← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၆)

Vol. 1 Ch. 6

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၆)

Vol. 1 Ch. 6

အစိမ်းရောင်ကုတ်အင်္ကျီနှင့် အလားတူအရောင်ရှိသော ဝတ်ရုံကို တွဲဖက်ဝတ်ဆင်ထားပြီး ကုတ်အင်္ကျီပေါ်တွင် မြူနွယ်တံဆိပ်တပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အရပ်ရှည်ရှည်ပိန်ပိန်နှင့် အသက် ၃၀ ခန့်ရှိမည့် ဆံပင်ရှည်ရှည် အနက်ရောင်ရှိသော စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက တရားရုံးခန်းထဲသို့ ခေါ်ဆောင်လာသည်။ ထိုစုံစမ်းစစ်ဆေးရေးမှူးသည် သူ၏ ခါးဘယ်ဘက်ခြမ်းတွင် အဖြူရောင်ဓားအိမ်၌ ထည့်ထားသည့် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားလေသည်။

သူ၏ အမည်မှာ ဖုန့်ရှင်း ဖြစ်သည်။ ပိန်သွယ်သော ခန္ဓာကိုယ်ရှိသော်လည်း ထိုသူသည် အလွန်အမင်း အစားကြီးသူဖြစ်ပြီး တရားရုံးရှိ စားသောက်ဆောင်အချို့၌ ပိတ်ပင်ခံထားရသူလည်း ဖြစ်သည်။ ဖုန့်ရှင်းသည် ယီကျဲ၏ ဦးဆောင်မှုအောက်တွင်ရှိသော ယန်ချင်း၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပေသည်။

သူခေါ်ဆောင်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မြူနွံဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ချန်ယွမ် ဖြစ်သည်။ ဂိုဏ်းသည် နှစ်ပေါင်း ၉,၀၀၀ နီးပါး တည်ရှိခဲ့ပြီး ဖြစ်သည်။ သူ၏ ဝတ်ရုံပေါ်တွင် ထိုးထားသော မြူနွယ်တံဆိပ်သည် တိုက်ကြီး၏ အရှေ့တောင်ဘက်ရှိ စိုစွတ်သော မြေနိမ့်ဒေသတွင် ဂိုဏ်းကို ဆက်လက်ရှင်သန်စေခဲ့သော အဓိကအကြောင်းရင်းဖြစ်သဖြင့် ဂိုဏ်း၏ အထိမ်းအမှတ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအပင်ကို တစ်ချိန်က ထွက်ပြေးတိမ်းရှောင်နေရသော တစ်ကိုယ်တော်ကျင့်ကြံသူ ဂိုဏ်းတည်ထောင်သူက လက်ရှိဂိုဏ်းတည်ရှိရာ နေရာတွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သစ်ပင်၏ အစေ့အဆန်တွင် ထူးခြားမှုရှိသည်ကို သူ မသိခဲ့ချေ။ အချိန်အတန်ကြာ၍ အစေ့မှ အပင်ပေါက်ကလေး ဖြစ်လာသောအခါမှသာ ထူးခြားသော အပြောင်းအလဲအချို့ကိုစတင်သတိထားမိခဲ့သည်။ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များ တိုးပွားလာပြီး မြေဆီလွှာသည် ပိုမိုကြွယ်ဝလာကာ စိုစွတ်မှု လျော့နည်းသွားသော်လည်း အကြောင်းတစ်ခုခုကြောင့် အင်းဆက်ပိုးမွှားများကမူ ထိုအပင်နားသို့ ကပ်ရန် ကြောက်ရွံ့နေခဲ့ကြသည်။

သစ်ပင်ကြီးထွားလာသည်နှင့်အမျှ ၎င်း၏ သက်ရောက်မှုဧရိယာလည်း ပိုမိုကျယ်ပြန့်လာသည်။ လေ၊ ရေနှင့် မြေဆီလွှာတို့ကိုပါ သက်ရောက်မှုရှိလာပြီး မကြာမီ ဘေးပတ်ဝန်းကျင်ရှိ အပင်များပါ စတင်ပြောင်းလဲလာတော့သည်။ မကြာမီတွင် မြူနွယ်ပင်ကို ဗဟိုပြု၍ ဂေဟစနစ်အသေးစားလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ ဂိုဏ်း၏ အခြေခံနှင့် အုတ်မြစ် ဖြစ်လာခဲ့သည်။

ထိုမြေနိမ့်ဒေသသည် နေထိုင်ရန် လွန်စွာခက်ခဲပြီး အဆိပ်ရှိသော အင်းဆက်များနှင့် ဝိညာဉ်သားရဲများဖြင့် ပြည့်နှက်နေသည်။ အခြေတည်အဆင့်အောက် ကျင့်ကြံသူ မည်သူမဆို ထိုနေရာရှိ သက်ရှိတစ်ခုခု၏ အဆိပ်သင့်မှုကြောင့် သေဆုံးနိုင်ချေ ရှိသည်။ ဤအန္တရာယ်သည် ဂိုဏ်းအတွက် အကာအကွယ်တစ်ခု ဖြစ်လာခဲ့ပြီး သစ်ပင်ကို ကိုယ်တိုင်ကာကွယ်နိုင်လောက်အောင် အင်အားမကြီးမားမီအထိ လျှို့ဝှက်ထားနိုင်ရန် ကူညီပေးခဲ့သည်။ မြေနိမ့်ဒေသသည် ဝိညာဉ်ဆေးဖက်ဝင်အပင်မျိုးစုံ ပေါများရာ နေရာလည်း ဖြစ်သည်။ ထို့ကြောင့် မြူနွံဂိုဏ်းသည် ဆေးဖက်ဝင်အပင် စိုက်ပျိုးရေး ကျွမ်းကျင်သူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အဂ္ဂိရတ်ပညာရပ်ဘက်သို့လည်း ခြေလှမ်းစတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မကြာမီတွင် ဂိုဏ်းချုပ်ချန်ယွမ်နှင့် နွားတစ်ကောင် ဝင်ရောက်လာကြသည်။ နွား၏ အရွယ်အစားမှာ... ပြောရမည်ဆိုလျှင် အရွယ်အစားတစ်ခုတည်းဖြင့်ပင် သာမန်နွားတစ်ကောင် မဟုတ်တော့သည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။ ယန်ချင်းငါးယောက် ခြေဆင်းလက်ဆင်း အိပ်လျှင်တောင် နေရာလွတ် ကျန်နေဦးမည် ဖြစ်သည်။ နွားတွင် အစိမ်းနှင့် အဖြူရောင် အမွေးများရှိပြီး အစိမ်းရောင်အမွေးများမှာ သစ်ရွက်ပုံစံဖြင့် ထင်ရှားစွာ ပေါ်လွင်နေသည်။ ၎င်းတွင် သစ်ရွက်ကဲ့သို့ လွှသွားပုံစံ အစိမ်းရောင် ချိုများလည်း ပါရှိသည်။ ဤသည်မှာ မြစိမ်းသစ်ရွက်နွားပင်။

ဂိုဏ်းချုပ်နှင့် နွားတို့မှာ ယခုအချိန်တွင် တည်ကြည်လေးနက်သော အမူအရာများ ရှိနေကြပြီး အစောပိုင်းက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသော အငြိုးအတေးများမှာ သူတို့ရောက်ရှိနေသော နေရာကြောင့် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ တရားရုံးခန်းသည် ခမ်းနားထည်ဝါသော အော်ရာနှင့်အတူ တစ်ခန်းလုံး ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ အမိုးခုံးပုံသဏ္ဌာန်ရှိပြီး အဆင့်မြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော ပရိဘောဂများနှင့် ကိရိယာတန်ဆာပလာများဖြင့် ပြည့်နှက်နေသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် သူတို့ဂိုဏ်းထက် အဆ ၁၀၀ ပိုမို ကြွယ်ဝသည်။ ဤနေရာသို့ ခြေချလိုက်သည်နှင့် သူတို့သည် နွားချေးပိုးထိုးကောင်ဘဝဖြင့် နေထိုင်ခဲ့ရသလို ခံစားလိုက်ရသည်။

ဂိုဏ်းချုပ်မှာ လျှာကို ထုတ်ကာ လေထုသည် ပိုမိုချိုမြိန်ခြင်း ရှိမရှိ မြည်းစမ်းကြည့်မိသည်အထိ ဖြစ်သွားသည်။ ယီကျဲနှင့် ကျန်သူများမှာမူ သူ၏ တုံ့ပြန်မှုကို မအံ့သြကြပေ။ ဤသည်မှာ သူတို့ ဤတရားရုံးခန်းများတွင် မြင်ဖူး၊ ကြုံဖူးသမျှထဲတွင် အထူးဆန်းဆုံးအရာ မဟုတ်သေးချေ။ တစ်ခါက လူတစ်ယောက်ဆိုလျှင် စစ်ဆေးမေးမြန်းနေစဉ်အတွင်း ဉာဏ်အလင်းပွင့်သွားသယောင် ဟန်ဆောင်ကာ ထိုင်၍ ကျင့်ကြံဟန် ပြုလုပ်ခဲ့ဖူးသည်။ ယန်ချင်းကလည်း “ဉာဏ်အလင်းပွင့်ခြင်း” ပြီးဆုံးသည်အထိ အလုပ်မလုပ်ရတော့မည့်အရေး တွေးကာ ဝမ်းသာအားရ ခွင့်ပြုခဲ့သည်။ နောက်ဆုံးတွင်မူ ထိုပြဇာတ်ကြောင့် သူ တစ်ပတ်တိတိ ညလုံးပေါက် အလုပ်ဆင်းလိုက်ရလေသည်။

ဖုန့်ရှင်းသည် ဂိုဏ်းချုပ်ချန်ယွမ်နှင့် မြစိမ်းသစ်ရွက်နွားကို တရားရုံးခန်းအလယ်သို့ ခေါ်ဆောင်လာပြီး နွားကို ညာဘက်၊ ချန်ယွမ်ကို ဘယ်ဘက်သို့ ခွဲထားလိုက်သည်။

“စုံစမ်းစစ်ဆေးရေးမှူး ဖုန့်ရှင်းမှ မြူနွံဂိုဏ်း၏ တတိယမြောက်မျိုးဆက် ဂိုဏ်းချုပ်ကို တင်ပြအပ်ပါသည်။ သူသည် မြစိမ်းသစ်ရွက်နွားအား ဂိုဏ်း၏ သတ်မှတ်ထားသော သဘောတူညီချက်များကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားပါသည်။ သူသည် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို စွန့်လွှတ်ပြီး သူ၏ ဂိုဏ်းတွင်းစည်းမျဉ်းများအစား ထိန်းသိမ်းရေးအဖွဲ့အစည်း တရားရုံးများ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ နာခံရန် သဘောတူညီထားပါသည်။ ‘ဝမ်ချန်’ အမည်ရှိ မြစိမ်းသစ်ရွက်နွားကလည်း အလားတူ သဘောတူညီထားပါသည်” ဟု ဖုန့်ရှင်းက ပြောကြားရင်း ယန်ချင်း ရှိရာ စင်မြင့်ဘက်သို့ ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ကျေးဇူးပါ ဖုန့်ရှင်း။ မင်း မြူနွံဂိုဏ်းအကြောင်း ငါ့ကို ပြောဖူးတယ်လို့ ငါမှတ်မိသလိုပဲ” ယန်ချင်းက ဂရုမစိုက်သလို မျက်နှာပေးဖြင့် ပြောလိုက်သော်လည်း သူ၏ မျက်ဝန်းများကမူ ဖုန့်ရှင်းထံသို့ အရိပ်အမြွက်တစ်ခု ပေးပို့လိုက်သည်။

ဝါရင့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးဖြစ်သော ဖုန့်ရှင်းသည် ယန်ချင်း၏ အကြည့်ကို သတိမပြုမိဘဲ မနေနိုင်ချေ။

“ဟုတ်ကဲ့ တရားသူကြီးမင်း... ကျွန်တော် အစပျိုး ပြောခဲ့ဖူးသလို မှတ်မိပါတယ်” သူက ယန်ချင်း၏ အကြံကို နားလည်ကြောင်း ပြသသည့် အကြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“အဲဒီမှာ မင်းပြောသလို တကယ်ပဲ အဆိပ်ပြင်းသလား”

“တရားသူကြီးမင်း... ကျွန်တော် ဘယ်တော့မှ နောက်ပြောင်လေ့မရှိတဲ့အရာတစ်ခု ရှိတယ်ဆိုရင် အဲဒါက အဆိပ်ပါပဲ။ ကျွန်တော် အဆိပ်ရှိတဲ့ မှို... အဟမ်း... မှိုတွေ အများကြီး မြည်းစမ်းဖူးပေမယ့် မြူနွံဂိုဏ်းနားက အဆိပ်ပင်တွေကတော့ တခြားအဆင့်တစ်ခုကိုရောက်နေပါပြီ”

“ဟားဟားဟား... ကောင်းတယ် ကောင်းတယ်” ယန်ချင်း တစ်ယောက် သူ မည်သည့်နေရာ ရောက်နေသည်ကို ခေတ္တမေ့သွားကာ စားပွဲကို လက်ဖြင့်ပုတ်၍ သွားရည်ကျမတတ် ပြုံးဖြဲဖြဲဖြင့် ပြောလိုက်မိသည်။ ထို့နောက်မှ ချက်ချင်းပင် တည်ကြည်လေးနက်သော မျက်နှာထားကို ပြန်ပြောင်းလိုက်ကာ စားပွဲပုတ်ပြီး သွားရည်ကျနေသူမှာ သူမဟုတ်သယောင် ဟန်ဆောင်လိုက်သည်။

ဂိုဏ်းချုပ်ချန်ယွမ်မှာမူ နားမလည်နိုင်သော မျက်နှာထားဖြင့် အတွင်းစိတ်၌ တွေးတောနေမိသည်။ “သူတို့ ဆွေးနွေးနေတဲ့ မှိုတွေက ဘယ်လောက်တောင် အဆိပ်ပြင်းလို့လဲ။ ငါတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီလူကြီးမင်းတွေရဲ့ အာရုံစိုက်မှုကို ရတယ်ဆိုမှတော့ သေလောက်တဲ့အဆိပ် ဖြစ်ရမယ်။ ဒီအဘိုးကြီးတွေ... တပည့်တွေနဲ့အတူ ဂိုဏ်းပတ်ဝန်းကျင်က အပင်တွေကို သေချာဂရုစိုက်ဖို့ ငါ အမြဲသတိပေးထားရက်နဲ့။ သူတို့လုပ်နေတာက မြနွားမကို ဖားနေကြတာပဲ ရှိတယ်။ အခုတော့ အဆိပ်မှိုတွေ ရှိနေပြီတဲ့... မြူနွယ်ပင်ကို အဆိပ်သင့်သွားရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး... မဖြစ်ဘူး အနန္တဆေးဂိုဏ်း က လူတွေကို လာစစ်ဆေးပေးဖို့ ဖိတ်မှဖြစ်မယ်။ ဒါပေမဲ့ အဲဒီကောင်တွေက ငါ့ကို အကုန်ပြောင်အောင် ခြစ်ထုတ်သွားကြမှာ။ နွားမကလည်း ဂိုဏ်းရဲ့ သိုလှောင်ထားသမျှကို မျိုချနေတာ။ ဟွန်း... နေနှင့်ဦး...။ အဖွဲ့အစည်းက လူတွေကို အကူအညီတောင်းရင် ကောင်းမလား... သူတို့က သေချာပေါက် ပိုသက်သာမှာပဲ။ ဘယ်လိုလုပ်ရမလဲ...”

ဂိုဏ်းချုပ်ကြီး တစ်ယောက် ချွေးဒီးဒီးကျကာ စိတ်လှုပ်ရှားမှုပေါင်းစုံဖြင့် တွေးတောပူပန်နေစဉ် မြစိမ်းသစ်ရွက်နွားမှာလည်း စင်္ကြံလမ်း၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကြောင့် အတွေးများနေလေသည်။

“တရားသူကြီးနဲ့ စုံစမ်းစစ်ဆေးရေးမှူးကြားမှာ မရိုးသားတာ တစ်ခုခုတော့ ရှိနေပြီ။ စင်္ကြံလမ်းမှာတုန်းက အဲဒီ စုံစမ်းစစ်ဆေးရေးမှူးက ငါ့ကို သားကောင်ကို ကြည့်တဲ့ ဝံပုလွေလို ခိုးခိုးကြည့်နေတာ။ ငါ အထဲဝင်လာတုန်းကလည်း တရားသူကြီးဆီက အဲဒီလိုအကြည့်မျိုး ခဏလေး ခံစားလိုက်ရတယ်။ ဒီနှစ်ယောက် ဘာတွေ ကြံစည်နေကြတာလဲ” ဝမ်ချန်ဟု အမည်ရသော မြစိမ်းသစ်ရွက်နွားမှာ ဖုန့်ရှင်းနှင့် ယန်ချင်းကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားရင်း တိတ်တဆိတ် တွေးတောနေမိသည်။

ထိုနှစ်ယောက်မှာမူ သူတို့၏ ပြဇာတ်ကို ဆက်ကနေကြသဖြင့် မော့ယွင်ရူက လည်ချောင်းရှင်းသံ ပြုလုပ်ကာ သူတို့၏ အာရုံကို ပြန်လည်ဆွဲဆောင်ပြီး လုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန် သတိပေးလိုက်ရသည်။

“တောင်းပန်ပါတယ်။ ဖုန့်ရှင်း... ငါတို့ နောက်တစ်ခါမှ ဆက်ပြောကြတာပေါ့”

“ဟုတ်ကဲ့ပါ တရားသူကြီးမင်း” ဖုန့်ရှင်းက ပြန်လည်ဖြေကြားပြီး ဦးညွှတ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် သူ ထွက်ခွာခါနီးတွင် ကံကြမ္မာ၏ ဆန်းကြယ်သော အစီအမံ သို့မဟုတ် ကံတရား၏ ကြိုးမျှင်များကြောင့် လူ (၃) ဦး၏ မျက်လုံးများ တစ်ပြိုင်နက်တည်း ဆုံမိသွားကြသည်။ ယန်ချင်း၊ ဖုန့်ရှင်း နှင့် မြစိမ်းသစ်ရွက်နွား တို့ပင်။

ဝမ်ချန်သည် သူမအား ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများက စိုက်ကြည့်နေသည်ဟု ခံစားရခြင်းမှာ စိတ်ထင်ခြင်းမဟုတ်ဘဲ ဖုန့်ရှင်းနှင့် ယန်ချင်းတို့ထံမှ အမှန်တကယ် လာခြင်းဖြစ်ကြောင်း သေချာသွားသည်။ ဤအသိက သူမ၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ သူမ၏ သွေးမျိုးဆက် မနိုးထမီ အတိတ်ကာလက ဂိုဏ်းသားများ လက်ချက်ဖြင့် ဆုံးရှုံးလိုက်ရသော အိမ်နီးချင်း ကြက်နှင့် ဆိတ်များအကြောင်း၊ သူမ၏ နေ့ရက်သည်လည်း ရောက်လာလိမ့်မည်ဟု ကြောက်ရွံ့ခဲ့ရပုံများကို ပြန်လည်သတိရသွားစေသည်။

“ကဲ... စလိုက်ကြမလား။ နှစ်ဖက်စလုံးက ကိုယ့်ဘက်က အကြောင်းအရာတွေကို အရင် တင်ပြကြမယ်။ ပြီးမှအမှုကို ရှေ့ဆက်ကြားနာကြတာပေါ့။ ဝမ်ချန်... မင်းက နန်းတော်အဆင့်ကို မရောက်သေးတော့ လူအသွင် မပြောင်းနိုင်သေးဘူးမလား” ယန်ချင်းက စကားဆုံးသည်နှင့် ရွှေရောင်လင်းယုန် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ သူ၏ စင်မြင့်တွင် တပ်ဆင်လိုက်သည်။ တောက်ပသော သင်္ကေတများ ရုတ်တရက် လင်းလက်လာပြီး စင်မြင့်မှတစ်ဆင့် တရားရုံးခန်းတစ်ခုလုံးသို့ ပျံ့နှံ့ကာ စက်ဝိုင်းများနှင့် မျဉ်းကြောင်းများဖြင့် ပြည့်နှက်သွားသည်။

မြစိမ်းသစ်ရွက်နွား၏ ခြေရင်းမြေကြီးထဲမှ မီးခိုးရောင် သလင်းလုံးတစ်လုံး ရုတ်တရက် ပေါ်ထွက်လာပြီး သူမ၏ ခေါင်းပေါ်တွင် ဝဲပျံနေသည်။ ထိုသလင်းလုံးကို အစီအရင်များဖြင့် ဖုံးအုပ်ထားသည်။

“ဝမ်ချန်... မင်းရဲ့ အတွေးတွေကို ထုတ်လွှင့်ဖို့ အဲဒီဘောလုံးကို သုံးလို့ရတယ်။ အဲဒီကနေ မင်းရဲ့ အတွေးတွေကို ဒီမှာရှိတဲ့ လူတိုင်း ကြားရအောင် အသံအဖြစ် ပြောင်းပေးလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်ချီ အနည်းငယ်ကို အထဲထည့်လိုက်ရုံပဲ။ ကျန်တာ လွယ်ပါတယ်။ ဂိုဏ်းချုပ်ချန်ယွမ်... ဝမ်ချန်ကို အတွေးထုတ်လွှင့်တဲ့ ဘောလုံးနဲ့ ရင်းနှီးအောင် အချိန်ခဏပေးတဲ့အနေနဲ့ ခင်ဗျားအရင် စပြောပါ” ယန်ချင်းက ပြောလိုက်ပြီး တံဆိပ်ပြားကို ပြန်ဖြုတ်သိမ်းလိုက်ရာ သင်္ကေတများလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

ယန်ချင်း၏ အမူအရာတစ်ခုလုံးမှာ ဤအချိန်၌ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ပေါ့ပေါ့ပါးပါးနှင့် ပျင်းရိသော အမူအရာများ လုံးဝ မရှိတော့ချေ။ အစားထိုး ဝင်ရောက်လာသည်မှာ အရာအားလုံးကို မိမိထံ ဆွဲဆောင်ထားနိုင်သော ဝါရင့်ပြီး စွမ်းအားကြီးမားသည့် တရားသူကြီးတစ်ဦး၏ အရှိန်အဝါမျိုးပင် ဖြစ်သည်။

ဤပြောင်းလဲမှုကို မည်မျှပင်ထပ်ခါထပ်ခါ မြင်ဖူးသည်ဖြစ်စေ ယီကျဲနှင့် မော့ယွင်ရူတို့မှာ အံ့သြမြဲ အံ့သြနေရဆဲပင်။ အမှုစစ်ဆေးခြင်း စတင်လိုက်သည်နှင့် ယန်ချင်း၏ ပုံစံတစ်ခုလုံး ပြောင်းလဲသွားပြီး သူတို့ ရင်းနှီးနေကျ လူနှင့် လုံးဝ မတူတော့သော အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားရလေ့ရှိသည်။

All Chapters