အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄) - တာဝန်လွှဲပြောင်းမှု ပြီးဆုံးခြင်း
အကဲဖြတ်သူများ၊ အထူးသဖြင့် အရည်အချင်းပြည့်မီသော အကဲဖြတ်သူများသည် သူတို့၏ ကျယ်ပြန့်လှသော အသိပညာနှင့် ကျွမ်းကျင်မှုများကြောင့် ဘက်စုံတတ်ကျွမ်းသူများဟု ဆိုနိုင်သလို သူတို့ခေတ်သူတို့အခါတွင် ပါရမီရှင်များအဖြစ်လည်း သတ်မှတ်ခံရပေ၏။
အကဲဖြတ်သူတစ်ဦးတည်းကပင် သားရဲယဉ်ပါးစေခြင်း၊ ဆေးဝါးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ မြေကြောပညာနှင့် ဝိညာဉ်ကျောက်တုံး ရှာဖွေတူးဖော်ခြင်း စသည့် ပညာရပ်များအား တတ်ကျွမ်းထားနိုင်လေသည်။ ထိုဘာသာရပ်များအပေါ် သူတို့၏ အသိပညာမှာလည်း အခြေခံအဆင့်မျှသာ မဟုတ်ဘဲ ပျောက်ဆုံးသွားသော ပညာရပ်များအထိပင် နက်ရှိုင်းကျယ်ပြန့်လှ၏။
အရည်အချင်းပြည့်မီသော အကဲဖြတ်သူတိုင်းလိုလိုသည် ဘာသာရပ်အသီးသီး၏ အခြေခံသဘောတရားများကို သိရှိထားကြပြီး အချို့သော ဘာသာရပ်များကိုမူ အထူးပြုလေ့လာထားတတ်ကြ၏။ ယန်ချင်းအနေဖြင့် ဆေးပညာ၊ ဝင်္ကပါအစီအရင်များနှင့် ပျက်စီးနေသော ကျင့်စဉ်များ၏ အဆင့်ကို ခွဲခြမ်းစိတ်ဖြာခြင်း စသည့် အချို့သော ပညာရပ်များတွင် သူ၏အသိပညာအပေါ် ယုံကြည်မှု အပြည့်ရှိပေသည်။
သို့သော် ထိုအသိပညာနှင့် ကျွမ်းကျင်မှုများသည် အကဲဖြတ်သူတစ်ဦး ဖြစ်လာရန်အတွက်မူ သာမန်အဆင့်မျှသာ ရှိချေ၏။
အကယ်၍သာ သူသည် သီးခြားသက်သေအရာရှိတစ်ဦး ဖြစ်လိုပါက ကျွမ်းကျင်သော အကဲဖြတ်သူတစ်ဦးကို ငှားရမ်းရမည်ဖြစ်ပြီး ရောင်းချလိုက်သည့် ရတနာတိုင်းတွင် သူ၏နာမည်နှင့် ဂုဏ်သိက္ခာကို ပူးတွဲထားရမည်ဖြစ်ရာ ထိုသူသည် အလွန်တရာ ကျွမ်းကျင်သူ ဖြစ်ရပေမည်။
ကျွမ်းကျင်သော အကဲဖြတ်သူတစ်ဦးကို ငှားရမ်းခြင်းသည် သူရရှိမည့် ၀န်ဆောင်ခ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို ကုန်ကျစေလိမ့်မည် ဖြစ်၏။ ထိုသို့ဆိုလျှင် အဖွဲ့အစည်း၏ စည်းကမ်းချက်များကို လက်ခံလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
"ဒါနဲ့ဆက်စပ်ပြီးတော့ ဂိုဏ်းတွေ၊ မိသားစုတွေ၊ တိုင်းပြည်တွေ၊ အင်ပါယာတွေနဲ့ တခြားအဖွဲ့အစည်းတွေ အပါအဝင် တိုက်ကြီးတစ်ခွင်မှာ ကျင်းပတဲ့ အခမ်းအနားအမျိုးမျိုးမှာ အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ မျက်နှာပန်းလှအောင် တက်ရောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီအခမ်းအနားတချို့မှာ ခင်ဗျားက အဓိကကိုယ်စားလှယ်အနေနဲ့ တက်ရောက်ရမှာဖြစ်ပြီး တချို့မှာတော့ နောက်လိုက်အနေနဲ့ တက်ရောက်ရပါလိမ့်မယ်။
"ပထမတစ်ချက်က အဆင့်သုံးနဲ့အောက် အဖွဲ့အစည်းတွေရဲ့ အခမ်းအနားတွေအတွက်၊ ဒုတိယတစ်ချက်ကတော့ အဆင့်နှစ်နဲ့အထက် အဖွဲ့အစည်းတွေအတွက်ပါ။”
"ဒီအခမ်းအနားတွေမှာ ပေးအပ်ရမယ့် လက်ဆောင်တွေကို အဖွဲ့အစည်းကပဲ စီစဉ်ပေးမှာပါ။ ခင်ဗျားရဲ့ အချိန်ဇယားတွေကို ပြင်ဆင်နိုင်ဖို့ တစ်ပတ်ကြိုတင် အကြောင်းကြားပေးပါလိမ့်မယ်။”
"ပွဲတွေနဲ့ပတ်သက်လာရင် ခင်ဗျားကို ဝန်ပိတာမျိုး မဖြစ်စေဖို့အတွက် တစ်နှစ်ကို အများဆုံး ဆယ့်နှစ်ပွဲပဲ တက်ရောက်ဖို့ လိုအပ်ပါတယ်။ တစ်လကို တစ်ပွဲနှုန်းပေါ့၊ ဒါပေမဲ့ အဲဒီအတိုင်း အတိအကျ ဖြစ်ချင်မှဖြစ်မှပါ" ရှီထျန်က ရှင်းပြလေ၏။
တစ်နှစ်လျှင် ဆယ့်နှစ်ပွဲဟု သူပြောလိုက်ချိန်တွင် ယန်ချင်းတစ်ယောက် စုပ်သပ်လိုက်သည်လားကို သူ သေချာမသိလိုက်သဖြင့် သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာလေသည်။
သို့သော်လည်း ယန်ချင်း၏ စူးစိုက်နားထောင်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင်မူ အမြင်မှားသွားသည်ဟုသာ ယူဆလိုက်ပြီး ရှင်းလင်းချက်ကို ဆက်လက်ပြောကြားလေ၏။
"လေလံပွဲတွေနဲ့ အခမ်းအနားတွေဆိုတာ တိုက်ကြီးတစ်ခွင်က အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ထိန်းသိမ်းထားတဲ့ ကျွန်တော်တို့ရဲ့ နည်းလမ်းတစ်ခုပါပဲ၊ ဒါကြောင့် နည်းပညာအရ ဒါတွေက ခင်ဗျားရဲ့ အဓိကတာဝန်တွေ မဟုတ်ဘူးဆိုပေမယ့် ခင်ဗျားရဲ့ အမှုတွေအတိုင်းပဲ အလေးအနက်ထားပြီး ဂရုစိုက်ပေးပါဦး။
"အပြင်ကို ရောက်သွားတဲ့အခါ ခင်ဗျားက အဖွဲ့အစည်းရဲ့ ပြယုဂ်ဖြစ်နေမှာပါ" ရှီထျန်က ဆက်ပြောလိုက်၏။
"ကျွန်တော် ဂရုစိုက်ပါ့မယ်" ယန်ချင်းက လေးနက်စွာ ပြန်ဖြေလေ၏။
"နောက်ဆုံးတာဝန်နှစ်ခုအတွက် ကျွန်တော် အကြမ်းဖျင်း ရှင်းပြပေးပါမယ်၊ ဒါပေမဲ့ သူတို့ရဲ့ သဘောသဘာဝက အရေးကြီးတဲ့အတွက် ထပ်ပြီး ရှင်းရှင်းလင်းလင်းသိရအောင် သက်ဆိုင်ရာ နေရာတွေကို သွားရောက်ကြည့်ရှုဖို့တော့ လိုအပ်ပါလိမ့်မယ်..."
အခန်းတွင်းရှိ လေထုမှာ ပိုမိုလေးလံသွားပြီး တည်ငြိမ်လေးနက်မှုတို့ ဖုံးလွှမ်းသွားချေ၏။
"တာဝန်တစ်ခုကတော့ အကျဉ်းသားလွှတ်ပေးရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ကြီးကြပ်ရတာပါ။ ရီကွီယမ်အရာရှိတွေရဲ့ ထောက်ခံချက်ပါတဲ့ အချို့အကျဉ်းသားတွေကို ဒီအစီအစဉ်အတွက် ခွင့်ပြုပေးပါတယ်။
အဲဒီအကျဉ်းသားတွေကို တိုက်ကြီးတစ်ခွင်မှာရှိတဲ့ ပြန်လည်ပြုပြင်ရေးနဲ့ မြေယာဖော်ထုတ်ရေးလုပ်ငန်းတွေ၊ နောက်ပြီး နစ်နာသူတချို့အတွက် ယာယီအစောင့်အရှောက်တွေစတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းအမျိုးမျိုးကို ကူညီပံ့ပိုးဖို့ ပြန်လည်အသုံးပြုနိုင်ပါတယ်။”
"ဒီတာဝန်က ဘယ်အရာက အရေးတကြီး လိုအပ်နေလဲ၊ ဘယ်အခန်းကဏ္ဍမှာ လူလိုအပ်နေလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နန်းတော်ပြင်ပက တရားသူကြီးတိုင်းကို စောင့်ကြည့်လေ့လာရေး ကော်မတီဝင်တွေနဲ့အတူ အနီးကပ် စောင့်ကြည့်ဖို့ အကျဉ်းသား အရေအတွက်တစ်ခု သတ်မှတ်ပေးထားပါတယ်။
ခင်ဗျားအနေနဲ့ အကျဉ်းသားရဲ့ တိုးတက်မှုကို စဉ်ဆက်မပြတ် အကဲဖြတ်ရမှာပါ။ ပြီးတော့ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခု ရောက်တဲ့အခါ သူတို့ ဒီအစီအစဉ်ကို ဆက်လုပ်သင့်သလား၊ ရီကွီယမ်ကိုပဲ ပြန်ပို့သင့်သလား၊ ဒါမှမဟုတ် တချို့ကိစ္စတွေမှာ ကွပ်မျက်သင့်သလားဆိုတာကို ဆုံးဖြတ်ချက်ချရပါမယ်။”
"နောက်ပိုင်း ရီကွီယမ်ကို သွားတဲ့အခါ သူတို့က အသေးစိတ်ကို ထပ်ပြီး ရှင်းပြပေးပါလိမ့်မယ်။
"ခင်ဗျားရဲ့ နောက်ဆုံးတာဝန်အတွက်ကတော့ သတင်းအချက်အလက် ဆက်သွယ်မှုတစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ ကျွန်တော် ရှင်းပြခွင့်မရှိပါဘူး။ အရိပ်သိမ်းငှက်အဖွဲ့က တစ်ယောက်ယောက်က ခင်ဗျားကို လမ်းညွှန်ပေးဖို့ အသင့်စောင့်နေပါလိမ့်မယ်။”
"ဒီလောက်ဆိုရင်တော့ ခင်ဗျားရဲ့ တာဝန်လွှဲပြောင်းမှု ပြီးဆုံးပြီလို့ ထင်ပါတယ်။ ခင်ဗျားအတွက် သတ်မှတ်ထားတဲ့ တရားခွင်က နံပါတ် ၂၄ ပါ။ ရွှေလင်းယုန်တံဆိပ်ပြားကို သုံးပြီး ဝင်ရောက်နိုင်ပါတယ်..."
ရှီထျန်က သူ၏ဘေးရှိ စာလိပ်များထဲမှ တစ်ခုကို ယူကာ အချက်အလက် အနည်းငယ်ကို အတည်ပြုရန် ခေတ္တရပ်နားလိုက်၏။
"ခင်ဗျားရဲ့ စစ်ဆေးရေးမှူးတွေထဲမှာ ဘယ်သူမှ နန်းတော်အဆင့်ကို မရောက်သေးတာ တွေ့ရပါတယ်၊ ဒါကြောင့် ခင်ဗျားရမယ့် အမှုတချို့ကို သူတို့ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး၊ ဒီအတွက်ကြောင့် ခင်ဗျားကို နယ်လှည့်စစ်ဆေးရေးမှူး နှစ်ယောက် သတ်မှတ်ပေးထားပါတယ်။”
"သူတို့ ခင်ဗျားရဲ့ တရားခွင်မှာ စောင့်နေလောက်ပြီလို့ ထင်ပါတယ်။ ခင်ဗျားမှာ မေးစရာမေးခွန်းတွေ မရှိဘူးဆိုရင် ကျွန်တော်တို့ ဒီမှာပြီးတာနဲ့ သူတို့နဲ့ သွားတွေ့နိုင်ပါပြီ၊ မေးခွန်းရှိရင်လည်း ကျွန်တော် ဝမ်းသာအားရ ဖြေကြားပေးပါ့မယ်" ရှီထျန်က ခင်မင်ရင်းနှီးသော အပြုံးဖြင့် မေးလိုက်လေ၏။
"လောလောဆယ်တော့ မရှိသေးပါဘူး" ယန်ချင်းက ပြန်ဖြေလေ၏။
တိုင်ချန်၊ ကျန်းချင်းကဲတို့နှင့် အပြန်အလှန် ဆက်ဆံခဲ့ဖူးသောကြောင့် တာဝန်အများစုကို သူ ရင်းနှီးပြီးသား ဖြစ်နေပေ၏။ သူ့ကို အံ့အားသင့်စေခဲ့သည့် တစ်ခုတည်းသော အရာမှာ ထိုနှစ်ဦး သက်တောင့်သက်သာ ချန်လှပ်ထားခဲ့သည့် လွတ်လပ်စွာ သုံးစွဲခွင့်ရှိသော ရန်ပုံငွေကိစ္စပင် ဖြစ်လေသည်။
ထိုအချက်မှလွဲ၍ နန်းတော်တရားရုံးများသို့ ရောက်သွားသောအခါ သူ့ကို မည်သည့်အရာများ စောင့်ကြိုနေမည်ကိုတော့ သူ အနည်းနှင့်အများ သိထားပြီး ဖြစ်လေ၏။
"ခင်ဗျားမှာ မေးစရာ မေးခွန်းမရှိတော့ဘူးဆိုရင် ရှေ့ဆက်မယ့် ခရီးလမ်းမှာ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ခင်ဗျားကို ဝန်ဆောင်မှုပေးရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ" ရှီထျန်က ယန်ချင်းအား ဂါရဝပြုလိုက်ရင်း ပြောလေ၏။
"ကျွန်တော့်ရဲ့ အခန်းကဏ္ဍသစ်အတွက် အကူအညီပေးပြီး တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တော်တော်လေး ဗဟုသုတရပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်"
ယန်ချင်းကလည်း တာအိုဂါရဝ ပြန်လည်ပြုလိုက်ရင်း တုံ့ပြန်လိုက်၏။
သူတို့နှစ်ဦး ရင်းနှီးစွာဖြင့် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ယန်ချင်းသည် သူ၏တရားခွင်ရှိရာ အရပ်သို့ ဦးတည် ထွက်ခွာလာခဲ့လေသည်။
ယနေ့ သူ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် ကိစ္စသုံးခု ရှိပေ၏။ ပထမအနေဖြင့် မာယွမ်၏ အမှုကို ဦးစားပေးအဖြစ် သတ်မှတ်ကာ ရှေ့ဆက်ရမည့် အမှုများအတွက် ကြိုတင်စီစဉ်ရန် နယ်လှည့်စစ်ဆေးရေးမှူး နှစ်ဦးနှင့် တွေ့ဆုံရမည် ဖြစ်၏။
ဒုတိယအနေဖြင့် သူ၏အဆက်အသွယ်ကြောင်းနှင့် အခြားအရာအချို့ကို ထပ်မံ ရှင်းလင်းချက်ရယူရန် အရိပ်သိမ်းငှက်ကိုယ်စားလှယ်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး နောက်ဆုံးတွင် ရီကွီယမ်သို့ သွားရောက်လည်ပတ်ကာ အဆုံးသတ်ရမည် ဖြစ်ပေသည်။
ထိုကိစ္စသုံးခုကို ပြီးမြောက်ပြီးပါက ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲများအတွက် သူ စတင်စီစဉ်နိုင်ပြီ ဖြစ်လေ၏။
ထို့အပြင် လာမည့်ရက်အနည်းငယ်အတွင်း မလွဲမသွေ ဖြစ်လာတော့မည့် သူသိထားသော မန်ချောင်နှင့် တွေ့ဆုံရမည့် ကိစ္စလည်း ရှိနေသေးချေသည်။