← Chapters

လောင်းကြေးထပ်လိုက်ပြီ

Vol. 27 Ch. 266

လောင်းကြေးထပ်လိုက်ပြီ

Vol. 27 Ch. 266

“ဒါက အတွင်းအားကျင့်စဉ်၊ မီးတောက်သိုင်း။ ဒါကတော့ လှံသိုင်း၊ နေမင်းမျက်နှာမူဇာမဏီပဲ။” ချန်ဟွိုက်အန်က လင်းလင်လင် အရှေ့သို့ ကျောက်စိမ်းပြားနှစ်ခုကို ချပေးရင်း တည်ကြည်စွာ ပြောလိုက်သည်။ “ပထမတစ်ခုက မင်းရဲ့ မီးဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ပါရမီနဲ့ ကိုက်ညီတယ်။ ဒုတိယတစ်ခုကတော့ မင်းရဲ့ အခုလက်ရှိ လှံသိုင်းတွေကို မြှင့်တင် ပေးလိမ့်မယ်။ သွားပြီး လေ့ကျင့်တော့...”

လင်းလင်လင်က ကျောက်စိမ်းပြားနှစ်ခုကို ကြောင်တောင်တောင်ဖြင့် လှမ်းယူလိုက်သည်။ သူ၏ ဆဌမအာရုံက ပြောနေသည်မှာ ထိုအရာများက အလွန်တန်ဖိုးကြီးသည့် ရတနာများပင်။

မိစ္ဆာနှိမ်နင်းသူဗျူရိုက ဆယ်စုနှစ်တစ်ခုကြာ အချိန်ပေးပြီး အဓိပ္ပာယ်ဖော်ခဲ့ရသည့် ခွန်းလွန် ကျောက်စာတိုင်ပေါ်မှ အသက်ရှူကျင့်စဉ်ထက် အဆပေါင်းများစွာ ပို၍တန်ဖိုးရှိလှသည်။

“အုပ်ချုပ်ရေးမှူး...” လင်းလင်လင်က ချန်ဟွိုက်အန်ကို တောက်ပနေသော မျက်လုံး ဝိုင်းဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။

သူက အရေးမလုပ်ဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ “တော်ပြီ။ “ဒါက အရမ်းတန်ဖိုးကြီးလွန်းလို့ ကျွန်မ လက်မခံနိုင်ပါဘူး”ဆိုတဲ့ အပိုစကားတွေ မပြောနဲ့တော့။ ငါပေးတယ်ဆိုတာ တကယ် ပေးတာ။ ဒါပေမဲ့ ဒါတွေကို တခြားသူတွေကို ပေးမသိစေနဲ့။ “ရတနာ ပိုင်ဆိုင်တဲ့ လူက အပြစ်မရှိဘဲ အပြစ်ရှာခံရတတ်တယ်”ဆိုတဲ့ အယူအဆကို မင်းနားလည်ဖို့လိုတယ်။ နောက်ပြီး ငါပေးနိုင်သလို ပြန်လည်း သိမ်းယူနိုင်တယ်ဆိုတာ မှတ်ထား။”

“ကျွန်မ ပြောချင်တာက အဲဒါ မဟုတ်ပါဘူး။”

ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။ “ဒါဆို ဘာကို ပြောချင်တာလဲ။”

လင်းလင်လင်က မျက်နှာသေနှင့် အလေးအနက်ထားကာ အကြံပြုချက်တစ်ခု ပေးလိုက်သည်။ “အုပ်ချုပ်ရေးမှူး။ ကျောက်စိမ်းပြားထဲမှာ စာတွေ အများကြီးပဲ။ အဲဒါတွေကို နားလည်ဖို့တင် အချိန်အကြာကြီး ယူရဦးမှာ။ ကျွန်မက သိပ္ပံကျောင်းသူလေ။ စာတွေ အများကြီး မြင်ရရင် ခေါင်းကိုက်တတ်တယ်။ အဲဒီအစား ကျင့်စဉ်တွေကို ချက်ချင်း တတ်သွားအောင် လုပ်ပေးလို့ မရဘူးလား။ ဥပမာ ကျွန်မခေါင်းကို ကိုင်ပြီး “အသက်သွင်းစမ်း”လို့ အော်လိုက်တာမျိုးနဲ့ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးလေ။”

ချန်ဟွိုက်အန် - “…”

စက္ကန့်သုံးဆယ်အကြာတွင်...

လင်းလင်လင်က ခေါင်းကို အတင်းဆွဲကိုင်ခံထားရလျက် အကျဉ်းခန်း နံပါတ်(၀)ထဲမှ အပြင်သို့ လွှင့်ထုတ်ခံလိုက်ရသည်။

ကျောက်စိမ်းပြားနှစ်ခုကလည်း သူ့နောက်သို့ လိုက်ပါလွင့်ထွက်လာသည်။

“ထွက်သွား...”

သတ္တုစပ်တံခါးကြီးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ဝုန်းခနဲ ပိတ်သွားတော့သည်။

လင်းလင်လင်က စိတ်ကောက်ပြီး ပါးလေးနှစ်ဖက်ကို ဖောင်းထားလိုက်သည်။

အကြံပေးရုံလေးပဲကို။ အဲဒီလိုနည်းလမ်း မရှိရင်လည်း ရှိဘူးလို့ ပြောရုံပေါ့။ ဒီလောက်အထိ ကြမ်းတမ်းစရာ မလိုပါဘူး။

သို့သော် သူ တစ်ခု သတိရသွားသည်။ ချန်ဟွိုက်အန် ပေးလိုက်တဲ့ ဒီကျင့်စဉ်တွေက... သူ့ကိုယ်သူ ရောင်းစားပြီး ရလာတာ ဖြစ်နိုင်တယ်။

ဒီလောက် ကောင်းမွန်တဲ့ ကျင့်စဉ်တွေဆိုတော့...

သူ့ခန္ဓာကိုယ်ကို စတီးပွတ်ဖတ်တွေနဲ့ ပွတ်တိုက်ခံရပြီး မုန်လာဥခြောက် ဖြစ်သွားတဲ့အထိ အလုပ်အကျွေး ပြုခဲ့ရမှာပဲ...

အုပ်ချုပ်ရေးမှူးချန်က မိစ္ဆာနှိမ်နင်းသူဗျူရိုကို သိပ်ဂရုမစိုက်သလို ဟန်ဆောင်နေတတ်ပေမဲ့ အရေးကြုံလာရင်တော့ တကယ်ကို အားကိုးရတဲ့သူပဲ...

လက်အောက်ငယ်သား နှစ်ယောက်က တံခါးဝတွင် ရှိနေဆဲ ဖြစ်သည်။ လင်းလင်လင် အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည်ကို မြင်သော် သူတို့နှစ်ယောက်လုံး ကြောင်အသွားကြသည်။

သူ၏ ပုံမှန် မျက်နှာသေအမူအရာမှာ ချက်ချင်း ပြန်ရောက်လာ၏။

“ဘာကြည့်နေကြတာလဲ။ ဒါက အုပ်ချုပ်ရေးမှူးက သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့ နည်းလမ်းပဲ။ သူက နင်တို့ရဲ့ ခေါင်းတွေကိုရော ဒီလို လာပွတ်ပေးဖူးလို့လား။”

“မှန်ပါတယ် ကပ္ပတိန်။” မိစ္ဆာနှိမ်နင်းသူ နှစ်ယောက်မှာ ချက်ချင်း ခေါင်းငုံ့သွားကြသည်။

လင်းလင်လင်က နှာမှုတ်လိုက်ပြီး လက်ပိုက်လိုက်သည်။ “နင်တို့နှစ်ယောက်မှာ တာဝန်ရှိတယ်။ အပြင်သွားပြီး ဂျင်ဆင်း၊ သမင်ချို၊ မီးတောက်မြက်နဲ့ ကမာကောင်တို့ ဘာတို့ သွားဝယ်လိုက်ကြ။ ခြောက်မျိုးစပ် ဆေးလုံးတွေက အားဖြည့်ဖို့ မလုံလောက်ဘူး။ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးကြီးကို ငါတို့တစ်ယောက်ချင်းစီ မေတ္တာတွေနဲ့ ဝိုင်းထောက်ပံ့ပေးရမယ်...”

“ကပ္ပတိန်... အုပ်ချုပ်ရေးမှူးရဲ့ ကုဒ်နံပါတ်က KSC-0 အာဏာရှင်လေ။ သူသာ ကျွန်တော်တို့ ဒါတွေ ဝယ်ပေးတာ သိသွားရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မှာ မဟုတ်ဘူးလား။”

အဖွဲ့ဝင်တစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရရင် အုပ်ချုပ်ရေးမှူးက လူသားထက် သာလွန်နေပြီ မဟုတ်လား။ သူ့မှာ ဒီလိုအရာတွေ လိုအပ်လို့လား။

“နင်တို့ နားမလည်ပါဘူး။ ရိုးရှင်းခြင်းသို့ ပြန်သွားခြင်းအကြောင်း ကြားဖူးလား။”

လင်းလင်လင်က အလွန်ပင် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ “မိုင်တစ်ထောင်ရှည်တဲ့ တာတမံကြီးဟာ ခြကောင်လေးတစ်ကောင်ရဲ့ အပေါက်လေးကနေ ပြိုကျသွားနိုင်တယ်။ ငါတို့ရဲ့ အလုပ်က အဲဒီလိုမဖြစ်ခင် ခြပေါက်တိုင်းကို ဖာထေးဖို့ပဲ...”

“ဒါဆို ကပ္ပတိန်ကရော ဘာသွားလုပ်မလို့လဲ။”

“အုပ်ချုပ်ရေးမှူးရဲ့ ပြိုင်ပွဲဝင်လျှောက်လွှာကို မတင်ရသေးဘူး။ အဲဒါ သွားလုပ်ရမယ်။”

လင်းလင်လင်က လက်ကလေးနှစ်ဖက်ကို နောက်ပစ်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဘဲလျှောက် လျှောက်သွားတော့သည်။

ချန်ဟွိုက်အန်ကို စာရင်းသွင်းရန် တိုင်ပင်ခဲ့မခဲ့ကို သူ ဂရုမစိုက်ပေ။

သေချာပေါက် သူ့ရဲ့ ခွင့်ပြုချက် ရထားတာပေါ့။

ဒါကို လူမှုရေး ကျွမ်းကျင်မှုလို့ ခေါ်တယ်လေ...

...

ချန်ဟွိုက်အန် ကမ္ဘာငယ်လေးထဲကို ပြန်ရောက်လာသည့်အခါ သူ့ခါးတွင် ကြေးခွံနက်ဓားအပြင် ဧကရာဇ်ဓား ချန်ကျန်းကိုလည်း ဆောင်ထားပြီ ဖြစ်သည်။

သူ့မှာ ဓား စိတ်ဝိညာဉ်အမြစ် ရှိစဉ်ကတည်းက ချန်ကျန်းဓားသည် သူ့ကို မျက်စိပစ်ခဲ့ပြီးသား ဖြစ်သည်။ အခု သူ့တွင် စစ်မှန်သောယန်နှင့် မဟာယင် ဓားရိုးနှစ်မျိုးလုံး ရှိနေရာ ချန်ကျန်းက လုံးဝကို ဓားရူးကြီး ဖြစ်သွားတော့သည်။ သူ၏လက်က ဓားရိုးကို ကိုင်လိုက်သည်နှင့် တစ်ကိုယ်လုံးက မြူခိုးငွေ့တွေ ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေတော့သည်။

ချန်ကျန်းက ဆင်းရဲသွားသော တော်ဝင်အမျိုးသမီးလေး တစ်ယောက်က မယားငယ်အဖြစ် အောက်ကျနောက်ကျ လက်ထပ်လိုက်ရသလို ဖြစ်နေပြီး ခဏတာ အေးစက်စက် အကြည့်များကို ခံယူပြီးမှ သူ၏နေရာကို သူ လက်ခံလိုက်ရသလိုမျိုးပင်။

နောက်မှ ချစ်ခင်ကြင်နာမှုများ ရလာပြီး ထိုစွမ်းအား၏ အရသာကို မြည်းစမ်းလိုက်ရသောအခါမှ တကယ့် အရင်းအနှီးဆိုသည်ကို သူ နားလည်သွားတော့သည်။

သူက ထိုဓားကို သုံးပြီး ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ရန်သူများကို မကြာခဏ သတ်ဖြတ်ခဲ့သောကြောင့်လား မသိပေ။

ကြေးခွံနက်ဓားထဲမှ ဓားဝိညာဉ်မှာ ပုံပေါ်လာစပြုနေပြီ ဖြစ်သည်။

ထိုဓားက နူးညံ့ပြီး နားလည်မှုရှိသော ဇနီးသည်လေးနှင့် တူ၏။ အလိုက်သိတတ်ပြီး တည်ငြိမ်ကာ အိမ်ထောင်ရှင်မကောင်း တစ်ယောက်၏ အင်္ဂါရပ်များနှင့် ပြည့်စုံနေသည်။

သူ ချန်ကျန်းကို ကိုင်ထားလျှင်ပင် ကြေးခွံနက်က ခပ်တိုးတိုးလေး အသံပြုရုံသာရှိပြီး မနာလိုသော အရိပ်အယောင်ပင် မပြပေ။

၎င်းကို တခြား ဓားကျောင်းတော်တပည့်များနှင့် ယှဉ်ကြည့်မည်လား။

ဓားဝိညာဉ် ပေါက်ဖွားစ နှစ်လက်ဆိုလျှင် တစ်လက်က တစ်လက်ကို ဝါးမျိုပစ်သည်အထိ အချင်းချင်း သတ်ပုတ်နေကြမည်မှာ အသေအချာပင်။

“စီနီယာ... ကျွန်မ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး လေးလုံး ဖော်စပ်ပြီးပါပြီ။ နည်းစနစ်နဲ့ ပါဝင်ပစ္စည်း ကန့်သတ်ချက်တွေကြောင့် အလတ်စားအဆင့်ပဲ ရှိပါတယ်။ စိတ်မရှိပါနဲ့။”

တန်ပိုင်သည် လျိုရှားတောင်ထွတ်ရှိ ရေကန်နား စောင့်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။

အမှန်တွင် သူက ဆေးလုံးများကို စောစောစီးစီး ဖော်စပ်ပြီးသားပင်။

အိမ်လေးထဲမှ မထွက်ခင် နာရီဝက်လောက် တမင် အချိန်ဆွဲနေခဲ့ခြင်းသာ ဖြစ်သည်။

သူ ထပ်ပြီး အချိန်ဆွဲချင်သေးသော်လည်း နောက်ဆုံးတွင်တော့ ယွန်ပိုင်ယွီနှင့် ဓားကျောင်းတော် တပည့် သုံးယောက် အတွင်းဒဏ်ရာများနှင့် ဆက်ပြီး ခံစားနေရတာကို မကြည့်ရက်တော့ပေ။

“အလတ်စားအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးလား။ ဒါက တော်တော်လေးကို ကောင်းနေပါပြီ။”

ချန်ဟွိုက်အန်က ကြွေပုလင်း လေးလုံးကို ယူလိုက်ရာ ဆေးရနံ့ သင်းသင်းလေးကို ချက်ချင်း ခံစားလိုက်ရသည်။

၎င်းတို့က နတ်ဘုရားအဆင့် ဆေးလုံးများ မဟုတ်၍ ကောင်းကင်နှင့်မြေကြီး နိမိတ်ထူးများ မပြသပေ။

သို့သော် သူ ကျေနပ်သည်။ အကယ်၍ ၎င်းတို့ကို ဝယ်ရမည်ဆိုရင် ရိုးရိုးအဆင့် တစ်လုံးပင် သန်းပေါင်းဆယ်နှင့်ချီ ကုန်ကျမည် ဖြစ်သည်။

“အလတ်စားအဆင့်တွေက ဘယ်လောက် ထိရောက်လဲ။ ဒန်တျန်ကို ပြုပြင်ပေးနိုင်လား။”

“ပြုပြင်ပေးနိုင်ပါတယ်။” တန်ပိုင် ခေါင်းညိတ်လိုက်သည်။ “သာမန်အဆင့်တွေက ကျရှုံးဖို့ အခွင့်အရေး ရှိတယ်။ အလတ်စား အဆင့်တွေကတော့ သေချာပေါက် အောင်မြင်ပါတယ်။ ထူးကဲအဆင့်နဲ့ အဆင့်မြင့်ဆေးလုံးတွေက ဒန်တျန်ကို ပိုပြီးတော့ ကောင်းမွန်စေနိုင်ပါတယ်။ အန္တိမအဆင့်နဲ့ နတ်ဘုရားအဆင့်တွေ ဆိုရင်တော့ သေချာပေါက် မြှင့်တင်ပေးမှာပါ။ ဒါပေမဲ့ အန္တိမအဆင့် ဆေးလုံးတွေကိုတော့ ကျွန်မအမေပဲ ဖော်စပ်နိုင်မယ် ထင်တယ်။ နတ်ဘုရားအဆင့် ဆေးလုံးတွေကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိတာပါ။ အဲဒါက ကျွမ်းကျင်မှုနဲ့ ပါဝင်ပစ္စည်းတင်မကဘဲ အချိန်၊ နေရာနဲ့ လူအားလုံး ကိုက်ညီဖို့ လိုအပ်ပါတယ်။”

တန်ပိုင်က ချန်ဟွိုက်အန်ကို တစ်ချက်ကြည့်ပြီး မမေးဘဲ မနေနိုင်တော့ပေ။

“စီနီယာ... စီနီယာက လီချင်းရန်ကို အရည်အသွေးမြင့်တဲ့ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ပေးထားပြီးသား မဟုတ်လား။”

သူသည် ချန်ဟွိုက်အန်၏ ချက်အောက် သုံးလက်မခန့်နေရာ (ဒန်တျန်ရှိရာ)ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများမှာ ဖျော့တော့စွာ ဝင်းလက်လာသည်။ “ဒါပေမဲ့ စီနီယာရဲ့ ဒန်တျန်ကတော့... အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေသေးတာပဲ။ အဲဒီလို ဖြစ်နေတာတောင် စီနီယာက ဟင်းလင်းပြင် ပေါင်းစည်းခြင်း ပဉ္မမအဆင့်ထိ ရောက်နေပြီ။ စီနီယာရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းကိုတော့... ကျွန်မ တကယ်ကို အံ့သြမိပါတယ်။”

[ လီချင်းရန်၏ နှစ်သက်မှုရမှတ် +၃၀၊ လက်ရှိ ♡♥၃၅ ]

စနစ်၏ သတိပေးချက်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။

အိမ်လေး၏ ပြတင်းပေါက်နားမှာ အရိပ်တစ်ခု ရှိနေသည်။ မိန်းကလေးတစ်ယောက် တကယ်ပင် ခိုးနားထောင်နေခြင်း ဖြစ်သည်။

ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။

တန်ပိုင်က သူ့ကို ချီးမွမ်းနေလား စော်ကားနေလားဆိုသည်ကို သူ အမှန်တကယ် မသေချာပေ။

“မင်းက ဒန်တျန်ရဲ့ အခြေအနေကို မြင်နိုင်တာလား။”

“မြင်နိုင်ပါတယ်။” တန်ပိုင်က တောက်ပသော မျက်လုံးလေးများကို မှိတ်ပြရင်း အလေးအနက် ရှင်းပြလိုက်သည်၊ “ကျွန်မနဲ့ ကျွန်မအမေက ဝိညာဉ်မျက်လုံးနဲ့ မွေးဖွားလာတာပါ။ အထူး နတ်ဘုရားစွမ်းအင်တွေတောင် မမြင်နိုင်တဲ့ အချက်အလက်တွေကို ကျွန်မတို့ မြင်နိုင်တယ်... အဲဒါကြောင့်လည်း ကျွန်မအမေက ယောင်ချီမြင့်မြတ်နယ်မြေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။”

ချန်ဟွိုက်အန် မျက်လုံးများကို မှေးလိုက်သည်။

သူ နားမလည်ပေ။ အရင်က တန်ပိုင် ငါ့အပေါ်မှာ ဒီလောက်အထိ သတိထားနေခဲ့တာ။ အခုကျမှ ဘာလို့ အားလုံးကို ဖွင့်ပြောပြနေရတာလဲ။

“ငါ မင်းကို အသုံးချမှာကို မကြောက်ဘူးလား။”

တန်ပိုင် ဒူးထောက်လိုက်ပြီး သူ၏လေသံမှာ ပြတ်သားခိုင်မာလှသည်။ “ကိုယ့်ရဲ့ အကောင်းဆုံး အရင်းအမြစ်တွေကို တပည့်တွေအတွက် ဦးစားပေးတတ်တဲ့သူဟာ ယောင်ချီက ကြောင်သူတော် လူယုတ်မာတွေလို ဖြစ်လိမ့်မယ်လို့ ကျွန်မ လုံးဝ မယုံကြည်ပါဘူး။ စီနီယာ... ကျွန်မရဲ့ အမေကို ကယ်ပေးပါလို့ ကျွန်မ တောင်းဆိုပါတယ်။ ကျွန်မတို့ရဲ့ ဆေးဖော်စပ်မှုနဲ့ ဝိညာဉ်မျက်လုံးနဲ့ဆိုရင် ဓားကျောင်းတော်ကို မြင့်မြတ်နယ်မြေသုံးခုနဲ့ ယှဉ်နိုင်အောင် ကျွန်မတို့ ကူညီပေးနိုင်ပါတယ်...”

သူ ကျယ်ကျယ်လောင်လောင် ထုတ်မပြောလိုက်သော အချက်တစ်ချက် ရှိသေးသည်။

လရောင်အောက်တွင် ချန်ဟွိုက်အန်က လီချင်းရန်ကို စိတ်ရှည်လက်ရှည်နှင့် နွေးထွေးစွာ ဓားကွက်များ သင်ပေးနေသည်ကို သူ မြင်ခဲ့ရသည်။ ထိုနူးညံ့သော အမူအရာက သူ၏ မှတ်ဉာဏ်ထဲမှ လူတစ်ယောက်နှင့် ပိုပိုပြီး ထပ်တူကျလာသည်။ သူ၏ အဖေပင်။

သူရော သူ၏အမေကိုပါ အဂ္ဂိရတ်ပညာ သင်ပေးခဲ့သူမှာ သူ၏အဖေ ဖြစ်သည်။

အကယ်၍ သူသာ မဟာလျို့ဝှက်နယ်မြေထဲတွင် ပျောက်ဆုံးမသွားခဲ့ပါက အခုဆိုလျှင် တန်ပိုင်က အဂ္ဂိရတ်ဂိုဏ်းချုပ်၏ သမီးလေး ဖြစ်နေပေလိမ့်မည်။

ကံကြမ္မာက ရက်စက်လှ၏။

သို့သော် မည်သို့ဆိုစေကာမူ သူ၏ဖခင်နှင့် ဆင်တူသော မည်သူမဆို... လူဆိုး မဖြစ်နိုင်ပေ။

သူရှေ့မှ ဝတ်ရုံနက်ဝတ်ထားသောလူကို ကြည့်ရင်း တန်ပိုင်က သူ၏ ရင်ထဲတွင် တိုးတိုးလေး ပြောလိုက်မိသည်။

[ အမေ... သမီးကို ဒီတစ်ခါတော့ ခေါင်းမာခွင့်ပြုပါနော် ]

[ သမီး အရာအားလုံးကို လောင်းကြေးထပ်လိုက်ပြီ ]

...

All Chapters