ခွဲဝေစားသောက်ခြင်း
Vol. 27 Ch. 261
တန်ပိုင်၏ စိတ်ကူးထဲတွင် စစ်မှန်သော ဓားကျင့်ကြံသူတစ်ယောက် ဆိုသည်မှာ လွတ်လပ် ပွင့်လင်းပြီး အေးစက်ခန့်ညားကာ လူအများထက် မြင့်မားသည့် စိတ်ထားရှိရမည် ဖြစ်သည်။
ခုနက သူ့ရှေ့တွင် ရပ်နေခဲ့သည့် ဓားကျောင်းတော် ဘိုးဘေးကဲ့သို့ပင်။ ဓားတစ်ချက်တည်းဖြင့် ပုံရိပ်ယောင်ကို ရိုက်ခွဲပြီး ယောင်ချီစုန်းမအိုကြီး၏ ခေါင်းကို ဖြတ်ပစ်ခဲ့သည့် အသွင်အပြင်မျိုး။
အခုလို မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးနှင့် ယွိလင်းနှင့် ယွိချွမ်တို့၏ အလောင်းများပေါ်တွင် လက်လျှောက်နှိုက်နေသည့် ထူးဆန်းသော ဦးလေးကြီးပုံစံမျိုး မဟုတ်ပေ။
ယွိချွမ်က ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး အလှအပထိန်းသိမ်းဆေးလုံးများ ပုံမှန် မှီဝဲထားသဖြင့် အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်ရည်မျိုး ရှိနေသည်။ ယွိလင်းကမူ အသားအရေတွေ တွန့်လိမ်နေပြီး ထိတွေ့ရသည်မှာ မကောင်းလှပေ။
အမှန်တကယ် ချန်ဟွိုက်အန်က ထိုအလောင်း နှစ်လောင်းကို ကိုင်တွယ်နေခြင်းမှာ နှာဗူးထနေ၍တော့ မဟုတ်။ သူက ထိုမျှလောက်အထိတော့ အခြေအနေမဆိုးသေး။ သူက ဂိမ်းကစားသူတိုင်း၏ ဗီဇအတိုင်း ပစ္စည်းကောက်ခြင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ ကြီးမားသော လောကကြီးတွင် အာပီဂျီဂိမ်းတစ်ခု ကစားနေရသလိုမျိုး အထူးသဖြင့် အင်ပီစီများက ပစ္စည်းများ ချပေးနေချိန်တွင် ပစ္စည်းမကောက်ဘဲ နေမည့်သူမှာ ရူးနေသူသာ ဖြစ်ပေလိမ့်မည်။
“တောက်... တကယ် ငမွဲနှစ်ကောင်ပဲ...”
ချန်ဟွိုက်အန်က သူကောက်ရသော ပစ္စည်းများကို ကြည့်ရင်း စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
ဝိညာဉ်ပုံဆောင်ခဲ ရာဂဏန်းအချို့၊ သာမန်ဝိညာဉ်လက်နက် သုံးခုနှင့် ဟိုစပ်စပ်ဒီစပ်စပ် ဆေးလုံး အချို့။ ထိုမျှသာ။
သူတို့က မြင့်မြတ်နယ်မြေက အကြီးအကဲတွေပဲလေ... အနည်းဆုံး ပုံဆောင်ခဲ သောင်းဂဏန်း၊ ဝိညာဉ်လက်နက် ရာချီနဲ့ ထိပ်တန်းဆေးလုံးတွေ အများကြီး ပါသင့်တာ မဟုတ်ဘူးလား...
ဓားကျောင်းတော်က သေဆုံးသွားသော တပည့်များဆီမှပင် ထိုထက်ကောင်းသော ပစ္စည်းများ ရသေးသည်။ တကယ်ကို အရှက်မရှိကြခြင်းပင်။
တန်ပိုင်က နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။
ဓားကျောင်းတော် ဘိုးဘေးက... ဆဲလိုက်တာလား။
ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သေသူကို အနည်းဆုံးတော့ လေးစားမှုပြသင့်သည် မဟုတ်ပေလား။ သူ သတိပေးချင်သော်လည်း ယွိလင်းနှင့် ယွိချွမ်တို့ မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို ပြန်စဉ်းစားမိသည့်အခါတွင် ပါးစပ်ပိတ်နေလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
“စီနီယာချန်၊ ကျွန်မရဲ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်။” သူက ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ “ကျွန်မ အမေကို ကယ်ဖို့ နည်းလမ်းရှာရဦးမယ်။ အောင်မြင် သွားတဲ့အခါ စီနီယာရဲ့ ကျေးဇူးကို ဆပ်ဖို့ သေချာပေါက် ပြန်လာပါ့မယ်။”
သူက ကျန်းချီမြို့ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
သူက ကျေးဇူးကန်းနေ၍တော့ မဟုတ်။ သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုးတစ်ခုဟု ခံစားနေရခြင်းကြောင့် ဖြစ်သည်။ ဘိုးဘေးထံမှ နောက်ထပ်အကူအညီများ ထပ်တောင်းရန် သူ့မှာ သတ္တိမရှိပေ။
သူက မိမိ၏ အသက်ကို ကယ်ပေးပြီးလေပြီ။ အမေဖြစ်သူကို ကယ်ရန် ထပ်တောင်းဆိုနေခြင်းက အခွင့်အရေး အလွန်အကျွံယူရာ ရောက်ပေလိမ့်မည်။
ထို့အပြင်... ယောင်ချီမြင့်မြတ်နယ်မြေတွင် မဟာတက်လှမ်းခြင်းအဆင့် ရှိသည့် မိစ္ဆာအိုကြီးများ ရှိနေသည် မဟုတ်ပါလား။ သူ၏ကျေးဇူးရှင်ကို ထိုပြဿနာများထဲ မဆွဲသွင်းချင်ပေ။
သူ ခြေလှမ်းစလိုက်ချိန်မှာပင် နောက်ကွယ်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“နေဦး...”
“စီနီယာ။” တန်ပိုင် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ သူ့ပခုံးကို ကြီးမားသော လက်တစ်ဖက်က ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
“ငါ ပြောပြီးသားပဲ မဟုတ်လား” ချန်ဟွိုက်အန်က ဆိုသည်။ “မင်းနဲ့ ငါက ရေစက်ပါတယ်လို့။”
ဘာလဲ။ ငါ့ပန်းကန်ထဲ ရောက်လာတဲ့ ဘဲလေးကို ဒီအတိုင်း လွတ်ပေးလိုက်ရမှာလား။ ဆုတောင်းလေ။
သူက ဝတ်ရုံလက်ကို တစ်ချက်ဝှေ့ယမ်းကာ စွမ်းအားကို အသုံးပြုပြီး တန်ပိုင်ကို သူ၏ ကမ္ဘာငယ်လေး အတွင်းသို့ တိုက်ရိုက် ဆွဲခေါ်သွားတော့သည်။
ထို့နောက်တွင် ချန်ဟွိုက်အန်နှင့် တန်ပိုင်တို့ နှစ်ယောက်လုံး ပျောက်ကွယ်သွားကြသည်။
လမ်းမပေါ်ရှိ လူသားအုပ်ကြီးမှာမူ အရှေ့သို့ တိုးဝှေ့လာကြသည်။ ယွိလင်းနှင့် ယွိချွမ်တို့၏ အလောင်းများကို ပစ္စည်းနှိုက်ရန် အပြေးအလွှား လာကြခြင်းပင်။
“အင်မော်တယ်ရဲ့ အသားကို စားရင် အသက်ရှည်တယ်လို့ ကြားဖူးတယ်။ အသားတစ်ဖဲ့လောက် ဖြတ်ယူတာ ဘာမှမဖြစ်ပါဘူးနော်။”
“ဒါက တကယ်ပဲ အင်မော်တယ်လား။ နှစ်ထောင်ချီနေပြီဆိုပေမဲ့ အသားတွေ တင်းနေတုန်းပဲ...”
“မြန်မြန်... ပစ္စည်းတွေ ရှာကြ... သူတို့မှာ ရတနာတွေ ကျန်ဦးမှာပဲ...”
“ငါ အင်မော်တယ်ဝတ်ရုံ ရပြီဟေ့... ဟားဟား။ ငါ သူရဲ့အဝတ်အစားတွေ ရပြီ...”
အနီးအနားရှိ လေလွင့်ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်နေကြ၏။
ဓားကျောင်းတော် ဘိုးဘေးက အလောင်းများဆီမှ ပစ္စည်းနှိုက်သွားသည်ကို သူတို့ မြင်ခဲ့ကြသည်။ တန်ဖိုးရှိသည်မှန်သမျှ သူ ယူသွားပြီးသားပင်။ သို့သော် သာမန်လူသားများက ထိုမျှအထိ ရူးသွပ်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
“ယောင်ချီက အကြီးအကဲတွေက မိစ္ဆာကျင့်ကြံသူတွေနဲ့ ဘာမှမခြားဘူး။ တန်ပိုင်ကို ထွက်လာဖို့ မြို့တစ်မြို့လုံးကို သတ်ပစ်ဖို့တောင် ပြင်ခဲ့ကြတာ။ သူ ထွက်လာရင်တောင် သက်သေတွေကို နှုတ်ပိတ်ဖို့ လူအားလုံးကို သတ်ဖို့ ကြိုးစားနေတုန်းပဲ။ အခုလို အဆုံးသတ်သွားတာ သာမန် လူသားတွေရဲ့ ဝိုင်းဆွဲဖြဲတာ ခံလိုက်ရတာ သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးပေးပဲလို့ ထင်တယ်။”
“...ဟေ့။ ကျုံးကျိုးလျို့ဝှက်နယ်မြေမှာ ဖြစ်ခဲ့တာတွေလေ။ ဓားကျောင်းတော်တပည့် ပြောသွားတဲ့ စကားတွေက တကယ်ပဲ မှန်နေနိုင်မလား။ တပည့်တွေကို သတ်လိုက်တာက တကယ်ပဲ မြင့်မြတ်နယ်မြေတွေ ဖြစ်နေမလား။”
ရှူး...
လူအုပ်ကြီး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
ထိုဖြစ်ရပ်မတိုင်ခင်အထိ သူတို့က မြင့်မြတ်နယ်မြေများကို မထိရက် မကိုင်ရက်အောင် မြင့်မြတ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုနေရာမှ လူများက ဖြောင့်မတ်ပြီး၊ ချင်းယွန်ဘုံရှိ ကျင့်ကြံသူတိုင်းအတွက် စံပြပုဂ္ဂိုလ်များဟု သတ်မှတ်ခဲ့ကြသည်။
သို့သော် ယနေ့ ဖြစ်ပျက်သွားသည်များကြောင့်... ယောင်ချီ၏ ပုံရိပ်မှာ အစိပ်စိပ်အမွှာမွှာ ကွဲကြေ သွားခဲ့ပြီ ဖြစ်သည်။
ထိုအကြီးအကဲနှစ်ဦးမှာ မောက်မာလှသ၏။ ကြောက်စရာကောင်းသည်။ သူတို့၏ လုပ်ရပ်တွင် တရားမျှတမှုဟူ၍ အစအနပင် မရှိခဲ့ပေ။
ရယ်စရာကောင်းသည်မှာ ဓားကျောင်းတော် ဘိုးဘေးကသာ တကယ့်တရားသော ကျင့်ကြံသူနှင့် ပိုတူနေခြင်းပင်။ အလောင်းဆီမှ ပစ္စည်းနှိုက်ခြင်းကို ချန်လှပ်ထားလျှင်ပေါ့။
“ဒါတွေက မှန်လား မမှန်ဘူးလားဆိုတာ ငါတို့လို လေလွင့်ကျင့်ကြံသူတွေ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ ဂိုဏ်းတပည့်တွေနဲ့ တွေ့ရင်တော့ အချက်အလက်လေးတွေ နည်းနည်း ပေးလိုက်လို့ ရတာပေါ့။ သူတို့ဘာသာ သူတို့ ဘာယုံရမလဲ ဆုံးဖြတ်ကြပါစေ...”
“စကားကောင်းပဲ ညီအစ်ကိုလီ။ ငါကတော့ ဆုံးဖြတ်ပြီးပြီ။ နောက်တစ်ခါ မြင့်မြတ်နယ်မြေက လူတွေနဲ့ တွေ့ရင် ရှောင်သွားတော့မယ်။”
...
“ဒါက တန်ယွင်ရဲ့သမီး တန်ပိုင်ပဲ။”
ချန်ဟွိုက်အန်က မိန်းကလေးကို ဓားကျောင်းတော် လူအုပ်ကြီးဆီသို့ တွန်းပို့လိုက်သည်။
ချက်ချင်းပင် တပည့်များ၏ မျက်လုံးများမှာ သိုးကလေးတစ်ကောင်ကို မြင်လိုက်ရသည့် ဝံပုလွေများကဲ့သို့ ဝင်းလက်သွားကြသည်။
“ဘိုးဘေးကတော့ တကယ့်ကို တော်တာပဲ။ မြန်လိုက်တာ။ သူကို ရှာတွေ့ခဲ့တာလား။”
အမြဲလိုလို မှုန်ကုပ်ကုပ်ဖြစ်နေတတ်သည့် စုချီနျန်၏ မျက်နှာပေါ်မှာပင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ တန်ပိုင် ရှိနေပြီဆိုလျှင် သူတို့အတွက် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်ပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့၏ တိုက်ရိုက်တပည့် သုံးဦး ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ဖြေရှင်းနိုင်ပေတော့မည်။
တန်ပိုင်မှာမူ အံ့အားသင့်စွာ မျက်တောင်ခတ်နေမိ၏။
သူ ဓားကျောင်းတော်အကြောင်း ကြားဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ...
ဘိုးဘေးက ငါ့ကို တိုက်ဆိုင်လို့ ကယ်ခဲ့တာ မဟုတ်ဘူးလား။ သူက ငါ့ကို တစ်ချိန်လုံး လိုက်ရှာနေခဲ့တာလား...
ဆေးလုံးဖော်စပ်နည်းကို သိနေသည့်အပြင် သူက ထူးခြားသည့် စွမ်းအားမရှိသော သာမန် အဂ္ဂိရတ်ပညာရှင် တစ်ယောက်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် တစ်ခုတည်းသော အဓိပ္ပာယ်မှာ ချန်ဟွိုက်အန်၏ ရည်မှန်းချက်ကလည်း ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးသာ ဖြစ်သည်။
သူ၏ခံစားချက်မှာ ဝံပုလွေတွင်းတစ်ခုမှ လွတ်လာပြီး ကျားတွင်းထဲ ပြန်ရောက်သွားသလိုမျိုးပင်။
ထိုအတွေးကြောင့် သူ အနည်းငယ် နောက်သို့ တွန့်ဆုတ်သွားမိသည်။ သူက ချန်ဟွိုက်အန်ကို သနားစဖွယ် မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။
“စီနီယာ။ ဘာလို့ ကျွန်မကို ဒီကို ခေါ်လာတာလဲ။ ကျွန်မ... ကျွန်မ ဘာမှမသိဘူး။ ကျွန်မက အသည်းငယ်တယ်...”
“မင်းက ငါ့ကျေးဇူးကို ဆပ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။” ချန်ဟွိုက်အန်က မျက်ခုံး တစ်ချက် ပင့်လိုက်သည်။
“ဒါဆို ငါ့ကို ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ပေးဖို့ ကူညီပေး။”
သူက တန်ပိုင်ကို ခန်းမထဲသို့ ခေါ်ဆောင်သွားပြီး ကုတင်ပေါ်တွင် သတိလစ်နေကြသည့် ပုံရိပ်များဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် သုံးဦးနှင့် လင်းရှီးတောင်ကြား သခင်မ ယွန်ပိုင်ယွီတို့ပင်။
သူက သူတို့ကို တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်၏။
“မင်း စိုးရိမ်နေစရာ မလိုပါဘူး။ ဟုတ်တယ်။ ငါ မင်းကို ဆေးလုံးဖော်ဖို့ ခေါ်လာတာ မှန်တယ်၊ ဒါပေမဲ့ ဒါက ယုတ်မာတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘူး။ အသက်တွေကို ကယ်ဖို့အတွက်ပဲ။”
“...ဒါဆို စီနီယာက ယောင်ချီနဲ့ ဖန်ကျင်းတို့ ဘာတွေလုပ်နေလဲဆိုတာ သိနေတာလား။” တပည့်သုံးဦး၏ ညှဉ်းပန်းနှိပ်စက်ခံထားရသော အခြေအနေကို မြင်လိုက်ရသည့်အခါ တန်ပိုင်၏ ရင်ထဲမှာ နာကျင်သွားရသည်။
သူ အဂ္ဂိရတ်ပညာရှင် ဖြစ်လာရသည့် အကြောင်းရင်းမှာလည်း အသက်တွေကို ကယ်တင်ရန်သာ ဖြစ်သည်။ အကယ်၍ ဓားကျောင်းတော်က မြင့်မြတ်နယ်မြေများကို ဆန့်ကျင်နေသည်ဆိုလျှင် သူ့အနေဖြင့် ကူညီရန် ငြင်းဆန်စရာ အကြောင်းမရှိပေ။
“အကြမ်းဖျင်းတော့ သိတယ်...” ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။
“မင်းအမေကို ယောင်ချီက ဖမ်းသွားတယ်လို့ မင်းပြောတယ် မဟုတ်လား။ ဒါဆို ငါတို့မှာ တူညီတဲ့ ရန်သူရှိတာပဲ။ အတူတူ ပူးပေါင်းကြရင် မကောင်းဘူးလား။”
“ကျွန်မ တတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့ အသင့်ပါပဲ။” တန်ပိုင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ့အမေကို ကယ်တင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အလုပ်တစ်ခုဟု အမြဲထင်ခဲ့မိသည်။ သို့သော် အခု ဓားကျောင်းတော်နှင့် ချန်ဟွိုက်အန်တို့က နောက်ကွယ်တွင် ရှိနေပြီဆိုလျှင် မျှော်လင့်ချက် ရှိနိုင်ပါသည်။ ခေါင်းမာနေစရာ မလိုတော့ပေ။
သူ ခေါင်းမော့လိုက်ရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးလျက် ဝေခွဲမရ ဖြစ်နေသည်။
“အမှန်အတိုင်း ပြောရရင်...ကျွန်မ ငယ်ငယ်ကတည်းက ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်နည်းကို သိပါတယ်။ ဖော်စပ်နည်းကိုလည်း အလွတ်ရပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက အရမ်းကို ရှားပါးတယ်။ ကျွန်မဆီမှာတော့ ဘာမှမရှိပါဘူး။ အဲဒီပစ္စည်းတွေ စုဆောင်းဖို့ကတော့ စီနီယာတို့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။”
“ပါဝင်ပစ္စည်းတွေကိစ္စကို ငါ့တာဝန်ထားလိုက်။ မင်းက ဆေးလုံးဖော်စပ်ဖို့ကိုပဲ အာရုံစိုက်။”
ချန်ဟွိုက်အန်က အကြီးအကဲလျူကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ တန်ပိုင်ကို ကူညီရန် တိတ်ဆိတ်သော အချက်ပြမှုပင်။
ဓားကျောင်းတော်က ဆင်းရဲကောင်း ဆင်းရဲနိုင်သော်လည်း အကြီးအကဲလျူ၏ ကြိုးစားမှုကြောင့် ဆေးဖက်ဝင်အပင်ဥယျာဉ်မှာ ဖြစ်ထွန်းအောင်မြင်နေ၏။ လိုအပ်သည့် ပစ္စည်းအချို့တော့ သေချာပေါက် ရှိနိုင်ပေလိမ့်မည်။
အချိန်ဆွဲနေ၍ မရပေ။ ဆေးဖက်ဝင်အပင်တွေကို ပြင်ဆင်ရုံနှင့်တင် အချိန် အတော်လေး ယူရပေလိမ့်မည်။
ထို့အပြင် တိုက်ရိုက်တပည့် သုံးဦးမှာလည်း အသက်လုနေရသလို ယွမ်ပိုင်ယွီ၏ အခြေအနေ မှာလည်း ပိုမို ဆိုးရွားလာနေသည်...
ချန်ဟွိုက်အန်က သက်ပြင်း ချလိုက်ပြီး သူ၏အကြည့်မှာ ကုတင်ပေါ်တွင် ငြိမ်သက်နေသည့် တောင်ကြားသခင်မ၏ ပုံရိပ်ပေါ်သို့ ခဏမျှ ကျရောက်သွားသည်။
သူ့တွင် အချိန် သိပ်မကျန်တော့ပေ။
...