နယ်ပယ်အဆင့်၏ စမ်းသပ်ချက်
Vol. 23 Ch. 228
“တရားသူကြီးယန်ချင်း ဘာလို့အဲဒီလိုလုပ်ရတာလဲ။ မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာကို နားလည်ပေးနိုင်ပေမဲ့ အလောတကြီးဖြစ်တာက မလျော်ကန်တဲ့ အပြုအမူပဲလေ။”
စုန့်ကောကျိသည် သူ၏ဝတ်ရုံကို ပြန်လည်ပြင်ဆင်ရင်း ယန်ချင်းကို ဆူပူလိုက်သည်။ သူ၏မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေလေ၏။
“တောင်းပန်ပါတယ်ဗျာ”
ယန်ချင်းက အားနာတကြီးဖြင့် ပြောလိုက်သည်။ စုန့်ကောကျိက သူ၏ဝတ်ရုံကို အကြိမ်ကြိမ်သပ်ရပ်အောင် မန္တန်များစွာ အသုံးပြုနေသည်ကို မြင်သောအခါ ယန်ချင်းမှာ နောင်တရသလို မျက်နှာပေးမျိုးဖြင့် ငတုံးလေးတစ်ယောက်လို ပြုံးနေမိတော့သည်။
‘ဒါက နည်းနည်းတော့ မများလွန်းဘူးလား။ ငါက သူ့ကို အကြာကြီး ဆွဲခေါ်ခဲ့တာမှ မဟုတ်တာ’ ယန်ချင်းက တွေးလိုက်မိသည်။
သုံးမိနစ်ခန့် ကြာသွားသည်အထိ စုန့်ကောကျိမှာ ဝတ်ရုံကို သပ်ရပ်အောင် ပြုလုပ်၍ မပြီးသေးပေ။
ယန်ချင်းသည် ထိုခဏတာအတွင်း သူ၏လက်ထဲမှ ‘ကိုင်ရခက်သည့် အာလူးပူ’ သဖွယ်ဖြစ်နေသည့် အရာများကို ငေးကြည့်လိုက်မိ၏။
လက်ထောက်ညွှန်ကြားရေးမှူး ယွင်လဲ့ဆီမှ အသေးစိတ် ရှင်းပြချက်ကို နားထောင်ပြီးနောက် သူတော်စင်အဆင့် ရတနာများသည် သူ၏စိတ်ကို မဆွဲဆောင်နိုင်တော့ပေ။
ယခုအခါ ၎င်းတို့သည် သူ့ကို ဆင်းရဲတွင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲချသွားနိုင်ပြီး အဖွဲ့အစည်း၏ ကျေးကျွန်ဖြစ်စေမည့် အန္တရာယ်ရှိသောအရာများသာ ဖြစ်နေတော့သည်။
ဤသည်မှာ အဖွဲ့အစည်း၏ ရေရှည်စီမံကိန်းဖြစ်မည်ဟု သူ သံသယဝင်နေမိ၏။
လှုံ့ဆော်သူယန်ချင်းအနေဖြင့် အခြေအနေများ နောက်မကျမီ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို လူအများသိအောင် ထုတ်ဖော်ရန် ကိုယ့်ကိုယ်ကိုယ် စတေးပြီး ရှေ့ထွက်ရမည်လားဟုပင် တွေးတောမိလေသည်။
သို့သော် ထိုအရာများကို နောက်မှသာ စဉ်းစားရပေမည်။ ယခု လတ်တလောတွင် သူတော်စင်အဆင့် ရတနာသုံးခုနှင့် ပတ်သက်သည့် အခက်အခဲများကို အရင်ဖြေရှင်းရဦးမည် ဖြစ်သည်။
၎င်းတို့ကို စွန့်ပစ်ထားခဲ့ပြီး မည်သည့်ပတ်သက်မှုမှ မရှိချင်သော်လည်း သူနှင့်အတူ ယူဆောင်သွားရပေမည်။
အဖွဲ့အစည်း၏ အရှိန်အဟုန်ဖြင့် တိုးတက်လာသော အာဏာ၊ ကျော်ကြားမှုတို့နှင့်အတူ ရန်သူများမှာလည်း ထပ်တူများပြားလာခဲ့သည်။
ထိုရန်သူများသည် အဖွဲ့အစည်း၏ နယ်မြေအတွင်းအပါအဝင် နေရာအနှံ့အပြား၌ တိုက်ခိုက်ရန် ချောင်းမြောင်းနေကြလေသည်။
အဖွဲ့အစည်းသည် ၎င်းတို့၏ တရားသူကြီးများကို ရာထူးတိုးမြှင့်သည့်အခါတွင် လူသိရှင်ကြား အခမ်းအနားကို အမြဲတမ်းကျင်းပလေ့ရှိသည်။
ဤသို့ပြုလုပ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိ၏။ တစ်ချက်မှာ တရားသူကြီးများနှင့် ပြည်သူများအကြား ရင်းနှီးမှုရှိစေရန်ဖြစ်ပြီး၊ အခြားတစ်ချက်မှာ ပြင်ပကမ္ဘာသို့ သူတို့၏ အင်အားကို ထုတ်ဖော်ပြသရန် ဖြစ်သည်။
အဖွဲ့အစည်းသည် စုံစမ်းစစ်ဆေးရေးမှူးများ သို့မဟုတ် ငြိမ်းချမ်းရာမဲ့အကျဥ်းထောင်၏ အစောင့်တပ်ဖွဲ့များကဲ့သို့ လျှို့ဝှက်ထားရမည့် အဖွဲ့အစည်းဝင်များကို ထုတ်ဖော်ခြင်းမပြုဘဲ အင်အားအများစုကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။
သို့သော် တရားသူကြီးများနှင့် ပတ်သက်လျှင်မူ ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် လူအများရှေ့တွင် ခမ်းခမ်းနားနား ထုတ်ဖော်ပြသရန် ဝန်မလေးကြပေ။
သို့ရာတွင် ဤသည်မှာ အမြဲတမ်းအဆင်မပြေလှပေ။ အဖွဲ့အစည်းကို စတင်တည်ထောင်ကတည်းက အခမ်းအနားကျင်းပစဉ်အတွင်း သေဆုံးသွားခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော တရားသူကြီးအချို့ ရှိခဲ့သည်။
အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် သို့မဟုတ် နန်းတော်အဆင့်ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်သည်။
ထိုသို့သော အန္တရာယ်များ ရှိနေလင့်ကစား အဖွဲ့အစည်းသည် အခမ်းအနားကို ရွှေ့ဆိုင်းရန် လုံးဝမစဉ်းစားဘဲ ဆက်လက်ကျင်းပခဲ့သည်။ ဤအခမ်းအနားကို တိုက်ပွဲတစ်ခုအဖြစ်ပင် မှတ်ယူနိုင်သည်။
၎င်းမှာ အဖွဲ့အစည်းနှင့် အခြားသူများအားလုံးကြားရှိ တိုက်ပွဲတစ်ခုဖြစ်ပြီး၊ မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် အဖွဲ့အစည်းအနေဖြင့် ထိုတိုက်ပွဲမှ ရှောင်လွှဲ၍ မရပေ။
ဂုဏ်သိက္ခာမြှင့်တင်ရန် မည်သို့ပင် ဆုံးဖြတ်ထားပါစေ၊ အဖွဲ့အစည်းမှာ မဆင်မခြင် ပြုမူခြင်းမျိုးတော့ မဟုတ်ပေ။
တရားသူကြီးတိုင်းမှာ အရင်းအမြစ်များစွာ အသုံးပြုပြီး ပျိုးထောင်ထားရသည့် ပါရမီရှင်များ ဖြစ်ကြသည်။
၎င်းတို့၏ သေဆုံးမှု သို့မဟုတ် ဒဏ်ရာရမှုမှာ အဖွဲ့အစည်းအတွက် အကြီးအကျယ်ဆုံးရှုံးမှုပင် ဖြစ်သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့သည် တရားသူကြီးများ၏ အသက်ရှင်သန်နိုင်စွမ်းကို မြှင့်တင်ရန် ကာကွယ်ရေးယန္တရားများကို အမြဲမပြတ် ပြင်ဆင်လာခဲ့ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း (၅၀) အတွင်း မည်သည့်သေဆုံးမှုမှ မရှိခဲ့ခြင်းမှာ သူတို့၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုများနှင့် အသက်ပေးသွားခဲ့ကြသော သူများ၏ စတေးမှုကြောင့်ပင် ဖြစ်ပေသည်။
…
ယန်ချင်းသည် သူတော်စင်အဆင့် ပစ္စည်းသုံးခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်မိသည်။
၎င်းတို့ကို လက်ထဲတွင် ကိုင်ထားရင်းမှ သူသည် နောက်ဆုံးတွင် နန်းတော်တရားရုံးများသို့ ကူးပြောင်းရတော့မည်ဖြစ်ကြောင်း အမှန်တကယ် ခံစားလာရသည်။
ခါးသီးလှသော ခုနစ်နှစ်တာကာလခန့် အချိန်ယူခဲ့ရသော်လည်း သူသည် စိန်ခေါ်မှုအသစ်များရှိရာ အဆင့်သစ်တစ်ခုသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အရေးအကြီးဆုံးမှာ လစာပိုကောင်းလာပြီး အလုပ်ချိန် နည်းပါးသွားဖွယ် ရှိခြင်းပင်။ ထို့ပြင် လဲ့ဝေယွမ်၏ လက်အောက်မှ လွတ်မြောက်ပြီး သူ၏ အထက်လူကြီး ဖြစ်လာရန် ခြေတစ်လှမ်း ပိုနီးကပ်သွားခဲ့ပြီ ဖြစ်သည်။
မှန်ပေသည်၊ နောက်ဆုံးအချက်မှာ လက်ရှိတွင် မဖြစ်နိုင်သေးပေ။
အကြောင်းမှာ သူသည် အနည်းဆုံး ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး၊ ဝိညာဉ်ကောင်စီ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမှသာ လဲ့ဝေယွမ်၏ အထက်လူကြီးအဖြစ် သတ်မှတ်ခံရနိုင်မည် ဖြစ်သည်။
သို့သော် နယ်ပယ်အဆင့် တရားရုံးများသို့ တက်လှမ်းရန်သာ လိုအပ်သဖြင့် လဲ့ဝေယွမ်၏ ကွပ်ကဲမှုအောက်မှ လွတ်မြောက်ရန်မှာ ဖြစ်နိုင်ခြေ ရှိလေသည်။
‘ဘယ်လောက်တောင် ကြာဦးမလဲ မသိဘူး’ ယန်ချင်းက စိတ်ထဲမှ တွေးတောနေမိသည်။
နန်းတော်အဆင့်သို့ တက်လှမ်းရန်မှာ လွယ်ကူသော်လည်း၊ နယ်ပယ်အဆင့်သို့ တက်လှမ်းရန်မှာမူ လုံးဝ ခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
ပါရမီရှင်များနှင့် ထိပ်တန်းကျင့်ကြံသူများသည်ပင် သူတို့၏ ပါရမီများရှိနေလင့်ကစား နယ်ပယ်အဆင့်သို့ ရောက်ရန် အချိန်နှင့် ပြင်ဆင်မှုများစွာ လိုအပ်သည်။
နန်းတော်အဆင့်သို့ ရောက်ရှိချိန်တွင် စစ်မှန်သော ကျင့်ကြံသူတစ်ဦးဟု သတ်မှတ်နိုင်သော်လည်း၊ နယ်ပယ်အဆင့်သို့ ရောက်ရှိသွားချိန်တွင်မူ ၎င်းကို ထူးခြားသော သတ္တဝါတစ်မျိုးအဖြစ်ပင် သတ်မှတ်ကြလေသည်။
နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခြင်း၊ တောင်တန်းများကို မြေပြန့်ဖြစ်အောင် လုပ်နိုင်ခြင်းနှင့် ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်နိုင်ခြင်း စသည့် အင်အားအားလုံးသည် လူတစ်ယောက်တည်း၏ လက်ထဲ၌ ရှိနေခြင်းပင်။
ဤသည်မှာ စစ်မှန်သောနယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအား ဖြစ်သည်။ သို့သော် ထိုအင်အားအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ မိမိ၏ အသက်ကို လောင်းကြေးထပ်ပြီး နယ်ပယ်အဆင့်သို့ တက်လှမ်းချိန်တွင် ကြုံတွေ့ရမည့် ကမ္ဘာပျက်ကပ်ဘေးကို ကျော်ဖြတ်ရခြင်း ဖြစ်သည်။
ထိုဘေးဒုက္ခ ကျရောက်လာသောအခါ ကျင့်ကြံသူကို စစ်ဆေးစီရင်ရန်အတွက် အင်အားအလုံးအရင်းဖြင့် ကျရောက်လာတတ်သည်။
သင်သည် ‘နယ်ပယ်အဆင့်’ ဟူသော ဘွဲ့ထူးနှင့် အင်အားကို ပိုင်ဆိုင်ရန် ထိုက်တန်ပါသလား။ သင်၏ အခြေခံတာအိုသည် ခံနိုင်ရည်ရှိပါသလား။ သင်၏ စိတ်ဓာတ်သည် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် ဘေးဒုက္ခကို ကျော်လွှားနိုင်ပါသလား။
ထိုဘေးဒုက္ခသည် ရင်ဆိုင်နေရသူ၏ အရာအားလုံးကို စစ်ဆေးစီရင်သည်။ အခြေခံတာအို မည်မျှပင် ခိုင်မာတောင့်တင်းပါစေ၊ ရင်ဆိုင်နေစဉ်အတွင်း စိတ်နှလုံးသည် အနည်းငယ်မျှ တုန်လှုပ်သွားခဲ့လျှင်ပင် သေဆုံးရန် သေချာသလောက် ရှိလေသည်။
နယ်ပယ်အဆင့်သို့ တက်လှမ်းရာတွင် အောင်မြင်မှုရရှိပါက နယ်ပယ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာမည် ဖြစ်သော်လည်း၊ မအောင်မြင်ပါက နောက်ဆုံးတွင် ကျရှုံးသွားခဲ့သည့် ပါရမီရှင်တစ်ဦးအဖြစ်သာ ကျန်ရစ်ပေလိမ့်မည်။
ကျင့်ကြံသူများသည် အခြေခံအဆင့်များတွင် ဘေးဒုက္ခနှင့် ကြုံတွေ့ရပြီး ကျရှုံးခဲ့သော်လည်း အသက်ရှင်သန်နိုင်ခဲ့ကြသည်။
သို့သော် နယ်ပယ်အဆင့်တွင်မူ အောင်မြင်ခြင်း သို့မဟုတ် သေဆုံးခြင်းသာ ရှိပြီး အလယ်အလတ်လမ်းစဉ် မရှိပေ။
နယ်ပယ်အဆင့် ပညာရှင်တိုင်းသည် လေးစားထိုက်သူများ ဖြစ်ကြသည်။ အကြောင်းမှာ ထိုကျင့်ကြံခြင်းအဆင့်မှာ ဘွဲ့ထူးတစ်ခုသာမက၊ ၎င်းတို့သည် မိမိတို့၏ အသက်ကို လောင်းကြေးထပ်ပြီး မတုန်မလှုပ်ကျော်ဖြတ်လာခဲ့ကြောင်း သက်သေပင် ဖြစ်သောကြောင့် ဖြစ်သည်။
အချို့သော အသိုင်းအဝိုင်းများတွင် နယ်ပယ်အဆင့်သို့ တက်လှမ်းခြင်းမှာ ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းခြင်းထက်ပင် ပိုမိုအန္တရာယ်များကြောင်း ယူဆကြသည်။
အကြောင်းမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးသော်လည်း အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ရှိခဲ့သော်လည်း၊ နယ်ပယ်အဆင့်သို့ တက်လှမ်းရာတွင်မူ ရှေးယခင်ကတည်းက ကျရှုံးပြီး အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် နန်းတော်အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နယ်ပယ်အဆင့်သို့ တက်လှမ်းရန် အရည်အချင်းရှိသော်လည်း မတက်လှမ်းဘဲ နေကြသည့် ကျင့်ကြံသူများစွာ ရှိနေခြင်း ဖြစ်သည်။
သူတို့ရှေ့တွင် စောင့်ကြိုနေသည်မှာ အောင်မြင်မှု သို့မဟုတ် သေဆုံးမှုသာ ဖြစ်ကြောင်း သိထားကြသည်။
ထိုအချက်ကြောင့် လူအများစုမှာ နယ်ပယ်အဆင့် ကပ်ဘေးတွင် အသက်ဆုံးရှုံးမည့်အရေးကို ကြောက်ရွံ့သဖြင့် နန်းတော်အဆင့်၏ အထွတ်အထိပ်မှာသာ တစ်သက်လုံး နေထိုင်သွားရန် ဆုံးဖြတ်ကြလေသည်။
အဖွဲ့အစည်းသည် ၎င်း၏ အဖွဲ့ဝင်များကို နယ်ပယ်အဆင့်သို့ ရောက်ရှိရန် အလောတကြီး မလုပ်ဆောင်ကြဘဲ အချိန်ယူရန် အမြဲသတိပေးလေ့ရှိသည်။
တာအိုကို နားလည်အောင် ပြုလုပ်ခြင်းမှာ လွယ်ကူသော်လည်း စိတ်ဓာတ်ခိုင်မာအောင် ပြင်ဆင်ခြင်းမှာမူ အချိန်ယူရသည့် အပိုင်းဖြစ်သည်။
အတွေ့အကြုံနှင့် အချိန်ကာလ၏ စမ်းသပ်မှုများကသာ သင်၏ စိတ်ဓာတ်ကို ခိုင်မာစေနိုင်သည်။
ထို့ကြောင့် အသက် (၁၇) နှစ်အရွယ် နန်းတော်အဆင့် ကျင့်ကြံသူကို တွေ့နိုင်သော်လည်း၊ အသက် (၃၅) နှစ်အရွယ် နယ်ပယ်အဆင့် ပညာရှင်ကိုမူ တွေ့ရန် အလွန်ခဲယဉ်းလှသည်။
…
ယန်ချင်းသည် ထိုကိစ္စကို ခေတ္တဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် နယ်ပယ်အဆင့်ကို စိတ်ကူးကြည့်နိုင်ရန်အတွက် ကျော်လွှားရမည့် အတားအဆီးအချို့ ရှိနေသေးသည်။
တစ်ခုမှာ မနက်ဖြန် ကျင်းပမည့် အခမ်းအနားဖြစ်ပြီး၊ နောက်တစ်ခုမှာ နန်းတော်အဆင့် နောက်ဆုံးအဆင့်များတွင် ရရှိလာမည့် ‘ခရမ်းရောင်အမြုတေ’၏ အကျိုးသက်ရောက်မှုကို နားလည်ရန် ဖြစ်သည်။
နည်းပြအချို့၏ ပြောကြားချက်အရ ထိုလက်ဆောင်ကို သူ နားလည်သွားချိန်တွင် နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းမှာ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။
ခရမ်းရောင်အမြုတေမှာ နန်းတော်အဆင့်၏ နောက်ဆုံးအဆင့်များသို့ ရောက်ရှိလာချိန်တွင်မှ ၎င်း၏ စစ်မှန်သော တောက်ပမှုမှာ ထွက်ပေါ်လာမည် ဖြစ်သည်။
ယန်ချင်းမှာ ၎င်းမှာ မည်သည့်အရာဖြစ်သည်ကို မသိသေးသော်လည်း ရရှိရန် ကြိုးစားခဲ့ရကျိုး နပ်မည်ဟုသာ အပြောခံခဲ့ရသည်။
ခရမ်းရောင်အမြုတေကို ရရှိရန် လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ‘ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ’ကို ရရှိရန်အတွက် သူ၏ အသက်ကိုပင် ရင်းခဲ့ရသဖြင့် ထိုစကား မှန်ကန်ပါစေဟု မျှော်လင့်နေမိသည်။
အကယ်၍သူ သေဆုံးသွားခဲ့လျှင် သူ၏ ရူးသွပ်သော မိသားစုဝင်များ၏ လက်ချက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ယန်ချင်းသည် သူ၏ မိသားစုကို အလွန်အမင်း ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။