← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၀)

Vol. 1 Ch. 10

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၀)

Vol. 1 Ch. 10

"ကဲ... ခင်ဗျားဘက်က အဖြစ်အပျက်တွေကို တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝမ်ချန်" ယန်ချင်းက လက်နှစ်ဖက်ကို ယှက်တွဲကာ နူးညံ့စွာ ပြောဆိုရင်း မြစိမ်းသစ်ရွက်နွားနှင့် ဂိုဏ်းချုပ်ချန်ယွမ် နှစ်ဦးစလုံးကို စိုက်ကြည့်လိုက်သည်။

သူသည် အလေးအနက် တွေးတောနေသကဲ့သို့ ခေတ္တမျှ တိတ်ဆိတ်နေသော်လည်း သူ၏ အကြည့်များသည် ထိုနှစ်ဦးထံမှ ခွာမသွားခဲ့ပေ။ သူ၏ မျက်နှာသည် တည်ကြည်လေးနက်သော အမူအရာမှ အပြုံးနုနုလေးတစ်ခုသို့ ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒီကိစ္စအပေါ် ကျွန်တော့်ရဲ့ စီရင်ချက် မချမှတ်ခင်မှာ... ဂိုဏ်းချုပ်ချန်ယွမ်နဲ့ ဝမ်ချန်တို့အကြား အရင်ဆုံး တစ်ခုခု ဆွေးနွေးလိုက်ကြရင် ပိုကောင်းမယ် ထင်တယ်။ တစ်ခုခုတော့ လွဲနေသလို ခံစားရတယ်။ မော့ယွင်ရူ၊ ယီကျဲ မင်းတို့ ဘယ်လိုထင်လဲ။ ဖုန့်ရှင်း... မင်းက ဒီအမှုကို တာဝန်ယူထားတဲ့ စုံစမ်းစစ်ဆေးရေးမှူးဆိုတော့ မင်းရော ခုကိစ္စကိုဘယ်လိုထင်လဲ"

"ဂိုဏ်းချုပ်နဲ့ မြစိမ်းသစ်ရွက်နွားအတွက်တော့ စိတ်မကောင်းစရာပဲ" မော့ယွင်ရူက တစ်စုံတစ်ခု လွဲချော်နေသည်ကို သဘောတူကြောင်း ယန်ချင်းကို ခေါင်းညိတ်ပြရင်း ဖြည့်စွက်ပြောလိုက်သည်။

"ဖုန့်ရှင်း... မင်း မြန်မြန် လှုပ်ရှားဖို့ လိုလိမ့်မယ်" ယန်ချင်း စင်မြင့်၏ ဘယ်ဘက်ခြမ်းတွင် ရပ်နေသော ယီကျဲက ပြောလိုက်သည်။ သူသည် ယခုအချိန်တွင် တရားရုံးခန်း ထွက်ပေါက်တံခါးဆီသို့ ဦးတည်သွားနေသော ဖု့န်ရှင်းကို လှမ်းကြည့်နေသည်။

"စိတ်ချပါ"

ဖုန့်ရှင်း တရားရုံးခန်းထဲမှ ထွက်ခွာသွားချိန်တွင် သူ့ထံမှ ပြင်းထန်သော လူသတ်ငွေ့ကို ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်ချန်ယွမ်... ခင်ဗျား ခုနကတည်းက ဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ခ​ဗျားကိုယ်တိုင်လည်းတစ်စုံတစ်ခုကို သံသယဝင်နေတာမျိုး ရှိတယ်မလား။

ခင်ဗျားနဲ့ ဝမ်ချန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်တာ အကျိုးရှိမယ် ထင်ပါတယ်။ သူကလည်း ခင်ဗျားလိုပဲ ဂိုဏ်းကို သူ့အိမ်လို သဘောထားတယ်ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ တကယ်လို့ ကျွန်တော် သံသယရှိနေတဲ့ ကိစ္စသာ တကယ် ဖြစ်လာခဲ့ရင် နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် ကိစ္စတွေအတွက် ခင်ဗျားတို့ တစ်ယောက်ကိုတစ်ယောက် မှီခိုဖို့အရင်ကထက် ပိုလိုအပ်လာပါလိမ့်မယ်" ယန်ချင်းက ပြောလိုက်သည်။

ဂိုဏ်းချုပ်ချန်ယွမ်သည် စိတ်ရှုပ်ထွေးနေသကဲ့သို့ ဝမ်ချန်မှာလည်း သူမ စကားပြောပြီးနောက် စက္ကန့်ပိုင်းအတွင်း ဘာတွေ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူတို့ ဘာကို အရိပ်အမြွက် ပြောနေကြသည်ကို သူမ လိုက်မမီနိုင်အောင်ပင် ဖြစ်နေသည်။

သူမသည် စွမ်းအားကြီးမားသော ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သော်လည်းသူမ၏ဘဝ တစ်သက်တာလုံး ဂိုဏ်းထဲတွင်သာ နေထိုင်ခဲ့ရသူဖြစ်ပြီး လောကကြီး၏ ရှုပ်ထွေးပွေလီသော လှည့်ကွက်များကို နားမလည်နိုင်သေးပေ။ အချို့သော ကိစ္စရပ်များတွင်မူ လောကကြီး၏ အမှောင်ဘက်ခြမ်းကို မသိနားမလည်သော ကလေးငယ်တစ်ဦးကဲ့သို့ ဖြူစင်ရိုးသားသူ ဖြစ်နေသည်။

အတန်ကြာမှ ဂိုဏ်းချုပ်ချန်ယွမ်သည် သူ့စိတ်သူ ပြန်စုစည်းနိုင်ခဲ့ပြီး ဝမ်ချန်ကို လှမ်းကြည့်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ အကြည့်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နာကြည်းမှု၊ ဒေါသနှင့် မုန်းတီးမှုများ ပျောက်ကွယ်သွားပြီး မိမိကိုယ်မိမိ အပြစ်တင်ခြင်း၊ ရှက်ရွံ့ခြင်းနှင့် နောင်တရခြင်းများဖြင့် အစားထိုး ဝင်ရောက်လာသည်။

"ဝမ်ချန်... ငါ နင့်ဆီက အကြောင်းအရာတချို့ကို အတည်ပြုလို့ ရမလား" ချန်ယွမ်က ဝမ်ချန်အပေါ် တစ်ခါမျှ မသုံးဖူးသော နူးညံ့သိမ်မွေ့သည့် လေသံဖြင့် မေးလိုက်သည်။ ဝမ်ချန်သည် သူ၏ အသံ တုန်ရီနေမှုနှင့် မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်ကိုပင် သတိပြုမိလိုက်သည်။

ဘာတွေ ဖြစ်နေသည်ကို သူမ အတိအကျ နားမလည်သော်လည်း ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်နေသည်ကိုတော့ အလိုလို သိလိုက်သည်။

သူမ မေးနိုင်ကြောင်း ချန်ယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။

ချန်ယွမ်က ယဉ်ကျေးစွာ ပြုံးပြပြီးနောက် စတင်မေးမြန်းလေသည်။ "အကြီးအကဲတွေက နင့်ကို ဂိုဏ်းရဲ့ ရတနာသိုလှောင်ရုံထဲ ခေါ်သွားပြတုန်းက မြင်ခဲ့ရတဲ့ အဆင့်မြင့် မြေကမ္ဘာအဆင့် ဆေးပင်တွေနဲ့ အဆင့်နိမ့် ကောင်းကင်အဆင့် ဆေးပင် အရေအတွက်ဘယ်လောက်ရှိလဲဆိုတာ မှတ်မိလား"

ဝမ်ချန်သည် အစပိုင်းတွင် ချန်ယွမ်က အဘယ်ကြောင့် ဤမေးခွန်းကို မေးရသနည်းဟု စဉ်းစားကာ ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ဂိုဏ်းချုပ်ဖြစ်သဖြင့် ထိုနေရာတွင် ပစ္စည်း မည်မျှရှိသည်ကို သူမထက် ပိုသိသင့်သည် မဟုတ်ပါလော။ သို့သော် သူမသည် စဉ်းစားဟန်ပြုကာ အတိအကျ အရေအတွက်ကို ပြန်လည်တွက်ချက်ရန် ကြိုးစားလိုက်သည်။

"မော့ယွင်ရူ... သူ့ကို ပြန်စဉ်းစားမိအောင် ကူညီပေးလို့ ရမလား" ဘေးမှ ယန်ချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

မော့ယွင်ရူက ခေါင်းညိတ်ပြပြီး သူမ၏ ညာဘက်လက်ကို မြှောက်ကာ ဝမ်ချန်ရှိရာသို့ ညွှန်လိုက်ရင်း "အတွေးတစ်သောင်း ခရမ်းတိမ်" ဟု တီးတိုးရွတ်ဆိုလိုက်သည်။

သူမ၏ လက်ညှိုးထိပ်မှ ထွက်ပေါ်လာသော ခရမ်းရောင်ဖျော့ဖျော့ တိမ်တိုက်တစ်ခုသည် ဝမ်ချန်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။ တိမ်တိုက်များကြားတွင် ကြယ်ရောင်များမှာတောက်ပစွာလင်း လက်နေသည်။

ဝမ်ချန်သည် ရုတ်တရက် တိမ်တိုက်များ ဝိုင်းရံခံလိုက်ရသဖြင့် ထိန့်လန့်သွားသည်။ သို့သော် မကြာမီ သူမ၏ စိတ်အာရုံ အစိတ်အပိုင်းတိုင်းတွင် အေးမြသော ခံစားမှုတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုအေးမြသော ခံစားမှုနှင့်အတူ သူမ ပြန်လည်အမှတ်ရရန် ကြိုးစားနေသော အတွေးများသည် တစ်စထက်တစ်စ ပိုမို ကြည်လင်ပြတ်သားလာသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ သူမ ပြန်လည်မြင်ယောင်နေသော ပုံရိပ်များသည် သူမအား ဝိုင်းရံထားသော တိမ်တိုက်များပေါ်တွင် ပုံရိပ်ထင်လာခြင်းပင်။ ဤအခိုက်အတန့်တွင် သူမသည် တရားရုံးခန်း၌ ရှိနေခြင်း မဟုတ်ဘဲ ဂိုဏ်း၏ ရတနာသိုလှောင်ရုံထဲသို့ ပြန်ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဝမ်ချန်... မင်းမြင်နေရတဲ့ ပုံရိပ်တွေကို တရားရုံးမှာရှိတဲ့ ကျန်တဲ့လူတွေ မြင်အောင် ပြလို့ရမလား" ယန်ချင်းက မေးလိုက်သည်။

ဝမ်ချန်သည် စိတ်နှစ်ထားသဖြင့် မေးခွန်းကို သတိမထားမိဘဲ ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိတွင် သူမသည် ပုံရိပ်များ မည်မျှ ကြည်လင်ပြတ်သားနေသည်ကို ကြည့်ပြီး စိတ်ဝင်စားကာ ဈာန်ဝင်နေမိသည်။ သူမသည် ရတနာသိုလှောင်ရုံထဲတွင် ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဆေးပင်များကို ထိန်းသိမ်းရာတွင် အသုံးပြုသော ပယင်းရောင် သမင်သစ်သား ပေါ်ရှိ အစင်းရာများကိုပင် အလွယ်တကူ ခွဲခြားမြင်တွေ့နိုင်သည်။

သူမ သဘောတူလိုက်သည်နှင့် မော့ယွင်ရူသည် ဝမ်ချန် မြင်တွေ့နေရသော ပုံရိပ်များကို ကျန်လူများ၊ အထူးသဖြင့် ဂိုဏ်းချုပ်ချန်ယွမ် မြင်သာအောင် ပြသလိုက်သည်။

ခရမ်းရောင်တိမ်တိုက်သည် ဝမ်ချန်ကို လွှမ်းခြုံထားရာမှ ရပ်တန့်သွားပြီး တရားရုံးခန်း အမိုးပေါ်သို့ ပျံ့နှံ့သွားကာ ရေပြင်ပေါ်တွင် ပုံရိပ်ထင်သကဲ့သို့ ဆေးပင်များ စီတန်းထားသော ပုံရိပ်များကို ရှင်းလင်းစွာ ပြသနေသည်။

ဂိုဏ်းချုပ်ချန်ယွမ်သည် ထိုပုံရိပ်များကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ဆွံ့အသွားကာ "ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ" ဟု ထပ်ကာထပ်ကာ ရေရွတ်နေမိသည်။

"ချန်ယွမ်... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါတွေက နင် ဘာအကြောင်းနဲ့မှန်းမသိ စုဆောင်းထားတဲ့ ဆေးပင်တွေ မဟုတ်ဘူးလား" ဝမ်ချန်သည် ဒေါသနှင့် နာကြည်းစိတ် အနည်းငယ် ရောနှောကာ ထေ့ငေါ့မေးလိုက်သည်။

ဂိုဏ်းချုပ်သည် မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်နိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီး ဆေးပင်များကို အကြိမ်ကြိမ် ပြန်လည်ရေတွက်ကာ ရလဒ် ပြောင်းလဲမလား ကြည့်ရှုနေမိသည်။

"နေရောင်ခြည် မာဂျိုရမ်၊ မင်္ဂလာညဥ့်ဦးယံ ကရဝေးရွက်၊ နှစ် ၂၀၀၀ သက်တမ်းရှိ အိပ်မက်ကတ်ရှားဖုန်မှုန့် ၊ တိတ်ဆိတ်ပဲ့တင်သံ ပိုခါမြစ်၊ သွေးမြွေဘယ်ရီသီး၊ နှလုံးငြိမ်းအေး လီလီပန်း ၊ အမြုတေကပ်ဘေး သစ်သား ၊ သားသတ်သမား၏ စပျစ်သီး၊ ကျောက်စိမ်းပုလင်း သစ်သား... ဒီဆေးပင်တွေ အကုန်လုံးက ဒီမှာ ဘယ်လိုလုပ်ရောက်နေတာလဲ" ချန်ယွမ်သည် သူ မြင်တွေ့နေရသော အရာများကြောင့် မျက်လုံးအပြူးသား ဖြစ်နေပြီး မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်နေသည်။

"ဟင်... ဟိုအရွက်တွေက အကြီးအကဲ ကျာ ရဲ့ ထောင်ချောက် ဗာအိုဘမ်အပင် က အရွက်တွေ မဟုတ်ဘူးလား။ ဟို ငွေရောင်အသီးတွေက အကြီးအကဲဂွီ ရဲ့ ငွေစပါးအုံးပင်က အသီးတွေနဲ့ တူနေပါလား... နေပါဦး...ဒါက အကြီးအကဲ ဖုန်းရဲ့ နှစ် ၃၀၀၀ သက်တမ်းရှိတဲ့ တောက်ပကြယ်ပွင့်တောင် ပါနေပါလား။ အဲဒီ ရတနာက ကောင်းကင်အဆင့် ဆေးပင်လေ၊ သူ ဘယ်တော့မှ လူမြင်မခံတဲ့ရတနာပဲ။ ဘယ်လိုလုပ်ပြီး ဒီရတနာတိုက်ထဲကိုရောက်နေတာလဲ"

ဂိုဏ်းချုပ်ချန်ယွမ် ဆေးပင်များကို သေချာစိစစ်ကြည့်လေ အကြီးအကဲအချို့၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်နေသည်ကို ပို၍ သဘောပေါက်လာလေပင်။ သို့သော် သူတို့က ဂိုဏ်းကို လှူဒါန်းထားသည်ကိုသော်လည်းကောင်း၊ လှူဒါန်းမည့်အကြောင်း ပြောဆိုသည်ကိုသော်လည်းကောင်း သူ လုံးဝ မမှတ်မိပေ။ ဤအရာအားလုံးသည် အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင်များ ဖြစ်ပြီး လက်ရှိ ဂိုဏ်း၏ အဓိက စီမံကိန်းတစ်ခုအတွက် ရတနာသိုလှောင်ရုံသို့ သူ မကြာခဏ သွားရောက်နေသဖြင့် သတိမပြုမိဘဲ ကျော်သွားရန် ခဲယဉ်းလှသည်။

"ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရတနာသိုလှောင်ရုံကို သွားတုန်းက အဲဒီဆေးပင်တွေကို မတွေ့ခဲ့ပါဘူး။ မှတ်တမ်းစာအုပ်တွေထဲမှာလည်း အဝင်အထွက် စာရင်းသွင်းထားတာမျိုးလဲ မရှိပါဘူး" ချန်ယွမ်သည် အချိန်ကာလများကို စိတ်ထဲတွင် တိတ်တဆိတ် ပြန်လည်စဉ်းစားနေသော်လည်း မည်မျှပင် ပြန်စဉ်းစားစေကာမူ အချို့သော အထက်တန်းစား မြေကမ္ဘာအဆင့် ရတနာများနှင့် ကောင်းကင်အဆင့် တောက်ပကြယ်ပွင့်ပန်းကို ရတနာသိုလှောင်ရုံထဲတွင် လုံးဝ မမြင်ဖူးကြောင်း သေချာနေသည်။

ပုံရိပ်များအရ သူသည် မြေကမ္ဘာအဆင့် ဆေးပင်ပေါင်း ၂၄၀ ကို ရေတွက်မိသော်လည်း နောက်ဆုံး မှတ်တမ်းများအရ (ဝမ်ချန်အတွက် သုံးလိုက်သော ဆေးပင်များ အပါအဝင်) ဂိုဏ်းတွင် မြေကမ္ဘာအဆင့် ဆေးပင် ၁၀၀ ခန့်သာ ရှိကြောင်းနှင့် ၎င်းတို့သည် ဂိုဏ်း၏ အနာဂတ်အတွက် အလွန်အရေးကြီးသော မဟာဗျူဟာမြောက် စီမံကိန်းအတွက် ဖြစ်ကြောင်း သူ သေချာသိထားသည်။

ကောင်းကင်အဆင့် ဆေးပင် (၇) ပင်သာ ရေတွက်မိသော်လည်း မူလက (၆) ပင်သာ ရှိသဖြင့် ပိုနေသော တစ်ပင်မှာ အကြီးအကဲ ဖုန်း ပိုင်ဆိုင်သော တောက်ပကြယ်ပွင့်ပန်း ဖြစ်နေသည်။ ထိုပန်းသည် ရှိသမျှ ကောင်းကင်အဆင့် ဆေးပင်များထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်ပြီး အခြား ကောင်းကင်အဆင့် ဆေးပင် (၃) ပင်နှင့် လဲလှယ်နိုင်စွမ်း ရှိပေသည်။

ဂိုဏ်းချုပ်ချန်ယွမ်သည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်ယူလိုက်ပြီး အလျင်စလို မေးလိုက်သည်။

"ဝမ်ချန်... အကြီးအကဲတွေက နင့်ကို ရတနာသိုလှောင်ရုံ လိုက်ပြတုန်းက ဘယ်အချိန်ကလဲဆိုတာ မှတ်မိလား။ ပြီးတော့ ဘယ်အကြီးအကဲတွေလဲ"

ဝမ်ချန်သည် မေးခွန်း၏ ရည်ရွယ်ချက်ကို ကောင်းစွာ မခန့်မှန်းနိုင်သေးသော်လည်း ရိုးသားစွာ ဖြေကြားလိုက်သည်။

"အင်း... ကျွန်မ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီး ရက်သတ္တပတ် အနည်းငယ် အကြာလောက်က။ တိတိကျကျပြောရရင်လွန်ခဲ့တဲ့ ၄ လလောက်က ဖြစ်မယ်။ ဘယ်အကြီးအကဲတွေလဲ ဆိုတာတော့... သူတို့ ဒုက္ခရောက်မှာစိုးလို့ ကျွန်မ မပြောချင်ဘူး" ဟု ဝမ်ချန်က ပြောလိုက်သည်။

"နင်... နင်... နင်... ခုငါတို့ ဘယ်လိုအခြေအနေ ရောက်နေလဲဆိုတာ နားမလည်ဘူးလား မြန်မြန်ပြောစမ်း... အဲဒီအကြီးအကဲတွေရဲ့ နာမည်က အရေးကြီးတယ်။ မဟုတ်ရင် ငါတို့ ပြန်စရာ ဂိုဏ်းတောင် ရှိတော့မှာ မဟုတ်ဘူး" ဂိုဏ်းချုပ်ချန်ယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဒေါသကြောင့် ဝမ်ချန်ရှိရာသို့ ခုန်အုပ်လုနီးပါး ဖြစ်သွားသော်လည်း လက်ရှိ ရောက်နေသော နေရာနှင့် ယီကျဲထံမှ ရရှိခဲ့သော သေမင်းတမန် အငွေ့အသက်ကို သတိရသွားပြီး မိမိကိုယ်မိမိ ထိန်းချုပ်လိုက်နိုင်သည်။

"ငါ မပြော..." ဝမ်ချန်သည် မခိုးမခန့် လေသံဖြင့် ချန်ယွမ်၏ တောင်းဆိုမှုကို ငြင်းဆန်ရန် ပြင်လိုက်စဉ် ယီကျဲထံမှ ကြီးမားသော ဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ ခြေထောက်များ ခွေယိုင်သွားပြီး ဧရာမခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ အရွယ်အစားနှင့် အလေးချိန် ကြီးမားသော်လည်း တရားရုံးခန်း ကြမ်းပြင်မှာ မည်သည့် ထိခိုက်မှုမှ မရှိဘဲ သူမ၏ ဒူးခေါင်းများသာ ပွန်းပဲ့သွားခဲ့သည်။

"မင်းရဲ့ ဂိုဏ်းချုပ် ပြောတာကို နားထောင်ပြီး သူ မေးတာကို ဖြေလိုက်ဖို့ ငါ အကြံပေးချင်တယ်။ မင်း တရားရုံးရဲ့ စည်းမျဉ်းတွေကို အပြည့်အဝ နာခံပါမယ်လို့ ဝန်ခံထားပြီးသားလေ။ မင်းကို ခေါ်လာတဲ့ စုံစမ်းစစ်ဆေးရေးမှူးက စည်းကမ်းတွေကိုလိုက်နာဖို့ ပျက်ကွက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ရှင်းပြထားပြီးသား ဖြစ်မှာပါ" ယီကျဲက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ယခုအချိန်တွင် သူသည် ဓားအိမ်မှ ဆွဲထုတ်ထားသော အေးစက်သည့် ဓားတစ်လက်နှင့် တူနေသည်။

ဝမ်ချန် ခေါင်းပင် မမော့နိုင်တော့ပေ။ တစ်စိတ်တစ်ပိုင်းမှာ သူမအပေါ် ကျရောက်နေသော ကြီးမားလှသည့် ဖိအားကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ထိုလူကို စိုက်ကြည့်လိုက်ပါက သေသွားနိုင်သည်ဟု သူမ၏ အာရုံခံစားမှုက သတိပေးနေသောကြောင့် ဖြစ်သည်။

ဝမ်ချန်သည် မြူနွံဂိုဏ်းထဲတွင် လုံခြုံစွာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမ၏ အမြင်အာရုံအားလုံးသည် ဂိုဏ်းအတွင်း နေထိုင်ကြီးပြင်းမှုမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာကို လုံးဝ မကြုံဖူးချေ။ ထို့ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သောအခါ အနည်းငယ် မာန်တက်လာခဲ့သည်။ ဂိုဏ်းတွင် ထိုအဆင့်သို့ ရောက်ရှိသူ (၂) ဦးသာ ရှိပြီး သူမသည် ချန်ယွမ်ထက် ကျင့်ကြံသည့်အချိန် ပိုတိုတောင်းသည်ကို တွက်ဆကာ သူ့ကို အမီလိုက်နိုင်ပြီး ကျော်တက်သွားရန် အချိန်မကြာတော့ဟု ယူဆခဲ့သည်။ ဤအချက်ကပင် သူမကို မာန်တက်စေခဲ့သည်။ မကြာသေးမီက သရေကျခဲ့သော တိုက်ပွဲကလည်း ထိုမာန်ကို ပိုကြီးထွားစေခဲ့သည်။

တရားရုံးခန်းမရောက်မီ ချန်ယွမ်က တရားရုံးရောက်လျှင် အနေအထိုင် ဆင်ခြင်ရန် ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ သူမက အပေါ်ယံ သဘောတူခဲ့သော်လည်း စိတ်ထဲတွင်မူ အလေးအနက် မထားခဲ့ပေ။ သူမ စိတ်ထဲတွင် သူမသည် ပါရမီရှင် တစ်ဦး ဖြစ်နေပြီ။ အဆင့်မြင့်သူတစ်ယောက်ကို အဆင့်နိမ့်သူက ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ ဘယ်နှစ်ယောက် ရှိသနည်း။ သူမသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ဖြင့် အလယ်အလတ်အဆင့်ရှိသူကို တောင့်ခံနိုင်ခဲ့သည်။ ဤသည်မှာ ပါရမီရှင်များ၏ စွမ်းဆောင်ရည်ဟု သူမ ထင်မှတ်ခဲ့သည်။

တရားရုံးအကြောင်း အပေါ်ယံသာ သိထားသည်။ သူမ၏ ပါရမီသည် တရားရုံးမှ မည်သူနှင့်မဆို ယှဉ်နိုင်သည်ဟု ခံစားခဲ့ရသည်။ မော့ယွင်ရူ၏ နည်းစနစ်များနှင့် အစောပိုင်းက ဖိအားပေးမှုများက သူမကို အံ့သြစေခဲ့သော်လည်း တကယ်တမ်း တိုက်ခိုက်လျှင် သူမ မနိုင်လျှင်တောင် အသက်ရှင်လျက် လွတ်မြောက်နိုင်မည်၊ အဆင့်တူချင်းသာဆိုလျှင် နိုင်တောင် နိုင်နိုင်သည်ဟု ထင်ခဲ့သည်။ ဝိညာဉ်သားရဲများသည် ခွန်အားတွင် သဘာဝအလျောက် အားသာချက်ရှိပြီး သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အထိ ရောက်ရှိနိုင်သော ရောင်စဉ်နွား သွေးမျိုးဆက် ရှိသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူမ၏ မှားယွင်းသော အတွေးများအားလုံးသည် ယီကျဲ အမည်ရှိ သေမင်းတမန် လက်နက်ကြီးဖြင့် ရိုက်ချိုးခံလိုက်ရပြီ ဖြစ်သည်။ သူ့ရှေ့တွင် သူမသည် ပုရွက်ဆိတ် သို့မဟုတ် နွားချေးပုံ တစ်ပုံမျှသာ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

"သူတို့အားလုံး အမြုတေအဆင့် ကျင့်ကြံသူတွေ မဟုတ်ဘူးလား။ ကွာခြားချက်က ဘယ်လိုလုပ် ဒီလောက်ကြီးမားနေရတာလဲ" ဟု သူမ နာကျင်စွာ တွေးတောနေမိသည်။

All Chapters