ငါ ချန်ဟွိုက်အန်က အကုန် တာဝန်ယူတယ်
Vol. 27 Ch. 262
“သခင်မ... တစ်ခုခုဖြစ်သွားပြီ...”
“ဘာဖြစ်ပြန်တာလဲ...” သခင်မ ယွိယောင်က သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးလွှာသော ကုတင်လိုက်ကာကြားမှ အပြင်ဘက်တွင် ဒူးထောက်နေသော အကြီးအကဲကို ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ မုန်တိုင်းကျတော့မည့်အလား မှောင်မှောင်မည်းမည်း ဖြစ်နေ၏။
သူ ဒဏ်ရာကုသရင်း တရားထိုင်နေစဉ် အနှောင့်အယှက်ပေးခံရသည်မှာ ယခုက ပထမဆုံးအကြိမ် မဟုတ်ပေ။
အရေးမကြီးလျှင် သူ့ကို လာမနှောင့်ယှက်ရန် ရှင်းရှင်းလင်းလင်း သတိပေးထားခဲ့သည် မဟုတ်ပါလား။
“ယွိလင်းနဲ့ ယွိချွမ်တို့ရဲ့ ဝိညာဉ်မီးအိမ်တွေ ငြိမ်းသွားပါပြီ...”
“ဘာ...” သခင်မ ယွိယောင်က ဒေါသအဟုန်ဖြင့် ဝုန်းခနဲ ထရပ်လိုက်သည်။ “တန်ယွင်ရဲ့သမီး တန်ပိုင်ရော။ သူကို ဖမ်းမိခဲ့ရဲ့လား...”
“မဖမ်းမိပါဘူး...” အကြီးအကဲမှာ သခင်မ ယွိယောင်၏ ဖိအားအောက်တွင် တုန်ရီနေပြီး ခေါင်းကို ငုံ့ထားကာ လျှောက်တင်လိုက်သည်။ “ယွိလင်းနဲ့ ယွိချွမ်တို့က တန်ပိုင်ကို ရှာတွေ့ခဲ့ပေမဲ့ ဓားကျောင်းတော် ဘိုးဘေးက ကြားဖြတ်နှောင့်ယှက်ခဲ့ပါတယ်။ သူက ယွိလင်းနဲ့ ယွိချွမ်ကို သတ်လိုက်တဲ့အပြင် တန်ပိုင်ကိုပါ ခေါ်သွားခဲ့ပါတယ်...”
“အသုံးမကျတာ... တကယ့်ကို အသုံးမကျတာပဲ...” သခင်မ ယွိယောင်၏ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေပြီး သူ၏အသံမှာလည်း ဒေါသကြောင့် အက်ကွဲနေသည်။ “အဲဒီ ဓားကျောင်းတော် ဘိုးဘေးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဥ္စမအဆင့်ပဲ ရှိသေးတာ။ သူက ပဥ္စမအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေရင်တောင် ယွိလင်းက ဆဋ္ဌမအဆင့်ကို ရောက်နေပြီလေ။ ပဥ္စမအဆင့်ရှိတဲ့လူက ဆဋ္ဌမအဆင့်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...”
“သခင်မ... အကြီးအကဲယွိလင်းက သူ့ကို လျှော့တွက်ခဲ့တာ ဖြစ်မှာပါ။ သူက ကမ္ဘာငယ်ကိုတောင် ထုတ်မသုံးခဲ့ရဘူးလို့ သိရပါတယ်။ ကျွန်မတို့ရရှိထားတဲ့ သတင်းတွေအရ အဲဒီဓားကျောင်းတော် ဘိုးဘေးရဲ့ ဓားချက်က အတော်လေး မြန်တယ်။ သူက ပဥ္စမအဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ ဓားအပေါ် နားလည်မှုက ဥပဒေသတွေရဲ့ အဆင့်နီးပါးကို ရောက်နေပြီ။ ဓားကျင့်ကြံသူတွေဆိုတာကလည်း သတ်ဖြတ်ဖို့အတွက်ပဲ မွေးဖွားလာကြတာဆိုတော့...”
“ဆင်ခြေတွေ... ဆင်ခြေတွေချည်းပဲ။”
သခင်မ ယွိယောင်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သော်လည်း ဒေါသထွက် နေရုံမှအပ ဘာမှမတတ်နိုင်ပေ။
သူက ဓားကျောင်းတော် ဘိုးဘေး၏ တည်နေရာကို နိမိတ်ဖတ်၍ မရခဲ့ပေ။ အကယ်၍သာ ရခဲ့ပါက သူ့ကို သတ်ပစ်လိုက်သည်မှာ ကြာလှလေပြီ။
တန်ပိုင်ကို ဖမ်းဆီးရန် ကြိုးပမ်းခြင်းက ကျန့်ဝူမြင့်မြတ်နယ်မြေမှ လူများကို ဆွဲဆောင် နိုင်မည်ဟုလည်း သူ တွေးထားခဲ့ပြီးဖြစ်သည်။ အကယ်၍ တန်ပိုင်က အကူအညီတောင်းလျှင် ကျန့်ဝူက ကျန်းယိပိုင်၏မျက်နှာကြောင့် သေချာပေါက် ပါဝင်လာပေလိမ့်မည်။ ထို့ကြောင့်လည်း သူက ကျန့်ဝူမြင့်မြတ်နယ်မြေသို့ လူလွှတ်ပြီး လျော်ကြေးတောင်းခိုင်းကာ သူတို့ကို အလုပ်ရှုပ် နေအောင် လုပ်ထားခဲ့ခြင်း ဖြစ်သည်။ ဓားကျောင်းတော် ဘိုးဘေးဆိုသူက လမ်းခုလတ်မှာ ကြားဖြတ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ...
“သခင်မ... အခု ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ။” အကြီးအကဲက သခင်မ ယွိယောင်ကို တစ်ချက်ခိုးကြည့်ကာ အကဲခတ်ပြီးနောက် ခေါင်းကို အမြန်ပြန်ငုံ့လိုက်သည်။
“တန်ပိုင်နေရာ ဟန်ဆောင်ဖို့ တစ်ယောက်ယောက်ကို ရှာလိုက်။ သူတို့သားအမိ မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ပြီ။ ရုပ်ချင်း ဆင်တူနေသရွေ့ သူတို့ သတိထားမိမှာ မဟုတ်ဘူး...”
သခင်မ ယွိယောင်က မျက်လုံးများကို မှေးလိုက်ပြီး ဆုပ်ထားသော သူ၏လက်ချောင်းများမှာ ဖြူလျော့နေသည်။
စစ်မှန်သောချီများမှာ သူ၏ ပတ်ဝန်းကျင်တွင် တိတ်တဆိတ် ထကြွနေသည်။ အပြင်ပန်းတွင် မမြင်ရသော်လည်း အရိပ်အောက်တွင်မူ ပေါက်ကွဲရန် စောင့်ဆိုင်းနေသော ဆူနာမီလှိုင်းကြီး တစ်ခုကဲ့သို့ သတ်ဖြတ်ခြင်းအရှိန်အဝါများ စုဝေးနေ၏။
သူက ဓားကျောင်းတော် သို့မဟုတ် ၎င်း၏ ဘိုးဘေးကို ယခုအချိန်တွင် ကိုင်တွယ်ရန် အစီအစဉ်မရှိခဲ့ပေ။ အဆုံးစွန်အားဖြင့် ကျင့်စဉ်လမ်းဆုံးသို့ ရောက်ရှိကာ တက်လှမ်းခြင်းထက် အရေးကြီးသည်မှာ မရှိပေ။ သို့သော် ထိုကိစ္စက သူ့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ သူ နောက်ထပ် အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ “ဓားကျောင်းတော် ဘိုးဘေးက ရှာရခက်သလို ရှာမတွေ့အောင်လို့ ကမ္ဘာငယ်လေးထဲမှာ ပုန်းနေနိုင်တယ်။ သူ့ကို အပြင် မျှားထုတ်ပြီး သတ်ပစ်ဖို့ ထောင်ချောက်တစ်ခု ဆင်ရမယ်။ ဒါမှ ငါ့ရဲ့ ဒေါသ ပြေပျောက်မှာ...”
“သခင်မက တကယ့်ကို တော်ပါပေတယ်...” အကြီးအကဲက အမြန်ပင် မြှောက်ပင့်လိုက်သည်။ “ရန်သူကို မျှားထုတ်ဖို့ ကျွန်မ ဘာလို့ မစဉ်းစားမိပါလိမ့်။ ဒါပေမဲ့... သခင်မ၊ သူ့ကို ဘယ်လို မျှားထုတ်မှာလဲ။”
“သူက ဓားကျောင်းတော်ကဆိုတော့ ဓားလမ်းစဉ်ကို သေချာပေါက် ဂရုစိုက်မှာပဲ။ သာမန် ဆေးဖက်ဝင်အပင်တွေနဲ့ ရတနာတွေက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဥ္စမအဆင့်မှာ ရှိနေတဲ့ မိစ္ဆာတစ်ကောင်ကို စိတ်ဝင်စားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။” သခင်မ ယွိယောင်က ခဏ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ပြောလိုက်သည်။ “ကျန်းယိပိုင်ရဲ့ ကျန့်ဝူအမြွှာဓားကို ငါးစာအနေနဲ့ သုံးလိုက်။ ဓားဝိညာဉ်တွေက ကြွေလွင့်သွားပြီဆိုပေမဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုတင် ထောင်ချောက်ထဲ ရောက်လာအောင် မျှားခေါ်ဖို့ လုံလောက်တယ်...”
“ဒါပေမဲ့ သခင်မ... အဲဒီဓားတွေက ကျန့်ဝူမြင့်မြတ်နယ်မြေမှာ ရှိနေတာ မဟုတ်လား...”
“အဲဒါတွေက အတုတွေ။” သခင်မ ယွိယောင်က နှာခေါင်းရှုံ့လိုက်သည်။ “အစစ်တွေကို ငါ သိမ်းထားတာ ကြာလှပြီ။ အဲဒီလို ရတနာမျိုးကို ငါ့လက်ထဲကနေ ဘယ်လိုလုပ် လွတ်ပေး နိုင်မှာလဲ။”
“သခင်မကတော့ တကယ့်ကို အနှိုင်းမဲ့ပါပဲ...” အကြီးအကဲမှာ အားကျမဆုံး ဖြစ်သွားသည်။
သူ နောက်ထပ် မြှောက်ပင့်စကားတွေ ထပ်ပြောတော့မည့်အချိန်မှာပဲ ယောင်ချီတပည့်တစ်ဦးမှာ ပျာပျာသလဲ ဝင်လာ၏။ သူ၏ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူက အကြီးအကဲနှင့် သခင်မ ယွိယောင်တို့ကြားတွင် ဒုန်းခနဲ အသံမြည်အောင် ဒူးထောက် လိုက်သည်။
အကြီးအကဲက မျက်တောင်ခတ်လိုက်၏။ သူ မှတ်မိသလောက်ဆိုလျှင် ထိုတပည့်မှာ ယောင်ချီ၏ ရတနာတိုက်ကို စောင့်ကြပ်ရန် တာဝန်ပေးထားသူ မဟုတ်ပါလား။
ရတနာတိုက်မှာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား။
သူ၏ နှလုံးခုန်သံများ မြန်လာသည်။
“သခင်မ... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါပြီ...” ထိုတပည့်က ငိုသံကြီးဖြင့် အော်လိုက်သည်။
သခင်မ ယွိယောင်က သွားများကို ကြိတ်လိုက်ရာ အသံပင် ထွက်လာပြီး သူ၏မျက်နှာမှာ ပို၍ မှောင်ကျသွားသည်။ “ကြောက်စရာကောင်းတဲ့ကိစ္စ” ဆိုသည့် စကားလုံးကို ကြားရရုံနှင့်ပင် သူ စိတ်အနှောင့်အယှက် ဖြစ်နေပြီဖြစ်သည်။
“ဘာဖြစ်ပြန်တာလဲ...”
“ရတနာတိုက်ထဲက ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ဖို့ ပါဝင်ပစ္စည်း အပုံတစ်ရာ ပျောက်ဆုံးသွားပါတယ်...”
“ဘာ...” သခင်မ ယွိယောင်၏ မျက်စိရှေ့တွင် အမှောင်ထုများ ဖုံးလွှမ်းသွားပြီး လောကကြီး တစ်ခုလုံး ချာချာလည်သွားသည်။ သူ နောက်တစ်ကြိမ် သတိလစ်ကာ လဲကျသွားပြန်၏။
...
“ဘယ်သူက ထင်မှာလဲ... ဒီမိစ္ဆာလမ်းစဉ်စျေးဆိုင်မှာ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ဖို့ ပစ္စည်းတွေ တကယ်ရောင်းနေတာပဲ...”
ချန်ဟွိုက်အန်က ကျောပိုးအိတ်ထဲမှ သေသေသပ်သပ် စီထားသော ပါဝင်ပစ္စည်း အပုံတစ်ရာကို ကြည့်ရင်း ဝမ်းသာအားရ ပွတ်သပ်လိုက်၏။
သူက ကမ္ဘာငယ်လေးထဲမှ ထွက်လာသည်နှင့် ပါဝင်ပစ္စည်းများကို ရှာဖွေရန် ကောင်းကင် နက္ခတ်တွက်ချက်ခြင်းကို အသုံးပြုခဲ့သည်။
အဖြေက သူ့နှာခေါင်းထိပ်မှာတင် ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သူက ဂိမ်းထဲတွင် ငွေ ၁သိန်းပင် ဖြုန်းခဲ့မိသည်။ အကယ်၍သာ ထို မိစ္ဆာလမ်းစဉ်စျေးဆိုင်ကို စောစောစီးစီး စစ်ဆေးခဲ့ပါက ထိုငွေတွေကို ဖြုန်းမိလိမ့်မည် မဟုတ်ပေ။
မည်သည်ကြောင့် မိစ္ဆာလမ်းစဉ်စျေးဆိုင်တွင် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ပါဝင်ပစ္စည်း ရှိနေရကြောင်းကို....
ချန်ဟွိုက်အန် ခဏလောက် စဉ်းစားကြည့်ပြီး နားလည်သွားသည်။
ထိုဆိုင်က မည်သည့်အရာများ ရောင်းနေကြောင်းကို ကြည့်လိုက်ရုံနှင့် သိနိုင်သည်။
ဗုဒ္ဓဓာတ်တော်များ၊ ယောင်ချီအမျိုးသမီးကျင့်ကြံသူများ၏ အတွင်းခံများ၊ လင်းရှီးတောင်ကြား တပည့်များ၏ ရင်စည်းများ၊ သုခဘုံဂိုဏ်း၏ မြှူဆွယ်ခြင်းအတတ်များ၊ ထူးဆန်းသော စိတ်ဝိညာဉ်အမြစ်များ၊ ဆေးလုံးများနှင့် အဆောင်များ၊ ဖြောင့်မှန်သောလမ်းစဉ်ဂိုဏ်းများ၏ ကျင့်စဉ်ကျမ်းအပိုင်းအစများပင်။ ၎င်းတို့အားလုံး လုယက်ပစ္စည်းများ ဖြစ်သည်မှာ ရှင်းလှသည်။
မိစ္ဆာလမ်းစဉ်စျေးဆိုင်ဆိုသည်မှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများက ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူများကို သတ်ပြီး ရလာသော ပစ္စည်းများကို ရောင်းနေခြင်းသာ ဖြစ်သည်...
ခိုးရာပါပစ္စည်းများဖြစ်ရာ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ပါဝင်ပစ္စည်းများ ရှိနေခြင်းက သဘာဝကျလှသည်။
မည်သည့်နေရာက ရသလဲ မေးလျှင် အဖြေက ရှင်းပေသည်။ သူတို့ တစ်ယောက်ယောက်ကို ဓားပြတိုက်လာခြင်းပင်။
ဒီစျေးဆိုင်မှ ပစ္စည်းဝယ်ရန် ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ၊ ဝိညာဉ် ပုံဆောင်ခဲများနှင့် ငွေကြေးများ လိုအပ်သည်။
ဥပမာအားဖြင့် ပါဝင်ပစ္စည်း တစ်ပုံစာအတွက် ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူအပိုင်းအစ ၂၀၊ ဝိညာဉ်ပုံဆောင်ခဲ ၂ ခုနှင့် ငွေ သိန်း၁၀၀ ကုန်ကျသည်။
ယွိချွမ်နှင့် ယွိလင်းတို့ကို သတ်ပြီးနောက်တွင် သူတို့နှစ်ယောက်လုံးဆီမှ အပိုင်းအစများ အများအပြား ထွက်လာခဲ့သည်။ တစ်ယောက်ကို ၁၀၀ကျော်ပင်။
သူ့ဆီတွင် ရှိနှင့်ပြီးသား အပိုင်းအစများနှင့် ပေါင်းလိုက်သောအခါ အပုံတစ်ရာစာ လဲလှယ်ရန် အပိုင်းအစ ၂၀၀၀ကျော် ရှိသွားခဲ့သည်။
အကယ်၍ အပိုင်းအစများသာ မကုန်သွားလျှင် သူ ဆက်ပြီး လဲလှယ်နေဦးမည် ဖြစ်သည်။
ပစ္စည်းလက်ကျန်က နှစ်ရာကျော်ပင် ရှိနေသေးသည် မဟုတ်ပါလား။
“နောက်ဆိုရင် သတ်ဖို့အတွက် ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူတချို့ကို ရှာရဦးမယ် ထင်တယ်။” ချန်ဟွိုက်အန်၏ မှေးစက်နေသော မျက်လုံးများတွင် အေးစက်သော အလင်းတန်း တစ်ခု ဝင်းလက်သွား၏။
“မဟုတ်သေးဘူး။ အစီအစဉ်မရှိဘဲ သတ်တာက ငါ့ကိုလည်း ယုတ်မာတဲ့ မိစ္ဆာတွေနဲ့ ဘာမှ မခြားအောင် လုပ်လိမ့်မယ်။ ငါ သတ်ရမယ်ဆိုရင် အကြောင်းပြချက် ခိုင်လုံရမယ်...” သူက မိမိကိုယ်ကို ချက်ချင်း ပြန်မတ်လိုက်ပြီး လက်သီးကို ဆုပ်လိုက်သည်။ “ဒါဆိုရင် ငါ ယောင်ချီနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေက ကျင့်ကြံသူတွေကို သတ်မယ်... အကြောင်းပြချက်က သူတို့တွေ ငါ့ရဲ့တပည့်တွေနဲ့ ဂိုဏ်းသားတွေကို နာကျင်စေခဲ့လို့ပဲ... အဲဒီမြင့်မြတ်နယ်မြေက အပြစ်မဲ့တဲ့ ကျင့်ကြံသူတွေအတွက်ကတော့ သူတို့ ငါနဲ့ဆုံရတာဟာ ရေစက်ပဲလို့ ပြောရမှာပေါ့။”
ချန်ဟွိုက်အန်က အရာအားလုံးကို တွက်ချက်ပြီးသားပင်။
သူက သီချင်းတအေးအေးနှင့် ဟင်းလင်းပြင်ကို ခွင်းကာ သူ၏ကမ္ဘာငယ်လေးထဲသို့ ပြန်သွားခဲ့၏။
သူ ဆင်းသက်လိုက်သည့်ခဏတွင် အကြီးအကဲလျူနှင့် တန်ပိုင်တို့ လျိုရှားတောင်ထွတ်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်က အကြီးအကျယ် စိတ်ဓာတ်ကျနေပုံရပြီး ကျန်တစ်ယောက်ကတော့ စိုးရိမ်ပူပန်နေသည်။
“ဘိုးဘေး... ပြန်လာပြီလား။”
အကြီးအကဲလျူက ကယ်တင်ရှင်ကို မြင်လိုက်ရသည့်အလား အပြေးအလွှား ရောက်လာပြီး နေရခက်စွာဖြင့် ပြောလိုက်သည်။ “ဘိုးဘေး... ကျွန်တော်တို့ ဓားကျောင်းတော်မှာ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ပါဝင်ပစ္စည်း တစ်ခုမှ မရှိပါဘူး... တစ်ခုမှတောင် မရှိတာပါ။ အဲဒါတွေက ရှားပါးလွန်းလို့ မဟုတ်ပါဘူး။ အဓိကကတော့ ဓားကျောင်းတော်ရဲ့ စိတ်ဝိညာဉ် ချီစွမ်းအင်က အားနည်းလွန်းနေတာ။ တချို့ဆေးပင်တွေက ကျွန်တော်တို့ ဆေးဥယျာဉ်မှာ စိုက်လို့ မရပါဘူး။ ဒီဆေးပင်တွေက မြင့်မြတ်နယ်မြေကြီးသုံးခုမှာပဲ ပေါက်တာ ဖြစ်ပါလိမ့်မယ်။”
“ဟင်း... ဓားကျောင်းတော်က အရင်က ဒီလောက်တောင် အားကောင်းခဲ့တာ။ ဒါဟာ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကျရှုံးမှုပါပဲ။”
စုချီနျန်သည် ရွှမ်ဝူဓားကို အားပြုကာ ခါးသီးစွာ ပြုံးလိုက်ပြီး အရက်ကို မှုန်မှိုင်းစွာ တစ်ငုံ သောက်လိုက်သည်။
အမှန်တရားမှာ ချင်းယွန်ဘုံ တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များမှာ လျော့ပါးလာနေခြင်းပင်။
ဓားကျောင်းတော်တင် မဟုတ်ဘဲ အခြားသော ဂိုဏ်းငယ်လေးများမှာလည်း ဆုတ်ယုတ် လာနေသည်။
မြင့်မြတ်နယ်မြေကြီး သုံးခုသာလျှင် အားတင်းထားနိုင်ကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များက ဘယ်ကလာသနည်း။ ၎င်းမှာ အခြားသော ဂိုဏ်းငယ်လေးများဆီမှ စုပ်ယူရရှိထားခြင်းသာ ဖြစ်သည်။
လူတိုင်း၏ မျက်နှာတွင် ခါးသီးပြီး စိတ်ပျက်နေသော အမူအရာများ ရှိနေကြ၏။
ဓားကျောင်းတော် ဘိုးဘေး အနေနှင့်...
သူ ရှေ့ထွက်ရမည့် အချိန်ပင်။
ဓားကျောင်းတော်တွင် အရင်းအမြစ်များ ချို့တဲ့နေသည်။ ထိုပါဝင်ပစ္စည်းများ ရရှိရန် ခက်ခဲလှ၏။ ဖိအားများကလည်း အလွန်ကြီးမားလှသည်...
သို့သော် သူ ချန်ဟွိုက်အန်က အရာအားလုံးကို တာဝန်ယူပေးမည်။
ချန်ဟွိုက်အန်က လူအုပ်ကို ကျောခိုင်းကာ ပြင်းထန်လွန်းသော နေရောင်ကို မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး သူ၏ ကမ္ဘာငယ်လေးထဲတွင် နေဝင်ချိန် ပုံရိပ်တစ်ခုကို အေးအေးလူလူ ဖန်တီးလိုက်သည်။
နေဝင်ချိန်၏ ရောင်ခြည်များက သူ၏ပုံရိပ်ကို လွှမ်းခြုံသွားပြီး သူ့နောက်တွင် ရှည်လျားသော အရိပ်တစ်ခု ထင်ကျန်သွားစေသည်။
လူတိုင်းက ထိုအလင်းနောက်ခံရှိ ပုံရိပ်ကို မသိစိတ်ဖြင့် ငေးကြည့်နေကြပြီး အသက်ကိုပင် ခေတ္တအောင့်ထားမိကြသည်။
“ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ပါဝင်ပစ္စည်းတွေပဲကို....”
သူက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
ဘိုးဘေးက သူ၏ သိုလှောင်လက်စွပ်ကို အေးအေးဆေးဆေး တစ်ချက်တောက်လိုက်သည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။
ထို့နောက်တွင်တော့...
ဂွမ်း ဒုန်း ဝုန်း...
ဖြူဖွေးသော ကျောက်စိမ်း သေတ္တာအပုံကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး လေထုထဲတွင် မွှေးကြိုင်လှသော ဆေးရနံ့များ ပြည့်နှက်သွားတော့သည်။
...