← Chapters

လက်သီးတရား စီရင်ခြင်း

Vol. 7 Ch. 61

လက်သီးတရား စီရင်ခြင်း

Vol. 7 Ch. 61

ယန်ချင်းက ဘယ်ဘက်လက်ဖဝါးဖြင့် မေးထောက်ကာ ညာဘက်လက်ကိုစားပွဲပေါ်တင်ထားရင်း သူ၏ပျင်းရိသော ကိုယ်နေဟန်ထားကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

“ဆယ်စက္ကန့်စာ စမ်းသပ်မှု အခုစပြီ... တစ်”

ယန်ချင်း စတင်ရေတွက်လိုက်ချိန်တွင် စားပွဲပေါ်သို့ လက်ညှိုးဖြင့် တစ်ချက်ခေါက်ချလိုက်၏။ ထိခိုက်မှုမှတစ်ဆင့် အသံလှိုင်းတစ်ခုထွက်ပေါ်လာပြီး ရှန်ညီအစ်ကိုများရှိရာသို့ ဦးတည်ကာ ပြန့်နှံ့သွားလေသည်။

ဒိုင်းကာတွင်မြှုပ်နှံထားသော ဝံပုလွေခေါင်းသည် အသက်ဝင်လာသကဲ့သို့ ပြောင်းလဲသွားပြီး ဟိန်းဟောက်လိုက်ရာ မီးတောက်နှင့်ပြာများ ရောနှောနေသော အနက်ရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ပတ်ဝန်းကျင်မှ ချီစွမ်းအင်အမြောက်အမြားကို စုပ်ယူလိုက်၏။

သို့သော် အသံလှိုင်းသည် အနက်ရောင်မီးတောက်နှင့် ရိုက်ခတ်သွားသောအခါ မီးတောက်ကိုအလွယ်တကူ ထက်ခြမ်းခွဲပစ်လိုက်ပြီး ဒိုင်းကာကြီးကို ဝင်တိုက်လိုက်သည်။

မျှော်လင့်ထားသော ပေါက်ကွဲမှုကြီးကား ဖြစ်မလာခဲ့ပေ။ တိုက်ခိုက်မှုသည် ရေမြှုပ်ကဲ့သို့သောအရာတစ်ခုမှ စုပ်ယူသွားသကဲ့သို့ ထင်ရသော်လည်း ရှန်ညီအစ်ကိုများ ခံစားလိုက်ရသည်မှာ တခြားစီဖြစ်နေခဲ့သည်။ ထိုတိုက်ခိုက်မှုထဲတွင် ညင်သာမှုဟူ၍ လုံးဝမရှိခဲ့ချေ။

အသံလှိုင်းသည် ဒိုင်းကာကိုရိုက်ခတ်ပြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တောင်တစ်တောင်လုံး၏ အလေးချိန်ပါဝင်သော ဧရာမအင်အားကြီးတစ်ခုက သူတို့ခန္ဓာကိုယ်တစ်ခုချင်းစီကို ဝင်တိုက်သွားသလို ခံစားလိုက်ရ၏။

ပိုဆိုးသည်မှာ ထိုအင်အားက သူတို့၏ တစ်ကိုယ်လုံးကို ညီညာစွာပြန့်နှံ့သွားခြင်းပင်။ လက်သည်း၊ ခြေသည်းများမှအစ မျက်တောင်မွေးအဆုံး ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမျှ လွတ်ကင်းခြင်း မရှိခဲ့ပေ။

ဂျွတ်

ဒိုင်းကာ၏ အစိတ်အပိုင်းတစ်ခုမှ အက်ကွဲသံထွက်တစ်ခုပေါ်လာပြီး အောက်ခြေမှစတင်ကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အထက်သို့ ပြန့်နှံ့သွားသည်။

ရှန်ညီအစ်ကိုများလည်း ဒိုင်းကာ၏ ခြေရာအတိုင်း လိုက်လုနီးပါးဖြစ်နေပြီး သူတို့၏ လက်ဖဝါးများမှစတင်ကာ တံတောင်ဆစ်အထိ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

နာကျင်မှုကို ဖုံးကွယ်ထားရန်ကြိုးစားရင်း သူတို့သည် ရူးသွပ်စွာဟိန်းဟောက်လိုက်ကြပြီး ဒိုင်းကာထဲသို့ ချီစွမ်းအင်များပိုမိုဖြည့်သွင်းလိုက်ရာ ဒိုင်းကာမှာ ဖောင်းကြွလာပြီး အက်ကွဲကြောင်းများကို ပြန်လည်ဖုံးအုပ်သွားလေတော့သည်။

မိုးပြာဝံပုလွေဖြူ၏ ခေါင်းသည်လည်း အရှည်တစ်မီတာခန့်အထိ ကြီးထွားလာပြီး ၎င်းထုတ်လွှတ်သော အနက်ရောင်မီးတောက်မှာလည်း အရွယ်အစားနှင့် ပြင်းထန်မှုနှစ်ဆ တိုးလာချေသည်။

သို့သော် မီးတောက်မည်မျှပင် ကြီးမားနေစေကာမူ တရားခွင်ကြမ်းပြင်ကို ထိုးဖောက်လောင်ကျွမ်းနိုင်ခြင်းမရှိသလို၊ တရားခွင်ထဲရှိ ပရိဘောဂများကိုလည်း အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။

ပရိဘောဂများကို ထိပ်တန်းအဆင့်ရှိ ဧကရာဇ်အဆင့် နှစ် ၅၀,၀၀၀ သက်တမ်းရှိသော နဂါးနီသစ်သားဖြင့် ပြုလုပ်ထားပြီး ကြမ်းပြင်ကိုမူ မုန်တိုင်းမျိုကျောက်တုံးဖြင့် ပြုလုပ်ထားသည်။

ထိုကျောက်တုံးသည် မည်သည့်ဒြပ်စင်၏ တိုက်ခိုက်မှုကိုမဆို နန်းတော်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုအတိုင်းအတာထက် မကျော်လွန်သရွေ့ ခံနိုင်ရည်ရှိခြင်းမှလွဲ၍ အခြားဂုဏ်သတ္တိ မရှိပေ။

ထိုအကြောင်းရင်းကြောင့်ပင် ယန်ချင်းသည် ရှန်ညီအစ်ကိုများ ရှိသမျှနည်းလမ်း အကုန်ထုတ်သုံးသည်ကို ဂရုမစိုက်ခြင်းဖြစ်လေသည်။

တရားခွင်အနှံ့ရေးဆွဲထားသော အစွမ်းထက်အစီအရင်များကို ထည့်မတွက်လျှင်ပင်၊ ကြမ်းပြင်နှင့် ပရိဘောဂများ၏ အခြေခံကြံ့ခိုင်မှုတစ်ခုတည်းကပင် ထို ၁၀ စက္ကန့်အတွင်း ဖြစ်ပေါ်လာမည့် မည်သည့်တိုက်ခိုက်မှုနှင့် သက်ရောက်မှုကိုမဆို ကိုင်တွယ်နိုင်စွမ်း ရှိနေပေသည်။

"နှစ်"

ယန်ချင်းက တိုးညှင်းစွာပြောရင်း လက်ညှိုးကို နောက်တစ်ကြိမ်ခေါက်လိုက်ပြန်၏။

ယခင်ကကဲ့သို့ပင် ၎င်းသည် ဧရာမအနက်ရောင်မီးတောက်ကို အလွယ်တကူထက်ပိုင်းခွဲပစ်လိုက်ပြီး ဒိုင်းကာပေါ်တွင် ယခင်ကထက်ပိုမိုနက်ရှိုင်းသော အက်ကွဲကြောင်းအသစ်များကို ချန်ထားရစ်ခဲ့သည်။

ရှန်ညီအစ်ကိုများ၏ လက်တစ်ပြင်လုံးစုတ်ပြတ်သတ်သွားပြီး သွေးများရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် သက်ရောက်မှုက အဲဒီမှာတင်ရပ်မသွားဘဲ မကြာမီ သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျလာသည်။

အသံလှိုင်းတိုက်ခိုက်မှုသည် သူတို့၏ လက်မောင်းကို ဖျက်ဆီးပစ်ရုံသာမက အတွင်းကလီစာများကိုပါ ကမောက်ကမဖြစ်သွားစေသည်။ သူတို့၏အရိုးများ တုန်ခါနေပြီး ဒိုင်းကာကဲ့သို့ပင် အရိုးများပေါ်တွင်ပါ အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်ကို ခံစားနေကြရ၏။

အတွင်းကလီစာများမှာလည်း နေရာရွေ့သွားလောက်အောင် အကြမ်းပတမ်းလှုပ်ခါခံနေရလေသည်။ သူတို့၏ ဒန်တျန်တွင် မျက်စိဖြင့်မြင်နိုင်သော အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး၊ ထိုနာကျင်မှုက တစ်ကိုယ်လုံးတွင်ဖြစ်ပေါ်နေသော တခြားနာကျင်မှုအားလုံးပေါင်းလိုက်သည်ထက်ပင် ပိုမိုဆိုးရွားလှပေသည်။

အထူးဆန်းဆုံးအပိုင်းမှာ တိုက်ခိုက်မှုက မည်မျှပင်ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်နေစေကာမူ ရှန်ညီအစ်ကိုများသည် သူတို့ခြေကုပ်ယူထားသောနေရာမှ တစ်လက်မမျှရွေ့လျားသွားခြင်း မရှိခြင်းပင်။

သူတို့က ခွန်အားသုံးပြီး အတင်းအဓမ္မထိန်းထားခြင်းမဟုတ်ဘဲ၊ တိုက်ခိုက်မှုသည် သူတို့ကို နေရာတွင်ပင်အမြစ်တွယ်နေစေကာ အတွင်းအပြင်ဖျက်ဆီးပစ်ရန် တိကျစွာထိန်းချုပ်ထားခြင်းဖြစ်ပုံရ၏။

တိုက်ခိုက်မှုမှအင်အားသည် သူတို့ခန္ဓာကိုယ်ထဲတွင် လွန်ဆွဲပွဲတစ်ခုလို မျှခြေတစ်ခုကို ဖန်တီးထားလေသည်။

အရှေ့အနောက်၊ အထက်အောက်၊ ဘယ်ညာအစုံ ဖျက်ဆီးခံနေရခြင်းက သူတို့ကို နေရာတွင်မလှုပ်မယှက်ရှိနေစေရန် ပြီးပြည့်စုံသော မျှခြေတစ်ခုကို ဖန်တီးပေးထားပြီး၊ တိုက်ခိုက်မှု၏ အင်အားကို အပြည့်အဝခံစားရစေကာ မည်သည့်စွမ်းအင်မျှ အလဟဿမဖြစ်စေခဲ့ချေ။

ကျင့်ကြံသူများ တိုက်ခိုက်ကြသောအခါ အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးသော အရာများစွာရှိလေသည်။ ကျင့်ကြံခြင်းအဆင့်များ၊ ကျင့်ကြံခြင်းနည်းစနစ်၏ အဆင့်တို့အပြင် ကျင့်ကြံသူနှစ်ဦးသည် အဆင့်တူပြီး နည်းစနစ်အဆင့်တူနေပါက အညီအမျှအရေးပါသော နောက်ထပ်အစိတ်အပိုင်းတစ်ခု ရှိသေး၏။

၎င်းမှာ ကျင့်ကြံသူ၏ ကျင့်ကြံခြင်းနည်းစနစ်အပေါ် ကျွမ်းကျင်မှုအဆင့်ပင်ဖြစ်သည်။ ကျွမ်းကျင်မှုအဆင့် မြင့်မားလေလေ၊ မည်သည့်ချီစွမ်းအင်၊ မည်သည့်လှုပ်ရှားမှုမျှ အလဟဿမဖြစ်စေဘဲ နည်းစနစ်မှအကျိုးသက်ရောက်မှုများကို ပိုမိုကောင်းမွန်စွာ ဆွဲထုတ်နိုင်လေလေ ဖြစ်ပေသည်။

ကျွမ်းကျင်မှုအဆင့်ရှိသူများသည် ကျင့်ကြံခြင်းပညာရပ်တစ်ခု၏ စွမ်းအား ၇၀ ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်ကြသည်။

ကျွမ်းကျင်မှုဆိုသည်မှာ တိုက်ခိုက်မှုကိုထုတ်ဖော်ခြင်းတစ်ခုတည်းဖြင့် တွက်ချက်ခြင်းမဟုတ်ဘဲ ထုတ်ဖော်လိုက်သော တိုက်ခိုက်မှုသည် ပြိုင်ဘက်ကို မည်မျှအောင်မြင်စွာထိမှန်သနည်း၊ မည်သည့်အတိုင်းအတာအထိ ထိမှန်သနည်းဆိုသည့်အချက်များပါ ပါဝင်လေသည်။

အကယ်၍ လူတစ်ယောက်သည် သူ၏ ပညာရပ်စွမ်းအား ၈၀ ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်သော်လည်း၊ ထိုစွမ်းအား၏ ထက်ဝက်သာ ရန်သူကိုထိမှန်မည်ဆိုပါက သူ၏ပညာရပ်ကျွမ်းကျင်မှု မည်မျှပင်ကောင်းမွန်စေကာမူ ကျွမ်းကျင်မှုအဆင့်သည် ၄၀ ရာခိုင်နှုန်းတွင်သာ ရှိပေမည်။

ထိုအကြောင်းရင်းကြောင့်ပင် တရားစီရင်ရေးအကယ်ဒမီသည် ၎င်း၏ ကျောင်းသားများနှင့် ပြစ်ဒဏ်ရှည်လျားစွာ ကျခံနေရသော အကျဉ်းသားများအကြား သေရေးရှင်ရေးတိုက်ပွဲများကို ပုံမှန်စီစဉ်ပေးခြင်းဖြစ်လေသည်။

သို့သော်... ကျောင်းသားတစ်ယောက်၏ အသက် အလွန်အမင်းအန္တရာယ်ရှိလာသောအခါ သူတို့ ဝင်ရောက်စွက်ဖက်ကြသည်။ ထိုတိုက်ပွဲများမှရရှိသော အတွေ့အကြုံများမှာ သူတို့ရည်ရွယ်ထားသောပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။

ပြစ်ဒဏ်ရှည်ကျခံနေရသူများအတွက်တော့ သူတို့ရရှိသော အနိုင်ပွဲများနှင့်အတူ ပြစ်ဒဏ်ကာလကို လျှော့ချခွင့်ရရှိကြသည်။ သို့သော် ထိုတိုက်ပွဲများတွင် သေဆုံးနိုင်သည့်အန္တရာယ်နှင့်လည်း ယှဉ်တွဲနေရပေသည်။

တိုက်ပွဲပြီးဆုံးသည်အထိ အသက်ရှင်ကျန်ရစ်မည်ဆိုပါက ဒဏ်ရာမည်မျှပင်ပြင်းထန်စေကာမူ နည်းပြများက တာဝန်ယူကုသပေးကြလေသည်။

"သုံး"

ယန်ချင်း၏ တိုးညှင်းသောအသံက နောက်တစ်ကြိမ်ပဲ့တင်ထပ်လာပြန်၏။ ယခုအခါ ရှန်ညီအစ်ကိုများအတွက်မူ ထိုအသံသည် သေမင်းတမန်၏ အသံနှင့် တူနေတော့သည်။ ဘေးမှကြည့်နေသော ကျုံးချွမ်မှာလည်း စိုးရိမ်တကြီး တံတွေးမြိုချလိုက်မိလေသည်။

"ဒါက လက်ညှိုးတစ်ချောင်းတည်းရဲ့ စွမ်းအားလား"

သူက သတိထားတွေးရင်း တိုက်ခိုက်မှု၏ အကြွင်းအကျန်များ သူ့ထံလွင့်စဉ်လာမည်ကို စိုးရိမ်သဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

အမြင့် ၃ မီတာ၊ အကျယ် ၄ မီတာခန့်ရှိသော မီးတောက်သည် ယခုအခါ ယခင်အရွယ်အစား၏ လေးပုံတစ်ပုံခန့်သာ ကျန်တော့သည်အထိ သေးငယ်သွားပြီဖြစ်သည်။

ဒိုင်းလွှားပေါ်ရှိ အက်ကွဲကြောင်းများသည် နေရာအနှံ့ညီညာစွာပြန့်ကျဲနေပြီး၊ တချို့အက်ကွဲကြောင်းများမှာ သွေးသံရဲရဲဖြစ်နေသော ရှန်ညီအစ်ကိုများကို ဖောက်မြင်နိုင်လောက်အောင်ပင် ကျယ်ဟနေသည်။

သူတို့၏ပုံပန်းသဏ္ဍာန်မှာ ဖရိုဖရဲဖြစ်နေပြီး တစ်ကိုယ်လုံးသွေးများစွန်းပေနေသော ဝတ်ရုံများနှင့်အတူ ဆံပင်များပင်လျှင် သွေးစွန်းခြင်းမှ ကင်းလွတ်ခြင်းမရှိခဲ့ပေ။ သူတို့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမျှ သွေးများမဖုံးလွှမ်းဘဲကျန်ရစ်ခြင်း မရှိကာ အသက်ကိုပင်ပြင်းပြင်းရှူနေရ၏။

သူတို့၏ အစောပိုင်းက ဆုံးဖြတ်ချက်ခိုင်မာနေသော မျက်နှာထားများသည် ကြောက်ရွံ့မှုနှင့် နက်ရှိုင်းသောနာကျင်မှုအဖြစ်သို့ ပြိုလဲသွားပြီဖြစ်ချေသည်။

သူတို့၏ လက်များပင် တုန်ယင်နေသော်လည်း အကြောက်တရားကြောင့်လား၊ နာကျင်မှုကြောင့်လားဆိုသည်ကို ခွဲခြားမရနိုင်အောင် ဖြစ်နေလေသည်။

ယန်ချင်းက ဆက်လက်ရေတွက်ရန်ပြင်လိုက်စဉ် တစ်စုံတစ်ယောက်မှာ လဲကျသွားသည်။ ကောက်ကျစ်သောပုံစံရှိသည့် အဝါရောင်ဝတ်ရုံနှင့် ရှန်တင်းပင်။

"ငါ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး ထင်တယ်"

သူက တိုးတိုးလေးရေရွတ်ပြီး မျက်နှာကြမ်းပြင်နှင့်ထိသည်နှင့်တစ်ပြိုင်နက် သတိမေ့သွားတော့သည်။ ရှန်ရှီက သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး ခါးသီးစွာပြုံးလိုက်သော်လည်း ရှန်တျန်၏ မျက်လုံးများတွင်မူ မှိုင်းညှို့သောအကြည့်များသာ ရှိနေချေသည်။

"လေး"

ယန်ချင်းက လက်ညှိုးကို နောက်တစ်ကြိမ်ခေါက်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင် တိုက်ခိုက်မှုကျရောက်လာသည်နှင့်တစ်ပြိုင်နက် ရှန်တျန်သည် သွေးများအန်ချလိုက်ပြီး ပါးစပ်မှစကားတစ်ခွန်းမျှမထွက်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ချက်ချင်းလဲကျကာ သတိမေ့သွားလေသည်။

ရှန်ရှီသည် နောက်ဆုံးကျန်ရစ်သူ ဖြစ်ပြီး ယန်ချင်းက နောက်တစ်ကြိမ်ရေတွက်ရန်ပြင်လိုက်စဉ် လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

"သူက မတ်တပ်ရပ်လျက် သတိမေ့သွားတာပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ။ သူ့ညီတွေ သတိမေ့သွားတာကို စောင့်နေပြီးမှ သူလည်း စိတ်လျော့လိုက်တာပဲ"

ယန်ချင်းက ဒူးထောက်လျက်အနေအထားနှင့် ခေါင်းကို ဒိုင်းလွှားပေါ်တင်ထားသော ရှန်ရှီကို ကြည့်ရင်းပြုံးကာ စိတ်ထဲမှတွေးလိုက်လေသည်။

"လေးစက္ကန့်တောင်ပဲ။ ငါမျှော်လင့်ထားတာထက် အများကြီးပိုခံနိုင်ရည်ရှိတာပဲ။ ငါက သူတို့ကို ၂ စက္ကန့်ပဲ မှန်းထားတာ။ ရှင်ရော ယီကျဲ"

မော့ယွင်ရုက ဝါရင့်လောင်းကစားသမားတစ်ယောက်ကဲ့သို့ မျက်လုံးများအရောင်လက်ကာ ရုတ်တရက်မေးလိုက်သည်။

"ငါက သူတို့ကို ၃ စက္ကန့် မှန်းထားတာ။ သူတို့သာ မိုးပြာဝံပုလွေဖြူကို စွမ်းအင်ပေးမယ့်အစား သစ်ကတိုးပင်ကိုသုံးပြီး ခန္ဓာကိုယ်ကို သန်မာအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် ၅ စက္ကန့်အထိ ရောက်သွားနိုင်တယ်"

ယီကျဲက ခေတ္တစဉ်းစားပြီးနောက် ဖြေလိုက်လေသည်။

“ငါလည်း အစ်မမော့လိုပဲ ၂ စက္ကန့် မှန်းထားတာ။ သူတို့ရဲ့ ဒန်တျန်တွေနဲ့ သွေးကြောတွေ မကွဲကြေဘဲ အသက်ရှင်ကျန်ရစ်တာက တော်တော်လေး အထင်ကြီးစရာပဲ။ သူတို့ မာနကြီးတာကလည်း လုံးဝအကြောင်းမဲ့တော့မဟုတ်ဘူးပဲ။”

“သူတို့ရဲ့ ခန္ဓာကိုယ်ကို ထပ်ပြီးသန့်စင်ဖို့ ကံကောင်းတဲ့တွေ့ကြုံမှုတချို့ ရှိခဲ့မှာသေချာတယ်။ မဟုတ်ရင် အဲဒီကောင်းကင်အဆင့်ဒိုင်းကာကြီးရှိရင်တောင် သူတို့ ဘယ်လိုအသက်ရှင်နိုင်မလဲဆိုတာ ငါမတွေးတတ်ဘူး”

ကျန်ဟူက ညီအစ်ကို ၃ ယောက်ကို စိတ်ဝင်စားဖွယ် နမူနာပြကွက်များလို ကြည့်ရင်း ဝင်ပြောလိုက်၏။

"ဒီနေ့ ငါဘာလို့ ပြဿနာများတဲ့အမှုတွေချည်း လာတိုးနေရတာလဲ။ လွယ်မယ်ထင်ထားတဲ့အမှုတောင်မှ အလှည့်အပြောင်းတွေ ရှိနေတယ်။ ဟို နတ်ဆိုးအိုကြီး လဲ့ဝေယွမ်များ တစ်ခုခုလုပ်ထားလို့လား"

ယန်ချင်းက မေးစေ့ကိုပွတ်ရင်း သံသယဝင်လာပြီး၊ သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန် ညီအစ်ကို ၃ ယောက်ရှိရာသို့ လျှပ်တစ်ပြက်ရောက်သွားလေတော့သည်။

All Chapters