← Chapters

ဒုတိယအမှု စတင်ခြင်း

Vol. 6 Ch. 54

ဒုတိယအမှု စတင်ခြင်း

Vol. 6 Ch. 54

ယန်ချင်းနှင့် မော့ယွင်ရုသည် သူတို့၏နေရာအသီးသီးတွင် ရှိနေကြပြီး ယန်ချင်းသည် စောစောပိုင်းက မော့ယွင်ရုပေးပို့ထားသော အဖြူရောင်ကျောက်စိမ်းပြားထဲမှ အမှုအသေးစိတ်အချက်အလက်များကို ဖတ်ရှုနေသည်။

“ရှန်ရှီ ၊ ရှန်တင်းနဲ့ ရှန်တျန် ဆိုတဲ့ ညီအစ်ကိုသုံးယောက်က မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင် ပိုင်ဆိုင်တဲ့ မြေကမ္ဘာစပျစ်နွယ်သစ်သား စားပွဲတစ်လုံးကို ဖျက်ဆီးခဲ့တယ်။”

“ပျက်စီးသွားတဲ့ စားပွဲအတွက်လိုအပ်တဲ့ လျော်ကြေးငွေ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ ကို ပေးဆောင်နိုင်ခြင်းမရှိကြဘူး”

“အင်း... ကြည့်ရတာ သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေ ထင်တယ်၊ ဒါကြောင့် ပိုက်ဆံပြတ်လပ်နေတာဖြစ်မယ်။ ညီအစ်ကို ၃ ယောက်စလုံးက ရွှေအမြုတေအဆင့် ၄ မှာရှိပြီး အသက် ၂၀၀ အောက်ပဲရှိသေးတယ်။”

“ ဒီလိုပါရမီမျိုးနဲ့ဆိုရင် အဆင့် ၃ သို့မဟုတ် အဆင့် ၄ ဂိုဏ်း၊ မိသားစုတစ်ခုခုမှာ ဧည့်သည်အကြီးအကဲအဖြစ် နေလို့ရပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် ရပ်တည်ဖို့ ရွေးချယ်ထားကြတာပဲ”

“တရားလိုဖြစ်တဲ့ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ပိုင်ရှင်အကြောင်း ကြည့်ရအောင်။ ဒီစားသောက်ဆိုင်က နာမည်ကြီး မြေကမ္ဘာစပျစ်နွယ်သစ်သားကြောင့် ကျော်ကြားတယ်။”

“ဒီသစ်သားက နူးညံ့သိမ်မွေ့တဲ့ ပြန်လည်အားဖြည့်ပေးနိုင်စွမ်းရှိသလို ဝိညာဉ်ကိုလည်း ငြိမ်ချမ်းစေတယ်။ ဒီအာနိသင်က အတွင်းမိစ္ဆာ ဝင်ရောက်နှောင့်ယှက်ခံရသူတွေအတွက် အရမ်းအကျိုးရှိတယ်။”

“ ဒီသစ်သားရဲ့ဂုဏ်သတ္တိတွေနဲ့ အရည်အသွေးမြင့်ဟင်းပွဲတွေကြောင့် ဖောက်သည်အများအပြား ရရှိထားပြီး အဆင့် ၃ တိုင်းပြည်ဖြစ်တဲ့ မြစိမ်းလီလီတိုင်းပြည်မှာ ထင်ရှားတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ပိုင်ရှင်ကတော့ ရွှေအမြုတေအဆင့် ၇ မှာရှိတဲ့ကျင့်ကြံသူတစ်ယောက်ပါ”

“ဟင်... ဒါဘာလဲ။ သူတို့က ရွှေဝါးရုံ စံအိမ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုပဲ။ မော့မော့... မင်းဒီအစီရင်ခံစာကို ဖတ်ပြီးပြီမဟုတ်လား”

ယန်ချင်း ရုတ်တရက်မေးလိုက်သည်။

“အင်း”

မော့ယွင်ရု ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ဘာလို့ပိုင်ရှင်က ကိုယ့်အိမ်တွင်းရေးပြဿနာကို ကိုယ့်ဘာသာမဖြေရှင်းဘဲ ဒီကိုယူလာရတာလဲ။ အစီရင်ခံစာအရ စားသောက်ဆိုင်က ရွှေဝါးရုံစံအိမ်ရဲ့ လက်အောက်ခံလို့ဆိုတယ်။”

“ရွှေဝါးရုံစံအိမ်က နယ်မြေအဆင့်ကျင့်ကြံသူ ၄ ယောက်ဦးဆောင်တဲ့ ကုန်သည်အဖွဲ့အစည်းကြီးလေ။ အဲဒီလောက်အင်အားနဲ့ဆိုရင် ရွှေအမြုတေအဆင့်လောက်ရှိတဲ့ ကောင်လေးတွေကို အလွယ်တကူကိုင်တွယ်လို့ရတာပဲ။”

“ဘာလို့ဒီကိုယူလာရတာလဲ။ ငါမသိတဲ့ အကြောင်းရင်းတစ်ခုခုရှိနေလို့လား”

ယန်ချင်း နားမလည်စွာမေးလိုက်သည်။

“ဒီအမှုကို တာဝန်ယူထားတဲ့ ကျန်ဟူဆီက ကြားရသလောက် သူစုံစမ်းကြည့်ရသလောက်တော့ ရွှေဝါးရုံစံအိမ်က ကြီးမားတဲ့ကိစ္စတစ်ခုနဲ့ ရှုပ်ထွေးနေတယ်။”

“သူတူးဖော်ရရှိတဲ့သတင်းတွေအရ တခြားကုန်သည်အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းဖို့ လုပ်နေကြတာ။ အဲဒီကိစ္စကြောင့် တခြားဘာကိုမှ အာရုံစိုက်ဖို့၊ အရင်းအမြစ်တွေခွဲဝေပေးဖို့ အချိန်မရကြဘူး။”

“ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို နောက်လအနည်းငယ်ကနေ တစ်နှစ်လောက်အထိ ကိုယ့်ပြဿနာကိုယ်ရှင်းကြဖို့ ညွှန်ကြားထားတယ်။ပြဿနာသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကပ်ဘေးသင့်လောက်တဲ့အခြေအနေဖြစ်ရင်တောင် ရွှေဝါးရုံစံအိမ်က ဝင်ပါပေးနိုင်မှာမဟုတ်ဘူးတဲ့”

“မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ပိုင်ရှင်နဲ့ စကားပြောကြည့်တော့ ပိုင်ရှင်က သတိကြီးတဲ့လူစားမျိုးဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်မတည်ငြိမ်တာကို ကျန်ဟူ သတိထားမိလိုက်တယ်။”

“ပိုင်ရှင်ရဲ့အဆင့်က ဆေးလုံးတွေအားကိုးပြီး တက်ထားတာဖြစ်မယ်လို့ သူသံသယရှိနေတာ။ ရွှေအမြုတေအဆင့် ၇ ရောက်နေပေမဲ့ အခြေခံမခိုင်မာတဲ့အတွက် တစ်သက်လုံးဓားသွားပေါ်လမ်းလျှောက်လာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ၃ ယောက်ကို ဖိနှိပ်ဖို့ခက်ခဲနေလိမ့်မယ်။ ဒါကြောင့် တရားစီရင်ရေးအဖွဲ့ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တာပါ”

မော့ယွင်ရုက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“ဪ... ကောင်းပြီလေ... အားလုံးရှင်းလင်းသွားပါပြီ။ အရင်အမှုတုန်းကလို အလှည့်အပြောင်းတွေရှိမယ်မထင်ပါဘူး”

ယန်ချင်းက ပြောရင်း ပွင့်လာသော တရားခွင်တံခါးကို ကြည့်လိုက်သည်။

ယီကျဲ ဦးဆောင်ပြီးဝင်လာသူများမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပုံရသော ထွားကျိုင်းသည့် အမျိုးသား ၃ ဦးဖြစ်သည်။ သူတို့ ၃ ဦးသည် လမ်းလျှောက်ပုံကအစ တစ်ထပ်တည်းတူညီနေပြီး ပုံတူပွားထားသကဲ့သို့ပင်။

ကွာခြားချက်မှာ သူတို့ဝတ်ဆင်ထားသော ဝတ်ရုံအရောင်များသာဖြစ်သည်။ ပထမတစ်ယောက်သည် အပြာရောင်ဝတ်ရုံကို သပ်ရပ်စွာဝတ်ဆင်ထားသော်လည်း နဖူး၊ ရင်ဘတ်နှင့် လက်မောင်းများတွင် ဓားဒဏ်ရာအမာရွတ်များ ရှိနေသဖြင့် ကြမ်းတမ်းသောပုံစံပေါက်နေသည်။

ဒုတိယတစ်ယောက်သည် အဝါရောင်ဝတ်ရုံဝတ်ဆင်ထားပြီး တတိယတစ်ယောက်မှာမူ ပြုပြင်မထားသော ဝိညာဉ်သားရဲသားရေစများဖြင့် ဖာထေးထားသော အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အရိုင်းဆန်သောပုံစံပေါက်နေသည်။

၃ ဦးစလုံး၏ခန္ဓာကိုယ်တွင် နေ့စဉ်ဓားသွားပေါ်လမ်းလျှောက်ခဲ့ရကြောင်း သက်သေပြနေသည့် အမာရွတ်များ ပြည့်နှက်နေသည်။

သို့သော် ယန်ချင်းကဲ့သို့ လေ့ကျင့်ထားသောမျက်လုံးပိုင်ရှင်အတွက်မူ သူတို့ကြားတွင် မသိမသာကွာခြားချက်များရှိနေသည်။

ဥပမာ - အပြာရောင်ဝတ်ရုံနှင့်လူသည် စစ်သူကြီးတစ်ဦးကဲ့သို့ ရဲရင့်သောအရှိန်အဝါရှိပြီး ခြေလှမ်းတိုင်း၊ အသက်ရှူသံတိုင်းကို စနစ်တကျထိန်းချုပ်ထားသည်။

အဝါရောင်ဝတ်ရုံနှင့်လူသည် ကောက်ကျစ်ပြီးတွက်ချက်တတ်သောပုံစံရှိသည်။ သူ၏မျက်လုံးများသည် ကုန်သည်တစ်ယောက်ကဲ့သို့ အခန်းအနှံ့လိုက်ကြည့်ကာ အခြေအနေကိုအကဲခတ်ပြီး အမြတ်ထုတ်ရန် ကြံစည်နေပုံရသည်။

နောက်ဆုံး အညိုရောင်သားရေဝတ်ရုံနှင့်လူမှာမူ မည်သည့်အရာကိုမျှဂရူမစိုက်သည့်ပုံစံပေါက်နေသော်လည်း ပေါ့ပေါ့ဆဆနေတတ်သူမဟုတ်ကြောင်း ယန်ချင်းသိလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် အချိန်မရွေးပေါက်ကွဲထွက်နိုင်မည့် အနေအထားတွင် အသင့်ရှိနေသည်။ ထို့အပြင် သူသည် ၃ ယောက်အနက် ဒဏ်ရာအနည်းဆုံးလူလည်းဖြစ်သည်။

အမြွှာညီအစ်ကို ၃ ယောက်၏နောက်တွင် လိမ္မော်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ဝဝဖိုင့်ဖိုင့်လူလတ်ပိုင်းတစ်ဦး ပါလာသည်။ သူ၏ဝတ်ရုံပေါ်တွင် မြေကမ္ဘာစပျစ်နွယ်သစ်ပင်တံဆိပ် ရိုက်နှိပ်ထားသည်။

သူသည် အညိုဖျော့ရောင်ဆံပင်တိုကောက်ကောက်၊ မုတ်ဆိတ်မွေးအနည်းငယ်နှင့် ပန်းရောင်သမ်းသောအသားအရေ ရှိသည်။ သူသည် ဖော်ရွေပြီး နူးညံ့သိမ်မွေ့သောအရှိန်အဝါရှိသဖြင့် လူအများ အလွယ်တကူခင်မင်ရင်းနှီးနိုင်မည့် ပုံစံရှိသည်။

နောက်ဆုံးတွင် အဖွဲ့ကိုပိတ်လိုက်သူမှာ အသက် ၁၈ နှစ်အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် ဆွဲဆောင်မှုရှိသောအပြုံးဖြင့် ပြုံးနေပြီး မော့ယွင်ရုကိုမြင်သောအခါ ထိုအပြုံးမှာပိုမိုတောက်ပလာသည်။

ရုပ်ရည်ချောမောသော်လည်း ကောက်ကျစ်ပြီး ကစားလိုသောအရိပ်အယောင်များ တွေ့ရသည်။ အနီရောင်ဆံပင်ကို အစိမ်းရောင်ဆံထိုးဖြင့်ထုံးထားပြီး အနီနှင့်အပြာတစ်ဝက်စီပါသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။

ကျောဘက်တွင် ရောမဂဏန်း IV (၄) ရေးထိုးထားသော စတုဂံပုံပါရှိသည်။ ၎င်းက သူသည် တရားစီရင်ရေးအဖွဲ့၏ စစ်ဆေးရေးမှူး တစ်ဦးဖြစ်ကြောင်း ပြသနေသည်။

သူသည် အမြွှာညီအစ်ကို ၃ ယောက်ကို ဘယ်ဘက်သို့ပို့ဆောင်ပြီး ဝဝဖိုင့်ဖိုင့်လူလတ်ပိုင်းကို ညာဘက်သို့ပို့ဆောင်လိုက်သည်။

“စစ်ဆေးရေးမှူးကျန်ဟူက မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ပိုင်ရှင် ကျုံးချွမ်ကို တရားလိုအဖြစ် တင်ပြပါတယ်။ သူက ရှန်ရှီ၊ ရှန်တင်းနဲ့ ရှန်တျန်ဆိုတဲ့ ညီအစ်ကို ၃ ယောက်ကို တိုင်ကြားထားပါတယ်။”

“ဒီညီအစ်ကို ၃ ယောက်ဟာ ပိုင်ရှင်ရဲ့တန်ဖိုးဖြတ်ချက်အရ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ တန်ဖိုးရှိတဲ့ မြေကမ္ဘာစပျစ်နွယ်သစ်သားစားပွဲတစ်လုံးကို ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။”

“ ညီအစ်ကို ၃ ယောက်က လျော်ကြေးငွေပေးဆောင်နိုင်ခြင်းမရှိသလို နှစ်ဖက်ညှိနှိုင်းမှုလည်း အဆင်မပြေခဲ့ပါဘူး။”

“ ဒါကြောင့် နှစ်ဖက်စလုံးက သူတို့အမှုကို တရားစီရင်ရေးအဖွဲ့ထံတင်ပြပြီး ဆုံးဖြတ်ချက်ကို အပြည့်အဝလိုက်နာဖို့ သဘောတူခဲ့ကြပါတယ်”

ကျန်ဟူက လေးနက်စွာပြောရင်း ယန်ချင်းကို ဦးညွှတ်လိုက်သည်။သူ၏မျက်နှာပေါ်မှ ကစားလိုသောအပြုံး ပျောက်ကွယ်သွားပြီး စစ်ဆေးရေးမှူးတစ်ယောက်၏ ကျွမ်းကျင်သောမျက်နှာထား ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် ကလေး... အဟွတ်... အဟွတ်... အဲ... စစ်ဆေးရေးမှူးကျန်ဟူ... အစီရင်ခံစာအတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ယန်ချင်းက သူ၏အမှားကို ဖုံးဖိရန်ကြိုးစားရင်း တောင်းပန်သောအပြုံးဖြင့် ပြောလိုက်သည်။ ကျန်ဟူက ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသော်လည်း တိတ်တဆိတ်အံကြိတ်နေကြောင်း သိသာသည်။

“ကျွန်တော့်နာမည်က ယန်ချင်းပါ... အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီးဖြစ်ပြီး ဒီနေ့ခင်ဗျားတို့အမှုကို တာဝန်ယူပါမယ်။ နှစ်ဖက်စလုံး အလှည့်ကျရှင်းပြခွင့် ရပါမယ်။”

“နှစ်ဖက်စလုံးရဲ့ပြောကြားချက်တွေကို ကျေနပ်လောက်အောင်ကြားနာပြီးရင် ကျွန်တော်စီရင်ချက်ချပါမယ်။ စီရင်ချက်ကိုမလိုက်နာရင် ကျရောက်မယ့်ပြစ်ဒဏ်တွေကို ကျန်ဟူရှင်းပြပြီးပြီလို့ ယုံကြည်ပါတယ်။”

“ဒီကိုရောက်နေတယ်ဆိုကတည်းက ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝနာခံဖို့ သဘောတူပြီးသားဖြစ်ရပါမယ်”

“ခင်ဗျားတို့အတွက် ထပ်မေးပါမယ်... ဒီတရားရုံးကချမှတ်မယ့် ဆုံးဖြတ်ချက်နဲ့မလိုက်နာရင် ကျရောက်မယ့်ပြစ်ဒဏ်တွေကို လက်ခံဖို့ သဘောတူကြပါသလား”

ယန်ချင်းက လေးနက်သောမျက်နှာထားဖြင့် မေးလိုက်သည်။

“သဘောတူပါတယ်”

အားလုံးက ပြိုင်တူဖြေကြသည်။

“ကောင်းပြီ... ဒါဆိုရင် ပိုင်ရှင်ကျုံးချွမ်ဘက်က အရင်စမယ်။ ပြီးရင် ညီအစ်ကို ၃ ယောက်အလှည့်ရောက်မယ်။ ကဲ... စကြတာပေါ့”

ယန်ချင်း ပြောလိုက်သည်။

All Chapters