ယွီမိသားစု
Vol. 12 Ch. 114
အထူးသဖြင့် သူ၏ နာမည်ကို ခေါ်လိုက်သောအခါ ယန်ချင်းသည် သူတို့၏ မျက်စိရှေ့တွင် မကြိုဆိုဘဲ ရောက်လာသော အမျိုးသမီးတစ်ဦးကို စိုးရိမ်တကြီး မော့ကြည့်လိုက်လေသည်။
နှစ်များတစ်လျှောက် သူ၏နာမည်ကို တစ်ယောက်ယောက်က ပြောနေသည်ဟု သူ ကြားလိုက်ရတိုင်း မည်သည့်အခါမျှ ကောင်းသောသတင်း မဟုတ်ခဲ့ပေ။
ဤတစ်ကြိမ်တွင် သူနှင့် ပတ်သက်၍ မည်သည့်သတင်းများ ပြန့်နှံ့နေသနည်း ဆိုသည်ကို သူ မတွေးပူဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“အရမ်းဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး”
ယန်ချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ရဲရင့်သောအသွင်အပြင် ရှိသည့် ပန်းရောင်ဆံပင်နှင့် အမျိုးသမီးက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
ယန်ချင်းက သူမကို သေချာ ကြည့်လိုက်သောအခါ၊ သူမ၏ မျက်နှာကို ထူးဆန်းစွာ ရင်းနှီးနေသကဲ့သို့ ခံစားရလေသည်။
သူမသည် အဝါရောင်အတွင်းဝတ်ရုံနှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံပင်များကို ဆံထုံးတစ်ခုအဖြစ် ဖြစ်သလို ထုံးထားလေသည်။
သူမ၏ သပ်ရပ်မှုမရှိသော အသွင်အပြင် ရှိနေသည့်တိုင်၊ သူမ၏ ဆွဲဆောင်မှုမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိဘဲ၊ အထူးသဖြင့် သူမ၏ တက်ကြွနေသော မျက်လုံးများနှင့် လိုက်ဖက်သော အလှတရားအပြင် ရွှင်လန်းသောကိုယ်ရည်ကိုယ်သွေး တစ်ခုကပါ ပေါင်းစပ် ပါဝင်နေလေသည်။
“ခင်ဗျားက ယွီဟွေ့ဖန်ရဲ့ အမေလား”
ဤသတ်လတ်ပိုင်းအမျိုးသမီးမှာ သူ၏သူငယ်ချင်း ယွီဟွေ့ဖန်နှင့် အလွန်တူနေသည်ကို သတိပြုမိသွားသောအခါ ယန်ချင်းက မေးလိုက်မိလေသည်။
“ဟုတ်တယ် ငါက သူမရဲ့ အမေပါ... ကြည့်ရတာ အဲဒီကလေးဆိုးက ငါ့အကြောင်း မပြောပြဘူးထင်တယ်။”
“သူမရဲ့ လေ့ကျင့်ရေးတွေကို ငါ နည်းနည်းလောက် ထပ်တိုးပေးရင်ကောင်းမလား..”
ယွီဟွေ့ဖန်၏ အမေဖြစ်ပုံရသော သတ်လတ်ပိုင်းအမျိုးသမီးက လက်စားချေလိုသော လေသံဖြင့် ပြောလိုက်သည်။
လဲ့ဝေ့ယွမ်မှာ ယွီဟွေ့ဖန်၏ အမေကို ထိုလက်စားချေလိုသော စိတ်ကူးယဉ်ကမ္ဘာထဲမှ ပြန်လည် ခေါ်ယူနိုင်ရန်အတွက် ချောင်းကို အကြိမ်ကြိမ် ဟန့်လိုက်ရလေသည်။
“အို... ဆောရီးပဲ”
ယွီဟွေ့ဖန်၏ အမေက အနေရခက်စွာ ရယ်မောရင်း ပြောလိုက်သည်။
“အို... ငါ ဘာတွေ မေ့နေတာလဲ... ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့တောင် မေ့သွားတယ်။”
“ငါ့နာမည်က ယွီဟုန် ယွီဟွေ့ဖန်ရဲ့ အမေ ဖြစ်သလို၊ နန်းတော်တရားရုံးတွေကို ညှိနှိုင်းဆောင်ရွက်ရတဲ့ အလှည့်ကျစစ်ဆေးရေးမှူးတွေရဲ့ ဒုတိယ ညွှန်ကြားရေးမှူးဆိုလဲဟုတ်တယ်။”
“လဲ့ ဆီကနေ ကြားတာတော့... မင်းက မကြာခင် နန်းတော်တရားရုံးကို ရာထူးတိုးတော့မယ် ဆိုပါလား ယန်ချင်း” ယွီဟုန်က ရုတ်တရက် မေးလိုက်သည်။
“ဟုတ်ကဲ့... တိုးတော့မှာပါ” သူမ၏ ရာထူးကို ကြားလိုက်ရသောအခါ ယန်ချင်းက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။
သူမ၏ အကူအညီဖြင့်သာ ဆိုလျှင် သူ၏တရားရုံးတွင် သတ်မှတ်ထားသော အလှည့်ကျစစ်ဆေးရေးမှူး နှစ်ဦးအစား သုံးဦးအထိ ရရှိနိုင်ပြီး သူတို့သည် သူ၏ တရားရုံးနှင့် တွဲဖက်ထားသော်ငြားလည်း ဌာနခွဲများ ကဲ့သို့သော အခြားနေရာများသို့ အမြဲတမ်း အလှည့်ကျ ပြောင်းရွှေ့ခံရမည် မဟုတ်ပေ။
“ဝမ်းနည်းစရာ ကောင်းတာက... မင်းရဲ့ တရားရုံးမှာ အလှည့်ကျစစ်ဆေးရေးမှူးတွေ ပိုရလာအောင် ငါလုပ်ပေးလို့ မရဘူးလေ။”
“ညွှန်ကြားရေးမှူး ဆိုရင်တော့ လုပ်ပေးလို့ ရနိုင်ပေမဲ့၊ ငါက သေးငယ်တဲ့ သာမန်ဒုတိယညွှန်ကြားရေးမှူးလေး တစ်ယောက်ပဲလေ”
ယွီဟုန်က ယန်ချင်း၏ ဝမ်းသာအားရ ဖြစ်နေမှုမှ စိတ်ပျက်သွားမှုသို့ ပြောင်းလဲသွားသော စိတ်ခံစားချက် အပြောင်းအလဲကို သဘောကျစွာ ကြည့်ရင်း နောက်ပြောင်ပြောဆိုလိုက်သည်။
“နောက်ထပ် သူတစ်ပါး ဒုက္ခရောက်တာကို သဘောကျတဲ့သူတစ်ယောက်ပဲ။ သူမက ဘယ်လိုလုပ်ပြီး ယွီဟွေ့ဖန်ရဲ့ အမေ ဖြစ်နေရတာလဲ။”
“ရုပ်ရည်ကလွဲရင် သူတို့ နှစ်ယောက်က လုံးဝ မတူဘူး”
သူ စိတ်ပျက်သွားသည့် အသွင်အပြင်ကို ကြည့်ပြီး ယွီဟုန်၏ မျက်လုံးများထဲတွင် တောက်ပလာသော ပျော်ရွှင်မှုအရိပ်အယောင်ကို သတိပြုမိသွားသောအခါ ယန်ချင်းက တွေးလိုက်သည်။
ယွီဟွေ့ဖန်သည် အမြဲတမ်းသနားကြင်နာတတ်ပြီး ညင်သာသော်လည်း၊ တစ်ခါတစ်ရံတွင် တင်းကျပ်ပြီး စေ့စပ်သေချာတတ်သူ ဖြစ်ကာ၊ ဘာမဆို စိတ်ကူးပေါက်ရာ လုပ်တတ်သော သူမ၏ မိခင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်လေသည်။
“ငါက မင်းဆီကို လူအရေအတွက် ပိုရအောင် မကူညီပေးနိုင်ပေမဲ့၊ နန်းတော်တရားရုံး တွေကို ညှိနှိုင်းဆောင်ရွက်ရတဲ့ ဒုတိယညွှန်ကြားရေးမှူး ဆီမှာတော့ မင်းအတွက် စကားလေး တစ်ခွန်းလောက် ကောင်းကောင်း ပြောပေးလို့ ရပါတယ်။”
“မင်းနဲ့ တွဲဖက်ထားတဲ့ အလှည့်ကျစစ်ဆေးရေးမှူးတွေကို အပြောင်းအရွှေ့ သိပ်မလုပ်ရအောင်ပေါ့။”
“သူက ငါ့ရဲ့ ဂျူနီယာလေးလေ။ ငါ့ကိုမျက်နှာသာပေးစရာ တစ်ခု နှစ်ခုလောက် ရှိသေးတယ်။”
“ဒါပေမဲ့ မင်း သိထားရမှာက အဲဒီအခြေအနေကို အများဆုံး နှစ်လလောက်ပဲ ထိန်းထားနိုင်လိမ့်မယ်။”
“အဲဒီ နှစ်လအတွင်းမှာတောင် မင်းလက်အောက်က အလှည့်ကျစစ်ဆေးရေးမှူးတွေကို တခြားနေရာ ပြောင်းရွှေ့ခံရစေမယ့် မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်သေးတယ်။”
“ဒါကြောင့် မင်း ကံမကောင်းရင်... မင်းရဲ့ အဖွဲ့က နန်းတော်တရားရုံး အမှုတွဲတွေကို ကိုင်တွယ်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေ မပြည့်မီခင် အချိန်လေး အတွင်းမှာ တရားသူကြီးရော စစ်ဆေးရေးမှူးတာဝန်ကိုပါ တစ်ပြိုင်နက်တည်း လုပ်ဖို့ ပြင်ဆင်ထားလိုက်တော့။”
“မင်းရဲ့ အမှုတွဲတွေနဲ့ အချိန်ဇယားတွေက ပုံမှန်မဟုတ်ဘဲ ကျပန်း ဖြစ်နေလိမ့်မယ်။”
“ဒါကြောင့် အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ဖို့လိုတယ်... အထူးသဖြင့် နန်းတော်အဆင့် တရားရုံးတွေမှာပေါ့။”
“တခြားတရားရုံးတွေနဲ့ ယှဉ်ရင် အဲဒီမှာက ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ ကိစ္စတွေ အများကြီး ပိုများတယ်။”
“ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပါ... တရားသူကြီးပေါက်စလေး” ဟု ယွီဟုန်က တွေ့ရခဲသော လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
သူမ၏ စေတနာကို ကျေးဇူးတင်သောအားဖြင့် ယန်ချင်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“အကယ်လို့ တရားသူကြီး အလုပ်က အရမ်းခက်ခဲလာရင်၊ မင်း ငါတို့ရဲ့ အလှည့်ကျစစ်ဆေးရေးမှူး အဖွဲ့ကို အချိန်မရွေး ဝင်လို့ရတယ်။”
“အမြုတေဖွဲ့စည်းခြင်းအဆင့်မှာကတည်းက ခရမ်းရောင်အမြုတေရှိခဲ့တဲ့ နန်းတော်အဆင့်ကျွမ်းကျင်သူ တစ်ယောက်ကို ငါတို့က ဝမ်းသာအားရ ကြိုဆိုနေမှာပါ။”
“ငါတို့ဆီမှာ လူအင်အား အရမ်းနည်းနေပြီး အလုပ်တွေက အရမ်း များနေတယ်။”
“ပြီးတော့ တင်းကျပ်တဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကြောင့် ငါတို့ရဲ့ လူသစ်စုဆောင်းမှု အရေအတွက်က အမြဲတမ်း အရမ်းနည်းနေတယ်။”
“စဉ်းစားကြည့်ပါအုံး ယန်ချင်း။ မင်းအကြောင်း ငါ့သမီး ပြောပြထားတာတွေအရဆိုရင် မင်းက သေချာပေါက်ကို အရည်အချင်း ပြည့်မီတဲ့သူ တစ်ယောက်ပဲ။”
“ မင်းလည်း အတူတူပဲ ကောင်မလေး... မင်းမှာလည်း ခရမ်းရောင်အမြုတေ ရှိတာကို မြင်နေရတယ်။”
“မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ နောက်ဆုံး အဆင့်မှာပဲ ရှိနေသေးလို့ ငါတို့ဆီ ဝင်ဖို့ အရည်အချင်း မပြည့်မီသေးပေမဲ့၊ မင်းလို ပါရမီရှင် တစ်ယောက်အတွက် နေရာတစ်နေရာ ချန်ထားပေးဖို့ ငါ ဆန္ဒရှိပါတယ်။”
“ငါတို့ဆီမှာ လစာ ကောင်းကောင်းပေးတယ်။ တခြား ဘယ်ဌာနထက်မဆို လွတ်လပ်ခွင့် အများဆုံး ရှိတယ်။”
“ပြီးတော့ အဖွဲ့အစည်းရဲ့ အထူးအဆောက်အအုံတွေနဲ့ မှော်လက်နက်အများစုကိုလည်း အသုံးပြုခွင့် ရှိတယ်။”
“စဉ်းစားကြည့်ပါဦး... ဒါက ဆိုးတဲ့ ကမ်းလှမ်းမှုတော့ မဟုတ်ဘူးမလား”
ယွီဟုန်က ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးလုံးကို မျှော်လင့်တကြီး ကြည့်ရင်းပြောလိုက်သည်။
“ဟုန်... ငါ့ရှေ့မှာတင် ငါ့အဖွဲ့ဝင်တွေကို လုဖို့ ကြိုးစားနေတာ နည်းနည်းတော့ လွန်လွန်းမနေဘူးလား” လဲ့ဝေ့ယွမ်က အေးစက်စွာ ပြောလိုက်သည်။
“အင်း... ဘာဖြစ်လို့လဲ... မင်းရဲ့ ခမ်းနားတဲ့ တရားရုံးက ငါတို့မျက်စိကျထားတဲ့ လူဘယ်နှစ်ယောက်ကို လုသွားလဲဆိုတာ ငါတို့ နှစ်ယောက်လုံး သိကြတာပဲ... အထူးသဖြင့် အဲဒီ ဟွေ့လန်ဆိုတဲ့ ကလေးကိုပေါ့”
ယွီဟုန်က မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်သည်။
“အန်တီယွီရဲ့ ထည့်သွင်းစဉ်းစားပေးမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော် တရားသူကြီးအလုပ်ကိုပဲ ဆက်လုပ်ဖြစ်မယ် ထင်ပါတယ်။ “
“ပြီးတော့ ကျွန်တော်က တိုက်ခိုက်ရေးနဲ့ သိပ်ပြီး သင့်တော်မယ် မထင်ဘူး” ယန်ချင်းက အားနာစွာ ပြုံးရင်း ပြောလိုက်သည်။
ငြင်းပယ်မှုကို အနည်းငယ် သက်သာသွားစေရန်အတွက် သူသည် အန်တီယွီဟု ခေါ်ဆိုကာ ရင်းရင်းနှီးနှီး ပြောရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နန်းတော်တရားရုံးများ၏ အလှည့်ကျစစ်ဆေးရေးမှူးများကို ဦးစီးဆောင်ရွက်ရသူထံတွင် သူမ၏ ကောင်းသော စကားလေး တစ်ခွန်းကို သူ လိုအပ်နေသေးသည်။
“သတင်းတွေထဲကအတိုင်းပဲ အတော်မျက်နှာပြောင်တိုက်တာပဲ။”
“မျှတမှုကို အစွန်းရောက်သူလို့ နာမည်ပြောင် ပေးခံရတဲ့သူက သူ့ကိုယ်သူ တိုက်ခိုက်ရေးသမား မဟုတ်ဘူးလို့ သတ်မှတ်နေပါလား။”
“ဒါဆို တခြားလူတွေက ဘာကောင်တွေ ဖြစ်ကုန်မလဲ” ဟု ယွီဟုန်က ပြောလိုက်သည်။
သူမက သူ့ကို ပြစ်တင်ဝေဖန်နေသကဲ့သို့ ထင်ရသော်လည်း၊ သူမ၏ မျက်နှာပေါ်ရှိ အနည်းငယ် ကျေနပ်နေသော အမူအရာက အန်တီယွီဟု ခေါ်လိုက်ခြင်းက အလုပ်ဖြစ်သွားကြောင်း ပြသနေလေသည်။
မကြာမီမှာပင် သူမ၏ အကြည့်များက အနေရခက်သော အခြေအနေသို့ တွန်းပို့ခံလိုက်ရသဖြင့် စိုးရိမ်နေပုံရသော မော့ယွင်ရုထံသို့ ရောက်ရှိသွားလေသည်။
သူမသည် ယန်ချင်းကဲ့သို့ မျက်နှာထူသူ မဟုတ်သော်ငြားလည်း၊ သူမ၏ တုံ့ပြန်မှုတွင် ယန်ချင်း၏ ခြေရာအတိုင်း လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
“တောင်းပန်ပါတယ် အန်တီယွီ... ကျွန်မက တခြား ဘာမှလုပ်ဖို့ ယုံကြည်မှုမရှိလို့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပါရစေ”
မော့ယွင်ရုက ယွီဟုန်ကို သတိကြီးစွာ အကဲခတ်ရင်း ညင်သာစွာ ပြောလိုက်သည်။
“ကောင်းပြီလေ... မင်းတို့ပဲ ဆုံးရှုံးတာပေါ့... ဒီထက် လစာပိုကောင်းတဲ့ အလုပ်ကို မင်းတို့ ရှာတွေ့မှာ မဟုတ်ဘူး”
ယွီဟုန်က သူမ၏ စကားစု၏ နောက်ဆုံး အပိုင်းကို ပြောသောအခါ ယန်ချင်းကို အထူးတလည် စိုက်ကြည့်ရင်း လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
“ယွီဟွေ့ဖန်က သူ့အမေကို ဘာတွေ ပြောပြထားတာလဲ” သူမ၏ သိသာလွန်းသော အကြည့်ကို သတိပြုမိသွားသောအခါ ယန်ချင်းက တွေးလိုက်မိလေသည်။
“ရှုံးမဲ မဲမနေပါနဲ့ ဟုန်ရယ်”
လဲ့ဝေ့ယွမ်က အနေရခက်ပြီး ဖိအားများနေသော အခြေအနေမှ သူတို့ နှစ်ဦးကို ကယ်တင်ပေးရင်း အထာကျကျ ပြောလိုက်သည်။
“လဲ့... မင်း လမ်းသိသားပဲ သူတို့ကို ခေါ်သွားလိုက်တော့... ငါ တခြားဧည့်သည်တွေကို နှုတ်ဆက်ဖို့ ရှိသေးတယ်”
ယွီဟုန်၏ အသံက ပဲ့တင်ထပ် ထွက်ပေါ်လာပြီးနောက်၊ သူမ ရပ်နေသော နေရာတွင် မက်မွန်ပန်းပွင့်ဖတ်လေး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး သူမမှာ ပျောက်ကွယ်သွားလေသည်။
“ဒီထဲက တစ်ခုကိုယူပြီး မင်းတို့ရဲ့ ချီကို အဲဒီထဲ ထည့်လိုက်ပါ။ အဲဒါက ငါတို့ သွားရမယ့် နေရာကို ပို့ပေးလိမ့်မယ်”
လဲ့ဝေ့ယွမ်က လွင့်မျောနေသော ပန်းပွင့်ဖတ် သုံးခုကို ဖမ်းဆွဲလိုက်ပြီး ယန်ချင်းနှင့် မော့ယွင်ရုတို့အား နှစ်ခု ပေးလိုက်ရင်း ပြောလိုက်သည်။
ပန်းပွင့်ဖတ်လေးများမှာ ကိုင်လိုက်လျှင် အေးမြပြီး ပျော့အိနေကာ အလွန်နူးညံ့သော သားမွေးလေးများကဲ့သို့ ဖြစ်နေပြီး လန်းဆန်းသော သစ်သီးရနံ့လေး သင်းပျံ့နေလေသည်။
ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးလုံးမှာ ပြောသည့်အတိုင်း လုပ်ဆောင်လိုက်ကြသည်။
သူတို့၏ ချီကို ပန်းပွင့်ဖတ်လေးများထဲသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ အမြင်အာရုံ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
နောက်တစ်မိနစ်တွင် သူတို့သည် ရင်းနှီးမှု မရှိသော ဧည့်သည်များဖြင့် ပြည့်နှက်နေသည့် အခန်းကြီး တစ်ခုအတွင်းသို့ ရောက်ရှိသွားကြလေသည်။
ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးလုံးမှာ သူတို့ ဘယ်ရောက်နေသနည်း ဆိုသည်ကို သိရှိနိုင်ရန် ပတ်ဝန်းကျင်ကို စပ်စုစွာ လိုက်လံ ကြည့်ရှုလိုက်ကြသည်။
သူတို့၏ အထက်တွင် ကြယ်အစုအဝေးများဖြင့် ပြည့်နှက်နေသော အပြာရောင်ညကောင်းကင်ယံ တစ်ခုကို မြင်တွေ့လိုက်ရရာ၊ ၎င်းမှာ အလွန် ထူးဆန်းနေလေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် နှင်းများ ကျဆင်းနေသည့် နေ့အချိန် ဖြစ်နေသောကြောင့် ဖြစ်ပြီး၊ ယခုအခါ ထိုနှင်းများလည်း မရှိတော့ပေ။
သူတို့၏ ခြေအောက်တွင်မူ မက်မွန်သီးရနံ့ သင်းပျံ့နေသော လိမ္မော်ရောင်သစ်သား ကြမ်းခင်းသစ်များ ရှိနေလေသည်။
သို့သော် သူတို့ နှစ်ဦးလုံးကို အံ့အားသင့်သွားစေသောအရာမှာ ဤနေရာရှိ ချီများ အလွန်သိပ်သည်းနေသည့် အချက်ပင် ဖြစ်သည်။
ယန်ချင်းက ရတနာများစွာထည့်သွင်းပေးထားသော ကောင်းကင်ဘုံရက်ကန်းငှက်၏ အသိုက်ပင်လျှင် ဤနေရာရှိ ချီ၏ ဆယ်ပုံတစ်ပုံကိုပင် မမီနိုင်ပေ။
“မင်းတို့က လေဟာနယ်နှင်းမက်မွန်ပင်ရဲ့ ပန်းပွင့် ၁၀၈ ပွင့်ထဲက တစ်ပွင့်ရဲ့ အတွင်းကို ရောက်နေတာ။”
“သူ့ရဲ့ နာမည်အတိုင်းပဲ။ သူက ပန်းပွင့် ၁၀၈ ပွင့်မှာ သီးခြားစီ ထူးခြားတဲ့ ပတ်ဝန်းကျင် ရှိတဲ့ နေထိုင်လို့ရတဲ့ နေရာလွတ် တစ်ခုကို ဖန်တီးပေးတယ်။”
“အခုအချိန်အထိတော့ ဒီသစ်ပင်က ပန်းပွင့် ၆၂ ပွင့်ကိုပဲ ဖွင့်ပေးနိုင်သေးတယ်။ ကျန်တဲ့ ၄၆ ပွင့်ကတော့ အဖူးအခြေအနေမှာပဲ ရှိသေးတယ်။”
သူတို့၏ စပ်စုနေသော အကြည့်များကို မြင်သောအခါ လဲ့ဝေ့ယွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“နေရာလွတ် စွမ်းအင်ရှိတဲ့ သစ်ပင် တစ်ပင်ပဲ”
ယန်ချင်းက အံ့ဩတကြီး ရေရွတ်လိုက်ပြီး၊ သူ၏ အမြင်အာရုံကို ချဲ့ထွင်လိုက်လေသည်။
သူ၏ ဧကရာဇ် အာရုံမှာ ပန်းပွင့်၏ နေရာလွတ် အတွင်းတွင် ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်နေပြီး၊ ၎င်းမှာ သူတို့ ရောက်ရှိနေသော ပန်းပွင့်၏ ထူးခြားသော လက္ခဏာရပ်များအနက်မှ တစ်ခု ဖြစ်မည်ဟု ယန်ချင်းက ယူဆလိုက်သည်။
သူ၏ နေကြတ်သစ်ပင်မှာလည်း နေရာလွတ် စွမ်းအင် ပါရှိသော သဘာဝ ရတနာ တစ်ခု ဖြစ်သော်လည်း၊ ၎င်း၏ နေရာလွတ် နှင့် ပတ်သက်သော စွမ်းဆောင်ရည်များ ပွင့်လာခြင်း မရှိသေးပေ။
ထိုသို့ ဖြစ်လာရန်အတွက် အလွန် များပြားလှသော အရင်းအမြစ်များနှင့် အချိန်များစွာ လိုအပ်လေသည်။
သို့သော် လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ၎င်း၏ စွမ်းဆောင်ရည် အချို့ ပွင့်လာရန် နီးစပ်နေပြီ ဖြစ်ကြောင်းကို ယန်ချင်း အရေးတယူ အာရုံခံမိနေခဲ့လေသည်။
“ယန်ချင်း၊ မော့ယွင်ရု၊ ကြီးကြပ်ရေးမှူး လဲ့ဝေ့ယွမ်... ကြိုဆိုပါတယ်”
ညင်သာပြီး သာယာသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ အသံပိုင်ရှင်ကို သူ မြင်လိုက်ရလေသည်။
သူမမှာ ယွီဟွေ့ဖန် ပင် ဖြစ်သည်။
သူမသည် သူမ၏ ဆံပင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသော ပန်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခုဖြင့် ရောက်လာလေသည်။
သူမနှင့်အတူ ပိန်သွယ်ပြီး ချောမောသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးလည်း ပါလာလေသည်။
သူသည် သူ၏ ကျောပြင်အထိ ရောက်ရှိနေသော ရှည်လျားပြီး ချောမွေ့သည့် အနက်ရောင် ဆံကေသာရှည်နှင့် လိုက်ဖက်သော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
သူနှင့် ယွီဟွေ့ဖန် တို့ နှစ်ဦးစလုံးတွင် ဆင်တူသော မျက်နှာသွင်ပြင် အနည်းငယ် ရှိကြလေသည်။
“ဒုတိယ ဌာနမှူး ယွီလုံ၊ ယွီဟွေ့ဖန်... နေကောင်းကြရဲ့လား”
ယန်ချင်းက သူတို့အနားသို့ ရောက်သောအခါ သူတို့ နှစ်ဦးလုံးကို ရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။
သူတို့၏ အသိုင်းအဝိုင်းများ မတူညီခြင်းနှင့် ရာထူးနေရာကြောင့် သူမကို သိရှိရန် ခက်ခဲသဖြင့် ယွီဟွေ့ဖန် ၏ မိခင်ကို မသိခဲ့သော်လည်း၊ သူမ၏ ဖခင်ဖြစ်သူ ယွီလုံကိုတော့ သိရှိထားလေသည်။
သူသည် ကျင့်စဉ်သမိုင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ဌာန၏ ဒုတိယဌာနမှူး ဖြစ်သည်။
ဌာနမှူးကျူးလောင်သည် သူ၏ အနှစ် ၅၀ ကြာ အတင်းအဓမ္မ တံခါးပိတ် ကျင့်ကြံခြင်း ကြောင့် ပျောက်ဆုံးနေချိန်တွင် သူသည် ဌာန၏ ယာယီ အကြီးအကဲ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
မော့ယွင်ရု ကလည်း အနောက်မှ လိုက်၍ နှုတ်ဆက်လိုက်လေသည်။
“လဲ့”
ယွီလုံက လဲ့ဝေ့ယွမ်ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရာ၊ သူကလည်း ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။
“ယန်ချင်း၊ မော့ယွင်ရု... အကယ်ဒမီ ပြီးသွားတဲ့ နောက်ပိုင်းမှာ ငါ့ရဲ့ တပည့်တွေ ကြီးပွားတိုးတက်နေတာကို မြင်ရတာ ဝမ်းသာပါတယ်။”
“ဒါနဲ့... မင်းအကြောင်း ဌာနမှူးကျူးလောင်ကို ငါပြောပြထားတယ် ယန်ချင်း။ သူက မင်းနဲ့ တွေ့ဖို့ စိတ်ဝင်စားနေတယ်”
ယွီလုံက သူတို့ နှစ်ဦးကို အားကျဖွယ်ကောင်းသော အပြုံးတစ်ခုဖြင့် ညင်သာစွာ ပြောလိုက်သည်။
“ယန်ချင်း... ခဏနေ ဌာနမှူး ကျူးလောင် နဲ့ တွေ့ရင် သူ့ညီအကြောင်း မပြောမိစေနဲ့နော်”
လဲ့ဝေ့ယွမ်က သူ၏ နယ်မြေ အာရုံမှတစ်ဆင့် ယန်ချင်းနှင့် ဆက်သွယ်ကာ ပြောလိုက်လေသည်။