ဒေါသကြီးသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၁ )
Vol. 9 Ch. 120
ညသန်းခေါင်ယံကောင်းကင်ပြင်၌ လမင်းကြီး ထိန်ထိန်သာနေပြီး တိမ်ဖြူတစ်ဆုပ်က လေနှင်ရာ မျောလွင့်နေသည်။
ဆဋ္ဌမမြောက်တောင်ထိပ်၏ ဂူအပြင်ဘက်တွင် လရောင်ကို မျက်နှာမူကာ ရပ်နေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်ရသည်မှာ အတန်ငယ် သုန်မှုန်နေဟန်ရှိသည်။
ဤအမှောင်ထုကြီးထဲဝယ် သူ၏မျက်နှာပေါ်က စိုးရိမ်ပူပန်စိတ်က ပို၍ပင် ပြင်းထန်နေသယောင် ရှိနေ၏။
အမှန်တကယ်တော့ သူ၏ဘဏ္ဍာပစ္စည်းများ ဆုံးရှုံးရခြင်းအပေါ် သူ ဆိုးဆိုးဝါးဝါး မခံစားရပေ။ ယခင်က သူ သွေးအန်ခဲ့ရသည့်အကြောင်းရင်းမှာ တောင်ခါးပန်း ပျက်စီးနေသည့်အပေါ် ဒေါသထွက်လွန်း၍ ဖြစ်ပေသည်။
ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးသွားရသည်ကိုလည်း သူ စိတ်ထဲသိပ်မထားပေ။
အမှန်စင်စစ် သူ စိုးရိမ်ပူပန်နေရသည်မှာ သူ၏ရန်သူက ချီရွှဲ့ထုံဂိုဏ်းတွင် တဖြည်းဖြည်း အစွမ်းထက်လာနေခြင်းကြောင့် ဖြစ်ပေသည်။
ယခုအခါတွင် သူ အလွန် ပူပန်ကြောင့်ကြနေရသည်။ သူက သူ၏ရှေ့ရှိ ဂူကို ကြည့်လိုက်သည်။ ဂူတစ်ဂူလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး တုံ့ပြန်သံတစ်ခွန်းမျှ ထွက်မလာချေ။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ဂူထဲမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။
“ ယုံလင်းကျစ်၊ မမြင်တာကြာပြီပဲ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ တာအိုနာမည်က ယုံလင်းကျစ်ဖြစ်သည်။ သို့သော်လည်း သူ နေသည့် ကျင်းကန်းဂိုဏ်းအတွင်း၊ အပြင်၌ သူ့ကို ဘိုးဘိုး အဖြစ်သာ ခေါ်ကြသည်။ ထို့ကြောင့် တခြားတစ်ယောက်က သူ၏တာအိုနာမည်အား ပြောနေသည်ကို မကြားရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏မျက်နှာပေါ်တွင် အတိတ်မှပုံရိပ်တချို့ ဖြတ်ပြေးသွားဟန်တူပြီး သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ အင်း … မတွေ့တာကြာပြီ ”
သူ၏အသံ လွင့်ပျံသွားသည်နှင့် တကျွိကျွိမြည်သံများနှင့်အတူ ပိတ်ထားသော ကျောက်တံခါး ပွင့်သွားပြီး အထဲတွင် မှောင်မည်းနေသည်ကို မြင်နိုင်သည်။ ထိုအမှောင်ထုထဲမှ လူတစ်ယောက် တဖြည်းဖြည်း ထွက်လာ၏။
ထိုလူ၏ခြေသံများက အတန်ငယ် ထူးဆန်းသည်။ ခြေလှမ်းတိုင်းကို သူ တိုင်း၍ လှမ်းနေသည့်အလားပင်။ ဂူအပြင်ဘက်ကို ရောက်သောအခါ သူက အဘိုးအိုတစ်ယောက်ဖြစ်သည်ကို မြင်နိုင်သည်။ ထိုအဘိုးအိုသည် နက်မှောင်သောခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်ဆံပင်ရှည်များအောက်တွင် ခက်ထန်သောမျက်နှာတစ်ခု ရှိနေသည်။
သူက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးရှေ့ကို ရောက်သည့်အခါတွင် ရပ်လိုက်သည်။ ထိုအခိုက် တောင်ပေါ်လေပြေလေးက သူ၏ဝတ်ရုံအနားစကို ဖြတ်တိုက်သွားလေရာ သူ၏ခြေထောက်များက အသွေးအသားများဖြင့် ထုဆစ်ထားခြင်း မဟုတ်ကြောင်း လှစ်ခနဲ ဖော်ပြလိုက်လေသည်။
ထိုခြေထောက်တစ်စုံကို အကြမ်းထည်ပစ္စည်းများဖြင့် ထုဆစ်ထားခြင်းဖြစ်သည်။ ၎င်းတို့က အပြာရောင်ဖျော့ဖျော့ လက်နေပြီး လရောင်အောက်၌ ထိုအပြာရောင်ဖျော့ဖျော့က အေးစက်စက်အသွင်ကို ဆောင်နေသည်။
“ ငါတို့ မတွေ့တာလဲ ကြာနေပြီဆိုတော့ ဒီကို မင်း ဘာကိစ္စနဲ့ ရောက်လာတာတုံး ”
အပြာရောင်ဝတ်ရုံဝတ်အဘိုးအိုက ကောင်းကင်ရှိ မိုးသားတိမ်စိုင်များကို ကြည့်လိုက်ရင်း တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
သူနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့က အတူတကွ ရပ်နေသည်ဖြစ်ပါသော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ တစ်ဆင့်နိမ့်နေသလို ခံစားနေရသည်။
ထို့ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာက အနည်းငယ် နာကြည်းနေသယောင် ဖြစ်သွားသည်။ ခဏအကြာ သူ တိတ်ဆိတ်နေပြီးနောက် ရွှီချင်းအကြောင်းကို ပြောပြလိုက်သည်။
“ မမျှော်လင့်တဲ့အန္တရာယ်တစ်ခုနဲ့ င့ါဂိုဏ်း ကြုံခဲ့ရတယ်။ အဲဒီသူခိုးလေးက ထွက်မသွားခင် ငါ့ဂိုဏ်းက ရတနာပစ္စည်းတွေကို ယူပြီး ဂိုဏ်းကိုလည်း မီးလောင်တိုက် သွင်းသွားခဲ့တာ ”
“ အဲဒီကလေးက သာမန်လူတစ်ယောက်သာ ဖြစ်နေရင် ငါ အဲဒါကို စိတ်ထဲထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ငွေကုန်ကြေးကြခံပြီး လိုက်စုံစမ်းကြည့်တော့ သူက ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ ဒီမှာ ခြေကုပ်ကောင်းကောင်းတောင် ရနေတယ်။ အဲဒါကြောင့် ငါ နှစ်အကြာကြီး ဖတ်ခဲ့ဖူးတဲ့ ရှေးဟောင်းစာအုပ်တွေကို တွေးမိပြီး အမြဲတမ်း စိတ်မသက်မသာဖြစ်နေတယ် ”
“ ငါ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက အတွေ့အကြုံတွေအရဆိုရင် အဲဒီလိုကလေးအများစုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်ကြတယ်။ အဲဒီတုန်းက ငါ စိတ်လိုက်မာန်ပါလုပ်ပြီး ငါနဲ့ ဂိုဏ်းအကြီးအကဲနှစ်ယောက်တည်းနဲ့ မလုပ်ခဲ့သင့်ဘူး။ သူ့ကို ဂိုဏ်းတစ်ခုလုံး လိုက်သတ်ခဲ့သင့်တာ။ ဒီလိုမှမဟုတ်လဲ ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ်ပြောင်းအောင် တောင်းပန်လက်ဆောင်လေး ပေးခဲ့သင့်တာ ”
“ ဟူးး အဲဒီအခွင့်အရေးကို ငါ လွဲသွားတာ နာတာပဲ။ ငါ့လေ့လာဆန်းစစ်ချက်တွေအရဆိုရင် သူ အရွယ်မရောက်ခင် ငါ သူ့ကို မဖိနှိပ်နိုင်ရင် နောက်ကျ သေချာပေါက် ငါ သေမှာ ”
“ အဲဒီကလေး အရှိန်အဝါကြီးမားလာတာနဲ့ မင်းတို့ ချီရွှဲ့ထုံဂိုဏ်းတစ်ခုလုံး သေချာပေါက် သွေးချောင်းစီးမယ်လို့ ငါ ကောင်းကောင်း ခံစားမိနေတယ်။ ရှေးဟောင်းစာအုပ်တွေထဲမှာလဲ အဲဒီလိုပဲ ရေးထားတာ။ အဲဒီအချိန်ရောက်ရင် အဲဒီကလေးရဲ့ စကားတစ်ခွန်းနဲ့ ငါ့ကျင်းကန်းဂိုဏ်း ချေမှုန်းခံရမှာ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စကားဆုံးသောအခါ နာကြည်းစွာဖြင့် ခေါင်းကို ငုံ့သွားသည်။
နက်မှောင်သောအပြာရောင်ဝတ်ရုံဝတ်အဘိုးအို၏ မျက်နှာအမူအရာက နားလည်ရခက်သည့်အသွင် ဖြစ်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ စေ့စေ့ကြည့်ပြီးနောက် ခဏအကြာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
“ ယုံလင်းကျစ်၊ ဒီလောက်နှစ်တွေကြာနေတာတောင် စိတ်ကူးယဉ်ဝတ္ထုတွေကို မင်း ဖတ်နေတုံးပဲလား။ မင်းမျက်လုံးထဲ အဲဒီငါးပေါက်လေးက ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးကို သွေးချောင်းစီးအောင် လုပ်နိုင်တဲ့ ကံကြမ္မာနဲ့လူဖြစ်လာမယ်ပေါ့။ မင်းတို့ကျင်းကန်းဂိုဏ်းကလည်း အဲဒီကလေးရဲ့ စကားတစ်ခွန်းနဲ့ ပျက်စီးသွားနိုင်တယ်ပေါ့။ ဒီလောက်ကိစ္စသေးသေးလေးကို မင်း အတွေးလွန်နေပြီ ”
“ မင်း နားမလည်ပါဘူးကွာ။ ငါ့ခံစားချက်တွေကို ငါ ယုံတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကလည်း သက်ပြင်းချ၍ ဆိုသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏အမူအရာကို မြင်၍ အပြာရောင်ဝတ်ရုံဝတ်အဘိုးအိုက ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် သူ့အကြား နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု မရှိပါသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဆက်အသွယ် အနည်းငယ် ရှိခဲ့သည်။
“ အဲဒီကလေး ဘယ်တောင်ထိပ်ကို ဝင်သွားတာတုံး ”
“ သတ္တမမြောက်တောင်ထိပ် … ငါ စုံစမ်းထားရသလောက် သူ့နာမည်က ရွှီချင်း။ လူဆိုးထိန်းဌာနမှာ သူ အလုပ်လုပ်နေတာ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ခပ်တိုးတိုးဖြင့် သူ သိသမျှကို မခြွင်းမခြန် ပြောပြလိုက်သည်။
“ ဘယ်ဌာနနေနေ အရေးမကြီးပါဘူး။ ဂိုဏ်းက သာမန်ဂိုဏ်းသားတွေကို အဆိပ်ကောင်တွေ မွေးမြူထားသလိုမျိုး အချင်းချင်း သတ်ဖြတ်ခိုင်းပေမဲ့ ဖောက်ဖျက်လို့မရတဲ့ စည်းတွေတော့ ရှိတယ် ”
ထိုနေရာအရောက်တွင် အပြာရောင်ဝတ်ရုံဝတ်အဘိုးအိုက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာအမူအရာကိုကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ ထားလိုက်တော့။ အဲဒီကလေးကို ရိုက်နှက်ပြီး ကျင်းကန်းဂိုဏ်းကနေ ယူခဲ့တဲ့ ပစ္စည်းတွေ ပြန်ပေးအောင်လောက်ပဲ ငါ လုပ်နိုင်မှာ။ သူ မပေးနိုင်ရင် သူ့ပစ္စည်းတွေကိုပါ ရောင်းချပြီး ပေးခိုင်းမယ် ”
သူက ကျောက်စိမ်းပေလွှာကလေးကို ထုတ်၍ အနည်းငယ် ညွှန်ကြားချက်ပေးလိုက်သည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ပြောလိုက်သည်။
“ သဘောတူညီချက်က ဒါပဲ။ ကျင့်ကြံဖို့ကိုလည်း အချိန်လေးပေးဦး။ ဒီလောက်နှစ်တွေကြာနေတာတောင် အခြေတည်အဆင့်အစောပိုင်းပဲ ရှိသေးတယ်။ တိုးတက်မလာဘူး။ အဲဒီသောက်အဓိပ္ပာယ်မရှိတဲ့ ရှေးဟောင်းစာအုပ်တွေကိုပဲဖတ်ပြီး စိတ်ကူးတွေလျှောက်ယဉ်မနေနဲ့။ မင်း ဆက်ဖတ်လို့ မင်းမှာကိုယ်တွင်းမိစ္ဆာတွေ ပေါ်လာမှာကို ငါ စိတ်ပူတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက တစ်ခုခုပြောချင်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေသည်။ ယင်းသည် သူ မျှော်လင့်ထားသည့် ရလဒ်မဟုတ်ပေ။ သို့သော်လည်း တစ်ဖက်လူက ဆုံးဖြတ်ပြီးသား ဖြစ်သည်ကို မြင်သောအခါ သူ သက်ပြင်းသာ ချလိုက်ရသည်။ နောက်ဆုံး၌ သူက လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးလိုက်သည်။
***
ညသည် ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏။
နောက်တစ်နေ့ မနက်ခင်း၌ ရွှီချင်းသည် တင်ပျဉ်ခွေထိုင်နေရာမှ မျက်လုံးများ ပွင့်လာပြီး သူ၏ဘေးရှိ သားရေအိတ်ရှုံ့ကို ကြည့်လိုက်သည်။
ထိုအိတ်သည် ယမန်နေ့ညက ဟွမ်ရန် ပေးခဲ့သည့်အိတ်ဖြစ်သည်။ အထဲတွင် သန္ဓေပြောင်းသားရဲသုံးကောင်၏ ကုန်ကြမ်းပစ္စည်းများ ရှိသည်။