နက်ရှိုင်းစွာ ပြန့်နှံ့နေသော ဂုဏ်သတင်း
Vol. 27 Ch. 267
“အဖွဲ့အစည်းရဲ့ကိုယ်စား ဒီအခမ်းအနားကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်”
“တချို့အတွက် ခရီးက မလွယ်ကူသလို၊ အခုလို တက်ရောက်ပေးဖို့ အချိန်ပေးရတာလည်း လွယ်ကူမှာမဟုတ်ဘူးဆိုတာ ကျုပ် သိထားပါတယ်”
“ဒါ့ကြောင့် အဖွဲ့အစည်းရဲ့ တရားသူကြီးချုပ်ဖြစ်တဲ့ ကျုပ်လိုင်နင်က လာရောက်ချီးမြှင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”
“ခင်ဗျားတို့ ဘယ်အဆင့်ရှိတဲ့ အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အားလုံးကို ဒီဂါရဝပြုမှုနဲ့ ဦးညွှတ်ပါတယ်။ ဒီနေရာမှာ ခင်ဗျားတို့ ရှိနေပေးတာကို အထူးပဲ ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်”
တရားသူကြီးချုပ်လိုင်နင်က ဧည့်သည်များကို တာအိုဂါရဝပြုလျက် ပြောလိုက်လေသည်။
ထိုဂါရဝပြုမှုသည် နားမလည်သူများအတွက် ရိုးရှင်းကာ အဓိပ္ပာယ်မဲ့ပုံပေါ်နိုင်သော်လည်း ကျင့်ကြံခြင်းလောကအတွက်မူ ၎င်း၏နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ လေးနက်လှပေသည်။
ကျင့်ကြံသူတစ်ဦးမှ အခြားကျင့်ကြံသူတစ်ဦးအား တာအိုဂါရဝပြုခြင်းမှာ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းပုံစံတစ်မျိုးဖြစ်ရာ ယင်းကို မည်သည့်အခါမျှ ပေါ့ပေါ့တန်တန် ပြုလုပ်လေ့မရှိချေ။
ထို့ကြောင့် တရားသူကြီးချုပ်လိုင်နင်၏ ရိုးရှင်းသော တာအိုဂါရဝသည် အဆင့် (၃) နှင့် ယင်းအောက်ရှိသူများကို စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားစေခဲ့၏။
သူတို့၏ တက်ရောက်လာမှုကို ကမ္ဘာပေါ်ရှိ အကြီးဆုံးအဖွဲ့အစည်းများအနက်မှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးက အသိအမှတ်ပြုကာ တန်ဖိုးထားခဲ့ပေသည်။
ထိုနှုတ်ခွန်းဆက်စကားကြောင့် သူတို့ခံစားရသော စိတ်လှုပ်ရှားမှုသည် မြင့်မြတ်နယ်မြေနှစ်ခုမှ အဖွဲ့ဝင်များ ရောက်ရှိလာစဉ်က ဖြစ်ပေါ်ခဲ့သည့် စိတ်လှုပ်ရှားမှုနှင့် ထပ်တူကျနေလေသည်။
“ကျုပ်က ကျောင်းတော်သားတစ်ယောက် မဟုတ်သလို ဒီလိုကိစ္စမျိုးကို သိပ်ပြီးကျင့်သားရမနေတဲ့အတွက် ခင်ဗျားတို့ရဲ့ အချိန်တွေကို အများကြီး ယူမှာမဟုတ်ပါဘူး”
“ဒီနေ့မှာတော့ ကျုပ်တို့အဖွဲ့ထဲက တစ်ယောက်ကို အသိအမှတ်ပြုချင်ပါတယ်။ သူက အတိုင်းအတာတစ်ခုအထိ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ကြီးမားတဲ့ အလားအလာတွေရှိတဲ့ လူငယ်ကျင့်ကြံသူတစ်ဦး ဖြစ်ပါတယ်”
“သူက ကျုပ်တို့ တောင်းဆိုသမျှကို လုပ်ဆောင်ခဲ့ပြီး အဖွဲ့အစည်းရဲ့ တရားသူကြီးတစ်ဦးအနေနဲ့ သူ့ရဲ့ရာထူးအပေါ် စံပြလောက်တဲ့ စိတ်နေသဘောထား စိတ်အားထက်သန်မှုတွေနဲ့ လုပ်ဆောင်ခဲ့တာပါ...”
ယန်ချင်း၏ နားထဲတွင် ဆူညံနေပြီး ထိုစကားများအားလုံးမှာ သူ့အကြောင်းဖြစ်နေသည်ကို မယုံနိုင်အောင် ဖြစ်နေမိ၏။
သူသည် သူ၏ ဂုဏ်သတင်းကို ကောင်းစွာ သိရှိထားပြီး အမှန်တကယ်ပင် အဖွဲ့အစည်းတစ်ခုလုံးနီးပါးက သူ၏ ဂုဏ်သတင်းကို လက်ထောက်ညွှန်ကြားရေးမှူးကျွင်းဖေး ကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များနှင့် မုန့်ချောင်ကဲ့သို့သော အထက်နယ်မြေ တရားသူကြီးများ၏ နားပေါက်အထိ ရောက်ရှိသွားသည်အထိ ကောင်းစွာ သိရှိထားပေသည်။
ယန်ချင်းပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အဖွဲ့အစည်းမှ ဝန်ထမ်းများ ထိုင်နေသည့် နေရာတွင်မူ သူတို့အားလုံးနီးပါး ဖုံးကွယ်ရန် ကြိုးစားနေကြသော်လည်း မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ရှိနေကြပြီး အချို့က တရားသူကြီးချုပ်လိုင်နင် ပြောနေသည့်စကားများအပေါ် အနည်းငယ် ခိုးရယ်နေကြလေသည်။
‘ဒီကောင်တွေ သူတို့ခံစားချက်ကို ကောင်းကောင်းမွန်မွန် မဖုံးကွယ်တတ်ဘူးလား’
‘သူတို့လုပ်ပုံနဲ့ တစ်ခုခုလွဲနေတာကို ဧည့်သည်တွေ သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ’
ယန်ချင်းသည် စိုးရိမ်တကြီး တွေးလိုက်ရင်း သူတို့ကို လျစ်လျူရှုကာ နားထောင်ရအလွန်ကောင်းနေသည့် တရားသူကြီးချုပ်လိုင်နင်၏ စကားများကို ဆက်လက် နားထောင်ရန် ဆုံးဖြတ်လိုက်၏။
၎င်းသည် မှတ်တမ်းတင် ကျောက်စိမ်းဖြူအဆောင် တစ်ဒါဇင်ကျော်ကို ယူဆောင်ကာ လမ်းလျှောက်တတ်သည့် မော့ယွင်ရု၏ အကျင့်မျိုးကို သူ လိုချင်မိသည့်ရှားရှားပါးပါး အကြိမ်များထဲမှ တစ်ကြိမ်ပင် ဖြစ်လေသည်။
သူသည် ဤအခိုက်အတန့်ကို ထာဝရ မှတ်တမ်းတင်ထားချင်ပြီး သူ၏အိမ်သို့ သူငယ်ချင်းများ လာလည်သောအခါ ကြွားလုံးထုတ်ရန် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
သူသည် ခန်းဟွေလန်နှင့် ကျန်သူများကို ကုလားထိုင်တွင် ကြိုးဖြင့်ချည်ကာ ထိုမှတ်တမ်းများကို အကြိမ်တစ်ထောင်ကျော် နားထောင်ခိုင်းရန်ပင် စိတ်ကူးယဉ်နေမိချေသည်။
..
“အဖွဲ့အစည်းထဲမှာ သူလို လူငယ်ကျင့်ကြံသူတွေကို မြင်ရတဲ့အတွက် ကျုပ် အလွန်ပဲ ဝမ်းမြောက်မိပါတယ်”
“မြင့်မားတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားပေမယ့် ပိုပိုကောင်းလာအောင် နေ့စဉ်ဘဝမှာ အမြဲတမ်း ကြိုးစားအားထုတ်နေကြသူတွေပါပဲ။ တရားသူကြီး ယန်ချင်းကလည်း အဲဒီလို လုပ်ဆောင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”
“ဒီအခမ်းအနားကို ရာထူးတိုးအခမ်းအနားလို့ ခေါ်ပေမယ့် ဒါဟာ နှစ်အတော်ကြာ သူလုပ်ဆောင်ခဲ့တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်”
“ဒါကြောင့်လည်း သူက အသက် ၂၃ နှစ်ဆိုတဲ့ နုနယ်တဲ့ အရွယ်နဲ့ ကျုပ်တို့ တရားရုံးတွေကို ကျက်သရေဆောင်ပေးမယ့် အသက်အငယ်ဆုံး နန်းတော်အဆင့်တရားသူကြီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တာပါ”
“ယန်ချင်း တရားသူကြီးတစ်ဦးအနေနဲ့ရော ဒီအလွန်ကောင်းမွန်တဲ့ အဖွဲ့အစည်းရဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ပါ အဖွဲ့အစည်းအတွက် မင်းလုပ်ဆောင်ခဲ့သမျှ အားလုံးအတွက် ကျုပ် ဂုဏ်ပြုပါတယ်”
“အဖွဲ့အစည်းက ဥက္ကဋ္ဌအပါအဝင် လူတိုင်းက မင်းရဲ့ အောင်မြင်မှုတွေ အားလုံးကို သိကြတယ်။ တရားခွင်ပေါ်မှာရော တရားခွင်အပြင်ဘက်မှာရောပေါ့ ...အထူးသဖြင့် ခုနောက်ပိုင်းကိစ္စကိုပေါ့...”
တရားသူကြီးချုပ်လိုင်နင်က ထိုစကားကို ပြောလိုက်သောအခါ စင်မြင့်ပေါ်တွင်ဖြစ်စေ အခြားဝန်ထမ်းများ ထိုင်နေသည့်နေရာတွင်ဖြစ်စေ ရောက်ရှိနေကြသော အဖွဲ့အစည်းမှ အဖွဲ့ဝင်များအားလုံး ရယ်မောကြသဖြင့် သူက စကားပြောအား ခေတ္တရပ်နားလိုက်လေသည်။
အဖွဲ့အစည်း၏ အဖွဲ့ဝင်တိုင်းနီးပါး ထိုစကားအပေါ် အဘယ်ကြောင့် ရယ်မောနေကြသနည်းဟူသည်ကို နားမလည်နိုင်ကြသဖြင့် မြင့်မြတ်နယ်မြေများမှ အထူးဧည့်သည်များ အပါအဝင် ကျန်ရှိနေသော လူအုပ်ကြီးထံမှ စူးစမ်းလိုသော အကြည့်များကို ဆွဲဆောင်သွားခဲ့၏။
သူတို့ နားလည်ထားသလောက်ဆိုလျှင် ထိုစကားတွင် မည်သည့် လျှို့ဝှက်ဟာသမျှ ပါဝင်နေပုံ မပေါ်ချေ။
သို့သော် ရယ်မောလိုက်သူတိုင်းက တရားသူကြီးချုပ်လိုင်နင်ပြောသည့် ယန်ချင်း၏ တရားခွင်အပြင်ဘက် အောင်မြင်မှုများ ဆိုသည်ကို တိကျစွာ သိရှိထားကြပေသည်။
ယန်ချင်း ကိုယ်တိုင်ပင်လျှင် ၎င်းက မည်သည့်အရာဖြစ်သည်ကို တိတိကျကျ သိထားသောကြောင့် ယခုအချိန်တွင် သူ၏ မျက်နှာမှာ ဖြူဖျော့နေရခြင်း ဖြစ်လေသည်။
‘ဥက္ကဋ္ဌတောင် သိတယ်ပေါ့။ သူက ဘယ်လိုလုပ် သိတာလဲ။ ကျင့်ကြံသူတွေရဲ့ အခွင့်အရေးနဲ့ လုပ်ငန်းခွင် အခြေအနေတွေအတွက် တိုက်ပွဲဝင်နေတဲ့ စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ရဲ့ လုပ်ရပ်တွေကို စိတ်ဝင်စားစရာမလိုတဲ့ မြင့်မြတ်တဲ့ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား’
‘ငါ အဆင်ပြေပါ့မလား မသိဘူး’
ယန်ချင်းသည် တရားသူကြီးချုပ်လိုင်နင်၏ မိန့်ခွန်းမှ နောက်ထပ်စကားလုံးများကို ကြောက်ရွံ့စွာ တွေးလိုက်မိ၏။
ခေတ္တရပ်နားပြီးနောက်၊ လူအုပ်ကြီး ငြိမ်သက်သွားချိန်တွင် တရားသူကြီးချုပ် လိုင်နင်က သူ၏မိန့်ခွန်းကို ဆက်လက် ပြောကြားလေသည်။
“မင်း ဝေမျှပေးခဲ့တဲ့ အမြင်တွေနဲ့ အကြံပြုချက်တွေက အဖွဲ့အစည်းရဲ့ မူဝါဒကို တောင်ပိုင်းတိုက်ကြီးရဲ့ ကျင့်ကြံသူတွေနဲ့ လူဦးရေတစ်ခုလုံးကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်အောင် ပြုပြင်မွမ်းမံရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်”
“ဒါ့အတွက် ကျုပ်တို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ တရားသူကြီးချုပ်အနေနဲ့ ကျုပ်ရဲ့ အခွင့်အာဏာအရ၊ ယန်ချင်းကို အပြင်နန်းတော်ရုံး တရားသူကြီးတစ်ဦးအဖြစ် အခွင့်အရေးများနဲ့ ညီမျှတဲ့ တာဝန်ဝတ္တရားတွေအားလုံးနဲ့အတူ တရားဝင် ကြေညာလိုက်ပါတယ်”
“ယန်ချင်း ရှေ့ကိုလာခဲ့ပါလား။”
တရားသူကြီးချုပ် လိုင်နင်က ယန်ချင်းအား လှမ်းခေါ်ရင်း ပြောလိုက်လေသည်။
ယန်ချင်းသည် မတ်တပ်ရပ်လိုက်ကာ ခိုင်မာသော ခြေလှမ်းများဖြင့် လေးနက်စွာ လျှောက်သွားလေသည်။
သူ ခြေလှမ်းအနည်းငယ်မျှ ဝေးကွာသောနေရာသို့ ရောက်သည်နှင့် တရားသူကြီးချုပ် လိုင်နင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စင်မြင့်အောက်ရှိ မြေပြင်အောက်မှ တိုးညင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။
ဤအခမ်းအနားများသို့ အကြိမ်အနည်းငယ်မျှ ရောက်ဖူးသော ဧည့်သည်များမှာ ထိုဟိန်းဟောက်သံကြောင့် သိပ်ပြီး အံ့သြမသွားခဲ့သော်လည်း ယင်းအတွေ့အကြုံနှင့် စိမ်းသက်နေသူများမှာမူ ဟိန်းဟောက်သံကြောင့် အပြည့်အဝ ထိတ်လန့်သွားကြပေသည်။
ထိုဟိန်းဟောက်သံက သူတို့၏ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုများကို ဆွဲထုတ်လိုက်သကဲ့သို့ သူတို့၏ ဝိညာဉ်များအတွင်းသို့ပင် ပဲ့တင်ထပ်သွားလေသည်။