အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) - မူလတရားသူကြီးများ
ယန်ချင်းသည် သူ၏နေထိုင်ရာခြံဝန်းကို စာရင်းရှင်းရန်အတွက် အတွင်းပိုင်းထောက်လှမ်းရေးဌာနတွင် အချိန်အများကြီးမကုန်ဆုံးစေခဲ့ပေ။ သူသည် ရှင်းလင်းပြတ်သားပြီး လိုရင်းကိုသာ ပြောဆိုခဲ့ကာ ဝန်ထမ်း၏ စေတနာပါသော အကြံပြုချက်များကို လျစ်လျူရှုခဲ့လေသည်။ ထိုဝန်ထမ်းက ယန်ချင်းအား ဆုံးဖြတ်ချက်မချမီ တစ်ပတ်ခန့်အရင်နေကြည့်ရန်နှင့် ဆန္ဒမရှိပါက တစ်ပတ်ပြည့်မှသာ အခြားအရာတစ်ခုခုနှင့် လဲလှယ်ရန် တိုက်တွန်းနေခြင်းဖြစ်၏။
သို့သော်လည်း ယန်ချင်းသည် အလွယ်တကူအရူးလုပ်၍ရသူ မဟုတ်ပေ။ ၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်နိုင်သည်ကို သူသိနေ၏။ တစ်ပတ်အတွင်း မည်သည့်အရာများဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။ သူသည် ကျင့်ကြံခြင်းခြံဝန်းနှစ်ခုကို ထိန်းသိမ်းရန် အသုံးစရိတ်များအောက်တွင် နစ်မွန်းသွားနိုင်ပြီး အဖွဲ့အစည်းကိုသာ ချမ်းသာအောင်လုပ်ပေးမိလိမ့်မည်။
ယန်ချင်းသည် ထိုစကားများကို နားမဝင်ဘဲ ကိစ္စကို ချက်ချင်းအပြတ်ရှင်းရန်သာ တောင်းဆိုခဲ့၏။ သူသည် ခြံဝန်းအစား ဘဏ္ဍာတိုက်ရှိ သဘာဝရတနာတစ်ခုနှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ခြံဝန်း၏တန်ဖိုးနှင့်ညီမျှသော ရတနာတစ်ခုခုနှင့် လဲလှယ်နိုင်ရန်အတွက် တိုကင်တစ်ခုကို ရရှိခဲ့လေသည်။
ယန်ချင်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် နောက်ထပ်သွားရမည့်နေရာဖြစ်သော ပြင်ပထောက်လှမ်းရေးဌာနသို့ ထွက်ခွာလာခဲ့၏။ သူ၏တရားရုံးတွင် တာဝန်ကျသော ဝန်ထမ်းနှင့် မိတ်ဆက်ရုံသာဖြစ်သောကြောင့် ထိုနေရာတွင် ကြာမြင့်စွာမနေခဲ့ပေ။
သူသိထားသမျှအရ သူ၏တရားရုံးတွင် တာဝန်ကျသော ဝန်ထမ်းသည် သူ နန်းတော်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်သမျှကာလပတ်လုံး အတူရှိနေမည်ဖြစ်၏။ သူ အပြင်ဘက်နန်းတော်တရားသူကြီးဖြစ်စေ၊ အဓိကနန်းတော်တရားသူကြီးဖြစ်စေ ဝန်ထမ်းမှာ ပြောင်းလဲမည်မဟုတ်သောကြောင့် သူတို့နှင့် ရင်းနှီးသောဆက်ဆံရေးရှိထားခြင်းက ပိုကောင်းပေသည်။
ထိုတွေ့ဆုံမှုမှာ ချောမွေ့စွာပြီးဆုံးသွားခဲ့၏။ သူ၏တရားရုံးတွင် တာဝန်ကျသော ဝန်ထမ်းဖြစ်သူ လုမေမှာ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်သူတစ်ဦးဖြစ်ပေသည်။ သူမသည် နန်းတော်တရားရုံးတွင် တာဝန်ထမ်းဆောင်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပြီး ယန်ချင်းမှာ သူမလက်အောက်ရှိ ၁၄ ယောက်မြောက် တရားသူကြီးဖြစ်လေသည်။
လုပ်ခလစာပေးချေမှုလုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးလှသောကြောင့် ဝန်ထမ်းတစ်ဦးလျှင် တရားသူကြီး ၁၅ ဦးကိုသာ အများဆုံးတာဝန်ယူနိုင်ပြီး လူမေမှာ သူမ၏ကန့်သတ်ချက်ပြည့်ရန် တစ်ဦးသာလိုတော့၏။
သူမသည် သူမ၏တာဝန်ဝတ္တရားများနှင့် ယန်ချင်းအပေါ် မျှော်လင့်ထားသည်များကို အသေးစိတ်ရှင်းပြခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ယန်ချင်းအနေဖြင့် လုပ်ဆောင်ရမည့်အရာမှာ သိပ်မများလှပေ။ သတ်မှတ်ထားသော ပေးချေရမည့်ရက်မတိုင်မီ သုံးရက်အလိုတွင် ဝိညာဉ်ကျောက်တုံးများအား အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးထားရန်သာဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက သူမအတွက် ကျောက်တုံးများကို အခြားပုံစံသို့ပြောင်းလဲရန် အချိန်လုံလောက်စေမည်ဖြစ်၏။
ထို့အပြင် ယန်ချင်းသည် သူမအား တာဝန်တစ်ခုစီ၏ တန်ဖိုးဖြတ်ချက်အစီရင်ခံစာကိုလည်း ပေးအပ်ရမည်ဖြစ်၏။ ထိုအချက်နှစ်ချက်ရှိနေသရွေ့ ကျန်ရှိသောကိစ္စများကို သူမ လွယ်ကူစွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။
ထိုအချက်မှာ ယန်ချင်းအတွက် အဆင်ပြေလှ၏။ သူသည် သတင်းအချက်အလက်အဆက်အသွယ်၊ လူအင်အားမလုံလောက်သော လက်ရှိအမှုများနှင့် နောက်ထပ်သွားရမည့်နေရာဖြစ်သော ရီကွီယမ်ရှိ တာဝန်အသစ်များကြောင့် အလုပ်များနေခဲ့ပြီဖြစ်၏။
ယန်ချင်းသည် လုမေနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် ရနံ့တစ်ထောင်စားသောက်ဆိုင်တွင် ထမင်းတစ်နပ်ဖိတ်ကျွေးမည်ဟု ကတိပေးကာ တရားစီရင်ရေးကော်မတီရုံးသို့ ထွက်ခွာလာခဲ့၏။
ရီကွီယမ်သို့ တိုက်ရိုက်သွားရန်လမ်းမရှိပေ။ အမှန်တကယ်တွင် ယန်ချင်းသည် သူကိုယ်တိုင်ပင် ကျင့်ကြံသူအများအပြားကို ထိုနေရာသို့ ပို့ဆောင်ပေးခဲ့ဖူးသော်လည်း အဖွဲ့အစည်း၏ အကြီးဆုံးအကျဉ်းထောင်တည်ရှိရာနေရာကိုမူ မသိရှိပေ။ သူသည် တရားစီရင်ရေးကော်မတီမှတစ်ဆင့်သာ ထိုနေရာသို့ သွားနိုင်ပေ၏။
တရားစီရင်ရေးကော်မတီကို အဖွဲ့အစည်းရှိ တရားသူကြီးများအတွက် ဝိညာဉ်ကောင်စီပုံစံမျိုးဟု ယူဆနိုင်၏။ ၎င်းကို ရာထူးမှနုတ်ထွက်သွားကြသော တရားသူကြီးဟောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့၏တာဝန်မှာ တရားသူကြီးများကို ပြန်လည်စီရင်ရန်ဖြစ်၏။ တရားသူကြီးတိုင်းတွင် မိမိတို့၏အမှုများအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော်လည်း သူတို့၏စီရင်ချက်အားလုံးကို တရားစီရင်ရေးကော်မတီက ပြန်လည်စစ်ဆေးပိုင်ခွင့်ရှိပေသည်။
စီရင်ချက်မှာ ခိုင်လုံမှုရှိမရှိနှင့် တရားသူကြီးအဖွဲ့က အမှုအပေါ် လုံလောက်စွာစုံစမ်းစစ်ဆေးမှု ပြုလုပ်ထားခြင်းရှိမရှိကို ကော်မတီက အကဲဖြတ်မည်ဖြစ်၏။
သူတို့၏အတွေ့အကြုံနှင့် သတင်းအချက်အလက်များကို အသုံးပြု၍ တရားသူကြီးများကို အမှုတစ်ခုချင်းစီအလိုက် အဆင့်သတ်မှတ်ပေးမည်ဖြစ်၏။ ထိုအဆင့်သတ်မှတ်ချက်မှာ အဖွဲ့အစည်းအတွင်း များစွာအသုံးဝင်ပြီး ဆုကြေးငွေရရှိရန်အတွက်လည်း အကျုံးဝင်ပေသည်။
ယန်ချင်း၏လက်ရှိရာထူးအရ လကုန်တွင် 'ကောင်းမွန်သည်' ဟူသောအဆင့်ကို ရရှိပါက သူသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ဆုကြေးအဖြစ် ရရှိမည်ဖြစ်ပြီး အဆင့်မြင့်လေလေ ဆုကြေးများလေလေဖြစ်၏။
ဆန့်ကျင်ဘက်အနေနှင့် အဆင့်နိမ့်ပါက ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်၏။ အကယ်၍ အမှားအယွင်းများ ထပ်တလဲလဲဖြစ်နေပါက ထိုတရားသူကြီးမှာ တမင်တကာပြုလုပ်ခြင်းလော သို့မဟုတ် အရည်အချင်းမရှိခြင်းလောဆိုသည်ကို စုံစမ်းစစ်ဆေးခြင်း ခံရမည်ဖြစ်၏။
အကယ်၍ တမင်တကာပြုလုပ်ခြင်းဖြစ်ကြောင်း တွေ့ရှိပါက ထိုတရားသူကြီးအား ရကွီယမ်သို့ ပို့ဆောင်မည်ဖြစ်ပြီး အရည်အချင်းမရှိခြင်းကြောင့်ဆိုပါက အခြားဌာနတစ်ခုသို့ ပြောင်းရွှေ့ပေးမည်ဖြစ်သော်လည်း အနီးကပ်စောင့်ကြည့်ခြင်း ခံရမည်ဖြစ်၏။
အကယ်၍ တရားရုံးအဆင့်များ တိုးမြှင့်လိုပါက ကျင့်ကြံခြင်းအဆင့်တိုးတက်မှုနှင့်အတူ ကောင်းမွန်သော အဆင့်သတ်မှတ်ချက်ရှိရန်မှာ လိုအပ်ချက်တစ်ခုဖြစ်၏။ ထို့ကြောင့် တရားစီရင်ရေးကော်မတီသည် တရားသူကြီးများ၏ ရာထူးတိုးခြင်းနှင့် ရာထူးချခြင်းများတွင် အလွန်ဩဇာညောင်းလှပေသည်။ ထို့အပြင် သူတို့သည် တရားသူကြီးများနှင့် ရကွီယမ်ကဲ့သို့သော ဌာနများကြားတွင် ကြားခံအဖြစ်လည်း ဆောင်ရွက်ပေးကြ၏။
ယန်ချင်းအနေနှင့် ရကွီယမ်သို့ သွားလိုပါက သူတို့မှတစ်ဆင့်သာ သွားရမည်ဖြစ်၏။
ယန်ချင်းသည် ပင်မအဆောက်အအုံ၏ စင်္ကြံသို့သွားကာ သူ၏ရွှေလင်းယုန်တံဆိပ်ကို အသုံးပြု၍ စင်္ကြံအလယ်ရှိ မှော်စာလုံးကို အသက်သွင်းလိုက်၏။ ထိုအခါ သူသည် စင်္ကြံအလယ်မှ ပျောက်ကွယ်သွားပြီး တောအုပ်ငယ်တစ်ခု၏ အလယ်တွင်ရှိသော ရှေးဟောင်းအဆောက်အအုံတစ်ခုအတွင်း၌ ပြန်လည်ပေါ်လာခဲ့လေသည်။
ထိုအဆောက်အအုံကို အညိုရောင်အုတ်ဟောင်းများဖြင့် တည်ဆောက်ထားပြီး အမိုးမှာလည်း ရှေးကျသောလက်ရာဖြစ်၏။ ထိုနေရာမှာ စိမ်းလန်းသောသစ်ပင်များနှင့် ရေကန်ငယ်လေးတစ်ခု ဝန်းရံထားသောကြောင့် အလွန်အေးချမ်းလှပေသည်။ ၎င်းမှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၂၀၀၀ ခန့် ကျယ်ဝန်း၏။
အဆောက်အအုံ၏ အဝင်ဝတွင်မူ အဘိုးအိုသုံးဦးမှာ ထိုင်ခုံများပေါ်တွင် အေးအေးလူလူ ထိုင်နေကြ၏။ သူတို့ထဲမှ နှစ်ဦးမှာ ဂိုးကစားပွဲတွင် အာရုံစိုက်နေကြပြီး ကျန်တစ်ဦးမှာ အပင်ပုလေးတစ်ပင်ကို ပြုပြင်နေလေသည်။
သူတို့အားလုံးတွင် ဖြူဖွေးသောဆံပင်များနှင့် စင်မြင့်ထက်တွင် ချိတ်ဆွဲထားသော တူသင်္ကေတပါသည့် ဝတ်ရုံဖြူများကို ဝတ်ဆင်ထားကြ၏။ ၎င်းမှာ တရားစီရင်ရေးကော်မတီဝင်များ၏ သင်္ကေတဖြစ်ပေသည်။
ယန်ချင်းသည် ထိုနေရာသို့ ရောက်ရှိလာသည်နှင့် သူ၏ဝတ်ရုံကို သပ်ရပ်အောင်ပြင်ဆင်လိုက်ပြီးနောက် ဂရုတစိုက်ရှေ့သို့တက်ကာ လက်နှစ်ဖက်ကိုဆုပ်လျက် ဂါရဝပြုလိုက်၏။
"ဂျူနီယာယန်ချင်းက အကြီးအကဲတွေကို ဂါရဝပြုပါတယ်"
ယန်ချင်းက ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်၏။
ယန်ချင်းအနေဖြင့် သူတို့အား လေးစားရခြင်းမှာ သူ၏ရာထူးကို ပြောင်းလဲနိုင်စွမ်းရှိသောကြောင့်မဟုတ်ဘဲ သူတို့၏ ယခင်ဂုဏ်ဒြပ်များကြောင့်ဖြစ်၏။
တရားစီရင်ရေးကော်မတီကို 'မူလတရားသူကြီးများ၏ စုစည်းမှု' ဟုလည်း ခေါ်ဆိုကြ၏။ ကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားပြီး သူတို့အားလုံးမှာ အဖွဲ့အစည်း၏ ပထမဦးဆုံးသော တရားသူကြီးများဖြစ်ကြ၏။ လက်ရှိတရားသူကြီးများ လိုက်နာကျင့်သုံးနေသော စည်းမျဉ်းစည်းကမ်းများမှာ သူတို့ချမှတ်ခဲ့ခြင်းဖြစ်ပြီး သူတို့သည် ရာထူးမှနုတ်ထွက်ပြီးနောက်တွင်လည်း ထိုသို့ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်၏။
မူလအဖွဲ့ဝင်များထဲမှ အချို့မှာ ကော်မတီသို့ ဝင်ရောက်ခဲ့ကြပြီး အချို့မှာ ဝိညာဉ်ကောင်စီသို့ ရောက်ရှိသွားကြ၏။ အချို့မှာလည်း အကယ်ဒမီတွင် ကျောင်းအုပ်များနှင့် နည်းပြများဖြစ်လာကြပြီး အချို့မှာမူ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားကြလေပြီဖြစ်သည်။
တရားသူကြီးတိုင်းမှာ သူတို့အား အလွန်အမင်းလေးစားကြပြီး ယန်ချင်းမှာလည်း ခြွင်းချက်မဟုတ်ပေ။ တရားစီရင်ရေးကော်မတီမှာ ဝိညာဉ်ကောင်စီကဲ့သို့ အစွမ်းမထက်သော်လည်း ဂုဏ်သိက္ခာပိုင်းတွင်မူ နိမ့်ကျခြင်းမရှိပေ။ စွမ်းအားပိုင်းတွင်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများသာ ပါဝင်သော ဝိညာဉ်ကောင်စီကို မယှဉ်နိုင်သော်လည်း တရားစီရင်ရေးကော်မတီမှာလည်း သိပ်မဆိုးလှပေ။ အဖွဲ့ဝင် ၁၇ ဦးထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူအချို့ရှိပြီး အများစုမှာ နယ်ပယ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြ၏။
ယန်ချင်းသည် ထိုနေရာတွင်ရှိနေသော အဖွဲ့ဝင်သုံးဦးကို သိရှိထား၏။ အပင်ပုကို ပြုပြင်နေသူမှာ ကော်မတီရှိ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော လုံအန်လိုင်ဖြစ်ပြီး ဂိုးကစားနေသူနှစ်ဦးမှာ ကျန်းဟန်နှင့် ကျားပိုဟိုင်တို့ဖြစ်ကြ၏။ သူတို့နှစ်ဦးမှာ နယ်ပယ်အဆင့် အထက်တန်းစားများဖြစ်ကြကြောင်း ယန်ချင်း သိထား၏။
"ယန်ချင်း... မင်းရောက်လာပြီပဲ၊ ဂန္ဓမာလက်ဖက်ရည် သောက်မလား"
လုံအန်လိုင်က အပင်ပုကို ပြုပြင်ရင်း မေးလိုက်သည်။ သူ အပင်ပုကို အလှဆင်လိုက်တိုင်း သူတို့ရှိနေသော ပတ်ဝန်းကျင်၏ နောက်ခံမှာလည်း လိုက်ပါပြောင်းလဲသွား၏။ ခဏချင်းအတွင်းမှာပင် ကျောက်ဆောင်တောင်ကုန်းတစ်ခုမှာ သစ်တောအဖြစ် ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် မြစ်တစ်စင်း သို့မဟုတ် တောင်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယန်ချင်းမှာမူ ထိုအပြောင်းအလဲများသည် အစစ်အမှန်လော သို့မဟုတ် ပုံရိပ်ယောင်လောဆိုသည်ကို မသေချာပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက်မှာမူ အရာအားလုံးက အစစ်အမှန်ကဲ့သို့ ခံစားနေရသောကြောင့်ဖြစ်သည်။
"ရာထူးအသစ်က ဘယ်လိုနေလဲ"
ဂိုးကစားနေသော အဘိုးအိုတစ်ဦးက ညင်သာစွာ မေးလိုက်သည်။
"ကျွန်တော် မျှော်လင့်ထားတာထက် ပိုပြီးလေးလံပါတယ်"
ယန်ချင်းက သူ၏ဘေးတွင် ဝဲပျံနေသော ဂန္ဓမာလက်ဖက်ရည်ခွက်ကို လှမ်းယူရင်း ပြန်ပြောလိုက်၏။
"မင်း အရိပ်သိမ်းငှက်တွေနဲ့ တွေ့ပြီးပြီထင်တယ်"
အခြားအဘိုးအိုတစ်ဦးက မေးလိုက်၏။
"ဟုတ်ကဲ့"
ယန်ချင်းက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြန်ဖြေလိုက်၏။
'ဒါက တကယ့်ကို အဖိုးတန်အရာပဲ’
ယန်ချင်း၏ မျက်လုံးများ ဝင်းလက်သွား၏။
"ရှန်ကျူးရဲ့ စိတ်ကူးယဉ်အတွေးတစ်ခုက အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ ဒါပေမဲ့ သူ့အသက်နဲ့လဲခဲ့ရတာကတော့ နှမြောစရာပဲ"
လုံအန်လိုင်က သက်ပြင်းချရင်း ပြောလိုက်သည်။ အခြားအဘိုးအိုနှစ်ဦးမှာလည်း သူတို့၏ ဂိုးကစားပွဲကို ဘေးဖယ်ကာ လိုက်ပါသက်ပြင်းချကြ၏။
"ရှောင်အန်းက မင်းကို စောင့်နေလိမ့်မယ် ယန်ချင်း၊ ဒါကြောင့် ငါတို့ မင်းကို အချိန်မဆွဲတော့ဘူး"
လုံအန်လိုင်က အပင်ပုပေါ်တွင် မှော်စာလုံးတစ်ခု ရေးဆွဲလိုက်သည်နှင့် အဆောက်အအုံနောက်ဘက်တွင် တောင် ၁၂ လုံးကို မြင်တွေ့နိုင်သော ဟင်းလင်းပြင်ဥမင်တစ်ခု ပေါ်ထွက်လာခဲ့၏။
ယန်ချင်းမှာ ထိုတောင်များဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ခံစားမိလိုက်သောကြောင့် တံတွေးကို အသာအယာ မျိုချလိုက်မိလေသည်။