← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၈)

Vol. 1 Ch. 8

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၈)

Vol. 1 Ch. 8

မြူနွံဂိုဏ်းချုပ်၏ ပေါက်ကွဲပြောဆိုမှုအပြီးတွင် တရားရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဤသည်မှာ ယန်ချင်း၏ သဘာဝက ပေါ့ပါးပျင်းရိသော်လည်း၊ သူကိုင်တွယ်သမျှ အမှုတိုင်းကို အပြည့်အဝ အာရုံစိုက်ကာ ဆောင်ရွက်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ အမှုအချို့သည် ပေါ့ပါးပုံရသော်လည်း ပါဝင်ပတ်သက်သူများအတွက်မူ ကြီးမားသော အကျိုးဆက်များကို သယ်ဆောင်လာနိုင်ပေသည်။

ဂိုဏ်းချုပ်ချန်ယွမ်နှင့် မြစိမ်းသစ်ရွက်နွားတို့ကြားက အမှုမှာ ရိုးရှင်းသည်ဟု ထင်ရသည်။ လူတစ်ယောက်နှင့် သူ၏ နွားတစ်ကောင်ကြားက အစားအစာအတွက်အငြင်းပွားမှုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် အမှန်တကယ်တွင်မူ ထိုထက်ပိုသောအကြောင်းအရင်းများစွာရှိပေသည်။

အကယ်၍ မှားယွင်းကိုင်တွယ်မိပါက မြူနွံဂိုဏ်း၏ နိဂုံးချုပ် ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သည်။ ဂိုဏ်းချုပ်ချန်ယွမ်သည်လည်း ဂိုဏ်းကို ယနေ့အခြေအနေသို့ ရောက်အောင် စွမ်းဆောင်ပေးခဲ့ကြသော ယခင်ဂိုဏ်းချုပ်၊ ဂိုဏ်းတည်ထောင်သူနှင့် မြေနိမ့်ဒေသအောက်တွင် မြုပ်နှံခံခဲ့ရသည့် အမည်မသိ သူရဲကောင်းများ၏ ပေးဆပ်မှုများကို ဖျက်ဆီးကာ ဂိုဏ်းကို ပျက်စီးခြင်းသို့ ပို့ဆောင်သူ၊ ဂိုဏ်း၏သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အပြစ်သား ဖြစ်လာပေလိမ့်မည်။

သစ်ပင်ငယ်တစ်ပင်နှင့် ပုန်းအောင်းနေသော အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှ စတင်ခဲ့သော ဂိုဏ်းသည် အချိန်ကာလတစ်ခု အကြာတွင် အမြုတေအဆင့်အဖွဲ့ဝင် (၂) ဦး၊ အခြေတည်အဆင့်အဖွဲ့ဝင် (၅၀) ကျော်၊ ချီဖွဲ့စည်းခြင်းနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ရာပေါင်းများစွာ ရှိသော အဆင့် (၄) ဂိုဏ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

အဆိပ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုတွင် ဤအရာကို ပြီးမြောက်အောင်မြင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ထို့အပြင် စစ်ပွဲများဖြင့် ပြည့်နှက်နေသော တောင်ပိုင်းတိုက်ကြီးတွင် လူတစ်ယောက်နှင့် အစေ့တစ်စေ့မှ စတင်ကာ အဖွဲ့ဝင်ထောင်ချီ ရှိလာအောင် လုပ်ဆောင်နိုင်ခြင်းမှာပို၍ပင် မလွယ်ကူလှပေ။ သို့သော် ဤအရာအားလုံးသည် အကြွေးများနှင့် ဂိုဏ်းတွင်း ပဋိပက္ခများကြောင့် ပျောက်ပျက်သွားနိုင်ပေသည်။

အကျဉ်းချုပ်လောက်ကို ကြည့်ရုံဖြင့် ယန်ချင်းနှင့် ကျန်သူများ သိမြင်နိုင်လျှင် ပြဿနာများကြား ရောက်နေသော ဂိုဏ်းချုပ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။

ငယ်စဉ်ကလေးဘဝကတည်းမှ သူသိသမျှမှာ မြူနွံဂိုဏ်းသာ ဖြစ်ပြီး ဂိုဏ်းချုပ်ဖြစ်လာရန်နှင့် ဂိုဏ်းကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်အောင် လုပ်ဆောင်ရန် အိပ်မက်မက်ခဲ့သည်။ သူသည် အမှန်တကယ်ပင် ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီး သူ၏ လက်ထက်တွင် ဂိုဏ်း၏ စံနှုန်းများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ဂိုဏ်းသားငယ်များ၏ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သည်။

သို့သော် ယခုတွင် သူသည် ပုံမှန်ကြုံတွေ့နေကျ ဂိုဏ်းချင်းတိုက်ပွဲများကြောင့် မဟုတ်ဘဲ အကြွေးမဆပ်နိုင်မှုကြောင့် ဂိုဏ်းကို ဆုံးရှုံးရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် သူသည် သူ့ကို ဤအခြေအနေသို့ တွန်းပို့ခဲ့သော နွားတစ်ကောင်၏ လက်ချက်ဖြင့် အနိုင်မယူနိုင်ခဲ့သည်ကိုပါ ပေါင်းထည့်လိုက်လျှင် သူ့နေရာတွင် ရှိနေသူ မည်သူမဆို သွေးအန်မိမည်မှာ သေချာသည်။ သူ၏ စိတ်ထိန်းနိုင်စွမ်းမှာ လေးစားချီးကျူးဖွယ်ရာပင်။

"ဖြစ်ရပ်မှန်တွေကို ရှင်းရှင်းလင်းလင်း တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ချန်ယွမ်။ အခုတော့ ဝမ်ချန်အလှည့်ပါ။ မင်းဘက်က အဖြစ်အပျက်တွေကို ရှင်းပြပေးပါဦး။ မင်း အသံလွှင့်ဘောလုံးကို အသုံးပြုပုံနဲ့ ရင်းနှီးပြီးသားလို့တော့ မျှော်လင့်ပါတယ်။ မြူနွံဂိုဏ်းမှာ တခြားဂိုဏ်းသားတွေနဲ့ ဆက်သွယ်ဖို့ အလားတူတစ်ခုကို သုံးနေကျဆိုတော့ အခက်အခဲ မရှိလောက်ဘူးလို့ ယူဆပါတယ်" ယန်ချင်းက ဝမ်ချန်အား စတင်ရန် ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ နာမည်က မြ... အဲ... တောင်းပန်ပါတယ်။ ကျွန်မ နာမည်က ဝမ်ချန်ပါ။ ကျွန်မက မြစိမ်းသစ်ရွက်နွား တစ်ကောင်ပါ။ ဝါး…. ကျွန်မအသံက ဂိုဏ်းမှာသုံးနေတဲ့ ဆက်သွယ်ရေးပုတီးစေ့တွေထက် ပိုချောမွေ့နေပါလား။ အဲဒီပုတီးစေ့တွေနဲ့ဆိုရင် ကျွန်မအသံက ခြောက်သွေ့အက်ကွဲပြီး ထွက်လာတတ်တာ။ ဒီလိုမျိုး တစ်ခုလောက် ရချင်လိုက်တာ။ ဟေ့... ချန်ယွမ်... ဂိုဏ်းမှာသုံးဖို့ နင် ငါ့ကို ဒါမျိုးတစ်ခုလောက် ဝယ်ပေးပါလား"

ဝမ်ချန်သည် သူမ၏ အသံကို သဘောကျပြီး စကားလမ်းကြောင်း လွဲသွားတော့သည်။ သူမ၏ အသံမှာ ဆောင်းဦးလေပြေတွင် ကြွေကျလာသော သစ်ရွက်လေးများကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ကလေးဆန်သော ပျော်ရွှင်မှုနှင့် ရိုးသားမှုများ ရောယှက်နေသည်။

ချန်ယွမ်သည်လည်း သူမ၏ အသံနေအသံထားကို အံ့သြသွားသည်။ ပုံမှန်ဆိုလျှင် သူမ၏ အသံမှာ လည်ချောင်းထဲတွင် ဖားပြုတ်များနှင့် ပုရစ်များ စခန်းချနေသကဲ့သို့ အက်ကွဲခြောက်သွေ့နေတတ်သည်။

"ဒါ တကယ်ပဲ ဝမ်ချန်ရဲ့ အသံလား။ သူ နန်းတော်အဆင့် ရောက်လို့ လူအသွင်ပြောင်းနိုင်ရင် ဒီလိုအသံမျိုး ထွက်လာမှာလား။ ဒါမှမဟုတ် ဒီဘောလုံးကြောင့်လား" သူသည် အံ့သြတကြီး တွေးတောနေမိသည်။

သူသည် ဝမ်ချန်၏ တောင်းဆိုမှုကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူမ၏ အစာအိမ်ထဲတွင် သိုလှောင်မှု အစီအရင်များ ရေးထိုးထားသည်ဟု သူ သံသယရှိနေသော အစာအိမ်ကြောင့် သူတို့ အကြွေးတင်နေရပြီ ဖြစ်သည်။ အကြွေးမတင်လျှင်တောင်မှ ကျင့်ကြံခြင်းတရားရုံးတော်ရှိ အမှိုက်တစ်စကိုပင် သူ ဝယ်နိုင်မည် မထင်ပေ။

"မိန်းကလေးဝမ်ချန်... ကျေးဇူးပြုပြီး ဆက်ပြောပေးလို့ ရမလား" မော့ယွင်ရူ၏ သာယာနာပျော်ဖွယ် အသံထွက်ပေါ်လာပြီး ဝမ်ချန်နှင့် ချန်ယွမ်တို့ကို အတွေးကမ္ဘာထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ သူမ၏ အသံသည် စိတ်လှုပ်ရှားနေသော သူတို့ကို ချက်ချင်း တည်ငြိမ်သွားစေသည့် အစွမ်းရှိပုံရသည်။

မြစိမ်းသစ်ရွက်နွားနှင့် ဂိုဏ်းချုပ်ချန်ယွမ် နှစ်ဦးစလုံး အံ့သြသွားကြသည်။ သူတို့နှစ်ဦးစလုံးမှာ အမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြသည်။ သို့သော် မော့ယွင်ရူ စကားပြောလိုက်သည်နှင့် သူတို့၏ ခံနိုင်ရည်မှာ ပျောက်ကွယ်သွားသလို ဖြစ်သွားသည်။ ကြည့်ရသည်မှာ သူမသည် မည်သည့် ကျင့်ကြံခြင်းနည်းစနစ်ကိုမျှ အသုံးပြုထားပုံ မရဘဲ သာမန်အသံဖြင့် ပြောလိုက်ပုံရသည်။

"ဒါ ထိန်းသိမ်းရေးအဖွဲ့အစည်းရဲ့ စွမ်းအားလား" သူတို့နှစ်ဦးစလုံး ကြောက်ရွံ့မှုများ ဝင်ရောက်လာကာ တိတ်တဆိတ် တွေးတောနေမိသည်။

အသက် ၂၀ ခန့်သာ ရှိဦးမည့် မိန်းကလေးငယ်တစ်ဦးကပင် သူတို့ကို ဤမျှ တုန်လှုပ်စေနိုင်လျှင် ကျန်လူများမှာ မည်သို့ရှိမည်နည်း။ ဤသည်မှာ အဖွဲ့အစည်းက အချိန်ကြာလေ ပိုမို အင်အားကြီးမားလာလေ ဖြစ်ရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။

"ဟီးဟီး... တောင်းပန်ပါတယ်။ မြေနိမ့်ဒေသမှာ နေရတော့ ဒီလို ဆန်းပြားတာတွေ မတွေ့ဖူးလို့ စိတ်လွတ်သွားတာ တောင်းပန်ပါတယ်" ဝမ်ချန်က အလျင်အမြန် တောင်းပန်လိုက်သည်။ သို့သော် သူမ၏ အသံတွင် အစောပိုင်းကကဲ့သို့ ပေါ့ပါးပျော်ရွှင်မှု မရှိတော့ဘဲ ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသည်။

"ချန်ယွမ် အစောပိုင်းက ပြောခဲ့တဲ့ အချက်တချို့က မှန်ပါတယ်။ 'ရောင်စဉ်သစ်ခက် မြေကမ္ဘာသစ်ပင်' ရဲ့ အရွက်တွေက ကျွန်မ သွေးမျိုးဆက် နိုးထဖို့ ကူညီပေးခဲ့သလို ကျွန်မ အခြေတည်အဆင့် ရောက်တဲ့အထိ ကျင့်ကြံဖို့အတွက် တစိုက်မတ်မတ် ပံ့ပိုးပေးခဲ့ကြပါတယ်။

အခြေတည်အဆင့် ရောက်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ ချန်ယွမ် ပြောသလိုပါပဲ။ အဲဒီအဆင့်မှာ ကျွန်မ ဆက်သွယ်ရေးပုတီးစေ့တွေ သုံးနိုင်လောက်အောင် သန်မာလာပြီမို့ ပြောဆိုဆက်ဆံရတာ ပိုလွယ်ကူလာပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ခု လုပ်ခဲ့ကြတယ်။

ကျွန်မက သူတို့ကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း မြနို့ရည် ပေးမယ်၊ သူတို့က ကျွန်မရဲ့ ကျင့်ကြံခြင်းနဲ့ သွေးမျိုးဆက် ပိုမိုသန်မာလာဖို့ ဆက်ပြီး ပံ့ပိုးပေးမယ်ပေါ့။

အစပိုင်းမှာ အားလုံးက အဆင်ပြေပါတယ်။ ဒါပေမဲ့ အခြေတည်အဆင့် နောက်ပိုင်း ရောက်လာတော့ ကျွန်မ ပိုသန်မာလာလေ သူတို့ပေးတဲ့ ဆေးဖက်ဝင်အပင်တွေက အာနိသင် နည်းလာလေ ဖြစ်လာပြီး ကျွန်မရဲ့ ကျင့်ကြံမှု ရပ်တန့်လုနီးပါး ဖြစ်လာတယ်။

ကျွန်မ စကျင့်ကြံကတည်းက ကျွန်မကို တာဝန်ယူပေးခဲ့တဲ့ အကြီးအကဲတစ်ယောက်ကို အခက်အခဲတွေ ပြောပြခဲ့တယ်။ သူက သဘောကောင်းပြီး ကျွန်မရဲ့ တောင်းဆိုမှုကို ဂိုဏ်းဆီ တင်ပြပေးခဲ့တယ်။ ဂိုဏ်းက အဖြေတစ်ခု ရဖို့ အချိန်ယူခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အဖြေရှာပေးခဲ့ပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ကျွန်မရဲ့ လိုအပ်ချက်တွေနဲ့ ဝိညာဉ်ကျောက်တုံး သုံးစွဲမှုတွေက ပိုပိုများလာလို့ သူတို့ အချိန်ယူနေရတာကို နားလည်ပေးနိုင်ခဲ့ပါတယ်။ ဂိုဏ်းအပေါ် ကျွန်မကဝန်ထုပ်ဝန်ပိုး ဖြစ်စေတာ၊ ကျွန်မ ပိုသန်မာလေ ပိုကုန်လေ ဖြစ်နေတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။

ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ အတိအကျ မသိပေမယ့် ကျွန်မ သုံးစွဲတဲ့ ပမာဏကို ကြည့်ရင် တော်တော်များမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါကြောင့် ကျွန်မ စိတ်ရှည်ရှည် စောင့်ခဲ့ပြီး ဂိုဏ်းကို ကူညီတဲ့အနေနဲ့ သဘောတူထားတာထက် နို့ရည် ပိုထုတ်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။

တစ်နှစ်လောက် ကြာပြီးမှ ဂိုဏ်းက သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ သားရဲဂိုဏ်းတချို့ရဲ့ အကူအညီနဲ့ ယာယီအစီအစဉ်တချို့ လုပ်ပေးခဲ့ပါတယ်။ အဲဒီပံ့ပိုးမှုက ကျွန်မကို အခြေတည်အဆင့် အထွတ်အထိပ်ထိ ရောက်အောင်ပဲ တွန်းပို့ပေးနိုင်ခဲ့တယ်။ အမြုတေအဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက်တော့ ကိုယ့်အားကိုယ်ကိုးခဲ့ရတယ်။

ဒါပေမဲ့ ကျွန်မ ဂိုဏ်းကို အပြစ်မတင်ခဲ့ပါဘူး။ သူတို့ အကောင်းဆုံး ကြိုးစားပေးခဲ့တယ်လို့ပဲ ထင်ခဲ့တာ။ အမြုတေအဆင့် ရောက်သွားပြီးမှပဲ ရုပ်ဆိုးအကျည်းတန်တဲ့ အမှန်တရားကို သိလိုက်ရတော့တာပဲ" ဝမ်ချန်က စကားကို ခေတ္တရပ်လိုက်ပြီး ဂိုဏ်းချုပ်ချန်ယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ချန်ယွမ်ကလည်း အလားတူ ပြန်လည် စိုက်ကြည့်လိုက်သည်။

All Chapters