← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၄)

Vol. 1 Ch. 4

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၄)

Vol. 1 Ch. 4

"ယန်ချင်း... ယန်ချင်း... တရားသူကြီး ယန်" မော့ယွင်ရူတစ်ယောက် ယန်ချင်းကို ကြောင်တောင်တောင် အခြေအနေမှ နိုးကြားလာစေရန် အော်ဟစ်ခေါ်ဆိုနေရသည်။

သူမသည် စိတ်ရှုပ်ထွေးကာ ငေးငိုင်နေသော ယန်ချင်းကို သတိပြန်ဝင်လာစေရန် ရေစွမ်းအင်မန္တန်တစ်ခုဖြင့်ပင် ပက်လိုက်ရလေသည်။

"ဟင်... ငါဘယ်သူလဲ….ငါ ဘယ်ရောက်နေတာလဲ" ယန်ချင်းက မျက်လုံးများဝေဝါးစွာဖြင့် ရေရွတ်လိုက်သည်။ သူသည် ကြီးကြပ်ရေးမှူး လဲ့ဝေယွမ်၏ နောက်ဆုံးစကားနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သမျှသော အဆိုးရွားဆုံး အခြေအနေများကို စိတ်ကူးထဲ၌ လှည့်ပတ်တွေးတောနေခဲ့ခြင်း ဖြစ်သည်။

ထိုလူနှင့် နှစ်ရှည်လများ နီးကပ်စွာ နေခဲ့ရသော အတွေ့အကြုံများအရ ထိုမိစ္ဆာအိုကြီး လုပ်မည့်အရာမှာ သူ၏ စိတ်ကူးထဲကထက်ပင် ပို၍ ဆိုးရွားနိုင်ကြောင်း ကောင်းကောင်းသိပေသည်။

"ယီကျဲ... မင်း ငါ့ကို ဘာလို့ မတားတာလဲ။ အဲဒီမိစ္ဆာအိုကြီးရဲ့လက်အောက်မှာ ငါတို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ မင်းသိသားနဲ့" ယန်ချင်းက လတ်တလောတွင် ပြုံးစိစိလုပ်နေသော ယီကျဲကို အငြိုးအတေးကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။

"စိတ်မရှိပါနဲ့ ယန်ချင်းရာ... ငါလည်း မင်းရဲ့ ထူးချွန်ပြောင်မြောက်မှုတွေနဲ့ အဖွဲ့အစည်းအပေါ်ထားတဲ့ မင်းရဲ့ အနစ်နာခံမှုတွေကို တွေးကြည့်နေမိလို့ပါ။ နန်းတော်တရားရုံးကို ရာထူးတိုးခံရတဲ့ အသက်အငယ်ဆုံး တရားသူကြီးတစ်ယောက် ဖြစ်လာတာ မဆန်းပါဘူး။ တကယ့် စံပြပုဂ္ဂိုလ်ပဲ။ မင်းရဲ့ တရားရုံးမှာ စစ်ဆေးမေးမြန်းသူတစ်ယောက် ဖြစ်ရတာ ငါ့အတွက်တော့... အဟင့်... အဟင့်... တကယ့်ကို ဂုဏ်ယူစရာပါပဲ" ယီကျဲက စကားအဆုံးတွင် ဝမ်းသာလွန်း၍ ငိုဟန်ပင် ဆောင်လိုက်သေးသည်။

"ဖူး...ဟူး…ဟားဟားဟား" လူသူကင်းမဲ့နေသော တရားရုံးခန်းထဲ၌ တိုးညှင်းသော ရယ်သံလေး လွင့်ပျံ့လာသည်။ ၎င်းမှာ ရယ်သံကို အတတ်နိုင်ဆုံး အောင့်ထားသော်လည်း မထိန်းနိုင်တော့သည့် မော့ယွင်ရူထံမှ ဖြစ်သည်။ အပြင်လောကတွင် တည်ငြိမ်အေးဆေးပြီး လေးစားစရာကောင်းသော မျက်နှာရှိသည့် ယီကျဲက သူ၏ အထက်လူကြီးကို ယခုကဲ့သို့ ပြောင်လှောင်နေသည်မှာ သူမအတွက်တော့ မယုံနိုင်စရာပင်။

"ယီကျဲ... မင်း... မင်း" ယန်ချင်းက ရှက်စိတ်နှင့် ဒေါသတို့ ရောပြွမ်းကာ တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးလိုက်စဉ်မှာပင် သူ၏ ဟန်ပန်မှာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။ တစ်စက္ကန့်ခန့်မျှ ငေးမှိုင်သွားပြီးနောက် တည်ငြိမ်အေးဆေးသော အပြုံးတစ်ခုမှာ သူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာတော့သည်။

"မင်းသိလား ယီကျဲ... ငါ့ရဲ့ အမှုထမ်းကောင်းကြီး... ငါ အခုပဲ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခုကို သတိရသွားလို့"

ယန်ချင်းက မျက်လုံးမှေးစင်းကာ ပြုံးပြလိုက်သည်။

ယန်ချင်း၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ယီကျဲမှာ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ယန်ချင်း၏ နောက်ကျောတွင် ခရမ်းရောင်သိုးချိုပါသော မြွေဟောက်တစ်ကောင်၏ ပုံရိပ်ကိုပင် မြင်လိုက်ရသလို ခံစားမိကာ မသိမသာ နောက်သို့ဆုတ်၍ တံတွေးတစ်ချက် မျိုချလိုက်မိသည်။

'ယန်ချင်း ဘာတွေ ကြံစည်နေတာပါလိမ့်။ ဘာပဲဖြစ်ဖြစ်လေ... ဟိုမိစ္ဆာအိုကြီးလဲ့ဝေယွမ် ခိုင်းမယ့်အလုပ်တွေကို ငါ့ကို ခိုင်းလို့မှ မရတာ။ ငါ့မှာ ငြင်းပယ်ပိုင်ခွင့် ရှိတာပဲ...' သူ၏ အတွေးများမှာ တစတစ ပျောက်ကွယ်သွားပြီး မျက်ဝန်းများမှာလည်း အံ့အားသင့်မှုများဖြင့် ပြူးကျယ်လာတော့သည်။

"မင်း သတိထားမိသွားပြီ ထင်တယ်။ အမြဲတမ်း ထက်မြက်နေတာပဲ... ဒါကြောင့်လည်း မင်းက ထိပ်တန်း စစ်ဆေးရေးမှုးတစ်ယောက် ဖြစ်နေတာပေါ့။ မင်းမျက်စိအောက်ကနေ ဘယ်အရာမှ မလွတ်နိုင်ဘူးပဲ" ယန်ချင်း၏ အော်ရာ မှာ ဤအချိန်၌ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူသည် အချိန်ကာလ၏ နိယာမ ကို ဖောက်ထွင်းမြင်နိုင်ကာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို သိမြင်နေသော ဝါရင့်ကျင့်ကြံသူကြီးတစ်ဦးနှယ် ဖြစ်နေပေသည်။

ယန်ချင်းသည် စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ သူ၏ ခြေသံများ တရားရုံးခန်းအတွင်း ကျယ်လောင်စွာ ပဲ့တင်ထပ်စေရန်တမင်တကာပင် 'တောင်ဖြိုခြေလှမ်း' ကို အသုံးပြု၍ လျှောက်လှမ်းလာခြင်း ဖြစ်သည်။ သူသည် တရားရုံးခန်း၏ အလယ်ဗဟို၌ ရပ်တန့်လိုက်ပြီး ယီကျဲကို ကျောခိုင်းကာအဆုံး မရှိသော ကောင်းကင်ယံကို တည်ကြည်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။

"ယီကျဲ... ငါတို့ နှစ်ယောက် အောက်ခြေအဆင့်ကတည်းက အတူတူ ဖြတ်သန်းလာခဲ့ကြတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါတို့ မတွေ့ခဲ့ဖူးတာ၊ မကြုံခဲ့ဖူးတာ ဘာရှိလို့လဲ။ မီးပင်လယ်၊ ဓားတောင်၊ အဆိပ်နဲ့ ကျိန်စာတွေကို ငါတို့ တွေအတူတကွ ဖြတ်ကျော်ခဲ့ကြတယ်။

ငါ့ရဲ့ တရားမျှတမှုအပေါ် ထားရှိတဲ့ စိတ်ဆန္ဒကြောင့်ပဲ လဲ့ဝေယွမ်လို အထက်လူကြီးတွေက ငါ့ကို သတိထားမိပြီး အလုပ်တွေ ပိုပေးခဲ့တာပေါ့။

အဖွဲ့အစည်းက စစ်ဆေးရေးမှုးတစ်ယောက်ကို တရားသူကြီးရဲ့ အမိန့်တွေကို ငြင်းပယ်နိုင်တဲ့ အခွင့်အရေး (၅) ကြိမ် ပေးထားတယ်လေ။ ဒါက တရားသူကြီးတွေ အာဏာအလွဲသုံးစားလုပ်တာကို ကာကွယ်ဖို့ပေါ့။ အဖွဲ့အစည်းက ငါ့အပေါ် ပုံပေးထားတဲ့ ဝန်ထုတ်ဝန်ပိုးတွေကြောင့် ငါက သူတို့ကို အသနားခံပြီး မင်းကို အဲဒီအခွင့်အရေးတွေ ပိုပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့ကလည်း သဘောတူပြီး နောက်ထပ် (၅) ကြိမ် ထပ်တိုးပေးခဲ့လို့ မင်းမှာ ငြင်းပယ်ခွင့် (၁၀) ကြိမ်တောင် ရှိခဲ့တာ"

ယန်ချင်းသည် စကားကို ခဏရပ်လိုက်သည်။ ဤသည်မှာ သူ နောက်ထပ်ပြောမည့် စကားအတွက် ပို၍ အကျိုးသက်ရောက်မှု ရှိစေရန်နှင့် သူ၏ အတွက်အချက် မှန်ကန်ကြောင်း သေချာစေရန် ဖြစ်သည်။

"ယီကျဲ... မင်း အဲဒီ (၁၀) ကြိမ်လုံးကို သုံးပြီးသွားပြီ။ မင်းရဲ့ တာဝန်သိစိတ်နဲ့ ငါ့အပေါ်ထားတဲ့ လေးစားမှုတွေကြောင့် ဒီအခွင့်အရေးတွေကို သုံးလိုက်ရတာမလို့ မင်း ဝမ်းသာနေမှာ ငါသိပါတယ်။ မင်းကိုယ်တိုင်လည်း ပြောခဲ့သလိုပဲ... ငါ့ရဲ့ စစ်ဆေးရေးမှုးတစ်ယောက် ဖြစ်ရတာ မင်းအတွက် ဂုဏ်ယူစရာ မဟုတ်လား။

ကဲ... အခုတော့ ဒီတရားရုံးက မင်းကို လိုအပ်နေပြီ။ ငါတို့ကို ပေးအပ်တော့မယ့် ကြီးကျယ်တဲ့ တာဝန်အတွက်ပေါ့။ မင်း ငြင်းမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ မင်းမှာ ငြင်းပယ်ခွင့် မကျန်တော့လို့ ဖြစ်စေ၊ ငါ အခုပဲ နန်းတော်အဆင့်ကို ရောက်သွားလို့ ငါ့ကို မယှဉ်နိုင်တော့မှာကို ကြောက်လို့ မဟုတ်ဘူးဆိုတာ ငါသိတယ်။

မဟုတ်ဘူး... မဟုတ်ဘူး...။ ငါ့ရင်ထဲမှာ တောက်လောင်နေတဲ့ တရားမျှတမှုရဲ့ မီးတောက်တွေက မင်းဆီမှာလည်း တောက်လောင်နေလို့ မင်း ဒီအလုပ်ကို လုပ်ရမှာ။ ငါတို့ အတူတူ ရှေ့ဆက်ကြစို့ သူငယ်ချင်း" ယန်ချင်းက သူ၏ နေရာမှ ဖြည်းညှင်းစွာ လှည့်လာပြီး ပါးစပ်အဟောင်းသား ဖြစ်နေသော ယီကျဲ၏ပုခုံးကို အသာအယာ ပုတ်လိုက်လေသည်။

ယီကျဲ၏ ခေါင်းထဲ၌မူ သူ၏ ငြင်းပယ်ခွင့်များကို မည်သို့ ကုန်ဆုံးသွားခဲ့သနည်း ဆိုသည်ကိုသာ စဉ်းစားနေတော့သည်။ ယန်ချင်း တရားသူကြီး မဖြစ်လာခင်က စစ်ဆေးရေးမှုးများအတွက် ထိုကဲ့သို့ ငြင်းပယ်ခွင့်ဆိုသည်မှာ မရှိခဲ့ချေ။

သို့သော် ယန်ချင်း၏ ကောက်ကျစ်ပြီး ပျင်းရိသော သဘာဝက ပေါ်လာချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူသည် ရှက်ရွံ့ခြင်းမရှိဘဲ အလုပ်အားလုံးကို စစ်ဆေးရေးမှုးများအပေါ် ပုံချခဲ့ပြီး သူကိုယ်တိုင်မှာမူ အနည်းဆုံး အလုပ်ပမာဏကိုသာ လုပ်ကိုင်ခဲ့သည်။ အထက်လူကြီးများက ယင်းကို သတိထားမိသွားပြီး သူ့ကို ပြင်းထန်စွာ အပြစ်ပေးခဲ့သည်။ သို့သော် ဤကိစ္စက အဖွဲ့အစည်း၏ အုပ်ချုပ်ရေးယန္တရားတွင် ရှိနေနိုင်သော ပြဿနာတစ်ခုကို သူတို့အား သတိပြုမိစေခဲ့သည်။ အကယ်၍ ဤပြဿနာကို မဖြေရှင်းပါက နောက်ထပ် ယန်ချင်းပေါင်းများစွာ ပေါ်လာနိုင်ပြီး အုပ်ချုပ်ရေးကို ပျက်ပြားစေနိုင်ပေသည်။

ထို့ကြောင့် ငြင်းပယ်ပိုင်ခွင့်များနှင့် စိန်ခေါ်ယှဉ်ပြိုင်ခြင်း စည်းမျဉ်းများကို တရားသူကြီးများနှင့် စစ်ဆေးရေးမှုးများ၏ ကျင့်ဝတ်စည်းကမ်းများတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

ယန်ချင်းသည် ဤပြဿနာအားလုံး၏ မြစ်ဖျားခံရာ မူလအစ ဖြစ်သောကြောင့် သူသည်လည်း ထိုက်တန်သော ဆုလာဘ်ကို ရရှိခဲ့သည်။ သူ၏ စစ်ဆေးမေးမြန်းသူများသည် အခြားသူများထက် အခွင့်အရေး နှစ်ဆ ပိုရခဲ့ခြင်း ဖြစ်သည်။

ထိုစည်းမျဉ်း ထွက်လာချိန်တွင် ယန်ချင်းသည် အထက်လူကြီးများထံ သွားရောက်ကာ အသနားခံခဲ့သည်ဟု ယီကျဲ ကြားဖူးသည်။ သို့သော် သူ၏ အသနားခံမှုမှာ စေတနာကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူသည် စည်းမျဉ်းသစ်များမှာ တရားမျှတမှုမရှိကြောင်းနှင့် စစ်ဆေးရေးမှုးများသည် အမြဲတမ်း အလုပ်ပိုလုပ်ချင်နေကြသူများ ဖြစ်သဖြင့် ဤစည်းမျဉ်းသစ်များက သူတို့၏ စိတ်အားထက်သန်မှုကို လျော့နည်းစေလိမ့်မည်ဟု မနားမနေ တိုင်တောခဲ့ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် သူသည် ပယ်ချခံခဲ့ရရုံသာမက သူ၏ ကြိုးစားမှုများအတွက် အလုပ်များကို တောင်လိုပုံ၍ ထပ်မံပေးအပ်ခြင်း ခံခဲ့ရသည်။ သူ၏ စစ်ဆေးရေးမှုးများ ကိုယ်စား တရားမျှတမှု၏ မီးရှူးတိုင်ကို ထမ်းဆောင်နိုင်ရန်အတွက် ဤအလုပ်များကို ပေးရခြင်းဖြစ်သည်ဟု သူ အပြောခံခဲ့ရသည်။

ယီကျဲနှင့် အခြားသော စစ်ဆေးရေးမှုးများမှာမူ စည်းမျဉ်းသစ်များကို ကြားလိုက်ရချိန်တွင် အလွန်ဝမ်းသာသွားကြပြီး ယန်ချင်း အလုပ်ပိုရသွားခြင်းမှာ သူတို့အတွက် အပိုဆုတစ်ခုနှယ် ဖြစ်နေခဲ့သည်။ အထူးသဖြင့် စိန်ခေါ်ယှဉ်ပြိုင်ခြင်း စည်းမျဉ်းကြောင့် သူတို့သည် ယန်ချင်းကို ရိုက်နှက်ရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။ ယန်ချင်း၏ မျက်နှာနှင့် စရိုက်မှာ မြင်ရရုံနှင့် ဆွဲထိုးချင်စရာ ကောင်းနေသည် မဟုတ်ပါလော။ ထိုစိန်ခေါ်ပွဲက သူတို့၏ ဖုံးကွယ်ထားသော ဆန္ဒများကို တရားဝင် ပေါက်ကွဲခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ငြင်းပယ်ခွင့် ရှိသော်လည်း အကြမ်းဖက်နည်းကိုသာ ရွေးချယ်ခဲ့ကြသည်။

သို့သော်ရလဒ်အနေဖြင့် သူတို့အားလုံးမှာ လက်တုံ့ပြန်ခွင့်ပင်မရဘဲ ယန်ချင်း၏ လက်ချက်ဖြင့် ခဏချင်းမှာပင် မေ့မြောသွားခဲ့ရသည်။ နောက်ပိုင်းမှ သိလိုက်ရသည်မှာ ယန်ချင်းသည် သူတို့ကို ဒဏ်ရာအနည်းဆုံးရအောင် ထိန်းလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့ ဒဏ်ရာရသွားလျှင် အလုပ်ခိုရန် အကြောင်းပြချက် လုပ်မည်ကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် သူကိုယ်တိုင် အလုပ်ခိုရန် ကြံစည်သကဲ့သို့ အခြားသူများကိုလည်း ထိုသို့ပင် ထင်မှတ်နေခြင်း ဖြစ်သည်။

ယန်ချင်းသည် လူကုံထံ အာဃာတသမားတစ်ဦးနှယ် သူတို့ကို ရိုက်နှက်ပြီးနောက် အလုပ်များ ထပ်တိုးပေးကာ အဆုံးမရှိ ပြောင်လှောင်ခဲ့သည်။ သူ့ကို အနိုင်ယူနိုင်မည့် နည်းလမ်းမရှိသဖြင့် ငြင်းပယ်ခွင့်များသည်သာ ယန်ချင်းကို လက်တုံ့ပြန်ရန်အတွက် သူတို့၏ အရေးကြီးသော လက်နက်များ ဖြစ်လာခဲ့သည်။

သူတို့၏ (၁၀) ကြိမ်သော အခွင့်အရေးကို အသုံးပြု၍ ယန်ချင်းကို အလုပ်တစ်ခုတည်း လုပ်ခိုင်းရခြင်းမှာ သူတို့အတွက် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ ထိုအချိန်၌ ယန်ချင်း ပြသသော မျက်နှာပေးမှာ အဖိုးမဖြတ်နိုင်ပေ။

ဤသည်မှာ ယခုလက်ရှိ အခြေအနေသို့ ရောက်လာရခြင်း၏ အကြောင်းရင်းပင်။ ယီကျဲသည် လွန်ခဲ့သော ၃ လအတွင်း ယန်ချင်းကို စိတ်အနှောင့်အယှက်ဖြစ်စေရန်နှင့် သူ၏ ကံဆိုးမှုကို ပြောင်လှောင်ရန်အတွက် ထိုအခွင့်အရေးများကို ထပ်တလဲလဲ သုံးစွဲခဲ့သည်။ တစ်ပတ်သာ ကျန်တော့သဖြင့် အခွင့်အရေးများကို ချန်ထားရန် မလိုအပ်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ လဲ့ဝေယွမ် ကြံစည်ထားသမျှတွင် သူပါ ဆွဲချခံရတော့မည်ဖြစ်ပြီး ငြင်းပယ်ရန်လည်း မဖြစ်နိုင်တော့ချေ။ ယန်ချင်းကို စိန်ခေါ်ရန်မှာလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ချင်း တူစဉ်ကပင် အသည်းအသန် တိုက်ခိုက်ခဲ့ရသည် ဖြစ်ရာ၊ ယခု ယန်ချင်းက နန်းတော်အဆင့်သို့ ရောက်ရှိသွားချိန်တွင်မူ သူ အနိုင်ရရန် အခွင့်အလမ်းမှာ လုံးဝ မရှိတော့ချေ။

"ကဲ... မော့အာရေ... ဒီနေ့ ငါတို့ ဘာအမှုတွေရှိလဲ" ယန်ချင်းက အောင်နိုင်သူ၏ အပြုံးဖြင့် သူ၏ ထိုင်ခုံဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။

မော့ယွင်ရူမှာ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ကာ ခေါင်းကိုသာ ခါလိုက်မိပြီး ယန်ချင်းထံသို့ ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်ရင်း အကြောင်းအရာများကို ရှင်းပြလိုက်သည်။

"ဒီနေ့ အမှုတွေက သိပ်မများပါဘူး။ 'မြူနွံဂိုဏ်း' ရဲ့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းစောင့်သားရဲ 'မြစိမ်းသစ်ရွက်နွား' တို့ကြားက အငြင်းပွားမှုတစ်ခု ရှိပါတယ်။

ပြီးတော့ ဂိုဏ်းတစ်ခု၊ အဲဒီဂိုဏ်းရဲ့ အမာခံတပည့်တစ်ယောက်နဲ့ သူတို့ဆီက ကြွေးမြီတွေ ပြန်မရလို့ လိုက်နေတဲ့ ကုန်သည်အဖွဲ့အစည်းတို့ကြားက သုံးပွင့်ဆိုင် ပဋိပက္ခတစ်ခု ရှိတယ်။

'မြေနွယ်စားသောက်ဆိုင်' မှာ အမြုတေအဆင့် ကျင့်ကြံသူ ၃ ယောက်က ပစ္စည်းတွေ ဖျက်ဆီးပြီး ပိုက်ဆံမပေးဘဲ နေတဲ့အမှု၊

နောက်ဆုံးတစ်ခုကတော့ 'ဥက္ကာကြွေပန်းပဲဆိုင်' ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးမှာရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ကို ချို့ယွင်းချက်ပါတဲ့ ကောင်းကင်အဆင့် ဓားတစ်လက် ရောင်းလိုက်လို့ တရားစွဲထားတဲ့ အမှုပါ"

မော့ယွင်ရူ အစီရင်ခံနေစဉ်မှာပင် ယန်ချင်းသည် ကျောက်စိမ်းပြားထဲသို့ သူ၏ စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းကာ အမှုအသေးစိတ်ကို ဖတ်ရှုနေလိုက်သည်။ အခြားသော ကျောက်စိမ်းပြားများနှင့်မတူဘဲ ဤအဖြူရောင် ကျောက်စိမ်းပြားများမှာ အသုံးပြုပြီးလျှင် ဖုန်မှုန့်အဖြစ် ကြေပျက်သွားခြင်း မရှိပေ။

"ကောင်းပြီ... ဒါဆို စလိုက်ကြစို့။ ယီကျဲ... တံခါးဖွင့်ပြီး မြူနွံဂိုဏ်းချုပ်နဲ့ မြစိမ်းရွက်နွားမကို အထဲလွှတ်လိုက်။ သူတို့နဲ့ အရင်ဆုံးအမှုစမယ်"

All Chapters