← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း (၃၀၁) - အကယ်ဒမီသို့ သွားခြင်း

ခန်းဟွေ့လန်၏ အကူအညီကို ရယူခြင်းက များစွာအသုံးဝင်လှပေသည်။ ကျင့်စဉ်ကို ပြုပြင်မွမ်းမံမှုအား ဆယ့်လေးနာရီခန့်အတွင်း အပြီးသတ်နိုင်ခဲ့ကြ၏။

၎င်းတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများနှင့် ကျင့်ကြံခြင်းအဆင့်များက ကျင့်စဉ်၏ ပစ်မှတ်နှင့်အတူ အဓိကအခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ ထိုသို့မဟုတ်ပါက ဤမျှတိုတောင်းသော အချိန်အတွင်း ပြီးမြောက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ယန်ချင်း၏ မိသားစုနောက်ခံကြောင့် သူ၏ ကလေးဘဝ မှတ်ဉာဏ်အများစုကို ဖျောက်ဖျက်ပစ်ချင်သော်ငြား ထိုအရာများကပင် ခန္ဓာသန့်စင်ခြင်းအဆင့်နှင့် ၎င်း၏ ရှုပ်ထွေးနက်နဲမှုအဆင့်ဆင့်အပေါ် သူ၏ ဗဟုသုတကို ကျယ်ပြန့်စေခဲ့ပေသည်။

သူ၏ ခန္ဓာသန့်စင်ခြင်းနယ်ပယ်အကြောင်း ဗဟုသုတနှင့် ဆောင်းဦးသစ်ရွက် ခြေလှမ်းတစ်ရာ့ရှစ်လှမ်းတို့ ပေါင်းစပ်မှုမှာ အလွန်ချောမွေ့သွားခဲ့ပြီး ခန်းဟွေ့လန်ကမူ ကျင့်စဉ်နှင့် ပတ်သက်သည့် သိုင်းကွက်များအား အလွယ်တကူပင် ဖန်တီးနိုင်ခဲ့၏။

သူတို့နှစ်ဦးလုံးသည် ၎င်းတို့၏ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်သော ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံများစွာ ရှိကြပေသည်။ သူတို့၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်များနှင့် ခန္ဓာသန့်စင်ခြင်းနယ်ပယ်မှသည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်အထိ လိုအပ်ချက်နည်းပါးသည့် ကျင့်စဉ်ပေါင်းစပ်မှုတို့ကြောင့် ဤလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း အလွယ်တကူ ပြီးမြောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

"ကျေးဇူးပဲ ဟွေ့လန်"

ယန်ချင်းက အကယ်ဒမီသို့ထွက်ခွာရန် ပြင်ဆင်ရင်း ပြောလိုက်၏။

"အင်း... မင်းပြန်ရောက်လာတဲ့အချိန်ကျ ကျန်တဲ့ကိစ္စတွေကို ငါအပြီးသတ်ထားလိုက်မယ်"

ခန်းဟွေ့လန်က ပြန်ပြောလိုက်လေသည်။

သူသည် ဆလင်ဒါပုံစံ သစ်သားတုံးတစ်တုံးပေါ်တွင် တစ်စုံတစ်ခုကို အသေးစိတ် ထုဆစ်နေပုံရ၏။ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးသော်လည်း တိကျလှပြီး မျက်လုံးများကလည်း လှုပ်ရှားမှုတိုင်းကို အနီးကပ် လိုက်ပါကြည့်ရှုနေပေသည်။

ထိုအရာကို မြင်သောအခါ ယန်ချင်းက မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ အကယ်ဒမီသို့မသွားမီ လက်မှုပညာဌာနသို့ ဦးစွာ ထွက်ခွာသွားလိုက်တော့သည်။

ထိုနေရာတွင် အချိန်များစွာ မကုန်ဆုံးခဲ့ဘဲ သူလိုအပ်သည့်အရာများနှင့် ပြီးစီးမည့် ပစ္စည်းများကို လာရောက်ယူဆောင်မည့် အချိန်ဇယားနှင့် ပတ်သက်၍ ညွှန်ကြားချက်အချို့ကိုသာ ထားခဲ့၏။

သူလိုအပ်သည့် အလုပ်မှာ အလွန်အမင်း ရှုပ်ထွေးလွန်းခြင်း မရှိသဖြင့် ခြောက်နာရီအတွင်း အပြီးလုပ်ရန် အချိန်ကန့်သတ်ချက် ပေးခဲ့သော်လည်း မည်သည့်ကန့်ကွက်မှုမျှ မခံခဲ့ရချေ။

….

နီရဲနေသော နဂါးသစ်သားဖြင့် ပြုလုပ်ထားသည့် တံခါးကြီးတစ်ချပ်ကို စိုက်ကြည့်ရင်း ယန်ချင်း၏ မျက်နှာပေါ်တွင် လွမ်းဆွေးသော အပြုံးတစ်ခု ပေါ်လာလေသည်။

'ဒီနေရာက အခုထိ မပြောင်းလဲသေးဘူးပဲ'

ထိုတံခါးကြီးမှာ နွယ်ပင်များ ယှက်နွယ်နေသည့်ပုံစံကို အသေးစိတ် ပုံဖော်ဖန်တီးထားပြီး အလယ်တည့်တည့်မှစ၍ တံခါးတစ်ဖက်တစ်ချက်စီတွင် ခမ်းနားထည်ဝါစွာ ထုဆစ်ထားသော ငှက်နှစ်ကောင်၏ ရုပ်ပုံများ ရှိနေ၏။

၎င်းတို့ထဲမှ တစ်ကောင်မှာ ရွှေလင်းယုန်ဖြစ်ပြီး ကျန်တစ်ကောင်မှာ အပြာရောင်ရော်ဘင်ငှက် ဖြစ်ပေသည်။ ငှက်နှစ်ကောင်လုံးသည် တရားမျှတမှုနှင့် လိုက်လျောညီထွေဖြစ်မှုတို့ကို အသီးသီး ကိုယ်စားပြုလေသည်။

အပြာရောင်ရော်ဘင်ငှက်မှာ အကယ်ဒမီ၏ သက်ဆိုင်ရာ အမှတ်တံဆိပ်ပင်ဖြစ်၏။ သူတို့၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ရုံးတော်အတွက် စတင်အလုပ်လုပ်ချိန်တွင် အသက်ရှင်သန်နိုင်စွမ်း အခွင့်အလမ်းများအား မြှင့်တင်ပေးရန် ဖြစ်ပေသည်။ ထို့ကြောင့်ပင် လိုက်လျောညီထွေဖြစ်မှုအပေါ် များစွာ အလေးအနက်ထားခြင်း ဖြစ်သည်။

လမ်းလျှောက်ရင်း ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို ငေးကြည့်နေသော ယန်ချင်း၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်နေသည့် အမူအရာများ ရှိနေ၏။

တံခါးပေါ်တွင် ဝင်ရောက်လာသူများ၏ ဝိညာဉ်အမှတ်အသားများကို ဖတ်ရှုနိုင်သော ခရမ်းရောင်အဆင့် ဝင်္ကပါတစ်ခု ရှိနေသောကြောင့် တံခါးဝတွင် အစောင့်များမရှိချေ။ ထိုအရာက ချမှတ်ထားသော အစီအမံများထဲမှ တစ်ခုသာ ဖြစ်ပေသည်။

အရေးပါမှုအပိုင်းတွင် အကယ်ဒမီသည် တရားခွင်များနှင့် ရီကွီယမ်ထက်ပင် ပို၍တန်ဖိုးကြီးမားလေသည်။ အကယ်ဒမီသည် ရုံးတော်၏ အသက်သွေးကြောဖြစ်၏။

၎င်းသာမရှိပါက သူတို့၏ အလုပ်တာဝန်များကို ကိုင်တွယ်ဖြေရှင်းနိုင်လောက်သည်အထိ စွမ်းဆောင်ရည်ပြည့်ဝသော ကျင့်ကြံသူများအား ရှာဖွေရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ဤနေရာသည် ရုံးတော်တစ်ခုလုံးတွင် အလုံခြုံဆုံး ကာကွယ်ထားသော နေရာများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ကျောင်းသားတစ်ဦးအနေဖြင့် အကယ်ဒမီအတွင်းရှိ သီးသန့်တားမြစ်နယ်မြေတစ်ခုတွင် ဝိညာဉ်ကောင်စီမှ ရွေးချယ်ထားသော အဖွဲ့ဝင်များ နေထိုင်ကြသည်ဟူသော ကောလာဟလကိုပင် ယန်ချင်း ကြားဖူးခဲ့ပေသည်။

ထိုစကား မည်မျှမှန်ကန်ကြောင်းကို ယန်ချင်း မသိသော်လည်း ထိုမျှအထိ အလှမ်းဝေးမည်တော့ မဟုတ်ဟု သူ ခံစားရ၏။ အကြောင်းမှာ အကယ်ဒမီသည် ထိုမျှအထိ တန်ဖိုးကြီးမားလွန်းသောကြောင့်ပင်။ ထိုအချက်မှာ အကယ်ဒမီမြေနေရာအတွင်း တည်ရှိနေသော ပင်မစာကြည့်တိုက်ကြီးကို ထည့်မတွက်ထားခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဤနေရာ၏ ကြီးမားကျယ်ပြန့်လွန်းမှုကြောင့် ထိုကောလာဟလကို မည်သူမျှ သက်သေမပြနိုင်ခဲ့ချေ။ ဌာနတစ်ခုမှ အခြားတစ်ခုသို့ သွားလာရန် အာကာသမှော်စာလုံးများကို အသုံးပြုရ၏။

သို့မဟုတ်ပါဘဲ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကိုသာ အားကိုးမည်ဆိုပါက လပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။

ထို့ပြင် ဌာနများကြားတွင် အန္တရာယ်များသော နယ်မြေများလည်း ရှိနေသေး၏။ ပင်မစာကြည့်တိုက်ကြီး အပါအဝင် ဌာနတစ်ခုစီတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ပိုင်နက်နယ်မြေများပင် ဖြစ်ကြသည်။

အကယ်ဒမီကြီး မည်မျှကြီးမားကြောင်းကို ယန်ချင်း သေချာမသိသော်လည်း ထိုနေရာတွင် နေထိုင်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အကယ်ဒမမီ၏ ထက်ဝက်ကိုပင် မရောက်ဖူးခဲ့ကြောင်းကိုမူ သူ သေချာသိနေပေသည်။

သူ၏ ဤခရီးစဉ်ပစ်မှတ်ဖြစ်သော အုပ်ချုပ်ရေးအဆောက်အအုံဆီသို့ ဦးတည်သွားရင်း အဆောက်အအုံများနှင့် ၎င်းတို့၏ သမိုင်းကြောင်းများကို အထင်ကြီးလေးစားစွာပြုံး၍ လျှောက်လာခဲ့လေသည်။

လမ်းတစ်လျှောက်တွင် အနက်ရောင်အင်္ကျီနှင့် လိမ္မော်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနှင့် ယှဉ်ပြိုင်လိုစိတ်များ အထင်းသားပေါ်လွင်နေသော ကျောင်းသားငယ်များကို သူ မြင်တွေ့ခဲ့ရ၏။ သူတို့က ယန်ချင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုပြီးနောက် သူတို့၏ လမ်းအတိုင်း ဆက်သွားကြလေသည်။

မကြာမီမှာပင် ထိုဝတ်ရုံမျိုး ဝတ်ဆင်ထားသည့် အခြားအဖွဲ့တစ်ဖွဲ့ကို ယန်ချင်း တွေ့လိုက်ရပြန်သည်။ သူတို့၏ရုပ်သွင်နှင့် အမူအရာ နှစ်မျိုးစလုံးတွင် ရင့်ကျက်မှုတစ်ခုကို တွေ့ရ၏။ သို့သော်လည်း သူတို့၏ မျက်နှာများမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေပေသည်။ သူတို့ကို မြင်သောအခါ ယန်ချင်းက ခပ်ဟဟ ရယ်မောလိုက်လေသည်။

တစ်ချိန်က သူလည်း ထိုသူများကဲ့သို့ပင် ဖြစ်ခဲ့ဖူး၏။ စတုတ္ထနှစ်မှစ၍ နောက်ဆုံးနှစ်များအတွင်း သေမင်းတမန်တိုက်ပွဲများမှာ အရေအတွက် ပိုမိုများပြားလာမည် ဖြစ်ပေသည်။

တိုက်ခိုက်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်လာလျှင် ကျောင်းသားများသည် အချင်းချင်းသော်လည်းကောင်း၊ နည်းပြများ၊ စီနီယာများနှင့်သော်လည်းကောင်း တိုက်ခိုက်ကြရပြီး နောက်ဆုံးတွင် ရီကွီယမ်မှ သေသည်အထိ ပြစ်ဒဏ်ကျခံရမည့် အကျဉ်းသားများ သို့မဟုတ် သတ်မှတ်ထားသော အချိန်တစ်ခုရောက်လျှင် သေဒဏ်ချမှတ်ခံရမည့် အကျဉ်းသားများနှင့် တိုက်ခိုက်ကြရလေသည်။

ထိုအကျဉ်းသားများသည် သူတို့၏ ပြစ်ဒဏ်ကို လျှော့ချရန် သို့မဟုတ် သေဒဏ်ပေးမည့်ရက်ကို ဆွဲဆန့်နိုင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် အကယ်ဒမီမှ ကျောင်းသားများနှင့် တိုက်ခိုက်ခွင့် ရရှိကြပေသည်။

သို့သော်လည်း သူတို့သည် နေရောင်ပင် မမြင်သင့်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်ကောင်များ ဖြစ်ကြသဖြင့် ထိုရွေးချယ်မှုတွင် အန္တရာယ်တစ်ခု ကပ်ပါလာ၏။ ၎င်းသည်ကား သူတို့သာ တိုက်ပွဲတွင် ရှုံးနိမ့်သွားပါက အသတ်ခံရနိုင်ချေပင် ဖြစ်လေသည်။

၎င်းမှာ ယန်ချင်းက ဖုန်ကျန်းအား ချမှတ်ခဲ့သော ပြစ်ဒဏ်နှင့် ဆင်တူပေသည်။ အကယ်၍ အကျဉ်းသားများ ရှုံးနိမ့်ပါက တိုက်ပွဲမှာ သူတို့၏ သေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုဖြင့်သာ အဆုံးသတ်သွားမည် ဖြစ်၏။

အကယ်၍ သူတို့က ထိုအရာကို ရှောင်လွှဲချင်ပါက သူတို့၌ ရှိသမျှ အရာအားလုံးကို ပုံအော၍ တိုက်ခိုက်ရပြီး ကျောင်းသားများအား သတ်ပစ်ရန်အထိပင် တိုက်တွန်းခံထားရ၏။ သေမင်းက ခေါင်းပေါ်တွင် ဝဲပျံနေပြီး လွတ်မြောက်နိုင်မည့် အလားအလာ သို့မဟုတ် အသက်ရှင်ရက်တစ်ရက် ထပ်တိုးနိုင်မည့် အခွင့်အရေးများကြောင့် အကျဥ်သားများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိုက်ခိုက်ကြလေသည်။

ဤနည်းလမ်းမှာ အကယ်ဒမီမှ ကျောင်းသားများ၏ တိုက်ခိုက်ရေးအာရုံကို လေ့ကျင့်ပေးရာတွင် အနှစ်သက်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။ ထိုသို့ဖြင့် အကယ်ဒမီပြင်ပရှိ ဘဝက မည်သို့ရှိမည်ဆိုသည်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ကြ၏။ ထို့ကြောင့်ပင် ကျောင်းသားအချင်းချင်း ယှဉ်ပြိုင်မှု သို့မဟုတ် ကျောင်းသားနှင့် နည်းပြ ယှဉ်ပြိုင်မှုများအား များများစားစား မပြုလုပ်ကြခြင်း ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုယှဉ်ပြိုင်မှုများတွင် အသက်နှင့်သေဆုံးခြင်းကို အလောင်းအစားလုပ်ရသော စစ်မှန်သည့် တိုက်ပွဲတစ်ခု၏ ပြင်းထန်ကြမ်းကြုတ်မှုမျိုး မရှိသောကြောင့် ဖြစ်ပေသည်။

ထိုတိုက်ပွဲများတွင် ကျောင်းသားတစ်ဦး၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ဆုပေး ဒဏ်ပေးစနစ်ကို ကျင့်သုံးလေ့ရှိသည်။ အစောပိုင်းနှစ်များတွင် တစ်လလျှင် တစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသော်လည်း တတိယနှစ်မှ ပဉ္စမနှစ်အထိမူ တစ်ပတ်လျှင် သုံးရက်ခန့် တိုက်ခိုက်ကြရပြီး နှစ်ကြာလာသည်နှင့်အမျှ တိုက်ပွဲများ၏ ပြင်းထန်မှုမှာလည်း ပိုမိုမြင့်တက်လာမည် ဖြစ်လေသည်။

တိုက်ပွဲများမှာ လွယ်ကူမှုမှလွဲ၍ ကျန်သည့်အရာအားလုံး ဖြစ်နိုင်သည်။ နည်းပြများက တိုက်ပွဲများကို စောင့်ကြည့်လေ့လာကြပြီး ကျောင်းသားမှာ သေဆုံးနိုင်မည့် အန္တရာယ် သို့မဟုတ် ကုစား၍မရနိုင်အောင် အင်္ဂါချို့တဲ့သွားမည့် အခြေအနေမျိုးမှလွဲ၍ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။ ခြေလက်အင်္ဂါဆုံးရှုံးခြင်း အပါအဝင် အခြားသော ထိခိုက်မှုများအားလုံးကို လက်ခံနိုင်ဖွယ်ရာအဖြစ် သတ်မှတ်ထားကြလေသည်။

သူတို့၏ရုပ်သွင်ကို ကြည့်ခြင်းအားဖြင့် ထိုသူများမှာ တတိယနှစ်မှဖြစ်မည်ဟု ယန်ချင်း ခန့်မှန်းမိလိုက်၏။ သူတို့က ပင်ပန်းနွမ်းနယ်ပုံ ပေါက်နေသော်လည်း အပြတ်အသတ် အရိုက်ခံထားရသည့်ပုံစံမျိုးတော့ မဟုတ်ပေ။ သူတို့ကိုယ်တွင်း၌ အသက်ဓာတ်အချို့ ရှိနေဆဲပင်။

"ယန်ချင်း... မင်းလား"

အသက်သုံးဆယ်နှောင်းပိုင်းအရွယ် အပြာရောင်ဝတ်ရုံနှင့် လူတစ်ဦး၏ အသံကြောင့် ယန်ချင်း၏ အတွေးများ ရပ်တန့်သွားလေသည်။ ထိုသူ့ကို မြင်လိုက်ရချိန်တွင် ယန်ချင်းမှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း ထိုအပြာရောင်ဝတ်ရုံနှင့် လူကို ဖားယားပြုံးပြလိုက်၏။

ထိုလူမှာ နည်းပြတစ်ဦးဖြစ်ပြီး သူ့ကို နည်းပြအဖြစ် ရရှိထားသည့် ကံဆိုးသူများအတွက် လူ့အရေခြုံထားသော အိပ်မက်ဆိုး မိစ္ဆာတစ်ကောင် ဖြစ်နေသောကြောင့် ယန်ချင်းအနေဖြင့် ဤသို့ပြုမူရခြင်း ဖြစ်ပေသည်။

"နည်းပြဝူရှီ... အရှင့်ရဲ့ သူရဲကောင်းဆန်တဲ့ ဟန်ပန်တွေက နည်းနည်းလေးတောင် လျော့မသွားသေးဘူးပဲ"

All Chapters