← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၂)

Vol. 1 Ch. 2

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၂)

Vol. 1 Ch. 2

ချီသန့်စင်ခြင်းအဆင့် ထိပ်ဆုံးသို့ ရောက်ခါနီးအချိန်၌ သူသည် မိသားစုကို စွန့်ခွာပြီး ထိန်းသိမ်းရေးအဖွဲ့အစည်း၏ စမ်းသပ်ကွင်းပြင်ဆီသို့ ထွက်ခွာလာခဲ့သည်။ ထိုအရွယ်နှင့် ချီသန့်စင်ခြင်းအဆင့် (၁၀) သို့ ရောက်ရှိနေသော သူ့ကို အဖွဲ့အစည်းက ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ကာ လျင်မြန်စွာပင် ရွေးချယ်လက်ခံလိုက်သည်။

အပြာရောင်မူလကမ္ဘာ ရှိ ကျင့်ကြံခြင်းအဆင့်များကို

*ခန္ဓာသန့်စင်ခြင်း

*ချီသန့်စင်ခြင်း

*အခြေတည်အဆင့်

*အမြုတေဖွဲ့စည်းခြင်း

*နန်းတော်အဆင့်

*နယ်ပယ်အဆင့်

*ဝိညာဉ်ဖွဲ့စည်းခြင်း ဟူ၍ခွဲခြားထားပေသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အထက်တွင် နောက်ထပ်အဆင့်များ ရှိသေးကြောင်း ကြားဖူးသော်လည်း မည်သည့်အဆင့်များဖြစ်သည်ကိုမူ သူ မသိရှိချေ။ အမှန်စင်စစ်တွင် သူ၏ တစ်သက်တာလုံးတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦးကိုသာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် ခန္ဓာသန့်စင်ခြင်းအဆင့်၌သာ ရှိသေးသည်။ ထိုအတွေ့အကြုံကပင် သူ၏ စိတ်ထဲ၌ ဖျောက်ဖျက်၍မရနိုင်သော အမှတ်တရတစ်ခု ဖြစ်ခဲ့သလို၊ ထိုခဏတာ တွေ့ဆုံမှုကပင် ယနေ့ သူဖြစ်လာမည့်ပုံစံကို ပုံသွင်းပေးလိုက်ခြင်း ဖြစ်လေသည်။

ခန္ဓာသန့်စင်ခြင်းအဆင့်၌ အဆင့် ၆ ဆင့် ထပ်မံခွဲခြားထားသည်။ သံခန္ဓာ၊ ကြေးခန္ဓာ၊ ငွေခန္ဓာ၊ ရွှေခန္ဓာ၊ စိန်ခန္ဓာနှင့် နောက်ဆုံးအဆင့် ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာ ဟူ၍ ဖြစ်သည်။ ငွေခန္ဓာအဆင့်သို့ ရောက်ရှိသည်နှင့် ချီစွမ်းအင်ကို စုပ်ယူနိုင်ရန် လိုအပ်သော သွေးကြောများကို လုံလောက်စွာ ဖွင့်လှစ်နိုင်ပြီဖြစ်၍ ချီသန့်စင်ခြင်းအဆင့်သို့ စတင်ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

ကျင့်ကြံသူအများစုသည် ဤအဆင့်သို့ ရောက်ရှိလျှင် ချီသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ရွေးချယ်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှေခန္ဓာ၊ စိန်ခန္ဓာ ဖြစ်အောင် ကျင့်ကြံနေခြင်းသည် သက်တမ်းပိုရှည်လာစေမည် မဟုတ်သလို၊ ငွေခန္ဓာမှ စိန်ခန္ဓာအဆင့်ရောက်ရန် ကြိုးစားရခြင်းမှာလည်း ပါရမီ၊ လုံ့လနှင့် အရင်းအမြစ်များစွာ ကုန်ကျသောကြောင့် ဖြစ်သည်။ အချို့ဆိုလျှင် ဤအဆင့်များသို့ ရောက်ရန် ဆယ်စုနှစ်ချီ အချိန်ကုန်ခံကြရပြီး ရှေ့ဆက်တက်လှမ်းရမည့် အဖိုးတန်အချိန်များ ဆုံးရှုံးကုန်ကြရလေသည်။

အသက်ကြီးရင့်လာလေလေ အဆင့်တက်ရန်အတွက် သွေးချီစွမ်းအင်တက်ကြွမှု နည်းပါးလာလေလေ ဖြစ်သည်။ အဆင့်တက်ရောက်ခြင်းကို နှောင့်နှေးစေသော အကြောင်းရင်းများထဲတွင် ဉာဏ်အလင်းပွင့်မှုနှင့် စွမ်းအင်စုဆောင်းမှုအပြင် အသက်အရွယ်မှာလည်း အဓိကကျပေသည်။

ကျန်ရှိသော ချီသန့်စင်ခြင်းအဆင့်မှစ၍ နောက်ပိုင်းအဆင့်များတွင်မူ အဆင့်တစ်ခုစီ၌ အဆင့်သေး ၁၂ ဆင့်စီ ရှိကြသည်။

ယန်ချင်းကို စစ်ဆေးအတည်ပြုသောအခါတွင်မူ သူသည် ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာထိ ကျင့်ကြံထားပြီးဖြစ်သလို ချီသန့်စင်ခြင်းအဆင့် (၁၀) သို့လည်း ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤအချက်ကပင် စစ်ဆေးသူများနှင့် နည်းပြများကြားတွင် အတော်ပင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးမှာ တစ်ခါမှ မကြုံဖူးသည်မျိုးတော့ မဟုတ်ချေ။

လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လျှောက်ထားသူ အမြောက်အမြားထဲတွင် သူကဲ့သို့သော ပါရမီရှင်များ၊ အချို့ဆိုလျှင် သူ့ထက်ပင် သာလွန်သူများ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သည်။ ထိုသူများကပင် အဖွဲ့အစည်းကြီး ယခုကဲ့သို့ တည်တံ့ခိုင်မြဲနေစေရန် ထောက်ပံ့ပေးထားသော မဏ္ဍိုင်ကြီးများ ဖြစ်လာကြသည်။

ယန်ချင်းတစ်ယောက် အလွယ်တကူပင် ဝင်ခွင့်ရရှိခဲ့ပြီး အရာအားလုံးသည် သူမှန်းဆထားသည့်အတိုင်း ဖြစ်လာခဲ့လေသည်။ အရင်းအမြစ်များကို ရက်ရက်ရောရော ပုံပေးခြင်း ခံရသလို၊ တစ်ဦးချင်း အထူးလေ့ကျင့်ပေးမှုများ၊ ကျင့်ကြံခြင်းနည်းလမ်းပေါင်းစုံနှင့် အထောက်အကူပြုပစ္စည်းများကို စိတ်ကြိုက်သုံးစွဲခွင့်များပါ ရရှိခဲ့သည်။

သူသည် အဖွဲ့အစည်းထဲသို့ ရောက်ရှိသည်နှင့် ထင်ပေါ်ကျော်ကြားအောင် အစွမ်းကုန် ကြိုးစားမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ၏ တွေးခေါ်ပုံမှာ ပါရမီရှင်တစ်ယောက်အဖြစ် ထင်ရှားလေလေ၊ အန္တရာယ်များသော တာဝန်များကို စေလွှတ်ခံရနိုင်ချေ နည်းပါးလေလေ ဟူ၍ပင်။ တကယ်တမ်းတွင် သူတို့သည် သူ့အား ဒဏ္ဍာရီလာ ရတနာလေးတစ်ခုနှယ် ဥထားကြလိမ့်မည်ဟုပင် သူတွေးထားလေသည်။

“သာမန်လူလို သိုသိုသိပ်သိပ်နေရမယ်ဟုတ်လား... ဝေးပါသေးတယ်ကွာ အဲဒီလိုနေရင် ပင်ပန်းပြီး အန္တရာယ်များတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းတွေပဲ လုပ်ရမှာပေါ့... ငါ ယန်ချင်းဆိုတဲ့ကောင်က ဇိမ်ကျကျနေမယ့် ကျင့်ကြံသူကွ...”

သင်တန်းကျောင်း၌ ရှိနေစဉ်ကာလတစ်လျှောက်လုံး ဤစကားကိုပင် နေ့စဉ်ရွတ်ဆို၍ သူ့ကိုယ်သူ မန္တန်တစ်ခုကဲ့သို့မန်းမှုတ်နေခဲ့သည်။

ထို့ကြောင့် ထူးချွန်ပြောင်မြောက်ကြောင်း ပြသနိုင်ရန် ကျင့်ကြံခြင်း၌ သူ့ဘဝတစ်ခုလုံးကို နှစ်မြှုပ်ထားလိုက်သည်။ သူသည် ဘက်စုံထူးချွန်သူဖြစ်ကြောင်း ပြသရန် အခြားပညာရပ်များကိုပါ လိုက်ပါလုပ်ဆောင်ခဲ့သေးသည်။ အစီအရင်ပညာ၊ သားရဲထိန်းကျောင်းခြင်း၊ အဂ္ဂိရတ်ပညာ၊ ဆေးဖက်ဝင်အပင်စိုက်ပျိုးခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ လက်ဖွဲ့ ပြုလုပ်ခြင်းနှင့် ဆေးပညာ... စသောအရာအားလုံးကို လုပ်ဆောင်ခဲ့သည်။

သို့သော် အစီအရင်ပညာနှင့် ဆေးပညာမှလွဲ၍ ကျန်သည့်ပညာရပ်များတွင်မူ သိပ်ပြီး ခရီးမရောက်ခဲ့ချေ။ ထို့ကြောင့် သူ၏ စိတ်ကြီးဝင်မှုကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး သူ၏ ချစ်ခင်စရာကောင်းသော အရည်အချင်းများထဲတွင် ‘နှိမ့်ချတတ်ခြင်း’ ဆိုသည့် ခေါင်းစဉ်လေးတစ်ခုကို ထပ်မံထည့်သွင်းလိုက်ရပါတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ ကြိုးစားအားထုတ်မှုများမှာ အရာထင်ခဲ့ပေသည်။ သူ၏ ပါရမီနှင့် လုံ့လဝီရိယကြောင့် အတန်းဖော်များကြားတွင် ထင်ရှားလာပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်း (အတုအယောင် အမြုတေအဆင့်ဟုလည်း ခေါ်ကြသည်) သို့ ရောက်ရှိနေသော အသန်မာဆုံးလူများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ရလဒ်များကြောင့် စစ်ဆေးရေးမှုး အရင်လုပ်စရာမလိုဘဲ တရားသူကြီး နေရာသို့ တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့လေသည်။

စစ်ဆေးရေးမှုး အရင်မလုပ်ရဘဲ တရားသူကြီး တန်းဖြစ်မည်ဟု ကြားသိလိုက်ရချိန်တွင် သူသည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျခဲ့မိသည်။ အထက်လူကြီးများကမူ အဖွဲ့အစည်းအပေါ်ထားရှိသော သူ၏ တာဝန်သိစိတ်ကြောင့် မျက်ရည်ကျသည်ဟု ထင်မှတ်သွားကြရှာသည်။ သူ၏ စိတ်သဘောထားပြည့်ဝမှုကို ချီးကျူးကြပြီး အခြားသင်တန်းသားများကိုပင် သူ့အားအတုယူရန် ဆူပူကြိမ်းမောင်းခဲ့ကြသေးသည်။

သူ မျက်ရည်ကျရခြင်းမှာ သူ၏ နှစ်ရှည်လများ မက်ခဲ့ရသော အိပ်မက်ကြီး တကယ်ဖြစ်လာသောကြောင့်ဆိုသည်ကိုတော့ သူတို့ခမျာ မသိရှာကြပေ။ တရားသူကြီးများဆိုသည်မှာ မည်သူများနည်း၊ မည်သည့်နေရာ၌ တာဝန်ကျသနည်း...။ တရားသူကြီးများဆိုသည်မှာ ဤထိန်းသိမ်းရေး အဖွဲ့အစည်း၏ အမြင့်ဆုံး အရာရှိများဖြစ်ပြီး အများစုမှာ အင်ပါယာများ၊ ထိပ်တန်းဂိုဏ်းကြီးများထက်ပင် လုံခြုံရေးတင်းကျပ်သော ဌာနချုပ်ကြီးထဲ၌သာ အလုပ်လုပ်ရသည် မဟုတ်ပါလော။

ဒါသည် သူအမြဲတမ်း လိုလားတောင့်တခဲ့သည့် အရာပင် ဖြစ်သည်။ လုံခြုံစိတ်ချရသော တရားရုံးခန်းထဲ၌ တစ်နေကုန်ထိုင်၊ လူများကို တရားစီရင်၊ လိုချင်သမျှ အရင်းအမြစ်များကို လစာအဖြစ် များများစားစားရယူ၊ ပြီးတော့ အပြင်လောက၌ အသက်နှင့်ရင်းပြီး စွန့်စားစရာမလိုသလို မနားမနေ အလုပ်လုပ်စရာလည်း မလိုတော့ပေ။ သူ၏ အလုပ်တာဝန်များကို သူ့လက်အောက်ရှိ စစ်ဆေးမေးမြန်းသူများထံ ခွဲဝေပေးရန်ပင် တိတ်တိတ်လေး ကြံစည်ထားသေးသည်။ ခန္ဓာသန့်စင်ခြင်းအဆင့်၌ ရှိစဉ်က အမြုတေဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦးကြောင့် သေလုမတတ် ကြောက်ရွံ့ခဲ့ရသည့် စိတ်ဒဏ်ရာရပြီးနောက်ပိုင်း သူ စိတ်ကူးယဉ်လာခဲ့သည့် အိပ်မက်မှာအမှန်တကယ်ပင် ဖြစ်လာခဲ့သည်။

“ကမ္ဘာကြီးရေ အဆင်သင့်ပြင်ထားတော့... ဇိမ်ခံသမားကြီး ယန်ချင်း လာပြီဟေ့...”

သူ၏စိတ်ထဲ၌ အားရပါးရ အော်ဟစ်ကြွေးကြော်လိုက်သည်။

သူ အလုပ်စလုပ်ရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော် တကယ်တမ်း စတင်လုပ်ကိုင်လိုက်သောအခါတွင်မူ သူထင်ထားသလို ဖြစ်မလာခဲ့ချေ။ ပစ်မှတ်များ သတ်မှတ်ထားသော အမှုပေါင်း သန်းချီနှင့်ကာ အလုပ် ပိတော့သည်။ ထို့အပြင် သူ၏ ကြီးကြပ်သူမှာလည်း ကြီးကြပ်ရေးမှူးလဲ့ဝေယွမ် ဖြစ်နေပြန်သည်။ ယန်ချင်းမှာ ဤလူသည် သူ အရင်က ကြုံတွေ့ခဲ့ရဖူးသည့် စိတ်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော သူ၏ အတွင်းမိစ္ဆာ အကောင်အထည် ပေါ်လာခြင်းသာ ဖြစ်ရမည်ဟု တထစ်ချ ယုံကြည်ထားလိုက်သည်။

တရားသူကြီးများသည် အပြင်စည်း ရွှေအမြုတေတရားသူကြီး အဖြစ် စတင်တာဝန်ထမ်းဆောင်ရပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ လုပ်ငန်းခွင် စစ်ဆေးအကဲဖြတ်မှုများကို အောင်မြင်ပါက ရာထူးအဆင့်ဆင့် တက်လှမ်းသွားကြသည်။ အနိမ့်ဆုံးရာထူးဖြစ်သော အပြင်စည်း အမြုတေတရားသူကြီးများသည် ခန္ဓာသန့်စင်ခြင်းအဆင့်မှစ၍ အခြေတည်အဆင့် ထိပ်ဆုံးအထိရှိသော ကျင့်ကြံသူများ၏ အမှုများကို ကိုင်တွယ်ရသည်။

ကျင့်ကြံခြင်းလောက လူဦးရေ၏ အများစုမှာ ဤအဆင့်များ၌သာ ရှိနေကြခြင်း ဖြစ်သည်။ အယောက်တစ်ထောင်တွင် တစ်ယောက်ခန့်သာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဆိုသည်မှာတော့ ဆိုဖွယ်ရာ မရှိတော့... မနက်မိုးလင်း အိပ်ရာထလိုက်သည်နှင့် ချီစွမ်းအင် စတင်ကျင့်ကြံနေသော မြက်ပင်တစ်ပင်ကိုပင် တွေ့ချင်တွေ့နိုင်သည့် ခေတ်ကြီး ဖြစ်သည်။ ထို့ကြောင့် မပြီးနိုင်မစီးနိုင်သောအမှုများဖြင့် ယန်ချင်းတယောက်လုံးချာလည်လိုက်နေတော့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် အိပ်စရာမလို၊ စားစရာမလိုဘဲ တစ်လခန့် နေနိုင်သည်ဆိုသော အချက်ကိုလည်းယန်ချင်းတစ်ယောက် ရှာဖွေ့သိရှိလိုက်ရတော့သည်။

သူ့ခမျာ ရှိသမျှ ချီစွမ်းအင်များ ကုန်ခမ်းသည်အထိ ခိုင်းစေခံရပြီး အချို့အမှုများတွင်ဆိုလျှင် လုံခြုံစိတ်ချရပြီး အစီအရင်များ အပြည့်တပ်ဆင်ထားသော သူ၏ တရားရုံးခန်းလေးကို စွန့်ခွာ၍ အပြင်ထွက်ရသည်များပင် ရှိလာသည်။ ဤနေရာကြီးက မည်မျှပင် မည်းမှောင်ရက်စက်သနည်းဟု တွေးတောမိကာ သူ စိတ်ဓာတ်ကျနေရသည်။ ထွက်ပြေး၍လည်း မရ၊ သစ္စာဖောက်များ ဘာဖြစ်သွားသနည်းဆိုသည်ကို သူကြားဖူးနားဝရှိထားသည်။ အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက ဘာဖြစ်မည်ဆိုသည်ကိုပင် ပုံရိပ်ယောင် စိတ်ဝိညာဉ်ပညာရပ်များဖြင့် ခေါင်းထဲ စွဲနေအောင် ရိုက်သွင်းထားလေသည်။ သစ္စာဖောက်ပါက မည်သို့သော ကြောက်မက်ဖွယ်ရာ ကိစ္စများ ကြုံတွေ့ရမည်ကို ကွက်ကွက်ကွင်းကွင်း ပြသထားပြီး ဖြစ်သည်။

ထိုသို့ဖြင့် ဇိမ်ခံသမား ယန်ချင်း သေဆုံးသွားခဲ့ပြီး... စိတ်ဓာတ်ကျကာ အိပ်ရေးပျက်နေသည့် ယန်ချင်းအသစ် မွေးဖွားလာခဲ့ရလေတော့သည်။

ကံကောင်းစွာဖြင့် သူ၏ စိတ်ပျက်အားငယ်နေသော နေ့ရက်များထဲတွင် ဉာဏ်အလင်းတစ်ခု ပွင့်လာခဲ့သည်။ အကယ်၍ သူသာ ကျင့်ကြံခြင်းအဆင့် တက်ရောက်သွားပါက သူကိုင်တွယ်ရမည့် အမှုအမျိုးအစားများ ပြောင်းလဲသွားပြီး အမှုအရေအတွက် လျော့နည်းသွားမည် မဟုတ်ပါလော။

ကိုင်တွယ်ရသော အမှုများသည် တရားသူကြီး၏ အင်အားအပေါ် မူတည်ပေသည်။ အကယ်၍ သူ နန်းတော်အဆင့် သို့ ရောက်ရှိသွားပါက နန်းတော်အဆင့် အမှုများကိုသာ ကိုင်တွယ်ရပေမည်။ အဆင့်လျှော့၍ ခိုင်းစေမည်ဆိုလျှင်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးပိုင်း အမှုလောက်သာ ဖြစ်ပေလိမ့်မည်။ နန်းတော်အဆင့် ကျင့်ကြံသူ မည်မျှရှိပါသနည်း။ သေချာသည်မှာ အခြေတည်အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်လောက် မများပြားသည်မှာ အသေအချာပင်။

“ဇိမ်ခံသမားကြီး ယန်ချင်းရေ... မင်း ပြန်လည်နိုးထလာဖို့သာ ပြင်ထားပေရော့...”

ယန်ချင်းတစ်ယောက် အရူးတစ်ပိုင်း အပြုံးကြီးဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။

“ဟာ... ဟေ့ကောင်... ယန်ချင်း တရားရုံးပေါက်ဝမှာ ဘာတွေ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလဲ... ငါတို့ နောက်ကျနေပြီကွ... ဂိုဏ်းတွေကို အကဲဖြတ်တဲ့အလုပ်တွေ ထပ်လုပ်နေရဦးမယ်...”

ယီကျဲ၏ အော်သံကြောင့် ယန်ချင်းတစ်ယောက် အသိပြန်ဝင်လာခဲ့သည်။ သူ၏ ရည်မှန်းချက်နှင့် တစ်လှမ်း ပိုနီးကပ်လာပြီဖြစ်၍ အားအင်အသစ်များဖြင့် ယီကျဲရှိရာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ အသက် ၂၄ နှစ်အရွယ်ဖြင့် သူသည် နန်းတော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နန်းတော်အဆင့် တရားသူကြီးတစ်ဦး ဖြစ်လာရန် အတွင်းပိုင်း စစ်ဆေးအကဲဖြတ်မှုများကိုလည်း အောင်မြင်ထားပြီး ဖြစ်သည်။

တကယ်တမ်းတွင် လွန်ခဲ့သော ၃ လခန့်ကတည်းက ရာထူးတက်ရမည် ဖြစ်သည်။ သို့သော် သူ သီးသန့်ကျင့်ကြံနေစဉ် နန်းတော်အဆင့်ကို ချိုးဖျက်ဝင်ရောက်ရန် ကြာမြင့်ခဲ့သောအချိန်ကို လိမ်လည်ပြောဆိုထားသည်ကို ကြီးကြပ်ရေးမှူးက မိသွားခဲ့သောကြောင့် ဖြစ်သည်။ သူသည် အဆင့်တက်ပြီး တည်ငြိမ်အောင်လုပ်ဆောင်ရန် ၅ လသာ ကြာမြင့်ခဲ့သည်။ သို့သော် ယန်ချင်းက သူ၏ မဟာဉာဏ်ကြီးရှင် ဦးနှောက်ကို အသုံးပြု၍ ၈ လ ကြာသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပိုပြောလိုက်သော ၃ လလုံးလုံး အိပ်စက်အနားယူရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤလှည့်ကွက်လေးသည် နယ်ပယ်အဆင့် ပညာရှင် ကြီးကြပ်ရေးမှူး ‘လဲ့ဝေယွမ်’ ၏ မျက်လုံးအောက်မှ လွတ်မြောက်သွားခြင်း မရှိချေ။ သူ၏ အော်ရာ တည်ငြိမ်မှုကို ကြည့်ရုံဖြင့် မည်သည့်အချိန်လောက်က အဆင့်တက်ခဲ့သနည်း ဆိုသည်ကို အလွယ်တကူပင် ရိပ်မိသွားခဲ့သည်။ အနည်းငယ် ခြိမ်းခြောက်လိုက်သည်နှင့် ယန်ချင်းတစ်ယောက် အမှန်တိုင်း ဖွင့်ပြောလိုက်ရပြီး ထို ၃ လကို သူ၏ အလုပ်ချိန်ဇယားထဲသို့ ပျော်ပျော်ကြီး ထည့်ပေါင်းပေးလိုက်လေတော့သည်။

All Chapters