← Chapters

ငါ့ကိုမမေ့ပါနဲ့

Vol. 4 Ch. 38

ငါ့ကိုမမေ့ပါနဲ့

Vol. 4 Ch. 38

ယန်ချင်းသည် သူ့ရှေ့မှ ဝူလုံလက်ဖက်ရည်ကို ဆယ်မိနစ်ခန့် ပျော်ရွှင်စွာ သောက်သုံးနေစဉ် ချောင်ယင်းသည် မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့သည်။ သူ၏လက်ထဲတွင် ယန်ချင်း မှာယူထားသော အစားအစာများ ပြည့်နှက်နေသည့် လင်ဗန်းကြီးတစ်ခု ပါလာသည်။ လင်ဗန်းတွင် သီးခြားခွဲထုတ်သည့် အစီအရင်တစ်ခု ရေးထိုးထားပုံရပြီး မည်သည့်အနံ့အသက်မှ အပြင်သို့ စိမ့်ထွက်လာခြင်း မရှိချေ။

ယန်ချင်းသည် ချောင်ယင်း လာနေသည်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်လာပြီး လက်ကျန်လက်ဖက်ရည်ကို အမြန်မော့ချလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ချောင်ယင်းကို အမြန်လာရန် လက်ဟန်ပြလိုက်လေသည်။

"သုံးဆောင်ပါဦး တရားသူကြီးယန်ချင်း"

ချောင်ယင်းက လင်ဗန်းကို ယန်ချင်း၏စားပွဲဘေးတွင် ချပေးရင်း ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ချောင်လေး"

ယန်ချင်းက အလျင်အမြန်ပြောရင်း လင်ဗန်းများကို ဖွင့်ကာ ဘယ်ဟင်းပွဲက စတင်စားသောက်ရမလဲ ဆုံးဖြတ်နေသည်။

"ကဲ... ငါ့အသည်းလေးတို့... ဘယ်တစ်ယောက်က အရင်ဆုံးစွန့်စားရမယ့် ကံထူးရှင်လေး ဖြစ်မလဲ။ အင်း... ကျန်းဖူရဲ့ ဝူလုံလက်ဖက်ရည်နဲ့ မျှောချလိုက်ရင် အလိုက်ဖက်ဆုံးဖြစ်မယ့် မင်း... ဝက်သားကင်မုန့်လုံးပဲ ဖြစ်ရမယ်"

ယန်ချင်းသည် ဝက်သားကင်မုန့်လုံး တစ်ဒါဇင်ကျော် ပါဝင်သော ပန်းကန်ပြားကြီးတစ်ခုကို ဖယ်ထုတ်လိုက်သည်။ တစ်ဝက်ကို ပေါင်းထားပြီး ကျန်တစ်ဝက်ကို မုန့်ဖုတ်ထားသည်။ ပန်းကန်ပြားကို စားပွဲပေါ် တင်လိုက်သည်နှင့် မုန့်လုံးများ၏ ထူထဲသော အငွေ့များသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး စားပွဲဝိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ချန်ယွမ်ကို ဈာန်ဝင်စားနေရာမှ နိုးထစေခဲ့လေသည်။

သူ့ရှေ့တွင် မုန့်လုံးများ ပြည့်နှက်နေသော စားပွဲဝိုင်းကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။ သို့သော် မုန့်လုံးများ၏ ချိုမြိန်ပြီး မွှေးပျံ့သော ရနံ့ကြောင့် သူ့စိတ်ကို ထိန်းချုပ်ရန် ခက်ခဲနေသည်။ အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသောအခါ နှစ်ဝက်သို့မဟုတ် ထို့ထက်ပို၍ အစာမစားဘဲ နေနိုင်သည်။

အချို့က အစာစားမည့်အစား အဆာခံဆေးလုံး များကို စားသုံးပြီး အစားအစာမလိုဘဲ ပိုမိုကြာရှည်စွာ နေထိုင်ကြ၏။ ကြာလာသည်နှင့်အမျှ အစာစားချင်စိတ်ဆန္ဒသည် ပျောက်ကွယ်သွားတတ်သည်။ ချန်ယွမ်သည်လည်း ထိုအုပ်စုဝင်တစ်ယောက်ဖြစ်ပြီး အစာစားချင်စိတ်နှင့် အစားအစာ၏ အရသာကိုပင် မေ့လျော့နေပြီဖြစ်သည်။ သူနှင့် အနီးစပ်ဆုံး ထိတွေ့ခဲ့ရသည်မှာ နို့လက်ဖက်ရည် သောက်ခြင်းသာ ဖြစ်သည်။

သူသည် ဂိုဏ်းအတွင်း လှည့်လည်စစ်ဆေးစဉ် စားသောက်ဆောင်များသို့ ရောက်ရှိသော်လည်း ယခုကဲ့သို့ စားချင်စိတ် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။ သူကိုယ်သူ ပိတ်လှောင်ထားပြီး အရေးမပါဟု သတ်မှတ်ထားသော သူ၏အစိတ်အပိုင်းတစ်ခု ပွင့်အာလာသကဲ့သို့ ခံစားလိုက်ရသည်။

"တရားသူကြီးယန်ချင်း... ဒါက..."

ချန်ယွမ်မှာ ဆက်ပြောချင်သော်လည်း ပါးစပ်မှ သွားရည်များ စီးကျလာသဖြင့် ဝတ်ရုံစဖြင့် အမြန်ပိတ်လိုက်ရသည်။ ရေတံခွန်ငယ်လေးတစ်ခုမှ ရေစီးသန်သော မြစ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲတော့မည့် အခြေအနေ ဖြစ်နေချေပြီ။

"ဟဲဟဲဟဲ... စားပါ ဂိုဏ်းချုပ်ချန်ယွမ်။ ကျုပ်တစ်ယောက်တည်း အကုန်မစားနိုင်ဘူး။ အားနာနေစရာ မလိုပါဘူး"

ယန်ချင်းက ပြောရင်း ပန်းကန်ပြားတစ်ချပ်ကို ချန်ယွမ်ဘက်သို့ ဆွဲယူကာ ဝက်သားကင်မုန့်လုံး တစ်ဝက်ခန့် ထည့်ပေးလိုက်သည်။ ချန်ယွမ်မှာငြင်းဆန်ရန် အခွင့်အရေးပင် မရလိုက်ချေ။

'တောက်... ငါ့ဝက်သားကင်မုန့်လုံးတွေ… အိမ်ရှင်လုပ်ရတာ တကယ်မကောင်းဘူး။ ကျန်တဲ့ အစားအစာတွေနဲ့ ငါ့ဗိုက်ပြည့်ပါ့မလား။ ထပ်မှာလိုက်ရင် ကောင်းမလား။ ဟုတ်တယ်... ထပ်မှာလိုက်မယ်။ တိုင်ချန်ဆီက ရထားတဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ရှိသေးတာပဲ'

ယန်ချင်းသည် စိတ်ထဲတွင် ဝမ်းနည်းစွာ ညည်းညူလိုက်သော်လည်း အပြင်ပန်းတွင်မူ အိမ်ရှင်ကောင်းပီသစွာ နွေးထွေးဖော်ရွေသော အမူအရာဖြင့် ပြုံးနေလေသည်။

ချန်ယွမ်သည် မုန့်လုံးများ ပြည့်နေသော ပန်းကန်ကို ကြည့်ပြီး ငြင်းဆန်ရန် အားနာနေမိသည်။ တစ်ချက်က ယန်ချင်း၏ စေတနာကို မငြင်းဆန်လိုခြင်းဖြစ်ပြီး နောက်တစ်ချက်က မုန့်လုံးများ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်းဖြစ်သည်။ မုန့်လုံးများသည် အရမ်းအရသာရှိမည့်ပုံ ပေါက်နေပြီး သူ့ကို စားပါဟု တောင်းပန်နေသကဲ့သို့ ဖြစ်နေသည်။ သူသည် တူဖြင့် မုန့်လုံးတစ်လုံးကို ကောက်ယူလိုက်ရာ ပါးစပ်နှင့် နီးကပ်လာလေ ရနံ့က ပိုမိုသိပ်သည်းလာလေ ဖြစ်သည်။

*ကြွပ်*

မုန့်လုံးကို ကိုက်လိုက်သည်နှင့် ကြွပ်ရွသောအသံ ထွက်ပေါ်လာသည်။ ဝက်သားအရသာသည် ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာပြီး အရည်ရွှမ်းသော အရသာများ ပြန့်နှံ့သွားသည်။ ကိုက်လိုက်တိုင်း ချိုမြိန်ခြင်း၊ စပ်ခြင်းနှင့် မွှေးကြိုင်ခြင်းတို့ကို ခံစားရသည်။ ချန်ယွမ်သည် ဝက်သားတွင် ပါဝင်သော မီးဓာတ်အရသာကို အာရုံခံမိသည်။

ထိုအရသာသည် သွေးဆူလွယ်ပြီး လွတ်လပ်ပေါ့ပါးခဲ့သော သူ၏လူငယ်ဘဝကမှတ်ဉာဏ်များကို မီးစပျိုးပေးလိုက်သကဲ့သို့ ဖြစ်စေသည်။ ဂိုဏ်းတူညီအစ်ကိုများနှင့် ပြိုင်ဆိုင်ခဲ့သော နေ့ရက်များ၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ချီစုစည်းမှုအဆင့်၊ ထိုမှတစ်ဆင့် အခြေတည်အဆင့်သို့ ဖောက်ထွက်ခဲ့သော စိတ်လှုပ်ရှားဖွယ်အချိန်များ၊ တာဝန်များတွင် အောင်မြင်မှုနှင့် ကျရှုံးမှုများ၊ ဆရာသခင်၊ အကြီးအကဲဖုန်းနှင့် ကွယ်လွန်သူ ကျိုးဝမ်တို့နှင့် ကုန်ဆုံးခဲ့သော အချိန်များ... ထိုမှတ်ဉာဏ်များအားလုံး ပြန်လည်ဝင်ရောက်လာပြီး အချိန်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော ဘဝကို ချစ်မြတ်နိုးသည့် စိတ်ဆန္ဒများ ပြန်လည်နိုးထလာသည်။

ချန်ယွမ်၏ပါးပြင်ပေါ်တွင်ပူနွေးလာပြီး မျက်ရည်များ စီးကျလာသည်။ တားဆီးရန် ကြိုးစားသော်လည်း သူ၏မသိစိတ်က လက်မခံဘဲ ထိုလွတ်မြောက်မှုကို ခံစားလိုစိတ် ပြင်းပြနေသည်။ အဆုံးတွင် ထိုမသိစိတ်ကသာ အနိုင်ရရှိသွားလေသည်။

"တခြားသူတွေတော့ မသိဘူး... ငါကတော့ တိုးတက်ဖို့အတွက် လူတိုင်းနဲ့အရာရာတိုင်းအပေါ် လျစ်လျူရှုထားရမယ်ဆိုတဲ့ ကျင့်ကြံခြင်းမူဝါဒတွေကို တစ်ခါမှ မကြိုက်ခဲ့ဖူးဘူး။ အထွတ်အထိပ်ကို ရောက်ဖို့အတွက် အရာရာကို စွန့်လွှတ်ပြီး တည်ငြိမ်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်ဆိုတာလေ။ အဲဒါက တကယ်ပဲ ဟုတ်ရဲ့လား။”

“ကျင့်ကြံသူ မဖြစ်ခင်မှာ ငါတို့ကလည်းသေမျိုးတွေပဲလေ။ဘာလို့ ကိုယ့်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို ငြင်းပယ်ရမှာလဲ။ ရယ်မောပါ၊ ငိုကြွေးပါ၊ ကျေနပ်ပါ၊ ဒေါသထွက်ပါ၊ ငြင်းခုံပါ၊ ပြန်လည်သင့်မြတ်ပါ၊ မုန်းပါ၊ ချစ်ပါ၊ စားပါ၊ သောက်ပါ... ပြီးတော့ ဘာပဲဖြစ်ဖြစ် ဘယ်တော့မှ လက်မလွှတ်နိုင်တဲ့ အရာတွေ မင်းဘဝမှာ ရှိနေပါစေ။ ဒီရှည်လျားတဲ့ ခရီးလမ်းမှာ ကျင့်ကြံသူဆိုတာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ သူများတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနောက် လိုက်နေမယ့်အစား မင်းဘယ်သူလဲဆိုတာကို တတ်နိုင်သမျှဆုပ်ကိုင်ထားပါ။"

"ကျင့်ကြံခြင်းဆိုတာ အိပ်တာ၊ သမ်းဝေတာတွေလိုပဲ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ မင်းဘဝတစ်ခုလုံးက ကျင့်ကြံတာပဲ ဖြစ်နေလို့ မရဘူး။ ဗိုက်ဆာရင် အစာစားသလိုမျိုး မင်းဘဝကို ပိုကောင်းအောင် လုပ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်သင့်တယ်။ ကျင့်ကြံသူတွေက ရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီသက်တမ်းတစ်လျောက်လုံးကို မင်းဘယ်သူလဲဆိုတာ မြှုပ်နှံပြီး တစ်ယောက်တည်း ကုန်ဆုံးချင်လား... ဒါမှမဟုတ် ရှင်သန်နေထိုင်ရင်း ကုန်ဆုံးချင်လား။”

“ရှင်သန်ခြင်းဆိုတာ မင်းအတွက် ဘာလဲဆိုတာ ဆုံးဖြတ်ပါ ချန်ယွမ်။ အဲဒီအဖြေကို ရဖို့ ကြိုးစားတိုင်း လောကကြီးကပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာတာ တွေ့ရလိမ့်မယ်။ အိပ်မက်တွေနောက်ကို ဆက်လိုက်ပါ၊ ဆက်ကြိုးစားပါ၊ ဆက်ကျရှုံးပါ၊ ဆက်ကြီးထွားပါ... ပြီးတော့ မင်းဘဝကို အရောင်အသွေးစုံအောင် ပိုဖြည့်ပါ ချန်ယွမ်"

ယန်ချင်းသည် နက်နဲသော လျှို့ဝှက်ချက်တစ်ခုကို ကြည့်နေသကဲ့သို့ မုန့်လုံးကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် စက္ကန့်ပိုင်းအကြာတွင် ထွက်ပေါ်လာသော သွားရည်များနှင့် ရယ်စရာအပြုံးက ဆရာကြီးပုံစံကို ဖျက်ဆီးပစ်လိုက်လေသည်။

"ဆရာကြီးမုန့်လုံးရေ... ကျုပ်ကိုရော ဘယ်လိုကမ္ဘာမျိုး ပြသမှာလဲ။ ကျုပ်တပည့်ကျော်က ဆရာ့ရဲ့ သင်ကြားမှုကို စောင့်မျှော်နေပါတယ်"

ယန်ချင်းသည် ပျော်ရွှင်စွာ ပြောရင်း အငွေ့တထောင်းထောင်း ထနေသော မုန့်လုံးကို ကိုက်လိုက်ရာ ကျေနပ်မှုကြောင့် မျက်လုံးများ လခြမ်းကွေးလေးတွေ ဖြစ်သွားသည်။

ချန်ယွမ်သည် မျက်လုံးပြူးကျယ်လျက် ရှိနေသည်။ ယန်ချင်း ပြောလိုက်သော စကားများသည် သူ၏နှလုံးသားနှင့် စိတ်ထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့သည်။ သူသည် မှောင်မိုက်သော နေရာတစ်ခုတွင် ရောက်နေပြီး သူ့ရှေ့တွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသူတစ်ဦးကို မြင်လိုက်ရသည်။

မည်သူမှန်း မမြင်ရသော်လည်း ၎င်းသည် လေးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ထိုကလေးသည် သူကိုယ်တိုင်ဖြစ်ကြောင်း အလိုလို သိလိုက်သည်။ လက်ရှိတွင် သံကြိုးထောင်ပေါင်းများစွာဖြင့် ချည်နှောင်ခံထားရသော်လည်း လေပြေတစ်ခုက သံကြိုးများတစ်ဝိုက် တိုက်ခတ်နေပြီး တစ်ချောင်းချင်းစီကို ရိုက်ခွဲနေသည်။ လေပြေ ပျောက်ကွယ်မသွားမီ သံကြိုး ၁၀၀ အောက်သာ ကျန်တော့သည်။

သံကြိုးများ ကွဲကြေသွားသဖြင့် လေးနှစ်သား ချန်ယွမ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို မြင်တွေ့ရသည်။ ဘယ်ဘက်ပခုံးမှ လက်အထိ ပေါ်လာသည်။ ချန်ယွမ်သည် တုန်ရီနေသော ခြေထောက်များဖြင့် လေးနှစ်သား မိမိထံ လျှောက်သွားပြီး လက်ဝါးချင်း ထိရန် ကြိုးစားလိုက်သည်။

ထိလိုက်သည့်အချိန်တွင် ကလေးအသံလေးတစ်သံ သူ့ခေါင်းထဲတွင် တိုးညှင်းစွာ ကြားလိုက်ရသည်။

"ငါ့ကိုမမေ့ပါနဲ့"

ပုံရိပ်ယောင် ကွဲကြေသွားပြီး ရုတ်တရက် ချန်ယွမ်သတိပြန်ဝင်လာသည်။ သူ၏ပခုံးနှင့် နှလုံးသား ပေါ့ပါးသွားပြီး ခန္ဓာကိုယ်မှာ ပိုမိုနုပျိုလာသလို စိတ်လည်း ပိုမိုကြည်လင်လာသည်။ သူသည် မုန့်လုံးအရသာကို ခံစားရင်း မျက်လုံးများ လခြမ်းကွေးဖြစ်နေဆဲဖြစ်သော ယန်ချင်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ ချန်ယွမ် ညင်သာစွာ ထလိုက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်ရာ စားသောက်ဆိုင်အတွင်းရှိ လူများက ကြည့်လိုက်ကြသည်။

မော့ယွင်ရုသည် သူငယ်ချင်းများနှင့် စကားပြောနေရာမှ ရပ်တန့်လိုက်ပြီး ယန်ချင်း၏ စားပွဲဝိုင်းကို ကြည့်ကာ စဉ်းစားခန်းဝင်နေတော့သည်။

'သူ ဘာတွေကြံစည်နေတာလဲ'

ယန်ချင်းသည်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို လုံးဝဂရုမစိုက်ဘဲ မုန့်လုံးစားခြင်း၌သာ အာရုံစိုက်နေသည်။ ချန်ယွမ်သည် ပြန်ထိုင်လိုက်ပြီး အစပိုင်းလောက် စိုးရိမ်စိတ်မရှိတော့ဘဲ ဆက်လက်စားသောက်လိုက်သည်။ သို့သော် သူ၏ဟန်ပန်အမူအရာကို အနည်းငယ် ထိန်းသိမ်းနေဆဲပင်။

"ကျုပ်က တစ်စိတ်တစ်ပိုင်းလောက်ပဲ ကူညီပေးခဲ့တာ... နောက်တစ်ဆင့်က ခင်ဗျားအပိုင်းပဲ။ ကံကောင်းပါစေ ဂိုဏ်းချုပ်... ခင်ဗျား စွန့်စားခဲ့ရကျိုးနပ်အောင် ဘယ်လိုဂိုဏ်းမျိုး တည်ထောင်ပြမလဲဆိုတာ စောင့်ကြည့်နေပါ့မယ်..."

"အမ်... မုန့်လုံးတွေ ကုန်သွားပြီလား။ ဒီကောင်စုတ်တွေက အရွယ်အစား ထပ်လျှော့လိုက်ပြန်ပြီလား"

ယန်ချင်းမျက်လုံး ချက်ချင်းဖွင့်လိုက်ပြီး ကျန်ရှိသော မုန့်လုံးအရွယ်အစားများကို သံသယမျက်လုံးဖြင့်ဖြင့် အနီးကပ် စစ်ဆေးကြည့်ရှုလိုက်လေသည်။

All Chapters