂.၅ သန်းကျော် ကျယ်ဝန်းပြီး ပြည်နယ်တစ်ခုစာခန့် ရှိသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အစောပိုင်းသို့ ရောက်ရှိနေသော စူးစမ်းရှာဖွေသူတစ်ဦးသည် မြစိမ်းရောင်မြူတောဒေသသို့ ဝင်ရောက်ခဲ့ဖူးပြီး အကြမ်းဖျင်းမြေပုံတစ်ခုကို ရေးဆွဲခဲ့သည်။ သူသည် ဒေသကို ကွင်း သို့မဟုတ် နယ်မြေ ၁၀ ခု ခွဲခြားသတ်မှတ်ခဲ့သည်။

အပြင်ဘက်ဆုံးကွင်းသည် နယ်မြေ ၁၀ ဖြစ်ပြီး အတွင်းဘက်ဆုံးပိုင်းသည် နယ်မြေ ၁ ဖြစ်သည်။ သူ နယ်မြေ ၁ သို့ မရောက်ဖူးခဲ့ပေ၊ အကယ်၍ ဝင်ရောက်ခဲ့လျှင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ဟု ကြိုတင်နိမိတ် ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

သူ နယ်မြေ ၂ ဟု အမည်ပေးထားသော နေရာတွင်ပင် အသက်ရှင် ရပ်တည်ရန် ရုန်းကန်ခဲ့ရသည်။ နယ်မြေ ၂ ကို နယ်မြေ ၁ ဟု အမည်မပေးဘဲ နောက်ထပ် နယ်မြေတစ်ခုကိုထပ်ပေါင်းထည့်ခဲ့ရခြင်းမှာ သူတိုက်ခိုက်ခဲ့ရသော ကြောက်မက်ဖွယ် သားရဲများအားလုံးသည် ဒေသ၏ နေရာတစ်ခုကို တမင် ရှောင်ရှားနေကြသည်ကို သတိထားမိသောကြောင့် ဖြစ်သည်။

စူးစမ်းလိုစိတ်ဖြင့် ထိုနေရာသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း နယ်နိမိတ်ဟု ထင်ရသော နေရာသို့ ရောက်သည်နှင့် ကြီးမားသော ကြောက်ရွံ့မှုတစ်ခု လွှမ်းမိုးသွားသဖြင့် ရပ်တန့်လိုက်ရသည်။ သူသည် ထိုနယ်နိမိတ်တွင် တစ်လနီးပါး မလှုပ်မယှက် ရပ်နေခဲ့ပြီးမှ သူ၏ စွမ်းအားအားလုံးကို အသုံးပြု၍ ခန္ဓာကိုယ်ကို ရွေ့လျားကာ ထွက်ပြေးခဲ့ရသည်။

မြစိမ်းရောင်မြူတောဒေသ မှ ထွက်ခွာပြီးနောက် ဘယ်တော့မှ ပြန်မလာတော့ပေ။ သူသည် သူ၏ မြေပုံနှင့် မှတ်တမ်း မိတ္တူအချို့ကို ဂိုဏ်းကြီးများ၊ မိသားစုများနှင့် အင်အားကြီး အဖွဲ့အစည်းများသို့ လေလံတင် ရောင်းချခဲ့သည်။

ထို့နောက် ရရှိလာသော ကြွယ်ဝချမ်းသာမှုများကို အသုံးပြု၍ အစွမ်းထက်သော နေအိမ်တစ်ခု တည်ဆောက်ကာ တိုက်ကြီးပေါ်တွင် အတက်ကြွဆုံယ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သော်လည်း လောကကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ကာ သီးခြားနေထိုင်ခဲ့သည်။

အင်အားကြီး ဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် အဖွဲ့အစည်းများသည် မှတ်တမ်းနှင့် မြေပုံပါ အချက်အလက်များကို အတည်ပြုရန် လူအချို့ စေလွှတ်ခဲ့သော်လည်း နယ်မြေအဆင့် ကျွမ်းကျင်သူများ ပါဝင်ပြီး အနိမ့်ဆုံး နန်းတော်အဆင့် အလယ်အလတ် ရှိသူများ ဖြစ်ပါလျက်နှင့် နယ်မြေ ၄ ကို ကျော်လွန်အောင် မသွားနိုင်ခဲ့ကြပေ။

ဤသည်မှာ မြစိမ်းရောင်မြူတောဒေသ မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပြီး အထက်ပိုင်းနယ်မြေများအကြောင်း သိရှိရန် ပိုမို အစွမ်းထက်သူများကို စေလွှတ်လောက်အောင် စူးစမ်းလိုစိတ် မရှိကြတော့ပေ။ နယ်မြေ ၄ သို့ ရောက်ရန်အတွက်ပင် နယ်ပယ်အဆင့် ကျွမ်းကျင်သူ အနည်းငယ် ဆုံးရှုံးခဲ့ရသည်။

အထက်ပိုင်း နယ်မြေများသို့ ရောက်လေ ပတ်ဝန်းကျင် ပိုမို ကြွယ်ဝလေဖြစ်ကြောင်း သိခဲ့ရသော်လည်း နာကျင်စရာ ဆုံးရှုံးမှုခရီးစဥ် ဖြစ်ခဲ့သည်။

ဥပမာ - နယ်မြေ ၄ သည် ဧကရာဇ်အဆင့် နှင့် တက်လှမ်းခြင်းအဆင့်အနိမ့်စား ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသည်။ တက်လှမ်းခြင်းအဆင့် ဆေးပင်များသည် နယ်ပယ်အဆင့်ကျွမ်းကျင်သူများ အသုံးပြုသော ဆေးလုံးနှင့် ဆေးရည်များ ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းများ ဖြစ်သည်။

ဤသတင်းအချက်အလက် တစ်ခုတည်းကပင် လူအများစုကို လောဘတက်စေရန် လုံလောက်သော်လည်း နယ်ပယ်အဆင့်ကျွမ်းကျင်သူများပင် သေဆုံးသည်ဟူသောကောလဟာလက ထိုစိတ်လှုပ်ရှားမှုများကို အေးစက်သွားစေခဲ့သည်။

မြူနွံဂိုဏ်း၊ အမြူတေဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်သားရဲများနှင့် ဘုရင်အတု ၃ ကောင်စလုံးသည် အဋ္ဌမမြောက် နယ်မြေ၏ တောင်ဘက်ပိုင်းတွင် တည်ရှိကြသည်။

All Chapters