← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၃)

Vol. 1 Ch. 3

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၃)

Vol. 1 Ch. 3

ထိုသူနှစ်ဉီးသည် အဆောက်အအုံ၏အရောင်နှင့် လိုက်ဖက်ညီစွာ ခင်းကျင်းထားသော အနက်ရောင်ကြွေပြားများရှိရာ ခန်းမဆောင်ထဲသို့ လျင်မြန်စွာဝင်ရောက်လာခဲ့ကြသည်။ ထိုလေးထောင့်ပုံစံ ခန်းမဆောင်၏ အရှေ့တည့်တည့် နှင့် ဘယ်ညာနံရံများတွင်မူ ဆန်းကြယ်သော အရောင်မျိုးစုံဖြင့် မြူနှင်းရည်များဖြင့် ပြည့်နှက်နေသည်။

ထိုမြူနှင်းများမှာ တစ်ခါတစ်ရံ အခိုးအငွေ့များအဖြစ်၊ တစ်ခါတစ်ရံ ‌စေးကပ်သောအရည်များသဖွယ်၊ တစ်ခါတစ်ရံတွင်မူ ရေတံခွန်တစ်ခုကဲ့သို့ လွတ်လပ်စွာစီးဆင်းနေကြသည့်အလားပင် ဖြစ်သည်။ ဘယ်ဘက်နံရံကို အရည်နှစ်မျိုးဖြင့် ဖုံးအုပ်ထားရာ တစ်ခုမှာအပြာရင့်ရောင် ဖြစ်ပြီး ကျန်တစ်ခုမှာ ရွှေအိုရောင် ဖြစ်သည်။ ထိုထဲတွင် တောက်ပသောသင်္ကေတများ ကူးလူးသွားလာနေကြဟန်ဖြစ်သည်။ အပြာရင့်ရောင် ၏အထက်တွင် အမြုတေ ဟုရေးသားထားသော အပြာရောင်ဆိုင်းဘုတ်တစ်ခုရှိပြီး ရွှေအိုရောင် အထက်တွင် နန်းတော် ဟူသော ဆိုင်းဘုတ်တစ်ခု ရှိလေသည်။

ရှေ့တည့်တည့်ရှိ နံရံတစ်ခုလုံးကိုမူ နတ်သက်ကြွေထားသည့်နှယ် ဖြူစင်လွန်းသော အရည်များဖြင့် ဖုံးအုပ်ထားပြီး 'ဝိညာဉ်' ဟု ရေးသားထားသည်။ ညာဘက်ခြမ်းတွင်မူ အဆောက်အအုံ၏ အရောင်နှင့် တစ်သားတည်းဖြစ်နေသော အနက်ရောင်အရည်များ ရှိနေသည်။ အကယ်၍ တောက်ပနေသော သင်္ကေတများနှင့် 'နယ်ပယ်' ဟူသော စာသားသာ မရှိပါက ထိုနေရာတွင် တစ်ခုခုရှိနေမှန်းပင် မည်သူမျှ သိနိုင်မည်မဟုတ်ချေ။

ဤအရည်များသည် ဟင်းလင်းပြင်သတ္တု ဟု ခေါ်ဆိုသည့် အလွန်ရှားပါးသော ရတနာတစ်မျိုး ဖြစ်သည်။ထိုသတ္ထုသည် ၎င်းအပေါ်တွင် ရေးဆွဲထားသော အစီအရင်များကို မပျက်ပြယ်စေဘဲ အမျိုးမျိုးသော ပုံသဏ္ဌာန်ပြောင်းလဲနိုင်သည့် ထူးခြားသော သဘာဝရှိသည်။ ၎င်း၏ အကောင်းဆုံး စွမ်းဆောင်ရည်မှာ 'လေဟာနယ်အစီအရင်' များကို ပိုမိုအားကောင်းစေပြီး တည်ငြိမ်စေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အဖွဲ့အစည်းသည် ထိုသတ္တုကို အသုံးပြု၍ အဆောက်အအုံအနှံ့သို့ ဆက်သွယ်ပေးသည့် လေဟာနယ်တံခါးများကို တည်ဆောက်ထားခြင်း ဖြစ်သည်။ တရားသူကြီးများ၊ စစ်ဆေးမေးမြန်းသူများနှင့် အခြားအရာရှိများကိုလည်း ထိုလေဟာနယ်အစီအရင်များကို အသုံးပြုနိုင်ရန်အတွက် ထိုသတ္တုစလေးများ တစ်ခုစီ ပေးအပ်ထားသည်။ ထိုသတ္တုမျိုးစုံသည် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ ၎င်းမှ ခွဲထုတ်ထားသော သတ္တုစလေးများဖြင့်သာ သက်ဆိုင်ရာ အစီအရင်များကို အသုံးပြု၍ ရနိုင်ပေသည်။

အရည်များ၏ အရောင်အလိုက် ချိတ်ဆက်ထားသော တရားရုံးခန်းများမှာလည်း ကွဲပြားကြသည်။ အပြာရောင်သည် အမြုတေတရားရုံးများအတွက်ဖြစ်ပြီး၊ ရွှေအိုရောင်မှာ နန်းတော်တရားရုံးများ၊ အမည်းရောင်မှာ နယ်ပယ်တရားရုံးများနှင့် အဖြူရောင်မှာ ဝိညာဉ်တရားရုံးများအတွက် ဖြစ်သည်။ ထိုအရောင်များသည် တရားသူကြီးများကို ခွဲခြားသတ်မှတ်ရာ၌လည်း အသုံးပြုသည်။ ယန်ချင်းက အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ယီကျဲကမူ အနီနှင့် အပြာ ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ စစ်ဆေးရေးမှုးများ အားလုံးသည် ၎င်းတို့ တာဝန်ကျရာ တရားရုံး၏ အရောင်နှင့် အနီရောင်တစ်ဝက် ရောစပ်ထားသော ဝတ်ရုံများကို ဝတ်ဆင်ကြရသည်။

သူတို့နှစ်ဦးသည် အပြာရောင်အရည်များ ရှိရာသို့ ဦးတည်သွားလိုက်ရာ သင်္ကေတများမှာ တောက်ပလာပြီး ခဏချင်းမှာပင် အမြုတေတရားရုံး၏ စင်္ကြံလမ်းဆီသို့ ရောက်ရှိသွားကြသည်။ ထို့နောက် 'အထက်တန်း' ဟု ကမ္ပည်းထိုးထားသော တရားရုံးခန်းများထဲမှ တစ်ခုဆီသို့ လျှောက်လှမ်းသွားကြလေသည်။

ယန်ချင်းနှင့် ယီကျဲတို့သည် သတ်မှတ်ထားသော တရားရုံးခန်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် တရားရုံးရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦး၏ ကျောပြင်ကို မြင်လိုက်ကြရသည်။ သူသည် ခပ်သွယ်သွယ် ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ငွေရောင်ဆံပင်များကို ထိပ်စီးထုံးထားသည်။

ထိုသူကို မြင်လိုက်ရသည့် တခဏ၌ပင် ယန်ချင်းတစ်ယောက် ကျောက်ရုပ်နှယ် အေးခဲသွားပြီး မျက်နှာထက်တွင် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သိသိသာသာပင် တုန်လှုပ်သည်။ စောစောက သူ ပြုံးနေခဲ့သော အရူးတစ်ပိုင်း အပြုံးများမှာလည်း အရိပ်အယောင်ပင် မကျန်တော့ချေ။

"ကြည့်ရတာ မင်း အချိန်မီ ရောက်လာနိုင်သားပဲ... ဟုတ်တယ်မလား ယန်ချင်း" ဟု အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက တည်ငြိမ်အေးဆေးသော အသံဖြင့် ပြောလိုက်သည်။

ယန်ချင်းအဖို့မူ ထိုအသံသည် သူ၏ အသက်ဝိညာဉ်ကို လာရောက်နုတ်ယူမည့် သေမင်း၏ ခေါ်သံကဲ့သို့ပင်။ ထို့ပြင် ထိုအသံထဲ၌ စိတ်ပျက်အားလျော့မှု အရိပ်အယောင်အချို့ ပါဝင်နေသည်ကိုလည်း ခံစားလိုက်ရသည်။

'ဒီအဖိုးကြီး လဲ့ဝေယွမ်က ငါ အချိန်မီ ရောက်လာတာကို ဘာလို့ ဝမ်းမသာဘဲ စိတ်ပျက်နေရတာလဲ' ဟု ယန်ချင်းက သူ့ဘာသာ တွေးနေမိသော်လည်း စိတ်ထင်လို့နေမှာပါဟု ပြန်တွေးကာ ဆက်လက်မတွေးတော့ပေ။

"အာ... ကြီးကြပ်ရေးမှူး လဲ့ဝေယွမ်ပါလား။ ကျွန်တော်ကတော့ အချိန်မီ ရောက်လာမှာပေါ့။ ကျွန်တော့်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ထိန်းသိမ်းရေးအဖွဲ့အစည်းက ကျွန်တော့်အပေါ် ထားရှိတဲ့ ကျေးဇူးတရားတွေနဲ့ ယုံကြည်မှုတွေအတွက်ဆိုရင် ကျွန်တော့်ရဲ့ သွေး၊ ချွေး၊ မျက်ရည်နဲ့ ရှိသမျှ ချီစွမ်းအင်တွေအကုန် ပေးဆပ်ပြီး ပြန်ဆပ်သွားမှာပါ။"

"ကျွန်တော် ယန်ချင်းမှာ အရည်အချင်းတွေ အများကြီး ရှိပေမယ့် အကောင်းဆုံးတစ်ခုကတော့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဘယ်လို အခက်အခဲမျိုးပဲ ကြုံကြုံ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမယ့် စိတ်ဓာတ်ပဲ ဖြစ်ပါတယ်" ဟု အလွန်ပင် ကိုယ့်ကိုကိုယ်ယုံကြည်လှသော လေသံဖြင့် ပြောလိုက်သည်။ အဖွဲ့အစည်းကသာ တာဝန်ပေးမည်ဆိုလျှင် ကမ္ဘာတစ်ခုလုံးအား သုတ်သင်ပစ်တော့မည့် ပုံစံမျိုးပင်။

သို့သော် ထိုနေရာတွင် ရှိနေသူများကမူ သူ၏ အစစ်အမှန်သဘောသဘာဝကို ကောင်းကောင်းသိကြသည်။ ယန်ချင်းသည် အချောင်ခိုရန်နှင့် ဒုက္ခများသော ကိစ္စများကို ရှောင်လွှဲရန်အတွက်ဆိုလျှင်သာ မဆုတ်မနစ်သော ဇွဲလုံ့လကို ထုတ်ပြတတ်သူ ဖြစ်ပေသည်။

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား လှည့်လာသောအခါတွင် ခပ်တည်တည်ရှိလှသော အလတ်တန်းစား လူလတ်ပိုင်းမျက်နှာကို မြင်လိုက်ရသည်။ သူ၌ ငွေရောင်မုတ်ဆိတ်တိုတိုနှင့် စူးရှသော ငွေရောင်မျက်လုံးများ ရှိသည်။

သူသည် ယန်ချင်းကို စူးစိုက်ကြည့်လိုက်သည်။ ယန်ချင်းမှာမူ သူသည် အဖွဲ့အစည်းအတွက် မည်မျှအနစ်နာခံခဲ့ကြောင်းကို အပိုအလွန်များ ထည့်သွင်းကာ ပြောဆိုနေဆဲပင်။ အထူးသဖြင့် သူသည် တရားရုံး၏ ဝန်ထုတ်ဝန်ပိုးများကို ကူညီထမ်းပိုးနိုင်ရန်အတွက် အသက်အန္တရာယ်ကို အရင်းပြုကာ နန်းတော်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ကြောင်းကို အလေးအနက်ထား ပြောနေသည်။ လွန်ခဲ့သော ၃ လက သူ အဆင့်တက်ချိန်နှင့် ပတ်သက်ပြီး လိမ်လည်ခဲ့၍ 'အထက်တန်း အမြုတေတရားသူကြီး' အဖြစ် ၃ လ ပိုလုပ်နေရခြင်းကိုမူ သူ အသာလေး မေ့ပစ်ထားလိုက်သည်။

"ယန်ချင်း... မင်း နောက်ကျတော့မယ်။" လဲ့ဝေယွမ်က ယန်ချင်း၏ အဆုံးမရှိသော အရည်မရအဖတ်မရစကားများကိုနားမထောင်နိုင်တော့သဖြင့် ဖြတ်တောက်ရန် ခပ်တည်တည်ဖြင့် ကြားဖြတ်ပြောလိုက်သည်။

လဲ့ဝေယွမ်သည် အထက်တန်း အမြုတေတရားသူကြီးများနှင့် နန်းတော်တရားသူကြီးများ အားလုံးကို ကြီးကြပ်ရသူ ဖြစ်သည်။ သူ၏ အလုပ်မှာ တရားသူကြီးများ၏ လုပ်ငန်းခွင် အရည်အချင်းကို စစ်ဆေးရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုကို ထိန်းသိမ်းရန်ဖြစ်သည်။ လဲ့ဝေယွမ်သည်လည်း မူလကအခြားသူများကဲ့သို့ပင် ယန်ချင်းအပေါ် များစွာ မျှော်လင့်ထားခဲ့ပြီး သူ၏ စရိုက်အမှန်ကို မသိရှိခဲ့ပေ။

ယန်ချင်းသည် တိုက်ရိုက်ဝင်ခွင့်ရ တရားသူကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ထိုသို့ ဝင်ခွင့်ရသူများမှာ အလုပ်ရော၊ အမူအကျင့်ပါ စံပြဖြစ်ကြသူများသာ ဖြစ်သည်။ သူသည် အစပိုင်းတွင် ကောင်းမွန်ခဲ့သော်လည်း လအနည်းငယ် ကြာသောအခါတွင်မူ အလုပ်ကို အနည်းဆုံးသာ လုပ်ကိုင်နိုင်ရန် လှည့်ကွက်များ စတင်အသုံးပြုလာခဲ့သည်။ အချို့မှာ အောင်မြင်သော်လည်း အချို့မှာမူ မအောင်မြင်ခဲ့သဖြင့် သူ၏ခြေလှမ်းတိုင်း၌ လဲ့ဝေယန်ကိုယ်တိုင် ကြီးကြပ်ခံနေရခြင်း ဖြစ်သည်။

သူသည် အတွင်းစည်း အမြုတေတရားသူကြီး ဖြစ်လာချိန်တွင် စရိုက်ပြောင်းသွားပုံ ပေါ်ခဲ့သည်။ အမြဲတမ်း အချိန်မှန်ကာ အလုပ်အပေါ် အလေးအနက်ထားဟန် ရှိခဲ့သည်။ သူသည် အလုပ်အပေါ် အပြည့်အဝ မြှုပ်နှံထားပုံရပြီး နှစ်အနည်းငယ် ကြာသောအခါ အထက်တန်း အမြုတေတရားသူကြီး ဖြစ်လာခဲ့သည်။

အဆိုပါရာထူးသည် သာမန်ကာလျှံကာ ရာထူးမျိုး မဟုတ်ချေ။ အမြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေသူတိုင်းသည်ပင် အထက်တန်း အမြုတေတရားသူကြီး ဖြစ်လာနိုင်သည် မဟုတ်ပေ။ အဓိကလိုအပ်ချက်တစ်ခုမှာ ရွှေရောင်အမြုတေ သို့မဟုတ် ခရမ်းရောင်အမြုတေ ရှိရန် လိုအပ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ပညာရှင်များ၌ ကွဲပြားခြားနားသော အမြုတေအရောင်များ ရှိကြသည်။ ၎င်းသည် သူတို့ အမြုတေ၏ အရည်အသွေးကို ဖော်ပြခြင်းပင် ဖြစ်သည်။ အမြုတေများသည် အနီ၊ လိမ္မော်၊ အပြာ၊ ရွှေနှင့် ခရမ်း ဟူ၍ အရောင် (၅) မျိုး ရှိသည်။ အနီရောင်မှာ အားအနည်းဆုံးဖြစ်ပြီး ခရမ်းရောင်မှာ အားအကောင်းဆုံး ဖြစ်လေသည်။

ကျင့်ကြံသူတစ်ဦး မည်သည့်အမြုတေအမျိုးအစားကို ပိုင်ဆိုင်မည်နည်းဆိုသည်မှာ အခြေတည်အဆင့် ၌ သူ တည်ဆောက်ခဲ့သော မဏ္ဍိုင် အမျိုးအစားအပေါ် မူတည်သည်။ အခြေတည်အဆင့်တွင် အနီရောင်မဏ္ဍိုင် တည်ဆောက်ခဲ့သူသည် အနီရောင်အမြုတေကိုသာ ပိုင်ဆိုင်လေ့ရှိသည်။ သို့သော် ရွှေရောင်နှင့် ခရမ်းရောင် အမြုတေများ၏ ကွာဟချက်ကိုမူ မည်သည့်ရတနာနှင့်မျှ ဖြည့်ဆည်း၍ မရနိုင်ချေ။ ရွှေရောင်မဏ္ဍိုင်နှင့် ခရမ်းရောင်မဏ္ဍိုင် ရှိသူများသာ ထိုအဆင့်ကို ရရှိနိုင်ပေသည်။

ယန်ချင်းသည် ခရမ်းရောင်အမြုတေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဤသို့ ဖြစ်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ၏ ပါရမီအပြင် နည်းပြများ၏ ဂရုတစိုက် လမ်းညွှန်မှုကြောင့်လည်း ပါဝင်သည်။ နည်းပြများသည် နှစ်ပေါင်း ၁၀၀၀ တိုင်အောင် ပါရမီရှင်ပေါင်းများစွာကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ခရမ်းရောင်အမြုတေ ဖြစ်ပေါ်လာရန် လိုအပ်သော အချက်အလက်တချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းတို့အနက် တစ်ချက်မှာ စိန်ခန္ဓာ သို့မဟုတ် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ ရှိရန်ဖြစ်ပြီး နောက်တစ်ချက်မှာ ချီစွမ်းအင်၏ အပြီးပြည့်စုံဆုံးအဆင့် (သို့မဟုတ်) ချီသန့်စင်ခြင်းအဆင့် (၁၃) သို့ ရောက်ရှိရန် ဖြစ်သည်။ (တရားဝင်အားဖြင့် ချီသန့်စင်ခြင်းအဆင့်မှာ ၁၂ ဆင့်သာ ရှိသည်ဟု လူသိများသည်။) အကယ်၍ အဖွဲ့အစည်းသာ မရှိခဲ့ပါက ယန်ချင်းသည် ဤအဆင့်သို့ မည်သို့ရောက်ရှိရမည်ကို သိရှိနိုင်မည် မဟုတ်ချေ။

....

ယန်ချင်းသည် သူ၏ အတွေးကမ္ဘာထဲမှ ချက်ချင်း နိုးထလာပြီး ကြီးကြပ်ရေးမှူးကို အရိုအသေပေးကာ တရားရုံးခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ လဲ့ဝေယွမ်၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။

"သွေး၊ ချွေးနဲ့ မျက်ရည်...ဟက်…. စိတ်ဝင်စားဖို့ ကောင်းသားပဲ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ယန်ချင်းတစ်ယောက် ချက်ချင်း ပြန်လှည့်ကြည့်လိုက်ရာ လဲ့ဝေယွမ်က ညှင်သာစွာ ပြုံးလျက် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

လဲ့ဝေယွမ် ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ယန်ချင်းသည် ယီကျဲ၏ ပုခုံးကို ဆွဲကိုင်ကာ အလွန်စိုးရိမ်သော လေသံဖြင့် အော်ပြောလိုက်သည်။

"ယီကျဲရေ... စောစောက အဲဒီအဖိုးကြီး ဘာပြောသွားလဲဆိုတာ မင်း ကြားလိုက်လား"

ယီကျဲက ယန်ချင်း၏ လက်ထဲမှ ရုန်းထွက်ကာ တရားရုံးခန်းထဲသို့ ဝင်သွားရင်း အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် "သူက သွေး၊ ချွေးနဲ့ မျက်ရည် လို့ ပြောသွားတာလေ။ မင်းရဲ့ စကားတွေက သူ့ကို တော်တော်လေး စိတ်လှုပ်ရှားသွားစေတယ် ထင်တယ်။ တော်တယ် ယန်ချင်း...မင်းကို လက်မထောင်ပြရမယ်" ဟု ပြန်ပြောလိုက်သည်။

ယီကျဲသည် ယန်ချင်းကို လက်မထောင်ပြကာ ပြုံးစိစိဖြင့် ကြည့်လိုက်သည်။ ထိုအပြုံးမှာ စောစောက ယန်ချင်းတစ်ယောက် ဇိမ်ခံသမားဘဝ ပြန်လည်ရရှိတော့မည်ဟု တွေးကာ ပြုံးခဲ့သည့် အပြုံးမျိုးပင်။

ယန်ချင်းသည် လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့သော မျက်နှာဖြင့် တရားရုံးခန်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။ ယခုအချိန်၌ အလောင်းကောင်ကျင့်ကြံသူများပင်လျှင် သူ့ထက် ပို၍ အသက်ဝင်နေဦးမည် ဖြစ်သည်။

အသက်မပါသော ခြေလှမ်းများဖြင့် သူ၏ တရားစီရင်ရေး စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုစင်မြင့်ကို နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိသော နဂါးနီသစ်သားဖြင့် ပြုလုပ်ထားပြီး ရွှေရောင်လင်းယုန် သင်္ကေတကို ထွင်းထုထားသည်။

သူ့အောက်ရှိ စားပွဲတွင် ထိုင်နေသော အသားဖြူဖြူ ချောချောလှလှ အမျိုးသမီးလေးကိုပင် သူ လုံးဝ ဂရုမစိုက်နိုင်တော့ချေ။ သူမသည်လည်း အပြာရောင်ဝတ်ရုံကိုပင် ဝတ်ဆင်ထားသည်။ သူမ၏ ခရမ်းရောင် မျက်လုံးဝိုင်းများထဲ၌ လွင့်မျောနေသော တိမ်တိုက်များ ရှိနေသည့်နှယ် ထင်မှတ်ရသည်။ သူမ၏ အမည်မှာ မော့ယွင်ရူ ဖြစ်ပြီး ယန်ချင်း၏ တရားစီရင်ရေး လက်ထောက် (သို့မဟုတ်) သင်တန်းသား ဖြစ်ပေသည်။

ရွှေအမြူတေအဆင့် တရားသူကြီးတိုင်းသည် မိမိတို့ ရာထူးတက်သွားသောအခါ ထိုနေရာဆက်ခံရန်အတွက် လက်အောက်ငယ်သားတစ်ဦးကို သင်ကြားပြသပေးရန် လိုအပ်သည်။ ယန်ချင်း နန်းတော်တရားရုံးသို့ ပြောင်းရွှေ့သွားပါက မော့ယွင်ရူက သူ၏ နေရာကို ဆက်ခံရမည် ဖြစ်သည်။

"သူ ဘာဖြစ်လာတာလဲ။ အိပ်ချင်လို့ အချိန်ကို နှေးသွားအောင် ရထားလုံးပေါ်က အစီအရင်တွေကို ထပ်ပြီး ကလိလိုက်ပြန်ပြီလား" မော့ယွင်ရူက ယန်ချင်း၏ အသက်မပါသော မျက်နှာကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။ ယန်ချင်းမှာမူ "မဟုတ်ဘူး... သူ အဲဒီလို မပြောလောက်ပါဘူး... မဟုတ်ဘူး..." ဟု တတွတ်တွတ် ရေရွတ်နေလေသည်။

ယီကျဲကမူ ဖြစ်ပျက်ခဲ့သမျှကို အားရပါးရ ပြန်လည်ရှင်းပြနေပြီး 'သွေး၊ ချွေးနဲ့ မျက်ရည်' ဆိုသော စကားလုံးကို ယန်ချင်း ကြားအောင် အသံကျယ်ကျယ်ဖြင့် အလေးပေး ပြောဆိုနေလေသည်။ ထိုစကားကြောင့် သနားစရာ ယန်ချင်းမှာ တုန်လှုပ်သွားရရှာသည်။ အခြေအနေအရ ကြည့်မည်ဆိုလျှင် 'ဇိမ်ခံသမား ယန်ချင်း' ၏ နေရာတွင် 'သွေး၊ ချွေး၊ မျက်ရည် ယန်ချင်း' က အစားထိုး ဝင်ရောက်လာတော့မည့်ပုံပင်။

All Chapters