ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၇)
Vol. 1 Ch. 7
မြူနွံဂိုဏ်းချုပ်မှာ နွားကို တရားစွဲရန် အမှုဖွင့်ထားသော်လည်း ဂိုဏ်းကို ပျက်စီးစေနိုင်သော အဆိပ်မှိုများအကြောင်း စဉ်းစားကာ ဗျာများထိတ်လန့်နေမိသဖြင့် သူ၏ နာမည်ကို ရုတ်တရက် ခေါ်လိုက်သောအခါ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
သူသည် အလျင်အမြန်ပင် လည်ချောင်းရှင်းလိုက်ပြီး အတွေးများကို စုစည်းကာ ခန့်ညားထည်ဝါပြီး အာဏာရှိပုံပေါက်စေရန် ရင်ကော့လိုက်သည်။ သို့သော် ထိုသို့ ဟန်လုပ်လိုက်စဉ်မှာပင် ညာဘက်ခြေထောက် ချော်ထွက်မလို ဖြစ်သွားပြီး အခြေအနေမှာ လွဲချော်သွားတော့သည်။ ဟန်လုပ်ကာ ခြေလှမ်းစလှမ်းလိုက်စဉ်မှာပင် ဟန်ချက်ပျက်မလို ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
အလျင်အမြန်ပင် ဟန်ချက်ပြန်ထိန်းလိုက်ပြီး ဘာမျှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ ယန်ချင်းနှင့် ကျန်သူများကလည်း မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်စေဘဲ သူနှင့် လိုက်လျောညီထွေ နေပေးလိုက်ကြသည်။
“ကျွန်တော့်နာမည် ချန်ယွမ်ပါ။ မြူနွံဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်ပြီး ဒီရာထူးကို တတိယမြောက် ဆက်ခံသူပါ။ ကျွန်တော်တို့ ဂိုဏ်းက အဆင့် (၄) ဂိုဏ်းဖြစ်ပြီး ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတာနဲ့ အဂ္ဂိရတ်ပညာရပ်တွေကို အဓိက လုပ်ကိုင်ပါတယ်။ အများဆုံး စိုက်ပျိုးတာကတော့ မြေကမ္ဘာအဆင့် ဆေးဖက်ဝင်အပင်တွေပါ။
ဒါပေမဲ့ ကောင်းကင်အဆင့်အနိမ့်စား ဆေးဖက်ဝင်အပင် အနည်းငယ်ကို စိုက်ပျိုးရာမှာလည်း အောင်မြင်မှု အနည်းငယ် ရရှိခဲ့ပါတယ်။ ဒါက ဂိုဏ်းကြီးထွားမှုအတွက် အကျိုးရှိခဲ့သလို ဝမ်ချန်ရဲ့ ‘ရောင်စဉ်မြနွား’ သွေးမျိုးဆက်ကို နှိုးဆွပေးနိုင်ခဲ့တဲ့ အကြောင်းရင်းလည်း ဖြစ်ခဲ့ပါတယ်။” ချန်ယွမ်က စိတ်ငြိမ်စေရန် တစ်မိနစ်ခန့် ခေတ္တရပ်နားလိုက်သည်။ ကျေးဇူးကန်းသော မြစိမ်းသစ်ရွက်နွားအကြောင်း တွေးလိုက်မိတိုင်း သူ၏ လည်ချောင်းထဲမှသွေးများ ဆောင့်တက်လာသလို ခံစားရသည်။
သူ့ကို ပို၍ ဒေါသထွက်စေသည်မှာ ဂိုဏ်းမှ အကြီးအကဲအချို့က ထိုနွားဘက်သို့ ပါသွားကြခြင်းနှင့် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သူ မည်သည့် နှစ်တစ်ထောင်သက်တမ်းရှိ ဝိုင်နှင့် ဆေးဖက်ဝင်အပင်များ ကျွေးရမည်နည်းဟု စဉ်းစားပေးခဲ့ရသော နွားမက သူ့ကို မဲပြာပုဆိုးဖြစ်အောင် ရိုက်နှက်ခဲ့ခြင်းတို့ပင်။ သူသည် ဂိုဏ်းပိုင် ရတနာများကို အသုံးပြု၍ သရေကျအောင် တိုက်ခိုက်ခဲ့ရပြီး မြေကမ္ဘာအဆင့် ရတနာအချို့မှာမူ သူမ၏ ခွာချက်များအောက်တွင် ပျက်စီးခဲ့ရသည်။
‘အပြာရောင်မူလကမ္ဘာ’ တွင် ဝိညာဉ်သတ္တုများနှင့် ဆေးဖက်ဝင်အပင်များကို အဆင့်တူ ခွဲခြားထားသည်။
၎င်းတို့၏ အဆင့်များကို ကြီးစဉ်ငယ်လိုက် စီရလျှင် - သေမျိုးအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့် ၊ဧကရာဇ်အဆင့်၊အရှင်သခင်အဆင့်၊သူတော်စင်အဆင့် နှင့် နောက်ဆုံးတွင် မူလအဆင့် ဟူ၍ ခွဲခြားထားသည်။
မူလအဆင့် ရတနာများသည် ကမ္ဘာမြေပေါ်တွင် မရှိသလောက်ပင် ရှားပါးလွန်းလှသည်။ ရှေးဟောင်းကျမ်းလိပ်များ၊ ခေတ်ဟောင်း အပျက်အစီးများနှင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေ အချို့တွင်သာ ၎င်းတို့ ရှိခဲ့ဖူးကြောင်း အထောက်အထားများ တွေ့ရတတ်သည်။ မူလအဆင့် ရတနာများသည် ဖျက်ဆီး၍ မရနိုင်သလောက် စွမ်းအားကြီးမားပြီး ကမ္ဘာမြေနှင့်အတူ ဖြစ်ပေါ်လာသည်ဟု ယူဆရကာ ၎င်းတို့၏ စွမ်းဆောင်ရည်မှာ တိုင်းတာ၍ မရနိုင်ပေ။
မူလအဆင့် ရတနာတစ်ခုတည်းဖြင့်ပင် အဆင့် (၅) ဂိုဏ်းတစ်ခုကို ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းသော မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပြီး လျှို့ဝှက်ထားနိုင်သမျှ ကာလပတ်လုံး တည်တံ့နေနိုင်သည်။
တောင်ပိုင်းတိုက်နှင့် အရှေ့ပိုင်းတိုက် နယ်စပ်ကြားတွင် စီးဆင်းနေသော အဆုံးမဲ့ရတနာပင်လယ်၏ ရေနက်ပိုင်းတွင် မူလအဆင့် ရတနာတစ်ခု ရှိသည်ဟု ကောလာဟလများ ရှိသည်။ ထိုသမုဒ္ဒရာမှ ထွက်ရှိသမျှ ရတနာများသည် ထို မူလအဆင့် ရတနာမှ ထုတ်လုပ်ပေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။
‘အဆုံးမဲ့ရတနာပင်လယ်’ ဟု အမည်တွင်ရခြင်းမှာ ၎င်းမှ မွေးဖွားပေးသော ရတနာပမာဏ အလွန်များပြားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကုန်ဆုံးသွားခြင်း မရှိဟု ယူဆရသည်။ သို့သော် ထိုကဲ့သို့ ကြွယ်ဝမှုနှင့်အတူ ပြဿနာများလည်း ကပ်ပါလာတတ်သည်။ ရတနာ လုယူပွဲများနှင့် တိုက်ခိုက်မှုများ ရှိသကဲ့သို့ ရတနာများ ကိုယ်တိုင်မှလည်း အန္တရာယ် ပေးတတ်သည်။ နှစ်ကာလ ကြာမြင့်လာသော ရတနာများသည် စိတ်ဝိညာဥ်ဝိညာဉ်နိုးထလာတတ်သည်။ စိတ်ဝိညာဥ်ဝိညာဉ်နိုးထလာသော ရတနာများသည် အလွန် အန္တရာယ်ကြီးမားပြီး နိုးထလာချိန်တွင် ဖျက်ဆီးနိုင်စွမ်း အလွန်တရာကြီးမားသည်။
ဥပမာအားဖြင့် ဧကရာဇ်အဆင့် ရတနာကို နန်းတော်အဆင့်ရှိ ကိရိယာများ၊ ဆေးရည်များ၊ အဆောင်လက်ဖွဲ့များ သို့မဟုတ် အစီအရင်များ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။ အကယ်၍ ထိုရတနာက စိတ်ဝိညာဉ်နိုးထလာပါက ၎င်း၏ အစောပိုင်းအဆင့်တွင်ပင် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပြီး ဝိညာဉ် ရင့်ကျက်လာသည်နှင့်အမျှ ပိုမို စွမ်းအားကြီးလာနိုင်သည်။
ပုံမှန်အားဖြင့်ရတနာများသည် စိတ်ဝိညာဉ်နိုးထလေ့ မရှိပေ။ တစ်သိန်းတွင် တစ်ခုခန့်သာ ရှိတတ်သည်။ ဤအချိုးအစားသည် အရှင်သခင်အဆင့် ရတနာများအတွက်သာ ဖြစ်ပြီး ဧကရာဇ်အဆင့် ရတနာများအတွက်မူ ဖြစ်နိုင်ချေ ပိုနည်းသည်။
သို့သော် နိုးထလာသော ရတနာများသည် သေစေနိုင်လောက်သော အန္တရာယ်နှင့် အလားအလာများ ရှိကြသည်။ လောကကြီးတွင် မျှတမှု ရှိသည်။ သဘာဝရတနာများသည် ဝိညာဉ်နိုးထခြင်းမှာ အတားအဆီးတစ်ခု ဖြစ်သော်လည်း လူသားများမှာမူ မွေးရာပါ အသိစိတ်ရှိပြီး ငယ်ရွယ်စဉ်ကတည်းက ချီကို လိုသလို ထိန်းချုပ်နိုင်သည်။ သို့သော် လူသားများ အသက်ကြီးလာသည်နှင့်အမျှ ထိုအားသာချက် ပျောက်ကွယ်သွားပြီး အဆင့်မြင့်လာလေ အဆင့်တက်ရန် ခက်ခဲလေ ဖြစ်သည်။ ရတနာများအတွက်မူ ထိုသို့ မဟုတ်ပေ။ ဝိညာဉ်နိုးထလာသော ရတနာများသည် အသက်ကြီးလေ ပိုစွမ်းအားကြီးလေ ဖြစ်ပြီး ကျင့်ကြံခြင်းတွင် ပိတ်ဆို့မှုများ မရှိပေ။ အချိန်ကြာလေ ပိုသန်မာလေပင်။
ရတနာ၏ အဆင့်သည် ၎င်းကို ပြုလုပ်ထားသော လက်နက်၊ ကိရိယာ သို့မဟုတ် ဆေးရည်၏ အဆင့်ကို သတ်မှတ်သည်။ ဧကရာဇ်အဆင့် ရတနာများကို နန်းတော်အဆင့်အတွက်၊ ကောင်းကင်အဆင့် ရတနာများကို အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက်၊ မြေကမ္ဘာအဆင့် ရတနာများကို အခြေတည်အဆင့်အတွက် အသုံးပြုပြီး သေမျိုးအဆင့် ရတနာများကိုမူ ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ချီဖွဲ့စည်းခြင်းအဆင့်များအတွက်သာ အသုံးပြုနိုင်သည်။
မြူနွံဂိုဏ်းချုပ်သည် မြစိမ်းသစ်ရွက်နွားနှင့် တိုက်ခိုက်ရာတွင် မြေကမ္ဘာအဆင့် လက်နက်များကို ဆုံးရှုံးခဲ့ရသည်။ သူတို့အဆင့် ဂိုဏ်းတစ်ခုအတွက် ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး ပြန်လည်ကုစားရန်အတွက်အချိန်ယူရမည် ဖြစ်သည်။ ဤအခြေအနေဆိုးများနှင့် မြစိမ်းသစ်ရွက်နွားက ကတိဖျက်မှုတို့ ပေါင်းစပ်လိုက်သောအခါ ဂိုဏ်းချုပ်ချန်ယွမ်မှာ ဒေါသထွက်လွန်း၍ လည်ချောင်းထဲ သွေးများပြည့်နေသလို ဖြစ်နေရသည်။
ချန်ယွမ်သည် သူ၏ စိတ်ကို ထိန်းချုပ်ပြီးနောက် ဆက်ပြောလိုက်သည်။ “တရားသူကြီးမင်း မြင်နေရတဲ့ ဒီဘီလူးမကြီးက လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက နွားပေါက်လေးပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ သူ့ကို ‘ရောင်စဉ်သစ်ခက် မြေကမ္ဘာသစ်ပင်’ အရွက်တွေ စကျွေးခဲ့ပါတယ်။ အရွက်တွေက အာနိသင် အရမ်းကောင်းပြီး သူ့ရဲ့ ‘ရောင်စဉ်မြနွား’ သွေးမျိုးဆက် လက္ခဏာကို သဲ့သဲ့လေး နှိုးဆွပေးနိုင်ခဲ့ပါတယ်။” ချန်ယွမ်က ‘သဲ့သဲ့လေး’ ဆိုသော စကားလုံးကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လျှာဖြင့် အလေးပေး ပြောကြားလိုက်ပြီး လက်ရှိတွင် ဆက်သွယ်ရေးဘောလုံးကို ကလေးတစ်ယောက် အရုပ်ရသကဲ့သို့ ကစားနေသော ဝမ်ချန်ကို ပြောင်လှောင်သော အကြည့်ဖြင့် ဘေးတိုက်ကြည့်လိုက်သည်။
“အရွက်တွေအပြင် သူ့ရဲ့ နေ့စဉ်အစားအစာထဲမှာ တခြား သာမန်အဆင့်နဲ့ မြေကမ္ဘာအဆင့် ဆေးဖက်ဝင်အပင်တွေ ထည့်ကျွေးခဲ့လို့ သွေးမျိုးဆက် ပိုနိုးထလာတာပါ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ တရားထိုင်ခြင်း နည်းစနစ်တချို့ကိုလည်း ကူညီပေးခဲ့ပါတယ်။ အဆင့် ၄ သားရဲထိန်းကျောင်းတဲ့ ဂိုဏ်းတွေဆီက အကြံဉာဏ်တောင်းပြီး သူ့ကြီးထွားမှုအတွက် အစီအစဉ်တွေတောင် ရေးဆွဲပေးခဲ့တာပါ။ သူ ပိုသန်မာလာလေ ကျွန်တော်တို့ သူ့ကို ထိရောက်စွာ ပြုစုပျိုးထောင်ဖို့ ခက်ခဲလာလေပါပဲ။ တကယ်လို့ သူသာ အသိစိတ်ရှိတဲ့ အပင်တစ်ပင် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကိုင်တွယ်နိုင်မှာပါ။ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသမျှ ဒုက္ခတွေကို ပြန်တွေးကြည့်ရင် သူ့ကို ဆေးပင်တစ်ပင်ပဲ ဖြစ်စေချင်ခဲ့တဲ့ ရက်တွေ မနည်းပါဘူး။”
ဂိုဏ်းချုပ်ချန်ယွမ်သည် အတွေးလွန်သွားပြီး တိရစ္ဆာန်တစ်ကောင်အစား အသိစိတ်ရှိသော အပင်တစ်ပင်ကို ပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများ အကြောင်း တောင်စဉ်ရေမရ လျှောက်ပြောနေတော့သည်။ သူသည် အပင်များနှင့် ရင်းနှီးကျွမ်းဝင်မှု အလွန်ရှိသောကြောင့် သူ၏ ဘိုးဘေးတစ်ဦးသည် ဝိညာဉ်အပင်တစ်ပင် ဖြစ်နိုင်သည်ဟုပင် ထင်ကြေးပင်ပေးလိုက်သေးသည်။
ယီကျဲမှာ သူ့ကို စကားဖြတ်ပြီး ဟန့်တားလိုက်ရသည်။ သူသည် အပင်ကိစ္စကို အတော်လေး အလေးအနက်ထား စဉ်းစားခဲ့ပုံရသည်။ မြစိမ်းသစ်ရွက်နွား ဝမ်ချန်ပင်လျှင် ဂိုဏ်းချုပ်၏ စကားကို အံ့သြနေမိသည်။
“သူ အပင်တွေကို ဒီလောက် ချစ်မှန်း ငါမသိခဲ့ဘူး။ သူတို့ ငါ့ဆီ အဆင့်နိမ့် ဆေးပင်တွေ လာပေးတိုင်း သူ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ အမုန်းတရားတွေကို တွေ့ရတာ ဒါကြောင့်ကိုး။ ငါက သူ့ဆွေမျိုးတွေကို စားနေတာ ဖြစ်နေတာပဲ။ နောက်မှ သေချာ တောင်းပန်လိုက်ပါဦးမယ်” ဟု မြစိမ်းသစ်ရွက်နွားက စိတ်ထဲ မှတ်သားလိုက်ပြီး ဂိုဏ်းချုပ်ချန်ယွမ်ကို သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ၎င်းကြောင့် ချန်ယွမ်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။
‘ဟင်... သူ့မျက်လုံးထဲက အကြည့်က သနားတာလား။ ဟမ့်... ငါတို့တိုက်ပွဲမှာ ခွာချက်တစ်ချက်နှစ်ချက် ထိလိုက်ရုံနဲ့ ငါ့ကိုတောင် သနားရလောက်အောင် သူ့ကိုယ်သူ အစွမ်းထက်နေပြီလို့ ထင်နေတာလား။ အဲဒီ အရူးအကြီးအကဲတွေသာ ငါ့ကို မတားထားရင် သရေကျမယ် ထင်နေလား’ ချန်ယွမ်က ဒေါသတကြီး ကြိတ်တွေးလိုက်သည်။ သို့သော် သူသည် စိတ်ကို အမြန်ရှင်းလိုက်ပြီး လက်ရှိကိစ္စကို ပြန်လည် အာရုံစိုက်လိုက်သည်။
“သူ အခြေတည်အဆင့်ကို ရောက်သွားတော့ ကျွန်တော်တို့ သူနဲ့ သဘောတူညီချက် တစ်ခု လုပ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို မြနို့ရည် ပေးမယ်၊ ကျွန်တော်တို့က သူ့ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ဆက်ပေးမယ်ပေါ့။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိသလို သူ့ဘက်က ပိုတောင် အဆင်ပြေသေးတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ပြုစုရတဲ့စရိတ်က အရမ်းကြီးလို့လေ။
တရားသူကြီးမင်း... သာမန်နွားတစ်ကောင်တောင် အများကြီး စားတာ၊ ကျင့်ကြံနေတဲ့ ဝိညာဉ်နွားတစ်ကောင်ဆို စဉ်းစားသာ ကြည့်ပါတော့။ ကုန်ကျစရိတ်တွေက အကြီးကြီးပဲ။ ကျွန်တော်တို့ အဆင့်မြင့် မြေကမ္ဘာအဆင့် ဆေးပင်တချို့ ရောင်းလိုက်ရတယ်၊ နေ့ရောညပါ ဆေးရည်တွေ ဖော်စပ်ရတယ်၊ ဂိုဏ်းလည်ပတ်နိုင်ဖို့ ကုန်သည်အဖွဲ့အစည်းတချို့ဆီကနေ အကြွေးတောင် ယူခဲ့ရတယ်။ ကုန်ကျစရိတ် သက်သာအောင် ဂိုဏ်းထဲက အစီအရင်တချို့ကိုတောင် ပိတ်ထားခဲ့ရတာ။ သူ့ဆီကရတဲ့ နို့ရည်တချို့ကို ဒီအကြွေးတွေ ဆပ်ဖို့ သုံးခဲ့ရတယ်။
သူ အဆင့်မြင့်လာလေ ပြုစုစရိတ်က ပိုများလာလေပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သည်းခံခဲ့ပါတယ်။ သူ အမြုတေအဆင့် ရောက်သွားရင် ဂိုဏ်းအတွက် အခြေအနေတွေ ကောင်းလာမယ်လို့ ယုံကြည်ခဲ့လို့ပါ။
သူ့နို့ရည်နဲ့ဆိုရင် ကျွန်တော်တို့ စိုက်ထုတ်ခဲ့သမျှ အရင်းအနှီးတွေ ပြန်ရရုံမက အမြတ်ပါ ရနိုင်မှာလေ။ အမြုတေအဆင့် မြစိမ်းသစ်ရွက်နွားဆီက နို့ရည်ဟာ အဂ္ဂိရတ်ပညာရှင်တွေ အိပ်မက်မက်ရတဲ့ ပစ္စည်းပဲ။ ဆန့်ကျင်ဘက် ဂုဏ်သတ္တိရှိတဲ့ ဆေးရည်တွေကို ပေါင်းစပ်ရာမှာ အသုံးဝင်သလို၊ အလုပ်သဘောအရ ဆေးအဆိပ်သင့်ပြီး အခြေခံယိုင်နဲ့နေတဲ့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ ချီလမ်းကြောင်းတွေကို သန့်စင်ပေးပြီး အခြေခံခိုင်မာအောင် ကူညီပေးနိုင်တယ်။
ဒါနဲ့ဆိုရင် ကျွန်တော်တို့ အဂ္ဂိရတ်လောကမှာ အဆက်အသွယ်ကောင်းတွေ ရနိုင်ပြီး မြစိမ်းသစ်ရွက်နွားအတွက် ဆေးပင်မျိုးစုံလည်း ရနိုင်မှာ။ သူက ဂိုဏ်းရော သူရော တရှိန်ထိုး တက်သွားဖို့အတွက် ရွှေဥ ဥပေးမယ့် ငန်းမကြီးပေါ့။ အမြုတေအဆင့် မရောက်ခင်အထိတော့ သူလည်း ဒါကို လိုချင်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ သူ အဆင့်တက်ပြီးတာနဲ့ အရာရာ ပြောင်းလဲသွားတယ်။
သူကစိတ်ရိုင်းဝင်လာတယ်။ သဘောတူထားတဲ့ နို့ရည်ပမာဏကို သုံးပုံနှစ်ပုံအထိ လျှော့ပစ်လိုက်တယ်။ အကြောင်းပြချက်က ချီလမ်းကြောင်း ပိတ်ဆို့နေလို့တဲ့။ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် မဖြစ်နိုင်တဲ့ကိစ္စပဲ။ ပြီးတော့ ချီလမ်းကြောင်းက နို့ထွက်နှုန်းနဲ့ ဘာဆိုင်လို့လဲဗျာ။ နောက်ပြီး ဂိုဏ်းက တခြားဆေးပင်တွေကို ခိုးစားတယ်၊ အကြီးအကဲတချို့ကို လာဘ်ထိုးပြီး ဂိုဏ်းရဲ့ သိုလှောင်ရုံကို ဖြုန်းတီးပစ်တယ်။ နောက်ဆုံး သည်းမခံနိုင်တော့တာက မြူနွယ်ပင်ရဲ့ အရွက်တွေကို စားချင်တယ်လို့ တောင်းဆိုလာတာပဲ။ ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးအမွေအနှစ်နဲ့ အသက်သွေးကြောလေ။
ဂိုဏ်း တည်ရှိနေတာက ဒီသစ်ပင်ကြောင့်ပဲ။ အဆိပ်သင့်နိုင်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့အတွက် ဘေးကင်းတဲ့ နားခိုရာတစ်ခုကို ဖန်တီးပေးထားသလို ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့ သင့်တော်တဲ့ ဂေဟစနစ်ကိုလည်း ဖန်တီးပေးထားတာ။ သူ့ရဲ့ ရိုင်းစိုင်းပြီး မလေးမစား တောင်းဆိုမှုကို ကျွန်တော် ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်တယ်။
စကားများ ရန်ဖြစ်ကြရာကနေ တိုက်ပွဲ ဖြစ်လာခဲ့တယ်။ တိုက်ပွဲကြောင့် ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပြီး ဂိုဏ်းတစ်ခုလုံး ပြာပုံဘဝ ရောက်လုနီးပါး ဖြစ်သွားတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ အကြွေးတင်နေလို့ ကုန်သည်တွေက ကျွန်တော်တို့ ပိုင်ဆိုင်မှုတချို့ကို သိမ်းယူတော့မယ်။ ဒါတွေအားလုံးက ဒီနွားမ ကတိမတည်ဘဲ လောဘတက်လာလို့ ဖြစ်ရတာဗျ” ချန်ယွမ်က အဆုံးသတ်တွင် အနည်းငယ် ဒေါသထွက်လာပြီး မျက်လုံးများ နီရဲကာ အသက်ရှူသံ ပြင်းထန်လျက် တုန်ရီသော လက်ဖြင့် မြစိမ်းသစ်ရွက်နွားကို လက်ညှိုးထိုးပြလိုက်သည်။