ယန်ချင်း၏ ဉာဏ်ပညာကို မျှဝေခြင်း
Vol. 20 Ch. 198
"အချိန်နည်းနည်းကြာသွားတော့ အပြင်ကလူတွေ ရုတ်ရုတ်သဲသဲဖြစ်နေမှာ သေချာတယ်"
ယန်ချင်းသည် မြူခိုးများအပေါ် သူ၏ဒေါသများကို ပုံချပြီးနောက် ရေရွတ်လိုက်လေ၏။
သူ၏ခန့်မှန်းချက်အရ အနည်းဆုံး နှစ်နာရီခန့် ကြာမြင့်သွားခဲ့ချေပြီ။ ယင်းက အကဲဖြတ်မှုအတွက် ရောက်ရှိလာကြသော အဖွဲ့အစည်းများကို သံသယဝင်စေမည်မှာ အသေအချာပင် ဖြစ်သည်။
အထူးသဖြင့် ကြာမြင့်သွားသောအချိန် ကွာဟမှုနှင့် ထိုအချိန်အတွင်း ၎င်းတို့အား မည်သူကမျှ ဖြေရှင်းပြောဆိုခြင်း မရှိသောကြောင့်ပင်တည်း။
သူသည် ခန်းမကို ချိပ်ပိတ်ထားခဲ့ပြီး သူနှင့်အတူ ခန်းမအတွင်းရှိလူအားလုံးကို အထဲတွင် ပိတ်လှောင်ထားခဲ့လေသည်။
အပြင်ဘက်ရှိလူများအနေဖြင့် အဆောက်အအုံခန်းမတွင် သူချထားသော ချိပ်ပိတ်ခြင်းကို ဖျက်ဆီးနိုင်လောက်အောင် သူ့ထက် ပို၍အားကောင်းသူများ မဟုတ်လျှင် အတင်းအကျပ် ဝင်ရောက်လာနိုင်မည်မဟုတ်ပေ။
ပထမဆုံး အကဲဖြတ်မှုတစ်ရာကို အလွန်လျင်မြန်စွာ ပြီးစီးခဲ့သော်လည်း ယခုအခါ အကဲဖြတ်မှုတစ်ခုတည်းအတွက် အဖွဲ့အစည်းနှစ်ဆယ်ကို အကဲဖြတ်ရန် ကြာမည့်အချိန်နှင့် တူညီနေပေသည်။
ထိုမျှ ကြီးမားလှသော အချိန်ကွာဟမှုကြီးကို သူတို့ သတိမထားမိဘဲ နေမည်မဟုတ်ပေ။
ထို့အပြင် ဂိုဏ်းချုပ်နှင့် ဆုလီဝေတို့ ထွက်မလာကြသောအခါ သို့လောသို့လောနှင့် မေးခွန်းထုတ်စရာများ တိုးလာမည်မှာ သေချာလှ၏။
"ဖြစ်လာသမျှကိုတော့ ရင်ဆိုင်ရမှာပဲလေ။ ဒါပေမဲ့ ဒီလူနှစ်ယောက်အတွက် ရှင်းပြတာကလည်း အဆင်ပြေပါတယ်။”
“အထူးသဖြင့် မဟူရာတစ္ဆေဂိုဏ်းက သူတို့ရဲ့ပိုင်နက်ထဲမှာ ဌာနခွဲဖွင့်ထားမယ်ဆိုရင် ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းကို သတိပေးသင့်တယ်"
သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ပျက်စီးသွားသော ကြမ်းပြင်သည် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားစဉ် ယန်ချင်းက တွေးလိုက်လေသည်။
သို့သော် အနီးကပ် သေချာကြည့်မည်ဆိုပါက ခန်းမ၏ ကျန်နေရာများနှင့် နှိုင်းယှဉ်လျှင် ပြန်လည်ပြုပြင်ထားသော ကြမ်းပြင်ပေါ်၌ မသိမသာကွာခြားချက်တစ်ခုကို သတိပြုမိနိုင်ပေမည်။
ပစ္စည်းအမျိုးအစား တူညီသော်ငြား ဆုလီဝေကို သူ တိုက်ခိုက်စဉ်က ဖြစ်ပေါ်ခဲ့သည့် အပေါက်ပေါ်တွင် ယန်ချင့် ဖန်တီးလိုက်သော သစ်သားသည် ပို၍သဘာဝဆန်သော ခံစားမှုကို ရရှိစေသည်။
၎င်းသည် ပြုပြင်ထားသော သစ်သားထက် သစ်ပင်အစစ်နှင့် ပို၍တူနေလေ၏။
"အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ပိုင်နက်ထဲမှာ နောက်ထပ်ဌာနခွဲတစ်ခုကို တည်ထောင်သင့်၊ မသင့်ကိုတောင် ငါမစဥ်းစားတတ်တော့ဘူး။”
သမင်တောင်ဌာနခွဲကို သမင်တောင်တိုင်းပြည်နဲ့ ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းရဲ့ ပိုင်နက်နှစ်ခုလုံးမှာရှိတဲ့ အမှုကိစ္စတွေကို ကိုင်တွယ်ခိုင်းတာက နည်းနည်းတော့ ဝန်ပိစေလိမ့်မယ်။
သူတို့နှစ်ခုလုံးမှာ တူညီတဲ့ ပြဿနာတွေ ရှိနေတယ်။ အဖွဲ့အစည်းက အစီအစဉ်တစ်ခုခု အကောင်အထည်ဖော်နေဖို့ မျှော်လင့်ပါတယ်။
“ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီကိစ္စကို တွန်းအားပေးဖို့ ငါ့ရဲ့တွေ့ရှိချက်တွေကိုတော့ တင်ပြရလိမ့်မယ်"
ယန်ချင်းသည် သူ၏ဝတ်ရုံကို ပြင်ဆင်ရင်း တွေးတောလိုက်လေသည်။
...
မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့မှာ အလွန်အမင်းစိုးရိမ်ပူပန်နေကြပြီး အထူးသဖြင့် တစ်နာရီခန့် ကြာမြင့်သွားချိန်အထိ ယန်ချင်းထံမှ အရိပ်အယောင်မျှ ထွက်မလာသောအခါ ပို၍ဆိုးရွားလာလေ၏။
ထိုအချိန်တစ်လျှောက်လုံး သူတို့ကို ငြိမ်သက်စွာ နေနိုင်ရန် ကူညီပေးခဲ့သည့် တစ်ခုတည်းသောအရာမှာ ယန်ချင်းကို ဝန်းရံထားသော မြူခိုးများပင် ဖြစ်သည်။
မြူခိုးများ ရှိနေသေးခြင်းက ယန်ချင်း အဆင်ပြေနေသေးကြောင်း သက်သေပြနေပေသည်။
တဖြည်းဖြည်းလျော့ပါးသွားသော မြူခိုးများထဲမှ ယန်ချင်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါမှသာ သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အမူအရာများ ပေါ်လွင်သွားလေသည်။
စက္ကန့်အနည်းငယ်အတွင်း ကျီးကန်းဖြူနှင့်အတူ မြူခိုးများ ပျောက်ကွယ်သွားခဲ့၏။
ကျီးကန်းဖြူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အဆောက်အအုံ၏ နံရံများသည်လည်း ခေတ္တမျှ တလက်လက် တောက်ပသွားလေသည်။
ဆုလီဝေ မရှိတော့ဘူးလား။
မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျယ် နှစ်ဦးလုံးသည် ကိစ္စရပ်အားလုံး၏ နောက်ကွယ်မှ တရားခံပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်ကြသည်။
သို့သော် သူတို့သည် သတိထားနေကြပြီး တစ်စုံတစ်ရာကို မေးမြန်းရန် အနည်းငယ် တွန့်ဆုတ်နေကြပေသည်။
ယန်ချင်းသာ မည်သည့်အရာကိုမျှ ထုတ်ဖော်မပြောရန် ဆုံးဖြတ်ခဲ့လျှင် ဤကိစ္စရပ်တစ်ခုလုံး မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ရန် သူတို့ ကြိုတင်သဘောတူထားပြီး ဖြစ်သည်။
လိုအပ်လာပါက ဘုရင်ကြီးထံမှပင် ဤကိစ္စကို ဖုံးကွယ်ထားကြမည့် အခြေအနေအထိပင်။
ယန်ချင်းက မည်သို့ပင် ဆုံးဖြတ်စေကာမူ သူတို့က လက်ခံလိုက်နာကြမည် ဖြစ်သည်။
ထိုခဏတာ အတွေ့အကြုံမှ သူတို့၏ ဆင်ခြင်သုံးသပ်ချက်အရ ဤကိစ္စမှာ သူတို့တိုင်းပြည်၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် များစွာ ကျော်လွန်နေပေသည်။
....
"တိုက်ခိုက်သူက မဟူရာတစ္ဆေဂိုဏ်းက လူတစ်ယောက်ပဲ။”
“သူတို့ ဂိုဏ်းစထောင်တဲ့အချိန်တုန်းက မင်းတို့ရဲ့တိုင်းပြည်ကလည်း တည်ထောင်ပြီးလောက်ပြီဆိုတော့ သူတို့ ဘယ်သူတွေလဲဆိုတာ အကြမ်းဖျင်းတော့ သိလောက်မှာပါ"
ယန်ချင့်သည် သူတို့၏ သိချင်စိတ်ပြင်းပြကာ တုံ့ဆိုင်းနေသော အမူအရာများကို မြင်တွေ့လိုက်ရသဖြင့် သူတို့ကို ရှင်းပြလိုက်လေ၏။
မဟူရာတစ္ဆေဂိုဏ်းအကြောင်း သူတို့သိရှိထားမည်ဟူသော ယန်ချင်း၏ ယူဆချက်ကို မှန်ကန်ကြောင်း အတည်ပြုသည့်အနေဖြင့် မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့ နှစ်ဦးလုံး ခေါင်းညိတ်ပြလိုက်ကြသည်။
နွေဦးလွင်ပြင်တိုင်းပြည်သည် အဆင့်တူတိုင်းပြည်များလောက် သမိုင်းကြောင်းမရှည်လျားသော်လည်း အနည်းဆုံး နှစ်ပေါင်းရှစ်ထောင်ခန့် တည်ရှိခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာခန့်က အဖွဲ့အစည်း၏လက်ချက်ဖြင့် မပြိုကွဲမီအချိန်အထိ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မဟူရာတစ္ဆေဂိုဏ်းအကြောင်းကို တစ်စွန်းတစ်စ သိရှိထားကြပေသည်။
ထို့ပြင် တိုင်းပြည်အတွင်းရှိ သူတို့၏ရာထူးအဆင့်အတန်းအရ သူတို့သိရှိထားသော အချက်အလက်များမှာလည်း သာမန်ကာလျှံကာ မဟုတ်ပေ။
"ဒါဆိုရင် ကိစ္စတွေက ရှင်းပြရ ပိုလွယ်သွားပြီ။ သူတို့နဲ့ပတ်သက်တဲ့ ကျုပ်တို့ရဲ့သမိုင်းကြောင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။”
“ဆုလီဝေရဲ့ ပစ်မှတ်က ကျုပ်တစ်ယောက်တည်းကိုပဲ ရည်ရွယ်ခဲ့တာ။ သူက အကဲဖြတ်ပွဲကို တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချခဲ့တာပဲ"
"သူကတော့ သေသွားပါပြီ။ သူနဲ့ သူ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှကို အဖွဲ့အစည်းကပဲ ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်။”
“ဒါကြောင့် နွေဦးလွင်ပြင်တိုင်းပြည်အနေနဲ့ ဒီကိစ္စမှာ ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်မှု မရှိစေရဘူးလို့ ခင်ဗျားတို့အားလုံး စိတ်ချထားလို့ရပါတယ်"
သူတို့၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးရန် ကြိုးစားရင်း ယန်ချင်းက ပြောလိုက်လေသည်။
ယခုအခါ အတိတ်က အရှိန်အဝါ၏ အကြွင်းအကျန်အနေဖြင့်သာ တည်ရှိနေတော့သည်ဆိုလျှင်ပင် မဟူရာတစ္ဆေဂိုဏ်းသည် နွေဦးလွင်ပြင်တိုင်းပြည်၏ ကိုင်တွယ်နိုင်စွမ်းထက် အဆပေါင်းများစွာ သာလွန်နေဆဲပင် ဖြစ်သည်။
သူတို့တွင် နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နန်းတော်အဆင့် ကျွမ်းကျင်သူအနည်းငယ်က ဦးဆောင်နေကြ၏။
ဤနှစ်များအတွင်း သူတို့၏အဖွဲ့အစည်းသို့ နောက်ထပ် ပါရမီရှင်မည်မျှ ဝင်ရောက်လာခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
အနီရောင်ပုလဲနှင့် သစ်ဆွေးတုံးတို့သည် ဧကရာဇ်အဆင့် ရတနာများဖြစ်ကြပြီး ထိုဂိုဏ်းသည် သူတို့၏အာရုံကို ဤဘက်သို့ လှည့်လာရန် ဆုံးဖြတ်ခဲ့ပါက နွေဦးလွင်ပြင်တိုင်းပြည်ကဲ့သို့သော အဆင့်လေးတိုင်းပြည်တစ်ပြည်ကို လွယ်ကူစွာ အမှုန့်ခြေပစ်နိုင်သည်။
မင်းသားဝမ်ယန်မှာ အနည်းငယ် စိုးရိမ်နေဆဲဖြစ်သော်လည်း ယန်ချင်း၏ စကားက မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျယ်တို့တွင် ရှိနေနိုင်သည့် စိုးရိမ်ပူပန်မှုများကို သက်သာရာရစေရန် ကူညီပေးခဲ့လေ၏။
"ကျွန်တော်တို့တိုင်းပြည်ကိုယ်စား တရားသူကြီးယန်ချင်းကို ကျေးဇူးတင်ပါတယ်။”
“အခုလို တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာတဲ့အထိ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေအပေါ် ပေါ့ဆခဲ့မိတဲ့အတွက်လည်း တောင်းပန်ချင်ပါတယ်"
"ဒီအတွက် ကျွန်တော် အရမ်းရှက်မိပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ လုပ်ပေးနိုင်တာ တစ်ခုခုရှိရင် ကျေးဇူးပြုပြီး အားမနာဘဲသာ ပြောပါ" ဟု မင်းသားဝမ်ယန်က လေးနက်စွာ ပြောလိုက်ပြီး သူနှင့် တပ်မှူးပုကျဲ နှစ်ဦးလုံးမှာ အပြစ်ရှိသလို ခေါင်းငုံ့လိုက်ကြသည်။ .
အထူးသဖြင့် လုံခြုံရေးတာဝန်ယူထားရသော တပ်မှူးပုကျဲမှာ ပို၍ပင် အပြစ်ရှိသလို ခံစားနေရချေသည်။
"ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ အရမ်းအပြစ်မတင်ကြပါနဲ့။ တောင်းပန်စရာမလိုပါဘူး။”
“ကျွန်တော်က ဒီကိစ္စတစ်ခုလုံးကို နောက်ဆုံးကျမှ ခင်ဗျားတို့တိုင်းပြည်ပေါ် ချပေးလိုက်တာပါ။”
“ပြီးတော့ ကျွန်တော်က အချိန်အလုံအလောက် ပေးထားခဲ့မယ်ဆိုရင်တောင် မဟူရာတစ္ဆေဂိုဏ်းက လူက ဝင်လာနိုင်မှာပဲ။”
“သူက အဖွဲ့အစည်းရဲ့ လက်အောက်ကနေတောင် အကြိမ်အနည်းငယ် ရှောင်တိမ်းနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရှစ်ရာအတွင်း ရှင်သန်နိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုလေ။”
“ဒီလို နာမည်ဆိုးနဲ့ ကျော်ကြားတာက အကြောင်းမဲ့တော့ မဟုတ်ဘူး။ သူတို့မှာ ဒါကို သက်သေပြနိုင်တဲ့ စွမ်းရည်တွေ ရှိတယ်။”
“ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းသာ ခင်ဗျားတို့နေရာမှာဆိုရင်တောင် တူညီတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မှာပဲ။”
“ဒါကြောင့် အစ်ကိုဝမ်ယန်၊ အစ်ကိုပုကျဲ၊ ကျုပ်အကြံဉာဏ်ကတော့ ခင်ဗျားတို့ တာဝန်ယူချင်တယ်ဆိုရင် ခင်ဗျားတို့စွမ်းဆောင်နိုင်တဲ့ ကိစ္စတွေကိုပဲ တာဝန်ယူပါ။”
“ခင်ဗျားတို့နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကိုတော့ ဖယ်ထုတ်ပစ်လိုက်ပြီး လုပ်နိုင်တဲ့သူတွေဆီကိုပဲ လွှဲထားလိုက်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလို့လည်း ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။”
“ဒါတွေကို လွှတ်ချလိုက်တာက ပိုကောင်းပါလိမ့်မယ်။ အဲဒီလိုဆိုရင် ဘဝက ပိုပြီးလွယ်ကူလာပါလိမ့်မယ်။”
“ကျုပ်လည်း အမြဲတမ်းဒီလိုလုပ်နေကျ"
ယန်ချင်သည် လွင်ပြင်ဝါဌာနခွဲ၏ နယ်ပယ်အဆင့်ဌာနခွဲမှူးအပေါ် သူချထားခဲ့သော ပြဿနာကို သတိရကာ ကျေနပ်စွာပြုံးရင်း ပြောလိုက်လေ၏။
ရွေဝါးရုံစံအိမ်၏ နယ်ပယ်အဆင့်ခေါင်းဆောင်မှာ အခြားသူတစ်ဦး၏ ပြဿနာသာ ဖြစ်သည်။
သူက သာမန်နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးမျှသာ ဖြစ်၏။
သူ၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသော ပြဿနာများကို အခြားသူများအပေါ် လွှဲချလိုက်တိုင်း သူ၏စိတ်ထဲတွင် မည်သည့်အပြစ်ရှိစိတ်မျှ မရှိခဲ့ပေ။
ယင်းသည် သူ မည်မျှပင် ညည်းညူစေကာမူ အဖွဲ့အစည်းမှ မထွက်ခွာရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။
သူ၏ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းပေးလိုသူများ မည်သည့်အခါမျှ မရှားပါးခဲ့ပေ။
သူက အယ်လီ၏ကိုယ်စား နန်းတော်အဆင့် ကျွမ်းကျင်သူသုံးဦးအား လွယ်ကူစွာ ဆုံးမပေးခဲ့သကဲ့သို့ သူတို့အတွက်လည်း ထိုကိစ္စများသည် အသက်ရှူရသကဲ့သို့ လွယ်ကူလှပေသည်။