ဧည့်သည်အသစ်များ ရောက်ရှိလာခြင်း
Vol. 24 Ch. 234
“သားတို့ ဘာတွေ ပြောနေကြတာလဲ။ ဘယ်လောက်တောင် မသိတတ်လိုက်ကြသလဲ။”
“သားတို့ ဒီနေ့ ရရှိထားတဲ့ အောင်မြင်မှုတွေက သားတို့ အဖိုးနဲ့ မျိုးနွယ်စုထဲက တခြားအကြီးအကဲတွေရဲ့ မနားမနေ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ရခဲ့တာလေ။”
“သူတို့မှာ ရှိသမျှ အရင်းအမြစ်တွေ အကုန်သုံးခဲ့ကြသလို သူတို့ရဲ့ သုတေသနတွေကိုတောင် အလဲအလှယ်လုပ်ပြီးတော့ သားတို့ တိုးတက်လာအောင် ကူညီပေးခဲ့ကြတာ။”
“သားတို့အနေနဲ့ ပိုပြီး ကျေးဇူးသိတတ်သင့်တယ်။ သူတို့ဆီကို တစ်ခေါက်နှစ်ခေါက်လောက် သွားတွေ့တာကလည်း ဆိုးတဲ့အကြံတော့ မဟုတ်ပါဘူး”
သူမ၏သားဖြစ်သူ ယန်ချင်းနှင့် ယန်ကန်းတို့ကို မိခင်ဖြစ်သူက ဆုံးမလေသည်။
“အမေ... ဒီမှာ လူစိမ်းတွေလည်း ရှိနေတာ မဟုတ်ဘူး။ အဖိုးတို့က အဲ့ဒီအရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ကို ကူညီဖို့ ကြီးမားတဲ့စတေးမှုကြီးတွေ လုပ်ခဲ့တယ်ဆိုပြီး ဟန်ဆောင်နေစရာ မလိုပါဘူး။”
“သူတို့အတွက်တော့ ကျွန်တော်တို့က စမ်းသပ်ခံသတ္တဝါတွေထက် မပိုခဲ့ပါဘူး။”
“သူတို့ရဲ့ အကူအညီတွေကြောင့် ယန်ချင်းခေါင်းက တစ်ပတ်လောက် ဖားခေါင်းလို ဖြစ်သွားခဲ့တာကို အမေ မှတ်မိသေးရဲ့လား။”
“ ဒါမှမဟုတ် သူတို့ရဲ့ စေတနာအမှား လမ်းညွှန်ချက်တွေကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ၊ အစိတ်အပိုင်းတချို့ ဆုံးရှုံးခဲ့ရတဲ့ အကြိမ်ပေါင်းများစွာကိုကော မှတ်မိရဲ့လား။”
“သူတို့က သူတို့ရဲ့ ချို့ယွင်းချက်ရှိတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ကို တကယ်ပဲ ဂရုစိုက်ပြီး ကူညီဖို့ ကြိုးစားခဲ့တာမို့ ကျေးဇူးတော့ တင်ပါတယ်။”
“ဒါပေမဲ့ သူတို့ဆီကို သွားတွေ့ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဆေးတောင်ကြားမှာ သူ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ။”
“ ကျွန်တော် ကြားထားတဲ့ ကောလာဟလတွေအရဆိုရင် အဲ့ဒီကို သွားဖို့တောင် ကြောက်စရာ ကောင်းနေပြီ။”
“စိတ်မကောင်းပါဘူး အမေရာ။ ယန်ချင်း သွားချင်ရင် သွားပါစေ၊ ကျွန်တော်ကတော့ အဖိုးနဲ့ အဝေးဆုံးမှာပဲ နေပါ့မယ်။ အဖေနဲ့အတူ အကယ်ဒမီမှာ သွားပူးပေါင်းတာက ပိုကောင်းတဲ့ အကြံဖြစ်လိမ့်မယ်”
ယဉ်ကျေးသိမ်မွေ့ပုံရသော ယန်ကန်းထံမှ ဤစကားများ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ကျိုးယီနှင့် ကျိုးလီချင်းတို့မှာ အံ့အားသင့်သွားကြသည်။
သူတို့က ယန်ကန်းကို စကားနည်းသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။
သူ့စကားများက လေသံအေးအေးလေးပင် ဖြစ်သော်လည်း ထိုလေသံအောက်၌ ခေါင်းမာမှုကို အာရုံခံနိုင်ပေသည်။
သူတို့နှစ်ယောက်မှလွဲ၍ ကျန်ရှိနေသူများကမူ အံ့သြခြင်း မရှိကြပေ။ ယန်ကမ်သည် ယဉ်ကျေးပုံရသော်လည်း သူသည် ခေါင်းမာတတ်သူဖြစ်ပြီး တစ်ခါတစ်ရံတွင်လည်း တော်လှန်လိုစိတ် ရှိတတ်သည်။
ယန်ချင်း၏ အမူအကျင့်များ၊ အထူးသဖြင့် အဖွဲ့အစည်းနှင့် ပြဿနာတက်လေ့ရှိသည့် အကျင့်များမှာ သူ့အစ်ကိုကို အတုယူရာမှ ရရှိလာခြင်း ဖြစ်သည်။
“အစ်ကိုကြီး ပြောတာ မှန်တယ်”
ယန်ချင်းက ယန်ကမ်ကို လက်မထောင်ပြကာ ပြောလိုက်သည်။ သို့သော် မိခင်ဖြစ်သူ၏ တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် တွန့်သွားလေသည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း သားတို့အဖေဆီကို သွားတွေ့ပြီးတော့ ဒီက စားကြွင်းစားကျန် တချို့ကို သွားပေးလိုက်ဦးပေါ့”
မိခင်ဖြစ်သူ မိုင်ဟက သက်ပြင်းချရင်း ဆိုသည်။
….
“အဲ့ဒါနဲ့ မင်းတို့နှစ်ယောက် အဖွဲ့အစည်းကို ဘယ်လို ထင်ကြလဲ”
ယန်ချင်းက ယခုအချိန်အထိ တိတ်ဆိတ်နေသော ကျိုးမောင်နှမကို ရုတ်တရက် မေးလိုက်သည်။
“အဆင်ပြေပါတယ်၊ စီနီယာယန်ချင်းနဲ့ ဆရာကြီး ဟောက်တာရဲ့ အကူအညီကြောင့် ကျွန်တော်တို့ ကောင်းကောင်း အခြေချနိုင်ခဲ့ပါတယ်။”
“ သူက ကျွန်တော်တို့အတွက် တည်းခိုစရာ နေရာစီစဉ်ပေးခဲ့သလို ပြီးခဲ့တဲ့ နှစ်ရက်လုံး ကျွန်တော်တို့ကို ဂရုစိုက်ပေးနေတဲ့ အန်တီမိုင်ဟဆီကိုလည်း လမ်းညွှန်ပေးခဲ့ပါတယ်”
ကျိုးယီက ယဉ်ကျေးစွာ ဖြေလိုက်သည်။
မရင်းနှီးသော ပတ်ဝန်းကျင်တွင် ကျိုးယီက အမြဲတစေ ဆက်ဆံရေး ပိုမိုပြေပြစ်သူဖြစ်ပြီး သူ၏နှမ ကျိုးလီချင်းမှာမူ အနည်းငယ် လူကြောက်တတ်ကာ ရင်းနှီးလာစေရန် အချိန်ယူရလေ့ရှိသည်။
“အော်... ဟောက်တာက မင်းတို့ကို ဒီကို လမ်းညွှန်ပေးလိုက်တာကိုး။ နောက်မှပဲ သူ့ကို ကျေးဇူးတင်စကား ပြောရဦးမယ်”
ယန်ချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူ အများကြီး ပြောင်းလဲသွားတာပဲ။ သူ့မျက်လုံးထဲမှာ ဒေါသတွေနဲ့ အာဃာတတွေ ပြည့်နှက်နေတဲ့ ကလေးလေးလို့တောင် မမှတ်မိနိုင်တော့ဘူး။”
“အန်တီ သူ့အတွက် အမြဲတမ်း စိတ်ပူနေခဲ့တာ။ သားတို့ ငယ်ငယ်တုန်းက သူ ရုန်းကန်နေရတဲ့ အရာတွေကနေ သူ အခုလို စိတ်အေးချမ်းမှု ရသွားတာကို တွေ့ရလို့ ဝမ်းသာပါတယ်”
မိုင်ဟက သနားကြင်နာမှုများ ပါဝင်သော အကြည့်ဖြင့် ပြောလေသည်။
“ကျွန်တော်လည်း သူ့ကို မြင်လိုက်ရတော့ အံ့သြသွားတယ်။ သူက အရင်ကထက် ပိုပြီး တည်ငြိမ်ပြီး လွတ်လပ်ပုံရတယ်။ သူက နောက်လလောက်မှာ မီးသုံးပါးဌာနရဲ့ ဌာနခွဲမှူးတောင် ဖြစ်တော့မှာလေ”
ယန်ချင်းက ပြောပြသည်။
“အဲ့ဒါ တကယ့် ရာထူးကြီးပဲ။ အဲ့ဒီလောက် တာဝန်ကြီးတဲ့နေရာကို သူ့ကို ယုံကြည်ပြီး ပေးအပ်ထားတယ်ဆိုရင် သူ ဘာလို့ ဌာနချုပ်ကို ပြန်မလာခဲ့တာလဲ။”
“သူက အမြဲတမ်း ဒီမှာတရားသူကြီးအဖြစ် အမှုထမ်းချင်နေခဲ့တာ မဟုတ်ဘူးလား။ အရင်ကဆို အဲ့ဒီအကြောင်းပဲ ပြောနေတာလေ”
ယန်ကန်းက မေးလိုက်သည်။
ဟောက်တာသည် ယန်ချင်းနှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်ခဲ့ပြီး ကျောင်းပိတ်ရက်များတွင်လည်း သူ၌ မိသားစု မရှိသဖြင့် ယန်ချင်းတို့နှင့်အတူ အချိန်ကုန်ဆုံးလေ့ရှိသည်။
သူသည် တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူ မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ဟောက်မိသားစုထံမှ ထွက်ပြေးလာကာ အဆက်အသွယ် ဖြတ်တောက်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ပြစ်ဒဏ်ပေးခံရစဉ်အတွင်း ယန်ချင်းနှင့် တွေ့ဆုံပြီး သူငယ်ချင်း ဖြစ်ခဲ့ကြပြီးနောက် သူသည် ယန်မိသားစု၏ ဧည့်သည်ဖြစ်လာခဲ့ရာ သူတို့နှင့် အလွန်ပင် ရင်းနှီးနေပြီ ဖြစ်သည်။
“ဌာနချုပ်က သူ့ကို ဒီမှာ ရာထူးတစ်ခု ကမ်းလှမ်းခဲ့ပေမဲ့ သူက ငြင်းပယ်ခဲ့ပြီး အပြင်မှာပဲ အမှုထမ်းချင်တယ်လို့ ပြောခဲ့တယ်။”
“အပြင်မှာပဲ သူ ရှာဖွေနေတဲ့အရာကို တွေ့သွားတာ ဖြစ်နိုင်သလို ဌာနခွဲမှူးတစ်ယောက်အနေနဲ့ ရရှိတဲ့ လစာနဲ့ အရင်းအမြစ်တွေကလည်း မဆိုးဘူးလေ။”
“ကျွန်တော် ဘယ်လောက်ရမလဲဆိုတာတော့ မသိသေးပေမဲ့ ကျွန်တော့်နဲ့ကျင့်ကြံခြင်း အဆင့်အတန်းတူတဲ့ ဌာနခွဲမှူးတစ်ယောက်က ကျွန်တော့်ထက် ဆယ်ဆလောက် ပိုရတယ်လို့ ကြားတယ်။”
“မီးသုံးပါးဌာနလို ထင်ရှားတဲ့နေရာရဲ့ ဌာနခွဲမှူးဖြစ်ရတာကလည်း မဆိုးပါဘူး”
ယန်ချင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“ကောင်းပါပြီ၊ သူ အဆင်ပြေနေရင် အဲ့ဒါက အရေးကြီးဆုံးပါပဲ”
မိုင်ဟက ပြောရင်း အိုးအဖုံးများကို ဖွင့်လိုက်ရာ အငွေ့တထောင်းထောင်းနှင့် မွှေးကြိုင်လှသော အနံ့များ လွင့်ပျံ့လာသည်။
ယန်ချင်း၏ ဗိုက်ထဲမှ မြည်သံက ကျိုးယီ၏ ဗိုက်မြည်သံနှင့်အတူ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
စားပွဲပေါ်တွင် ခင်းကျင်းထားသော စားဖွယ်စုံကို မြင်လိုက်ရသောအခါ ယန်ချင်းသည် ဤနေရာသို့ လာရန် ဝေခွဲမရဖြစ်ခဲ့သမျှကို ချက်ချင်းပင် မေ့ပျောက်သွားလေသည်။
စားပွဲပေါ်တွင် ဝက်သားချိုချဉ်ကြော်၊ ကုန်းပေါင်ကြော်၊ ကြက်သွန်မြိတ်နှင့် အမဲသားကြော်၊ ဝက်သားနီချက်၊ ရှန်းရှီးခေါက်ဆွဲနှင့် ကွေအိုးကြီးနှစ်လုံးထဲတွင် ထည့်ထားသော ကောက်ညှင်းလိပ်များ ရှိနေသည်။
ယန်ချင်းသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ တူကို အသုံးပြုကာ ဟင်းစုံကို ယူငင်စားသောက်တော့သည်။
ကံကောင်းထောက်မစွာပင် ဟင်းပမာဏမှာ အလွန်များပြားသဖြင့် သူ၏ အစားကြီးမှုက ဟင်းခွက်များကို လျော့ပါးမသွားစေပေ။
“အမေ... အမေ့ရဲ့ လက်ရာကတော့ တကယ်ကို လက်ဖျားခါလောက်ပါပဲ”
ယန်ချင်းက ကုန်းပေါင်ကြော်၏ ကြွပ်ဆတ်သော အရသာကို မြိန်ယှက်စွာ စားရင်း မျက်လုံးလေးများ မှေးသွားသည်အထိ ပြောလိုက်သည်။
မိနစ်အနည်းငယ်အတွင်း ကျေနပ်အားရသံများ ပတ်ဝန်းကျင်၌ ပျံ့နှံ့သွားသည်။ ယန်ချင်းက ဝက်သားချိုချဉ်ကြော်ကို သူ့ပန်းကန်ထဲသို့ ထပ်ထည့်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ တူများမှာ အိုးအလယ်၌ တောင့်တင်းသွားသည်။
“ဘာဖြစ်လို့လဲ”
ယန်ကန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“သူ ရောက်လာပြီ”
ယန်ချင်းက တည်ကြည်သော လေသံဖြင့် ဆိုသည်။
“သူဆိုတာ သေချာလား”
ယန်ကန်းက အသံတုန်တုန်ယင်ယင်ဖြင့် မေးပြန်သည်။
“သူက ကျွန်တော် ဘယ်တော့မှ မှားနိုင်မှာ မဟုတ်တဲ့ တစ်ဦးတည်းသော လူပဲ။ ပြီးတော့ သူတစ်ယောက်တည်း မဟုတ်ဘူး၊ တခြားလူတွေလည်း ပါလာသေးတယ်။”
ယန်ချင်းသည် ဝက်သားချိုချဉ်ကြော်ကို အသာအယာ ခပ်ယူပြီးနောက် ပြန်ထိုင်လိုက်သည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က အစားကြီးသည့် ကောင်လေးပုံစံ မဟုတ်တော့ဘဲ အစာစားနေစဉ်၌ပင် တည်ကြည်လေးနက်သော ရုပ်သွင် ပေါ်ပေါက်နေလေသည်။
၎င်းမှာ သေဒဏ်မစီရင်မီ နောက်ဆုံးစားနပ်ရိက္ခာကို သုံးဆောင်နေရသော လူတစ်ယောက်၏ အမူအရာနှင့်ပင် တူသည်။