အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း (၃၃၃) - အစသို့ တစ်ဖန်ပြန်လည်ရောက်ရှိခြင်း
ကျိုးလီချင်း၏ စိတ်ထဲ၌ ရှုပ်ထွေးနောက်ကျိမှုများက ကြီးစိုးနေဆဲပင်။
"ငါက ပထမဆုံးစမ်းသပ်ချက်ကိုတောင် မကျော်ဖြတ်နိုင်ဘဲ ဒီလိုအခြေအနေမျိုး ရောက်သွားခဲ့တာပဲ”
“မင်းတို့အားလုံး ငါ့ကို လိုအပ်နေတဲ့အချိန်မှာ ငါက မလှုပ်ရှားနိုင်ရုံတင်မကဘူး... အဲဒီမြင်ကွင်းကို မတွေးဘဲနဲ့တောင် မနေနိုင်ခဲ့ဘူး..."
"ဒါတွေအားလုံးက ပုံရိပ်ယောင်အိပ်မက်တွေမှန်း ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ဖြတ်သန်းခဲ့ရတဲ့ လေးနှစ်တာအချိန်တွေကို မျက်စိထဲကနေ ဖျောက်ဖျက်ပစ်ဖို့က မဖြစ်နိုင်ဘူး”
“အစ်ကို သေဆုံးသွားပေမဲ့ အလောင်းကို ရှာမတွေ့ခဲ့တာရယ်၊ အဲဒီနောက်ပိုင်း ငါ သတ်ခဲ့မိတဲ့ အသက်ပေါင်းများစွာရယ်... ပြီးတော့... အဘိုးမသေခင် ငါလုပ်ခဲ့တဲ့ ကိစ္စတွေကို မြင်သွားတဲ့အချိန်က အဘိုးရဲ့အကြည့်တွေရယ်”
“အဲဒီအကြည့်တွေထဲမှာ နောင်တတွေ၊ စိတ်ပျက်အားမလိုအားမရဖြစ်မှုတွေ၊ အရှက်ရမှုတွေနဲ့ သစ္စာဖောက်ခံရတဲ့ ခံစားချက်တွေ အပြည့်ရှိနေခဲ့တာ”
“အဘိုးက ငါ့ကို အဲဒီလိုမျက်လုံးမျိုးနဲ့ စိုက်ကြည့်တာကို မြင်ရတာက အစ်ကို သေဆုံးသွားတာကို တွေ့ရသလိုမျိုးပဲ ငါ့ကို ရင်နာစေခဲ့တယ်..."
"ယုမေပြောဖူးတယ်... အိပ်မက်ကမ္ဘာရေတံခွန်က ငါတို့နှလုံးသားထဲမှာရှိတာတွေကို ထင်ဟပ်စေတာတဲ့”
“အစ်ကို့ရဲ့တုံ့ပြန်ပုံတွေကိုကြည့်ရတာ အစ်ကိုကတော့ အမေနဲ့အဖေတို့ကို မြင်ခဲ့ပုံရတယ်။ ငါကတော့ သူတို့နဲ့ မတွေ့ခဲ့ရတာကိုပဲ ပထမဆုံးအကြိမ်အနေနဲ့ ကျေးဇူးတင်မိတယ်”
“တွေ့ချင်လွန်းလို့ အကြာကြီးမျှော်လင့်ခဲ့ပေမဲ့... တကယ်တမ်းကျတော့ ရင်ကွဲမတတ် ခံစားရမှာ သေချာနေလို့..."
"တကယ်လို့ သူတို့သာ ငါလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ အပြစ်ရှိရှိ၊ မရှိရှိ၊ ငါ့လက်နဲ့ သတ်ဖြတ်ခဲ့တဲ့အသက်တွေကို မြင်သွားခဲ့ရင်... အဘိုးလိုပဲ ငါ့အပေါ် အရှက်ရကြလိမ့်မယ်”
“အစ်ကိုလည်း ဒါတွေကို မမြင်ခဲ့ရတာ ကောင်းပါတယ်။ အစ်ကို့ရဲ့ညီမလေးက ညီမလေးတို့အပေါ် ရက်စက်ခဲ့တဲ့ မဟော်ဂနီရောင် တိမ်တိုက်မြွေပွေးတွေထက်တောင် ပိုပြီးရက်စက်ယုတ်မာခဲ့တာကို မြင်သွားရင်..."
"ညီမလေးကြောက်တယ် အစ်ကို။ အခုလက်ရှိအချိန်က အိပ်မက်ဖြစ်နေပြီး အဲဒီလေးနှစ်တာကမှ တကယ့်အစစ်အမှန်ဖြစ်နေမှာကို စိုးရိမ်မိတယ်”
“အဘိုးနဲ့ ပြန်တွေ့တဲ့အခါ အဘိုးက ငါ့ကို အဲဒီလိုအကြည့်မျိုးနဲ့ ကြည့်မှာကို တကယ်ကြောက်တယ်။ အစ်ကိုလည်း ငါ့ကို အဲဒီလိုကြည့်မှာကို ကြောက်တယ်”
“အမေတို့ အဖေတို့ရော မြင်သွားကြမလား။ သူတို့သမီးက သွေးဆာနေတဲ့ လူသတ်သမားကြီးတစ်ယောက် ဖြစ်သွားတာကိုပေါ့... ပြီးတော့... ဂိုဏ်းတူအစ်ကို ယန်ချင်းရော..."
"ငါ့စိတ်ထဲမှာတော့ ဒီစမ်းသပ်ချက်ကို မအောင်မြင်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်”
“တကယ်လို့ မအောင်မြင်ခဲ့ရင်... ငါမြင်ခဲ့ရတဲ့ အနာဂတ်ဆိုးကြီးက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ဘူး”
“အမေနဲ့အဖေတို့ကို ဆုံးရှုံးခဲ့ရသလို အစ်ကို့ကိုလည်း ဆုံးရှုံးရမှာမဟုတ်တော့ဘူး”
“အဘိုးကလည်း ငါ့ကို အဲဒီလိုမျက်လုံးတွေနဲ့ ဘယ်တော့မှ ကြည့်မှာမဟုတ်သလို... ငါ့လက်တွေပေါ်မှာလည်း လူတွေရဲ့အသက်သွေးတွေ ပေကျံစရာ မလိုတော့ဘူး..."
"ခရမ်းရောင်မြို့တော်မှာ နေခဲ့ရတဲ့ ဘဝလေးက မဆိုးပါဘူး၊ ဟုတ်တယ်မလား အစ်ကို..."
ယခင်က ထွက်ပေါ်နေခဲ့သည့် ရှိုက်သံသဲ့သဲ့များနေရာတွင် သစ်ခေါင်းအတွင်း၌ သာယာသော ရယ်မောသံ အနည်းငယ် ပျံ့လွင့်လာခဲ့သည်။
"ငါတို့ အဘိုးဝမ်နဲ့ အဘွားဝမ်တို့ရဲ့ စားသောက်ဆိုင်မှာ ကူလုပ်ပေးလို့ရတာပဲ။ သူတို့ရဲ့ ဂုဏ်သတင်းအရှိန်အဝါနဲ့ဆိုရင် ငါတို့ကို ဘယ်သူမှ လာမနှောင့်ယှက်ရဲကြဘူး”
“ပြီးတော့ ပိုက်ဆံလုံလုံလောက်လောက် စုမိတဲ့အခါကျရင် အစ်ကို အမြဲတမ်း ဖွင့်ချင်ခဲ့တဲ့ သတင်းအချက်အလက် အရောင်းအဝယ်ဌာနလေးကို ဖွင့်ကြတာပေါ့။ အဲဒါလည်း မဆိုးပါဘူး..."
ကျိုးလီချင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမ၏အသံသည် ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ တဖြည်းဖြည်း တိုးညင်းသွားလေတော့သည်။
"တောင်းပန်ပါတယ် အစ်ကို။ အစ်ကို ငါ့အပေါ် စိတ်မပျက်ဘူး မဟုတ်လား။ အနည်းဆုံးတော့... အစ်ကို အသက်ရှင်နေဦးမှာပဲ..."
ကျိုးလီချင်းက ပင်ပန်းနွမ်းနယ်နေသော အိပ်ချင်မူးတူးလေသံဖြင့် ထပ်လောင်းပြောကြားလိုက်၏။
မကြာမီ သစ်ကိုင်းသစ်ရွက်များနှင့် မြက်ခင်းပြင်လေး၏ ညင်သာသော လှုပ်ခါယိမ်းနွဲ့မှုများနှင့်အတူ အသက်ရှူသံမှန်မှန်များက ထိုပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။
...
လင်းလက်အပန်းဖြေချိုင့်ဝှမ်း၊ ဝင်ခွင့်စာမေးပွဲမတိုင်မီ ရက်အနည်းငယ်အလို။
ကျိုးရီက ညီမဖြစ်သူ၏ ပခုံးနှစ်ဖက်ကို ကိုင်လှုပ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"လီချင်း... မင်း ယုံနိုင်လား။ ငါတို့တွေ ဂိုဏ်းတော်ကြီးကို ရောက်နေပြီ။ မကြာခင် ငါတို့လည်း ဂိုဏ်းသားတွေ ဖြစ်လာတော့မှာ"
ကျိုးလီချင်းကလည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်လိုက်၏။
"အင်း..."
"ငါတို့ ကျိုးမျိုးနွယ်စုထက် အဆပေါင်းများစွာ ပိုကြီးမားတဲ့ အဖွဲ့အစည်းထဲကို ဝင်ခွင့်ရတော့မယ်ဆိုတာ တကယ်မယုံနိုင်စရာပဲ”
“ဂိုဏ်းတူအစ်ကို ယန်ချင်းက ပြောတယ်... အဘိုးလည်း လွတ်လာပြီတဲ့။ ငါတို့ရှိတဲ့နေရာကို သိအောင်လည်း သတင်းပို့ထားပြီးပြီ။ အဘိုးဝမ်နဲ့ အဘွားဝမ်တို့လည်း လာနေကြပြီတဲ့"
"ဒါတွေအားလုံးက အိပ်မက်လိုပဲ။ တကယ်လို့ အမေနဲ့ အဖေသာ ဒီမှာရှိရင် သိပ်ပြီးပြီးပြည့်စုံနေမှာပဲ..."
ကျိုးရီက လွမ်းဆွတ်တမ်းတမှုများဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
ကျိုးလီချင်းကလည်း ဝမ်းနည်းရိပ်သန်းစွာဖြင့် ရေရွတ်လိုက်၏။
"သူတို့ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ..."
"စိတ်မပူပါနဲ့။ ငါတို့တွေ အောင်မြင်မှုတစ်ခုခု ရလာတဲ့အခါ မျိုးနွယ်စုဆီ ပြန်သွားပြီး သူတို့ရဲ့ အုတ်ဂူတွေကို သန့်ရှင်းရေးလုပ်ပေးကြမယ်”
ပြီးရင် ငါတို့ အဆင်ပြေနေပြီမို့လို့ စိုးရိမ်စရာမလိုတော့ဘူးဆိုပြီး ပြောပြကြတာပေါ့"
ကျိုးရီက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ပြုံးရွှင်သောမျက်နှာဖြင့် အဝေးသို့ ငေးမောကြည့်လိုက်လေသည်။
"မင်း သိလား လီချင်း..."
"သူတို့ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်ပိုင်း ငါ့အနေနဲ့ နောက်ရက်တွေ... နောက်ရက်တွေအတွက် တကယ်ကြီး မျှော်လင့်ချက်ရှိလာတာ ဒါ ပထမဆုံးပဲ"
"ငါတို့ရဲ့အနာဂတ်က မှောင်မိုက်မနေတော့ဘူး။ ငါတို့မှာ မျှော်လင့်ရမယ့်အရာတွေ ရှိနေပြီ”
“ငါ မျက်စိမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် ဒါတွေအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမှာကိုတောင် ကြောက်မိတယ်..."
"လီချင်း... ငါတို့ အားတင်းပြီး အသက်ရှင်ကြစို့။ ဒါက ငါတို့ရဲ့ အလှည့်အပြောင်းပဲ”
“ဒီအချိန်ကစပြီး ငါတို့တစ်ယောက်နဲ့တစ်ယောက်အတွက်၊ ငါတို့ကိုယ်တိုင်အတွက်၊ သူတို့အတွက်၊ ပြီးတော့ ငါတို့အနာဂတ်မှာ ကြုံတွေ့ရမယ့် အရာအားလုံးအတွက် ကြိုးစားပြီး ရှင်သန်ကြရအောင်"
ကျိုးရီက နူးညံ့စွာ ပြုံးလိုက်ရင်း လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။
ကျိုးလီချင်းက ကတိကဝတ်ပြုသည့်အလား သူ၏လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်၏။
"အင်း... အတူတူ ရှင်သန်ကြစို့"
...
ကျိုးလီချင်းက ခြောက်ကပ်ကပ်ရယ်မောလိုက်ရင်း ရေရွတ်လိုက်သည်။
"ငါ အိပ်ပျော်သွားခဲ့တာပဲ..."
ကျိုးလီချင်းက ညှိုးငယ်သော မျက်နှာဖြင့် ဆက်ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အစ်ကို... မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ငါ့ကို ကူညီဖို့ နည်းလမ်းရှာပေးနိုင်သေးတယ်နော်..."
"ငါ ကြောက်နေတုန်းပဲ။ ဒါပေမဲ့ ငါတို့ အတူတူ ရှင်သန်ဖို့ ကတိပေးခဲ့ကြတယ်မလား”
“မင်းကိုရော၊ အမေနဲ့ အဖေကိုရော၊ အဘိုးကိုရော၊ အဘိုးဝမ်နဲ့ အဘွားဝမ်တို့ကိုပါ စိုးရိမ်အောင် မလုပ်ချင်တော့ဘူး"
"မင်း လုပ်နိုင်ပါတယ် လီချင်း။ မင်းက ကျိုးမျိုးနွယ်စုရဲ့ သမိုင်းတစ်လျှောက် အငယ်ဆုံး အပြာရောင်အဆင့် အစီအရင်ဆရာကြီးရဲ့ သမီးပဲ”
“ပြီးတော့ ကျိုးမျိုးနွယ်စုတစ်စုလုံးမှာ ပြဿနာအရှာဆုံးလူတွေရဲ့ သမီးနဲ့ ညီမလည်း ဖြစ်တယ်လေ"
ကျိုးလီချင်းသည် စိတ်မကောင်းဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများ ရှိနေသေးသော်လည်း ရိုးသားစွာပင် ရယ်မောလိုက်လေသည်။
"ကဲ... ငါ ဘယ်ဘက်ကို ရွေးရမလဲ"
ကျိုးလီချင်းက တိုးတိုးရေရွတ်ရင်း သစ်ပင်တစ်ပင်နားသို့ သွားကာ သစ်ကိုင်းငယ်တစ်ခုကို ချိုးလိုက်လေသည်။
သူမသည် ထိုသစ်ကိုင်းလေးကို လေထဲသို့ ပစ်မြှောက်ရန် ပြင်လိုက်သော်လည်း ချက်ချင်း ရပ်တန့်လိုက်ပြီးနောက် ယုမေ၏အနားသို့ တိုးကပ်သွားကာ သစ်ကိုင်းကို လေထဲသို့ ပစ်တင်ရင်း ပြောလိုက်သည်။
"ငါ့ကို ကံကောင်းခြင်းတွေ ကူပြီး ယူပေးပါဦးနော်... ညီမလေးယုမေ"
သစ်ကိုင်းငယ်လေးသည် လေထဲတွင် လည်ပတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ သူမ၏ မြောက်ဘက်နှင့် အရှေ့ဘက် ကြားအရပ်သို့ ညွှန်ပြနေခဲ့သည်။
'ဒါ တိုက်ဆိုင်တာပဲလား...'
သူမ တွေးတောမိလိုက်သည်။
အရှေ့မြောက်ဘက်အရပ်သည် သူတို့ တောင်တန်းဆီသို့ မဝင်ရောက်မီက ယုမေ ရွေးချယ်ခဲ့သည့် အရပ်မျက်နှာနှင့် ထပ်တူပင် ဖြစ်လေသည်။
သူမ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မိမိ၏ဝတ်ရုံနှင့် ယုမေ၏ ဝတ်ရုံကို ချွတ်ယူကာ အတူတူ ပူးချည်လိုက်သည်။
ထို့နောက် အနီးဆုံးတွင်ရှိနေသော ယုမေကို ညင်သာစွာပွေ့ချီ၍ ဝတ်ရုံပေါ်သို့ တင်လိုက်ပြီးနောက် အစ်ကိုဖြစ်သူနှင့် ဟယ်ရှန်းကိုလည်း ပွေ့ယူလာခဲ့သည်။
လူသုံးယောက်လုံးသည် ပူးချည်ထားသော ဝတ်ရုံများပေါ်တွင် ကောင်းမွန်စွာ ဝင်ဆံ့သွားလေသည်။
သူမသည် သူတို့သုံးဦးလုံး ဝတ်ရုံနှင့် မြဲမြံစွာ ချည်နှောင်မိစေရန် အကြိမ်ကြိမ် စစ်ဆေးပြီးနောက် စိတ်အေးလက်အေးဖြစ်စေရန် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
၎င်းနောက် ထိုလူသုံးဦးပါသော ဝတ်ရုံထုပ်ကို ဘယ်ဘက်လက်ဖြင့်ဆွဲကာ ညာဘက်လက်ကမူ သစ်သားတူကို တင်းကျပ်စွာ ကိုင်ဆုပ်လျက် အရှေ့မြောက်ဘက်သို့ စတင်ချီတက်လေတော့သည်။
သူမသည် ခြုံခိုတိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေရန်နှင့် သဲလွန်စအချို့ကို ရှာဖွေနိုင်ရန် ပတ်ဝန်းကျင်ကို သတိကြီးစွာ ထောက်လှမ်းရင်း ခြေလှမ်းတစ်လှမ်းချင်းစီကို ခိုင်မာစွာ လှမ်းခဲ့သည်။
...
ကျိုးလီချင်းက ဇဝေဇဝါဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။
"ဟင်... ငါ ဘာလို့ ဒီနေရာကိုပဲ ပြန်ရောက်လာတာလဲ"
သူမ လမ်းလျှောက်လာခဲ့သည်မှာ ဆယ်မိနစ်မျှ ရှိပြီဖြစ်သော်လည်း ကနဦးက စွန့်ခွာခဲ့သည့် စက်ဝိုင်းပုံစံမြက်ခင်းပြင်လေးဆီသို့ ပြန်လည်ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် မည်သည့်ထူးခြားမှုမျှ မရှိဘဲ မြက်ခင်းပြင်ပေါ်သို့ ရောက်ရှိလာပုံမှာလည်း လွန်စွာ သဘာဝကျလှသဖြင့် အခြားမြက်ခင်းပြင်တစ်ခုဟုပင် ထင်မှတ်မှားစရာရှိသည်။
သို့သော် သူမ တူးဆွထားခဲ့သည့် မြေနေရာကို မြင်လိုက်ရသောအခါမှသာ ၎င်းသည် မူလနေရာဟောင်းပင်ဖြစ်ကြောင်း သဘောပေါက်သွားလေတော့သည်။
"ဒီတိုင်း လွယ်လွယ်ကူကူ မပြီးသွားဘူးပဲ"
သူမက ခါးသီးစွာ ပြုံးလိုက်ရင်း ရေရွတ်လိုက်၏။
သူမသည် အရပ်မျက်နှာတစ်ခုကို ကျပန်းရွေးချယ်ပြီး နောက်တစ်ကြိမ် မူလနေရာသို့ ပြန်ရောက်မရောက် ထပ်မံစမ်းသပ်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ရာကို ကြားလိုက်ရသဖြင့် ခေါင်းကို မော့ကြည့်လိုက်မိသည်။
ထို့နောက် သိပ်မသေချာသကဲ့သို့ တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါတွေက ဇီဝဇိုးငှက်တွေလား..."