← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၅)

Vol. 1 Ch. 5

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၅)

Vol. 1 Ch. 5

ယီကျဲသည် သူတို့အတူဝင်ရောက်လာခဲ့သည့် ဝင်ပေါက်နှင့်မတူသော အခြားဝင်ပေါက်တစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းသွားလိုက်သည်။ ဤဝင်ပေါက်သည် အခြားစင်္ကြံလမ်းတစ်ခုနှင့် ချိတ်ဆက်ထားပြီး ထိုနေရာတွင် တရားသူကြီး၏ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြသော တရားပြိုင်များနှင့် တရားလိုများရှိနေကာ အခြားသော စုံစမ်းစစ်ဆေးရေးမှူးများက ထိန်းသိမ်းစောင့်ကြပ်ထားကြသည်။

ထိုစင်္ကြံလမ်းတွင် တရားရုံးအသီးသီးမှ ခေါ်ယူစစ်ဆေးခြင်းကို ခံယူရန် စောင့်ဆိုင်းနေကြသော ဝတ်ရုံမျိုးစုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများဖြင့် ပြည့်ကျပ်နေသည်။ လူအုပ်ကြီးမှာ များပြားလှသော်လည်း စည်းစနစ်တကျ ရှိလှသည်။ တစ်စိတ်တစ်ပိုင်းမှာ သူတို့နှင့်အတူ ရှိနေသော စုံစမ်းစစ်ဆေးရေးမှူးများကြောင့်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ထိန်းသိမ်းရေးအဖွဲ့အစည်း တရားရုံးများမှ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ဂုဏ်သတင်းကြီးမားမှုကြောင့် ဖြစ်သည်။ အထူးသဖြင့် သူတို့ပိုင်နက်ထဲတွင် ပြဿနာရှာသူများအပေါ် ကိုင်တွယ်ပုံ ပြင်းထန်ခြင်းကြောင့်ပင်။

"မြူနွံဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ချန်ယွမ်နဲ့ မြစိမ်းသစ်ရွက်နွား... ခင်ဗျားတို့အမှုကို ပထမဆုံး စစ်ဆေးမှာပါ။ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွခဲ့ပေးပါ" ယီကျဲက စင်္ကြံလမ်းမကြီးထဲတွင် ယဉ်ကျေးစွာ လှမ်းခေါ်လိုက်သည်။

ယီကျဲ ထိုသို့ ခေါ်ယူနေစဉ်အတွင်း ယန်ချင်းမှာမူ လက်ရှိစစ်ဆေးရမည့် အမှုအကြောင်းအရာများနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်နေလိုက်သည်။

...

မြူနွံဂိုဏ်းသည် အဆင့် (၄) ရှိသော ဂိုဏ်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါဂိုဏ်း၏ အမြင့်ဆုံး အာဏာပိုင်အဆင့်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သာ ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဖွဲ့အစည်း စတင်တည်ထောင်ချိန်ကတည်းက ဂိုဏ်းများ၊ ကလန်များ၊ တော်ဝင်မိသားစုများ၊ ကုန်သည်အဖွဲ့အစည်းများနှင့် အခြားသော ကျင့်ကြံခြင်းအဖွဲ့အစည်းအမျိုးမျိုးကို အဆင့်သတ်မှတ်ခြင်းများ စတင်ပြုလုပ်ခဲ့သည်။

အဆင့်သတ်မှတ်ခြင်း စနစ်သည် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ အဖွဲ့အစည်းမှ ကိုင်တွယ်ဖြေရှင်းရသော အမှုအခင်းများနှင့် ၎င်းတို့ကို ခွဲဝေပုံစနစ်များသည် ပါဝင်ပတ်သက်သူများ၏ အဆင့်အတန်းအပေါ်တွင် မူတည်ဆုံးဖြတ်လေ့ရှိသည်။

အဖွဲ့အစည်းအသီးသီးကို အခြေခံလိုအပ်ချက်များအပြင် ထိုအဖွဲ့အစည်းတွင် ရှိနေသည့် အားအကောင်းဆုံး ပုဂ္ဂိုလ်၏ အဆင့်ပေါ်မူတည်၍ အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။

စုစုပေါင်း အဆင့် (၅) ဆင့် ရှိပြီး

အဆင့် (၅) မှာ အနိမ့်ဆုံးဖြစ်ကာ အဆင့် (၁) မှာ အမြင့်ဆုံးဖြစ်သည်။

* အဆင့် ၅ - အခြေတည်အဆင့် ရှိသူက အားအကောင်းဆုံး ဖြစ်သည်။

* အဆင့် ၄ - အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိသူ ပါဝင်သည်။

* အဆင့် ၃ - နန်းတော်အဆင့် ရှိသူ ပါဝင်သည်။

* အဆင့် ၂ - နယ်ပယ်အဆင့် ရှိသူ ပါဝင်သည်။

* အဆင့် ၁ - ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်က ဦးစီးသည်။

သို့သော် အဆင့်သတ်မှတ်ချက် မရှိသော အုပ်စု (၂) ခု ရှိသေးသည်။ ပထမအုပ်စုမှာ ချီဖွဲ့စည်းခြင်းအဆင့် သာ အမြင့်ဆုံးရှိသော မိသားစုများနှင့် ဂိုဏ်းများဖြစ်ပြီး၊ ဒုတိယအုပ်စုမှာမူ မြင့်မြတ်နယ်မြေဟု တင်စားခေါ်ဝေါ်ကြသော မိသားစု/ဂိုဏ်း/ကလန်ကြီးများ ဖြစ်ကြသည်။

အပြာရောင်မူလကမ္ဘာ၏ တိုက်ကြီးများအနှံ့တွင် ဖြန့်ကျက်ထားသော သန့်စင်နယ်မြေ (၁၃) ခု ရှိသည်။ အလယ်ပိုင်းတိုက်တွင် (၅) ခုဖြင့် အများဆုံးရှိပြီး၊ အနောက်ပိုင်းတိုက်တွင် (၃) ခု၊ တောင်ပိုင်းတိုက်နှင့် အရှေ့ပိုင်းတိုက်တို့တွင် (၂) ခုစီ ရှိကာ မြောက်ပိုင်းတိုက်တွင်မူ (၁) ခုသာ ရှိလေသည်။

မြင့်မြတ်နယ်မြေများကို ကျန်အဖွဲ့အစည်းများနှင့် ကွဲပြားသွားစေသည့် အချက်မှာ ၎င်းတို့ကို ဦးစီးနေသူများသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက် ကျော်လွန်နေသည်ဟု ကောလာဟလများ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုစကား မှန်မမှန် အတည်မပြုနိုင်လျှင်တောင်မှ သူတို့၏ အခြေခံအင်အားသည် သက်တမ်းရင့် အဆင့် (၁) အဖွဲ့အစည်း အများအပြားကို အလွယ်တကူ ဖြိုလှဲပစ်နိုင်လောက်အောင် စွမ်းအားကြီးမားသဖြင့် ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံထားရသည်။

ထိန်းသိမ်းရေးအဖွဲ့အစည်းကိုလည်း တောင်ပိုင်းတိုက်ရှိ သန့်စင်နယ်မြေ နှစ်ခုနှင့် ယှဉ်လျှင် သမိုင်းကြောင်း နုနယ်သော်လည်း အလားတူ စွမ်းဆောင်ရည်မျိုး ရှိနေသဖြင့် မြင့်မြတ်နယ်မြေတစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။

တောင်ပိုင်းတိုက်ရှိ လူများသည် အဆိုပါ မြင့်မြတ်နယ်မြေနှစ်ခုက ထိန်းသိမ်းရေးအဖွဲ့အစည်း ကို အဘယ်ကြောင့် ဖွဲ့စည်းခွင့်ပြုပြီး ကြီးထွားလာအောင် လွှတ်ထားသနည်းဆိုသည်ကို အမြဲ တွေးတောနေလေ့ရှိသည်။ အပြင်ပန်းကြည့်လျှင် တိုက်ကြီးထဲတွင် ရေကို နောက်စေမည့် တတိယအဖွဲ့အစည်းတစ်ခု ထွက်ပေါ်လာခြင်းက သူတို့အတွက် အကျိုးမရှိဟု ထင်ရသည်။ သို့သော် အတွင်းသိများ နှင့် တံခါးပိတ်ကျင့်ကြံရလွန်း၍ ပျင်းရိကာ အသံလုံအစီအရင်များ တပ်ဆင်ထားသော နေရာကောင်းကောင်းတွင် အတင်းတုတ်နေကြသူများကမူ ဤသို့ သုံးသပ်ကြသည်။ တောင်ပိုင်းတိုက်၏ မြင့်မြတ်နယ်မြေ နှစ်ခုဖြစ်သော အလင်းဖြာဓားဂိုဏ်း နှင့် မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့သည် အခြားဂိုဏ်းများကို သူတို့အဆင့်အထိ တက်မလာနိုင်အောင် တားဆီးရန်နှင့် သူတို့၏ အမဲလိုက်ခွေးများအဖြစ် အသုံးပြုရန် ဤအဖွဲ့အစည်းကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ခြင်းဖြစ်သည် ဟူ၍ပင်။

အဖွဲ့အစည်း စတင်တည်ထောင်ချိန်မှစ၍ ဤယူဆချက်ကို ပိုမိုခိုင်မာစေသော ဖြစ်ရပ်အချို့ ရှိခဲ့ဖူးသည်။ ၎င်းတို့အနက် တစ်ခုမှာ သက်တမ်းရင့် အဆင့် (၁) ဂိုဏ်းကြီးတစ်ခု လုံးဝ သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။ ယနေ့အထိ အဖွဲ့အစည်းက ထိုဂိုဏ်းကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့သနည်း ဆိုသည်ကို မည်သူမျှ မသိရှိရသော်လည်း ထိုနေ့မှစ၍ အဖွဲ့အစည်းသည် အင်အားစုကြီးတစ်ခုအဖြစ် နေရာယူလာခဲ့သည်။

သို့သော် ထိုယူဆချက်များကို လုံးဝ ယုံကြည်၍တော့ မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုစကားများသည် အဖွဲ့အစည်းအပေါ် တွင် အမုန်းတရားကြီးမားနေသူများထံမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ အခြားသော ယူဆချက်တစ်ခုမှာမူ မြင့်မြတ်နယ်မြေနှစ်ခုသည် ပြည်တွင်းရေးထက် အခြားတိုက်များမှ မြင့်မြတ်နယ်မြေများကို ပို၍ သတိထားနေရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ တောင်ပိုင်းတိုက် စစ်ပွဲကာလအတွင်း အခြားအင်အားစုများ၏ ကျူးကျော်မှုများက ဤယူဆချက်ကို ပိုမို ခိုင်မာစေသည်။

ထို့ကြောင့် သူတို့သည် အဖွဲ့အစည်း တည်ထောင်ခြင်းကို တိတ်တဆိတ်လက်ခံ သဘောတူခဲ့ကြသည်။ သို့သော် သူတို့သည် အဖွဲ့အစည်းအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသော်လည်းကောင်း၊ ခွေးသေးပန်း၍ ပြန်လည်ပြုပြင်ထားသော တရားထိုင်ဖျာစုတ် တစ်ချပ်သော်လည်းကောင်း မည်သည့်အရာကိုမှ ပါဝင်လှူဒါန်းခြင်း မရှိခဲ့ချေ။

သို့သော် သူတို့၏ နှုတ်ဆိတ်နေမှုနှင့် ဝင်ရောက်မစွက်ဖက်မှုသည် "ထိန်းသိမ်းရေးအဖွဲ့အစည်း... မင်းတို့ တည်ရှိနေတာကို ငါတို့ လက်ခံတယ်" ဟု ပြောလိုက်ခြင်းနှင့်တူညီပေသည်။ အဖွဲ့အစည်းမှတစ်ဆင့် တောင်ပိုင်းတိုက်၏ အသက်သွေးကြောကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး၊ စစ်ပွဲမီးတောက်များကြားတွင် ပျောက်ကွယ်သွားနိုင်မည့် ပါရမီရှင်များကိုလည်း အဆိုပါဂိုဏ်းကြီးနှစ်ခုက ပုံမှန် ရရှိနိုင်မည်ဖြစ်သည်။

ဤဂိုဏ်းကြီးများအတွက် အန္တရာယ်အရှိဆုံးအရာမှာ ဂိုဏ်းကို ဖျက်ဆီးမည့် ဆိုးသွမ်းသောသခင်လေး မဟုတ်ပေ။ (ယနေ့အထိ မည်သည့် စာရေးဆရာယုတ်က ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေများသည် ဟင်္သာကိုးသောင်းအသား (မိန်းမလှလေးများ) ကို မက်မောသော သခင်လေးများဖြင့် ပြည့်နှက်နေသည်ဟု ကောလာဟလ လွှင့်ခဲ့မှန်း မသိရချေ။ ထိုကောလာဟလများကြောင့် အမျိုးသမီး တပည့်သစ် လက်ခံမှုနှုန်းမှာ အကြီးအကျယ် ကျဆင်းသွားခဲ့ရသည်။ သူတို့သည် တိုက်ကြီးတစ်ခုလုံးကို ရှာဖွေကာ ကံကြမ္မာ ဟောကိန်းအမျိုးမျိုး သုံးခဲ့သော်လည်း ကောလာဟလ ဖြန့်သူကိုမူ ရှာဖွေမတွေ့ရှိခဲ့ရပေ။ ၎င်းမှာ ယနေ့တိုင် မဖြေရှင်းနိုင်သော ပဟေဠိပုစ္ဆာတစ်ခု ဖြစ်နေဆဲပင်။)

မြင့်မြတ်နယ်မြေတစ်ခု နှစ်ပေါင်းထောင်ချီ ရပ်တည်နိုင်ရန်အတွက် အန္တရာယ်အရှိဆုံးအရာမှာ မျိုးဆက်ကွာဟချက် ပင် ဖြစ်သည်။

ဂိုဏ်းတွင် သွေးသစ်လောင်းမည့်သူ မရှိခြင်း သို့မဟုတ် တပည့်သစ်များ၏ ပါရမီသည် ရှေ့လူများကို မမီခြင်းမျိုး ကြုံလာရတတ်သည်။ ထာဝရရှင်သန်ခြင်းဆိုသည်မှာ အမှန်တကယ်ရှိကြောင်း သက်သေမပြနိုင်သေးသဖြင့် ဂိုဏ်းများ အနေဖြင့် ဆက်လက်ရှင်သန်ရန် ပါရမီရှင် မျိုးဆက်သစ်များ လိုအပ်သည်။ အကယ်၍ အောက်ခြေမှ ကျင့်ကြံသူငယ်များ၏ ပါရမီက ညံ့ဖျင်းနေလျှင် အနာဂတ်တွင် သူတို့ အာဏာရလာသည့်အခါ မြင့်မြတ်နယ်မြေ၏အဆင့်အတန်းကို ထိန်းသိမ်းနိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ဤသိုးဝကြီးကို အခြားသူများက ဝါးမျိုးသွားကြလိမ့်မည်။

မြင့်မြတ်နယ်မြေများတွင် အရင်းအမြစ်များ မပြတ်လပ်သော်လည်း ပါရမီရှင်များကိုမူ အမှန်တကယ် လိုအပ်သည်။ ထိုအရင်းအမြစ်များကို အကောင်းဆုံး အသုံးချနိုင်မည့် ထူးချွန်သူများ၊ပါရမီရှင်များ လိုအပ်သည်။ စစ်ပွဲများ ဖြစ်ပွားခြင်းသည် ပုံမှန်အခြေအနေတွင်ပင် ရှားပါးလှသော ပါရမီရှင်များကို သုတ်သင်လိုက်သလို ဖြစ်စေသည်။

အချို့သော စိတ်ကူးယဉ်သမား ကျင့်ကြံသူများက ပါရမီရှင်များသည် ဒုက္ခနှင့် အခက်အခဲများကြားမှ ပွင့်လန်းလာသည်ဟု ဆိုကြသော်လည်း မြင့်မြတ်နယ်မြေများ၏ အမြင်တွင်မူ ထိုစကားများမှာ အဓိပ္ပာယ်မရှိ၊အခြေအမြစ်မရှိသော စကားများသာ ဖြစ်သည်။ ပါရမီရှင်ဆိုသည်မှာ မည်သည့်အခြေအနေ၊ မည်သည့်နေရာတွင်မဆို အားစိုက်ထုတ်စရာမလိုဘဲ ပွင့်လန်းနိုင်သူများ ဖြစ်သည်။ အချို့က အိပ်နေရင်း အဆင့်တက်သွားသည်၊ အချို့က အတင်းပြောနေရင်း၊ အချို့က စားကောင်းသောက်ဖွယ် စားနေရင်း၊ အချို့က နှာချေလိုက်ရုံဖြင့်ပင် အဆင့်တက်သွားတတ်ကြသည်။ ပါရမီရှင်ဆိုသည်မှာ အဆင့်တက်ရန် သေလုမြောပါး တိုက်ခိုက်ရသည်ဟု ယုံကြည်နေသူများကို သူတို့ နားမလည်နိုင်ပေ။ ဤသည်မှာ သွေးဂိုဏ်းသားတစ်ယောက်ယောက်က သူတို့ ကျင့်ကြံရန်အတွက် သွေးအိုင်များ လိုချင်သဖြင့် လွှင့်ထားသော ကောလာဟလသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် တောင်ပိုင်းတိုက် ငြိမ်းချမ်းနေခြင်းသည် မြင့်မြတ်နယ်မြေများနှင့် တိုက်အတွင်းရှိ နေထိုင်သူများအတွက် အကောင်းဆုံး အကျိုးစီးပွားပင် ဖြစ်သည်။

...

"အင်း... မြူနွံဂိုဏ်း... သူတို့က ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတဲ့နေရာမှာ တော်တော်လေး ပါရမီပါကြတယ်။ ဖုန့်ရှင်း ပြောဖူးတာတော့ သူတို့စိုက်တဲ့ ဝိညာဉ်ဆန်က ပြည်နယ်ထဲမှာ အရသာအရှိဆုံးပဲတဲ့... ဂလု ... သူတို့ဆီကနေ နမူနာ နည်းနည်းလောက် လိမ်တောင်းစားရရင် ကောင်းမယ်ထင်တယ်" ယန်ချင်းက လောဘတကြီး မျက်နှာပေးဖြင့် တွေးနေလိုက်သည်။

"ကြည့်ရတာ သူတို့ရဲ့ ဆေးဖက်ဝင်အပင် မျိုးပွားခြင်း စမ်းသပ်မှုတွေထဲက တစ်ခုမှာ အပင်တစ်မျိုးရဲ့ အာနိသင်ကြောင့် နွားတစ်ကောင် ဉာဏ်ပွင့်သွားတာ ဖြစ်မယ်။ အဲဒါ မြစိမ်းသစ်ရွက်နွား ဖြစ်ရမယ်။

သူမက ဖုံးကွယ်နေတဲ့ သွေးမျိုးဆက်ရဲ့ အစိတ်အပိုင်းအနည်းငယ်ကို နှိုးဆွနိုင်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒါက မြသစ်ရွက်စိမ်းနွားရဲ့သွေးမျိုးဆက်မှန်း သိခဲ့ရတယ်။ အဲဒီမျိုးဆက်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထိ ရောက်နိုင်တဲ့ အလားအလာရှိတယ်။ နွားက လူစကားကို နားလည်လာတဲ့အချိန်မှာ ဂိုဏ်းက သူမနဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်။

သဘောတူညီချက် အကြမ်းဖျင်းက သူမကို ကျင့်ကြံရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ သွေးမျိုးဆက် ပိုမိုသန့်စင်လာစေဖို့ ဆေးဖက်ဝင်အပင် အမျိုးမျိုး ကျွေးမွေးမယ်။ အပြန်အလှန်အနေနဲ့ နွားက သူ့ရဲ့ ဝိညာဉ်နို့ရည်ကို ပြန်ပေးရမယ်။ အဲဒီနို့ရည်က ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး မတည်ငြိမ်တဲ့ အခြေခံတွေကို ခိုင်မာစေသလို ဆေးလုံးတွေ ဖော်စပ်ရာမှာလည်း အရမ်းကောင်းတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်တယ်။

ဒါပေမဲ့ သူမ အမြုတေအဆင့်ကို ရောက်သွားတဲ့အချိန်မှာ သဘောတူညီချက်အတိုင်း ဆက်မလုပ်ချင်တော့ဘဲ မြူနွံဂိုဏ်း ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ကြတော့တာပဲ။

မြစိမ်းသစ်ရွက်နွားက အမြုတေအဆင့် အစောပိုင်းပဲ ရှိသေးပြီး ဂိုဏ်းချုပ်က အလယ်အလတ်အဆင့် ရောက်နေပေမယ့် အနိုင်အရှုံး သေချာ မကွဲပြားခဲ့ဘူး။

အင်း... ဂိုဏ်းချုပ်နဲ့ ယှဉ်ရင် သူမရဲ့ အမြုတေ အရည်အသွေးက ပိုမြင့်နေလို့ ဖြစ်မယ်။ ဂိုဏ်းချုပ်က အဖွဲ့အစည်းဆီ လာပြီး အမှုဖွင့်တာ မဆန်းပါဘူးလေ။ နောက်နှစ်အနည်းငယ်ကြာရင် သူက နွားကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကြောက်နေတာနေမှာ။ သူမက ဂိုဏ်းချုပ်နေရာကိုတောင် လုယူသွားနိုင်တယ်။ စိတ်ဝင်စားစရာ ဇာတ်လမ်းပဲ" ဟု ယန်ချင်းက သဘောကျသော မျက်နှာထားဖြင့် ပြောလိုက်သည်။

All Chapters