← Chapters

နဂါးမြက်ခင်းပြင်

Vol. 28 Ch. 278

နဂါးမြက်ခင်းပြင်

Vol. 28 Ch. 278

ယန်ချင်းမှာမူ ကွေ့ရှီရန်ကဲ့သို့သောသူက လျှို့ဝှက်ဆန်းကြယ်လှသော နဂါးမြက်ခင်းပြင်နှင့် ပတ်သက်ဆက်နွှယ်နေလိမ့်မည်ကို ယုံကြည်နိုင်စွမ်း မရှိသေးပေ။

နဂါးမြက်ခင်းပြင်ဆိုသည်မှာ ရုံးတော်အတွက်သာမက အခြားသော မြင့်မြတ်နယ်မြေများအတွက်ပါ မည်သည့်အရပ်က ဆင်းသက်လာမှန်း မခန့်မှန်းနိုင်လောက်အောင် နက်နဲလှသော အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။

နဂါးမြက်ခင်းပြင်မှာ လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေသော အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ၎င်းကို ဘဏ်တစ်ခု သို့မဟုတ် ရတနာသိုလှောင်တိုက်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ အခကြေးငွေ ပေးဆောင်ရုံဖြင့် မိမိတို့ သိမ်းဆည်းလိုသမျှကို ၎င်းတို့ထံတွင် အပ်နှံထားနိုင်ပေသည်။

သို့သော်လည်း အခကြေးငွေဆိုသည်မှာ ၎င်းတို့၏ သတ်မှတ်ချက်အပေါ်တွင်သာ အမြဲတမ်း မူတည်နေလေသည်။

ကြေးပြားတစ်ပြား၊ ခြံထွက်သီးနှံများကဲ့သို့သော အရာများမှစ၍ ကလေးဘဝက လေ့ကျင့်ခဲ့သော သစ်သားဓားကဲ့သို့ အမှတ်တရပစ္စည်းများ၊ သို့မဟုတ် အရှင်သခင်အဆင့်မှ သူတော်စင်အဆင့်အထိ ရတနာများ…

မိသားစု အမွေအနှစ်များ၊ မိမိ၏ အဓိကကျင့်စဉ်များကဲ့သို့ တန်ဖိုးကြီးမားလှသော အရာများ၊ အချို့သူများအတွက် လုံခြုံစွာ ကာကွယ်ထားသော လျှို့ဝှက်ချက်များ သို့မဟုတ် ဖလှယ်ရေးဝန်ဆောင်မှုများအထိ အမျိုးအစားစုံလင်စွာ ဖြစ်နိုင်ချေရှိ၏။

၎င်းတို့ တောင်းဆိုသော မည်သည့်တန်ဖိုးကိုမဆို အငြင်းပွားခွင့် သို့မဟုတ် ဈေးဆစ်ခွင့် လုံးဝမရှိဘဲ ၎င်းတို့၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပေသည်။

အခကြေးငွေ ပေးဆောင်လိုက်ရသည်နှင့် အလဲအလှယ်အနေဖြင့် သင်အပ်နှံထားသော မည်သည့်အရာမဆို စာချုပ်ပါ စည်းမျဉ်းများနှင့်အညီ ရာခိုင်နှုန်းပြည့် လုံခြုံမှုရှိစေရန် အာမခံချက် ရရှိမည်ဖြစ်လေသည်။

သင်သည် ၎င်းတို့ထံတွင် ပစ္စည်းတစ်ခုခုကို အပ်နှံထားသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်တောင်မှ နဂါးမြက်ခင်းပြင်၏ နယ်မြေအတွင်း၌ ရှိနေသရွေ့ သန့်စင်မြေများပင်လျှင် ယင်းပစ္စည်းကို လက်လှမ်းမီနိုင်စွမ်း ရှိမည်မဟုတ်ပေ။

နဂါးမြက်ခင်းပြင်ကို တောင်ပိုင်းတိုက်ကြီးအတွင်းရှိ ရှေးအကျဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ ၎င်း၏ တည်ရှိမှုသည် သန့်စင်မြေနှစ်ခုထက်ပင် ပို၍ သက်တမ်းရင့်လှပုံရ၏။ မှတ်သားနိုင်သမျှ ကာလတစ်လျှောက်လုံးတွင် နဂါးမြက်ခင်းပြင်က အမြဲတမ်း တည်ရှိနေခဲ့ပြီး မည်မျှကြာမြင့်နေပြီကိုမူ မည်သူမျှ တိကျစွာ မသိရှိကြချေ။

နဂါးမြက်ခင်းပြင်သည် အနောက်ပိုင်းနှင့် အရှေ့ပိုင်း တိုက်ကြီးများတွင်လည်း တည်ရှိပြီး တောင်ပိုင်းတိုက်ကြီးကဲ့သို့ပင် နက်နဲကာ ကျယ်ပြန့်သော ဂုဏ်သတင်း ကျော်ဇောမှု ရှိနေကြောင်း မယုံနိုင်ဖွယ်ရာ ကောလာဟလတစ်ခုကို ယန်ချင်း ကြားဖူးထားလေသည်။

အဖွဲ့အစည်းတစ်ခုသည် မတူညီသော တိုက်ကြီးသုံးခုလုံးတွင် ထိုမျှလောက် ကြီးမားသည့် ဂုဏ်သတင်းမျိုး ရှိနေခြင်းက မည်သို့သော အဓိပ္ပာယ်သက်ရောက်နေသည်ကို တွေးမိပြီး ယန်ချင်း တုန်လှုပ်သွားမိ၏။

ဤသည်မှာ မြင့်မြတ်နယ်မြေများဖြစ်ကြသော အလင်းဖြာဓားဂိုဏ်းနှင့် မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့ပင် မစွမ်းဆောင်နိုင်သည့် အရာဖြစ်လေသည်။

အကောင်းဆုံးအနေဖြင့် ၎င်းတို့သည် တောင်ပိုင်းတိုက်ကြီးအတွင်း၌သာ လွှမ်းမိုးနိုင်စွမ်းရှိပြီး မည်သည့်အဖွဲ့ကမျှ အခြားတစ်ဖွဲ့အပေါ် အပြည့်အဝ လွှမ်းမိုးနိုင်ခြင်း မရှိပေ။

အသင်္ချေသားရဲဂိုဏ်း ဖျက်ဆီးခံရချိန်တွင်ပင် သန့်စင်မြေနှစ်ခုနှင့် တောင်ပိုင်းတိုက်ကြီးအတွင်းရှိ ထိပ်တန်းအဖွဲ့အစည်း အများစုတို့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ခဲ့လေသည်။

မြင့်မြတ်နယ်မြေများအနေဖြင့် အခြားတိုက်ကြီးများသို့ သွားရောက်လည်ပတ်ပါက လေးစားမှု ခံရနိုင်သော်လည်း ထိုတိုက်ကြီးများတွင် ခိုင်မာသော အခြေချစခန်းများ တည်ဆောက်နိုင်သည့် အဆင့်အထိမူ မဟုတ်ချေ။ အကယ်၍ ထိုကောလာဟလသာ မှန်ကန်ပါက ၎င်းမှာ နဂါးမြက်ခင်းပြင်က လုပ်ဆောင်နိုင်ခဲ့သည့် အရာပင် ဖြစ်ပေမည်။

ထို့ကြောင့် ၎င်းတို့ကို မြင့်မြတ်နယ်မြေအဖြစ် ခေါ်ဆိုရမည်လား သို့မဟုတ် အခြားတစ်ခုခု ခေါ်ဆိုရမည်လားဆိုသည်ကို မည်သူမျှ မသိကြပေ။ မြင့်မြတ်မြေနှစ်ခု သို့မဟုတ် တောင်ပိုင်းတိုက်ကြီးအတွင်း၌ မှတ်တမ်းတင်ထားသော အခြားမည်သည့် မြင့်မြတ်နယ်မြေကမျှ ၎င်းတို့၏ စွမ်းရည်အကန့်အသတ်ကို စမ်းသပ်ရန် မကြိုးစားခဲ့ဖူးချေ။

သို့ရာတွင် ၎င်းတို့ကို လုယက်ရန် ကြိုးစားခဲ့သည့် ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ အနည်းငယ်၊ နယ်ပယ်အဆင့် ကျင့်ကြံသူများနှင့် အမှောင်အဖွဲ့အစည်းအချို့တော့ ရှိခဲ့ဖူးလေသည်။ မည်သို့ပင်ဆိုစေ ၎င်း၏ တည်နေရာကိုပင် မည်သူမျှ မသိရှိကြဘဲ မကောင်းသော ရည်ရွယ်ချက်များဖြင့် ၎င်းတို့၏ ဌာနချုပ်သို့ ခိုးဝင်နိုင်ခဲ့သူများမှာလည်း ထပ်မံ၍ သတင်းအစအနပင် မကြားရတော့ချေ။

တစ်ကြိမ်တွင်မူ ဂိုဏ်းတူအစ်ကိုအချို့သည် နဂါးမြက်ခင်းပြင်တွင် ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ မည်မျှ ပျောက်ဆုံးသွားခဲ့ကြောင်း လောင်းကြေးထပ်နေသည်ကို ယန်ချင်း မြင်တွေ့ခဲ့ရဖူး၏။ သူ ကြားခဲ့ရသော အရေအတွက်က သူ့ကို အံ့အားသင့် မှင်တက်သွားစေခဲ့လေသည်။ ၎င်းတို့ထဲတွင် အနည်းဆုံး ခန့်မှန်းချက်ကပင် ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ ၅,၀၀၀ ခန့် ရှိလေသည်။

ထိုအရေအတွက်မှာ ယန်ချင်းအတွက် နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူသိထားသလောက် ရုံးတော်၌ပင် ထိုအရေအတွက်၏ သုံးပုံတစ်ပုံခန့် ရှိနိုင်မည်လားဆိုသည်ကို သူ သေချာမသိသောကြောင့် ဖြစ်လေသည်။

ဂိုဏ်းတူအစ်ကိုများ၏ ခန့်မှန်းချက်များက အမှန်တရားအပေါ် အခြေခံထားခြင်းလော။ သို့မဟုတ် သူတို့ သက်သက် နောက်ပြောင်နေကြခြင်းသာ ဖြစ်လေသလော။

အဖြေမည်သို့ပင်ဖြစ်စေ ငြင်းဆို၍မရသော အမှန်တရားမှာ တိုက်ကြီးတစ်ခုလုံးတွင် ပစ္စည်းတစ်ခုခုကို လုံခြုံစွာ သိမ်းဆည်းထားလိုပါက နဂါးမြက်ခင်းပြင်ထက် ပိုကောင်းသော နေရာ မရှိခြင်းပင် ဖြစ်လေသည်။

နဂါးမြက်ခင်းပြင်သည် မှန်းဆ၍မရနိုင်သော စွမ်းအားများ ရှိနေပုံရသော်လည်း တိုက်ကြီးအတွင်း၌ လွှမ်းမိုးချုပ်ကိုင်ရန် သို့မဟုတ် ၎င်းတို့၏ ဩဇာအာဏာနှင့် စွမ်းအားများကို ချဲ့ထွင်ရန် မည်သည့်အခါကမျှ စိတ်ဝင်စားခဲ့ခြင်း မရှိချေ။ ၎င်း၏ သိုလှောင်ရေး ဝန်ဆောင်မှုများမှလွဲ၍ အခြား မည်သည့်ကိစ္စကိုမျှ ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။

တောင်ပိုင်းတိုက်ကြီးသည် အကြိမ်အနည်းငယ်မျှ ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ချိန်တွင်ဖြစ်စေ သို့မဟုတ် စစ်ပွဲများ အရှိန်ပြင်းထန်လာပြီး ပြင်ပဂိုဏ်းများနှင့် အဖွဲ့အစည်းများက ၎င်းတို့၏ အစွယ်များကို ထုတ်ဖော်လုနီးပါး ဖြစ်လာချိန်တွင်ဖြစ်စေ နဂါးမြက်ခင်းပြင်က မည်သည့်အခါမျှ ထွက်ပေါ်လာခြင်း သို့မဟုတ် ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသခြင်းမျိုး မရှိခဲ့ချေ။

တောင်ပိုင်းတိုက်ကြီးတွင် မည်သို့ပင် ဖြစ်ပျက်နေပါစေ သူတို့ ဂရုစိုက်ပုံ မရပေ။ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို မည်သူကမျှ မကျူးကျော်သရွေ့ သို့မဟုတ် မနှောင့်ယှက်သရွေ့ သူတို့သည် လူတိုင်းနှင့် အခြားအရာအားလုံးအပေါ် လျစ်လျူရှုထားလေသည်။

ထိုသို့သော သဘောထားကြောင့်ပင် ကျင့်ကြံသူ အများစုက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သူတို့ထံတွင် ယုံကြည်စိတ်ချစွာ အပ်နှံရဲကြခြင်း ဖြစ်ပေသည်။

ကမ္ဘာကြီး မီးလောင်နေပါစေ ၎င်းတို့၏ အခြေခံစည်းမျဉ်းကို ထိန်းသိမ်းထားနိုင်သရွေ့ ဂရုမစိုက်တတ်သည့် အဖွဲ့အစည်းတစ်ခုက သူတို့ကို သစ္စာဖောက်ရန် အလွန်ပင် ဖြစ်နိုင်ချေ နည်းပါးလှပေသည်။

နဂါးမြက်ခင်းပြင်တွင် ကိုယ်စားလှယ်များ နေရာအနှံ့ ရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင် သင့်ထံသို့ ထုတ်ဖော်မပြသသရွေ့ ၎င်းတို့သည် မည်သူဖြစ်ကြောင်းကို သင် မည်သည့်အခါမျှ သိရှိနိုင်မည် မဟုတ်သကဲ့သို့ နဂါးမြက်ခင်းပြင်၏ ဝန်ဆောင်မှုများကို ရယူနိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

၎င်းတို့၏ ဖောက်သည်များကို ရွေးချယ်ရာတွင် မည်သည့် သတ်မှတ်ချက်မျှ ရှိပုံမရပေ။ ၎င်းတို့၏ ဖောက်သည်စာရင်းထဲတွင် သူတော်စင်များ၊ မိစ္ဆာလမ်းစဉ်လိုက်သူများ၊ မသန်စွမ်းသူများနှင့် ပါရမီရှင်များကိုပါ တွေ့မြင်နိုင်လေသည်။

မည်သည့် အကြောင်းပြချက် သို့မဟုတ် စည်းမျဥ်းကိုမျှ လိုက်နာပုံမရချေ။ လူတစ်သိန်း နှစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့ဖွယ်ရှိသော ကွေ့ရှစ်ရန်ကဲ့သို့ သွေးလက်တစ္ဆေဂိုဏ်းဝင် တစ်ဦးပင်လျှင် ၎င်းတို့၏ ဝန်ဆောင်မှုများကို ရယူနိုင်ခဲ့ခြင်းက လူတစ်ဦး၏ စရိုက်လက္ခဏာ သို့မဟုတ် ကျင့်ကြံခြင်း ပါရမီစွမ်းရည်သည် ဤကိစ္စနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း ပြသနေလေသည်။

အမှန်တကယ် လိုအပ်ချက်များနှင့် ပတ်သက်၍မူကား... မည်သူမျှ မသိကြပေ။

ယန်ချင်းသည် နဂါးမြက်ခင်းပြင်၏ သိုလှောင်ခွင့်ရရှိသည့် ဖောက်သည်တစ်ဦး ဖြစ်လာရန် တွေးတော စိတ်ကူးယဉ်နေမိတော့၏။

အကယ်၍ ဤသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်ကသာဆိုလျှင် ထိုကဲ့သို့သော အတွေးမျိုးကို သူ တွေးတောရဲမည်ပင် မဟုတ်ချေ။ သူ၏ နာမည်အောက်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပင် မပြည့်ဘဲ မည်သည့်အရာမျှ မရှိခဲ့သော်လည်း ယခုအခါတွင်မူ အခမ်းအနား၌ သူ စုဆောင်းရရှိခဲ့သော လက်ဆောင်အရေအတွက်များဖြင့် အဆင့် (၄) မျိုးနွယ်စုတစ်စု၏ ချမ်းသာကြွယ်ဝမှုကိုပင် ကောင်းစွာ ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်လေသည်။

'အမှောင်ဈေးကွက်တွေမှာ ကံစမ်းနေမယ့်အစား လေလံရုံတွေမှာ နည်းနည်းပါးပါး ငွေဖြုန်းလိုက်ရင် ကောင်းမလား’

ယန်ချင်း တွေးလိုက်မိသော်လည်း မကြာမီပင် ထိုအတွေးများကို ပြန်လည်မောင်းထုတ်လိုက်လေသည်။

သူသည် တန်ဖိုးနည်းနည်းဖြင့် ကောင်းမွန်သော ပစ္စည်းများကို ရရှိနိုင်မည့် အကြံအစည်နှင့် မိမိရရှိလိုက်သည်မှာ ကျောက်တုံးကဲ့သို့ သာမန်ပစ္စည်းတစ်ခုလား သို့မဟုတ် ကြိုဆိုပွဲတွင် ဌာနမှူး ကျူးလောင်အား သူ လက်ဆောင်ပေးခဲ့သော ကျောက်စာချပ်ကဲ့သို့ ထူးခြားသော အရာတစ်ခုများလားဆိုသည့် တွေးတောရသည့် လျှို့ဝှက်ဆန်းကြယ်မှုများကို နှစ်သက်နေဆဲပင် ဖြစ်လေသည်။

...

ကွေ့ရှီရန်၏ အနာဂတ်နှင့် ပတ်သက်၍ ဒုတိယအကျဉ်းထောင်မှူး ရှောင်းအန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့တို့ နှစ်ဦးစလုံးက အသေးစိတ် ရှင်းပြခဲ့ကြလေသည်။

သူ၏ထံတွင် ရှိနေသော မည်သည့် သတင်းအချက်အလက်များကိုမဆို ရက်သတ္တပတ် အနည်းငယ်မှ လအနည်းငယ်အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။

၎င်းမှာ သူ၏အပေါ်တွင် ချမှတ်ထားသော ကျိန်စာများကို ဘေးကင်းလုံခြုံစွာ ဖျက်ဆီးနိုင်ရန် လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့ ခန့်မှန်းပေးထားသော အချိန်ကာလပင် ဖြစ်လေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ တွက်ချက်မှု၏ ဘေးကင်းလုံခြုံရေး အပိုင်းသည် ကွေ့ရှီရန်၏ ကျန်းမာရေးနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဘဲ မည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ထားခြင်းနှင့်သာ သက်ဆိုင်နေခြင်း ဖြစ်ပေသည်။

သွေးလက်တစ္ဆေဂိုဏ်း အသုံးပြုသော ကျိန်စာများကဲ့သို့ ကောက်ကျစ်စဉ်းလဲသော ကျိန်စာများတွင် လျှို့ဝှက်ယန္တရားများစွာ ပါရှိပြီး ၎င်းတို့အနက် တစ်ခုမှာ ကျိန်စာထဲတွင် ထည့်သွင်းထားသော သတိပေးချက်များပင် ဖြစ်လေသည်။

ထိုသတိပေးချက်များသည် ၎င်းတို့၏ ကျိန်စာများ ပျက်ပြယ်သွားကြောင်းကို ကျိန်စာချမှတ်ခဲ့သူထံသို့ အသိပေးမည် ဖြစ်လေသည်။ အချို့ကျိန်စာများမှာ ကျိန်စာဖျက်ခံလိုက်ရသူ၏ အမည်နာမကိုပင် ထုတ်ဖော်ပြသနိုင်သည့် အဆင့်အထိပင် ရောက်ရှိနေလေသည်။

ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာပါက ကွေ့ရှီရန် သေဆုံးသွားခြင်းမှာ လှည့်ကွက်တစ်ခု ဖြစ်ကြောင်း သွေးလက်တစ္ဆေဂိုဏ်းမှ သိရှိသွားမည်ဖြစ်ပြီး ရုံးတော်ဘက်မှ ဖန်တီးထားသော အလစ်အငိုက်တိုက်ခိုက်မှုများ အားလုံးလည်း ပျက်ပြယ်သွားမည်ဖြစ်လေသည်။

သို့မဟုတ်ပါက အဆိုပါ သတင်းအချက်အလက်များကို အခွင့်ကောင်းယူ၍ ဂိုဏ်းမှ သူတို့ပိုင် ထောင်ချောက်များကိုပင် ပြန်လည်ဆင်ထားနိုင်လေသည်။

ရုံးတော်သည် ဂိုဏ်းကို ပစ်မှတ်ထားနေခဲ့သည့် နှစ်များအတွင်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးက တစ်ကြိမ်ထက်မက ဖြစ်ပွားခဲ့ဖူးလေသည်။

၎င်းတို့၏ ကျိန်စာများသည် ရုံးတော် တွေ့ကြုံဖူးသမျှထဲတွင် အရှုပ်ထွေးဆုံး ကျိန်စာအချို့ ဖြစ်ကြပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အစွမ်းထက်မှုအပေါ် မူတည်၍ ကျိန်စာမှာလည်း ပို၍ အစွမ်းထက်ကာ သိမ်မွေ့လာလေသည်။

အဘယ်ကြောင့်ဆိုသော် ပို၍ အစွမ်းထက်သူများက ပို၍ သိရှိထားကြပြီး ဖမ်းဆီးခံရပါက ဂိုဏ်းအတွက် ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

နဝမမြောက် သွေးလက်ချောင်းမှာ ရုံးတော်၏ ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင် ရှိနေသော်လည်း နှစ်ပေါင်းများစွာ ကြာသည်အထိ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သည့် အကြောင်းရင်းမှာ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပြင် အဓိက အကြောင်းရင်းမှာမူ သူ၏အပေါ်တွင် ချမှတ်ထားသော အဆင့်မြင့် ကျိန်စာကြောင့်ပင် ဖြစ်လေသည်။

ကျိန်စာချမှတ်ရာတွင် ပါဝင်သည့် ကျွမ်းကျင်မှုအဆင့်က ဖန်တီးသူ မည်မျှ ပါရမီပါကြောင်းနှင့် ၎င်းတို့၏ ထိပ်တန်းအဆင့် နည်းစနစ်များကို ဖော်ပြနေလေသည်။

ကံကောင်းထောက်မစွာဖြင့် ပြင်းပြင်းထန်ထန် လေ့လာစူးစမ်းပြီးနောက် အထူးစစ်ကြောရေးမှူးများနှင့် ဝိညာဉ်ငြိမ်းချမ်းရေး သက်တော်စောင့်များ ပူးပေါင်းကာ ထိုသို့သော အဆင့်မြင့်ကျိန်စာများတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ကျိန်စာချခံရမည့် ကျင့်ကြံသူ၏ စွမ်းအားနှင့် ပတ်သက်၍ ကန့်သတ်ချက် တစ်ခုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြလေသည်။

၎င်းတွင် အရှင်သခင်အဆင့် ပစ္စည်းများနှင့်အတူ သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို ကျောက်ဆူးအဖြစ် လိုအပ်ပြီး ကျိန်စာချခံရမည့် ကျင့်ကြံသူမှာလည်း ကျိန်စာ၏ အလုံးစုံ ဝါးမျိုခြင်းကို မခံရစေရန် အနည်းဆုံး နယ်ပယ်အဆင့်တွင် ရှိနေရမည် ဖြစ်ပေသည်။

ထိုသို့သော သတ်မှတ်ချက်များကြောင့် သွေးလက်ချောင်းများသာလျှင် ၎င်းကို ဖြည့်ဆည်းနိုင်စွမ်း ရှိပေသည်။

တုန်းယန်လင်က ပို၍ အားနည်းသောကြောင့် ကွေ့ရှီရန်၏ ကျိန်စာသည် သူ၏ ကျိန်စာထက် ပို၍ ရှုပ်ထွေးနိုင်ဖွယ် ရှိသော်လည်း ကျိန်စာ၏ စွမ်းအားမှာ ပြုပြင်ပြောင်းလဲနိုင်သော အတိုင်းအတာ တစ်ခုအထိတော့ ရှိနေသေးပေသည်။

လက်ထောက်ညွှန်ကြားရေးမှူးဖုန်းလဲ့သည် လအနည်းငယ်အတွင်း ဖြေရှင်းရန် နည်းလမ်းရှာဖွေနိုင်မည်ဖြစ်ကြောင်း အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိနေပြီး ယန်ချင်း ကြားသိရသလောက် သူသည် ဌာနမှူး ကျူးလောင်၏ အကူအညီကိုပင် လက်ထောက်အဖြစ် တောင်းဆိုထားလေသည်။

ထို့ကြောင့်ပင် ဒုတိယအဓိပတိဝူလင်း တက်ရောက်လာခြင်း ဖြစ်၏။ သူသည် အထက်လူကြီး တစ်ဦးအနေဖြင့် ယင်းကိစ္စအတွက် လက်မှတ်ရေးထိုး ခွင့်ပြုပေးရန် လိုအပ်ပေသည်။

All Chapters