← Chapters

တောင်းပန်ပါတယ်၊ ပြဿနာကို အသေးစိတ် ထပ်ပြောပြပေးလို့ရမလား

Vol. 27 Ch. 267

တောင်းပန်ပါတယ်၊ ပြဿနာကို အသေးစိတ် ထပ်ပြောပြပေးလို့ရမလား

Vol. 27 Ch. 267

ချန်ဟွိုက်အန်တစ်ယောက် ထိုအချိန်တွင်တော့ တန်ပိုင်၏ လမ်းကြောင်းက တရားဝင် ပွင့်သွားပြီ ဟူ၍ ခံစားလိုက်ရသည်။

သူ၏ စကားများက သူသည် ယခုမှစပြီး မိမိနောက်ကို လိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ရွေးချယ်ခံရသူ ဖြစ်နေ၍ မဟုတ်ပေလား။

ကင်ဆာတိုက်ဖျက်ရေး စစ်သည်တော် နံပါတ်တစ်၊ ပုံရိပ်ယောင်ကောင်မလေးဂိမ်း ကောင်းချီးကို ရထားသူ၊ ပြီးတော့ ကတ်ခြစ်ရုံနဲ့ ပိုသန်မာလာနိုင်သူ။ ချင်းယွန်ဘုံမှာ ငါ့လောက် စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဘယ်မှာရှိလို့လဲ။ ဒါက ငါ့ရဲ့ ပုံရိပ်ယောင်ပဲ ရှိသေးတာနော်။ အစစ်အမှန်ခန္ဓာ အကြောင်းဆိုရင်တော့ ပြောမနေနဲ့တော့။

တန်ပိုင်က ဒဏ်ရာရထားသူ လေးဦးလုံးကို ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး တစ်လုံးစီ တိုက်ကျွေးလိုက်ပြီးနောက် ဒုတိယမြောက် ဆေးလုံးတစ်မျိုးကို ထပ်မံ၍ ကျွေးလိုက်သည်။ ချန်ဟွိုက်အန် မမေးခင်မှာပင် သူက ရှင်းပြသည်။

“တောင်ကြားသခင်မယွန်ရဲ့ ဒန်တျန်က အတွင်းဒဏ်ရာပဲ ရှိတာဆိုတော့ ဒုတိယဆေးက အဓိက အားဖြည့်ပေးတာပါ။ အာနိသင်က နူးညံ့ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုကို မထိခိုက်စေပါဘူး။ ဓားကျောင်းတော် တပည့်သုံးယောက်ကျတော့ ဒန်တျန်က လုံးဝ ပျက်စီးသွားတာဆိုတော့ အသစ်ပြန်တည်ဆောက်ရမှာပါ။ ဒါကြောင့် ဒုတိယဆေးက တည်ငြိမ်မှုရအောင် အဓိကထားပြီး သူတို့ရဲ့ ကွဲပြားတဲ့ စိတ်ဝိညာဉ်အမြစ်တွေအပေါ် မူတည်ပြီး ဆေးဖက်ဝင်အပင်တွေကို ကျွန်မ ချိန်ညှိပေးထားပါတယ်။ ဒီတည်ငြိမ်ဆေးတွေက ပြင်းထန်တဲ့ ဂုဏ်သတ္တိရှိလို့ ဒန်တျန် ပြန်ကောင်းပြီးရင် တပည့်သုံးယောက်ရဲ့ ကျင့်ကြံမှုအဆင့်က ခဏလောက် ကျသွားပါလိမ့်မယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။သူတို့ မကြာခင် ပြန်ကောင်းလာမှာပါ။”

“ဩော်... သိပြီ။ ဒဏ်ရာအားလုံးက ဒန်တျန်မှာ ဖြစ်တာဆိုပေမဲ့ ကုသပုံကတော့ တစ်ဦးချင်း အလိုက် တိတိကျကျ ချိန်ညှိပေးရတာပေါ့။ ဒါကမှ တကယ့် ဆေးဘက်ဆိုင်ရာကျင့်ကြံသူပဲ။ တကယ့် အဂ္ဂိရတ်ပညာရှင်ဆိုတာ ဒါမျိုးဖြစ်ရမယ်...”

အကြီးအကဲလျူက အလွန်ပင် အထင်ကြီး လေးစားသွားကာ တန်ပိုင်ကို ကြည့်သည့် သူ၏ အမူအရာမှာ... တစ်မျိုးလေး ဖြစ်နေသည်။ မြေးမလေးကို ကြည့်နေသလိုမျိုးပင်။ ၎င်းက သူ၏ လက်ကျန်သက်တမ်းမှာ မြေးမလေးအဖြစ် မွေးစားချင်စသော ဒုတိယမြောက် မိန်းကလေးပင်။

ကံမကောင်းစွာပင် သူတို့နှစ်ယောက်လုံးက အရမ်းကို ပါရမီ ထူးလွန်းနေကြသည်။ သူကတော့ မနာလိုသော အကြည့်နှင့်သာ ကြည့်နေနိုင်တော့သည်။ အမှန်အတိုင်းပြောရလျှင် သူက အမြဲပင် အဂ္ဂိရတ်ပညာရှင် ဖြစ်ချင်ခဲ့သော အိပ်မက် ရှိခဲ့သည်။ ဝိညာဉ်ဆေးပင်များကို သူ မည်မျှအထိ ရူးရူးမူးမူး စိုက်ပျိုးနေကြောင်းကို ကြည့်လျှင် သိနိုင်သည်။ သို့သော် ဆေးပင်စိုက်တတ်ခြင်းက ဆေးဖော်တတ်ခြင်းနှင့် မတူပေ။ အဂ္ဂိရတ်ပညာတွင်တော့ သူ၏ပါရမီက ဓားကျောင်းတော်မှ တခြားသူများထက် အနည်းငယ်မျှသာ သာပေလိမ့်မည်။

“တန်ပိုင်။ မင်းနဲ့ မင်းအမေက အဂ္ဂိရတ်ပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာဆိုတော့... သာမန်လူတစ်ယောက်ကို ပြန်ရှင်အောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိမရှိ သိလား။” ချန်ဟွိုက်အန်က တပည့်သုံးယောက်ဆီမှ အကြည့်ကို တန်ပိုင်ဆီသို့ လွှဲလိုက်သည်။

ထိုသုံးယောက်က အခုဆိုလျှင် သေချာပေါက် စိတ်ချရသွားလေပြီ။ သူတို့၏ အသက်စွမ်းအားများ ပြန်လည် နိုးထလာနေပြီ ဖြစ်သည်။ ၎င်းက ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကြောင့်တင် မဟုတ်ပေ။ မုတ်ဆိတ်နှင့်လူ သေဆုံးသွားပြီးနောက် သူက အကြီးအကဲလျူနှင့် စုချီနျန်တို့ကို ပတ်ချာလည် မေးမြန်းခဲ့ဖူးသည်။ ကောင်းကင်နက္ခတ်တွက်ချက်ခြင်းကိုတောင် သူ စမ်းကြည့် ခဲ့သေးသည်။ သူတို့အားလုံး၏ အဖြေက အတူတူပင်။ သာမန်လူများ၌ နုနယ်သော ဝိညာဉ်များ ရှိသောကြောင့် ပြန်ရှင်လာရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ကျင့်ကြံသူများက ဝိညာဉ်သာ မပျက်စီးသေးလျှင် ပြန်ရှင်ပြန်နိုင်ရန်မှာ အလွန် လွယ်ကူသည်။ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်လိုက်ရုံပင်။ ဝိညာဉ် ပျက်စီးသွားလျှင်ပင် ပြန်လည်ပြုပြင်ရန် လျို့ဝှက်အတတ်များ ရှိသေးသည်။ ကောင်းကင်နက္ခတ်တွက်ချက်ခြင်းအရ လော်ရှီးဖော်သည် ချင်းယွန်ဘုံတွင် မရှိတော့သည့်အတွက် ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကို မပေးနိုင်ကြောင်း သိရသည်။ သို့သော်လည်း ချန်ဟွိုက်အန်က လက်မလျှော့သေးပေ။

မင်းက အင်မော်တယ်ကျင့်စဉ်ကို ကျင့်နေပြီး သာမန်လူ တစ်ယောက်ကိုတောင် ရှင်အောင် မလုပ်နိုင်ဘူးလား။ ဘယ်လို အင်မော်တယ်မျိုးလဲ။

ယနေ့ တန်ပိုင်၏ မယုံနိုင်စရာကောင်းသော ဆေးပညာကျွမ်းကျင်မှုနှင့် သူ မည်မျှအထိ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ကြောင်း မြင်လိုက်ရသော် မုတ်ဆိတ်မွေးနှင့်လူကို ပြန်ရှင်အောင် လုပ်ရန်အတွက် သူ တစ်ကျော့ပြန် အလေးအနက် စဉ်းစားလာမိသည်။

“သာမန်လူတစ်ယောက်ကို ပြန်ရှင်အောင် လုပ်ဖို့လား။” တန်ပိုင် ခေါင်းလေး စောင်းလိုက်သည်။ “ဒါက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပဲ။ ကျွန်မနဲ့ အမေက အဲဒီအကြောင်းကို အရင်က ဆွေးနွေးဖူးတယ်။ သီအိုရီအရဆိုရင် သာမန်လူတစ်ယောက်ရဲ့ ဝိညာဉ်က သံသရာထဲ ဝင်သွားပြီ ဆိုရင် ပြန်ရှင်ဖို့ဆိုတာ မရှိတော့ပါဘူး။ ရှင်က သူတို့ကို ပြန်ခေါ်လာရင်တောင် အခွံသက်သက်ပဲ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို ပြန်ရှင်အောင် လုပ်ဖို့ဆိုရင် သူတို့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု ကျန်ရှိနေရမယ်။ အဲဒါအပြင်ကို အရမ်းကို ရှားပါးတဲ့ ပစ္စည်းတွေ လိုအပ်တယ်။ ဥပမာ နွီဝါးမြေလိုမျိုးပေါ့...”

ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်သည်။ နွီဝါးမြေ။ သူ့မှာ ရှိ၏။ အပုံလိုက်ပင်။ ထိုစဉ်က နွီဝါးမြေ ဆိုသည်မှာ ရောင်စုံရွှံ့စေးများ ဟူ၍သာ သူထင်ခဲ့လေသည်။ အပင် စိုက်ထားသော အိုးတစ်လုံးလုံးကို အမှိုက်ပုံးထဲ ပစ်ထည့်မလို့ လုပ်ခဲ့မိသေးသည်။ ဝိညာဉ်အပိုင်းအစနှင့် ပတ်သက်၍ ချန်ဟွိုက်အန်က လူတိုင်း၏ ရှေ့မှာတင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ဂိမ်းထဲမှ ထွက်လိုက်ပြီးနောက် သူ ပထမဆုံး ပြုလုပ်တဲ့အလုပ်က မုတ်ဆိတ်မွေးနှင့်လူ၏ နောက်ဆုံးကျန်ရှိနေသော ဆဲလ်တစ်ခုကို သိမ်းထားတဲ့ ဖန်ကျောက်ကို ထုတ်လိုက်ခြင်းပင်။

အချိန်ကြာလာသည်နှင့် နေ့စဉ် အရည်အသွေးမြင့် အာဟာရဓာတ်များ ထိုးပေးနေသော်လည်း အတွင်းမှ ဆဲလ်ကတော့ ကျုံ့ဝင်လာနေပြီ ဖြစ်သည်။ ထိုဆဲလ်က သာမန်ဆဲလ်များနှင့် မတူပေ။ လုံးဝကို မွေးမြူ၍ မရပေ။ ရေနည်းငါးတစ်ကောင်လိုပင်။ အသက်ဆက်ရန် ခဲယဉ်းနေလေပြီ။

“ခေတ်သစ်ပစ္စည်းတွေက ချင်းယွန်ဘုံထဲကို ယူသွားလို့ ရရမယ် မဟုတ်လား။ ကစားသမားရဲ့ ပစ္စည်းစာရင်းထဲကနေပေါ့...”

ချန်ဟွိုက်အန်သည် ခြေအိတ်ရှည် တစ်စုံကို ယူသွားခဲ့ဖူးကြောင်း သတိရလိုက်သည်။ သို့သော် ထိုအရာက ပုံရိပ်ယောင်ကောင်မလေးဂိမ်းမှ ရရှိသော လက်ဆောင်ပစ္စည်းအဖြစ် ယူသွားခြင်း ဖြစ်သည်။ သူက တန်ပိုင်အား ထိုဆဲလ်ကို ပြသရန် လိုအပ်သည်။ သူ၏ ဝိညာဉ်မျက်လုံးနှင့်ဆိုလျှင် ဝိညာဉ်အကြွင်းအကျန် ရှိမရှိ ပြောနိုင်ပေလိမ့်မည်။

ချန်ဟွိုက်အန်သည် ထိုဖန်ကျောက်ကို ပစ္စည်းစာရင်းထဲ ထည့်ရန် ကြိုးစားကြည့်သည်။ သူက ဖုန်းထဲမှ ကစားသူ ပစ္စည်းစာရင်းကို နှိပ်ဖွင့်ပြီး ဖန်ကျောက်ကို စခရင်ပေါ် တင်ကာ တစ်မိနစ်လောက် တိတ်တိတ်လေး စောင့်နေသည်။ ဘာမှမဖြစ်လာပေ။

“တောက်... ဒါက ဘယ်လိုလုပ်ပြီး ဝင်မှာလဲ...”

ချန်ဟွိုက်အန် စိတ်တိုလာသည်။ ကောင်းပြီလေ။ ကောင်းကင်နက္ခတ် တွက်ချက်ခြင်းကိုပဲ စမ်းကြည့်တာပေါ့။

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ ယခုတွက်ချက်ခြင်းမှာ အခမဲ့ ဖြစ်ပါတယ်။ ချင်းယွန်ဘုံ ညစ်ညမ်းမှုကို ကာကွယ်ရန်အတွက် ခေတ်သစ်ပစ္စည်းများကို အတွင်းသို့ ယူဆောင် သွား၍ မရပါ ]

“ယူသွားလို့ မရဘူး။ ဒါဆို ခြေအိတ်ရှည်တွေကျတော့ ဘယ်လိုလုပ်ပြီး ဝင်သွားတာလဲ။”

[ တောင်းပန်ပါတယ်၊ ပြဿနာကို အသေးစိတ် ထပ်ပြောပြပေးလို့ ရမလား ]

“ငါမေးတာက ခြေအိတ်ရှည်တွေကျတော့ ဘာလို့ ယူသွားလို့ ရတာလဲလို့။”

[ တောင်းပန်ပါတယ်၊ ပြဿနာကို အသေးစိတ် ထပ်ပြောပြပေးလို့ ရမလား ]

“မအေxxx...” ချန်ဟွိုက်အန် ဒေါသတကြီးနှင့် မျက်လုံးလှန်လိုက်သည်။

[ ရိုင်းစိုင်းသော စကားလုံးကို စစ်ဆေးတွေ့ရှိပါတယ်။ သင့်ကို မိနစ် ၃၀ကြာ စကားပြောခွင့် ပိတ်ပင်လိုက်ပါပြီ ]

ချန်ဟွိုက်အန် - “…”

ကောင်းပြီလေ။

သိပ်ကောင်းပြီလေ။

ချန်ဟွိုက်အန်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

ဒီလောက်လေးနဲ့ ငါ့ကို တားဆီးနိုင်မယ် ထင်နေတာလား။

သူ၏ စူပါဦးနှောက်ကို တစ်စက္ကန့်လောက် အသက်သွင်းလိုက်သည်နှင့်...

ဝုန်း...

အဖြေ ထွက်လာလေပြီ။

သူ ခဏလောက် စဉ်းစားလိုက်ပြီး မျက်လုံးများ ဝင်းလက်သွားကာ ဦးထုပ်ကို ပြန်ဆောင်းပြီး ဂိမ်းထဲကို ပြန်ဝင်လိုက်သည်။ ဓားကျောင်းတော် ဘိုးဘေးက ခဏချင်း ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာကာ နောက်ကိုပင် လှည့်မကြည့်ဘဲ အိမ်လေးထဲသို့ ပြေးဝင်သွားသည်ကို အားလုံး မြင်လိုက်ရသည်။

“ဟေး...အဘိုးကြီးလျူ။ ငါတို့ ဘိုးဘေးရဲ့ ထွက်ပြေးတဲ့ အတတ်ကတော့ တကယ့်ကို ရူးချင်စရာပဲ။ ဟင်းလင်းပြင် လှိုင်းတွန့်တာတောင် မရှိဘူး။ သရဲတစ်ကောင်လိုပဲ...”

အကြီးအကဲလျူက စုချီနျန်ကို မျက်စောင်းထိုးရင်း မုတ်ဆိတ်ကို တရှူးရှူးမှုတ်ကာ ပြောသည်။ “လျှောက်မပြောနဲ့... ဘိုးဘေးက သရဲဆိုရင် ငါတို့က ဘာဖြစ်မှာလဲ။ နွားခေါင်းမိစ္ဆာတွေလား။ အဖြူအမဲ ဝိညာဉ်စောင့်ရှောက်သူတွေလား။ ဒါပေမဲ့လည်း... ဘိုးဘေးရဲ့ အတတ်က တကယ်ကို အံ့သြစရာပဲ။ အဲဒါကြောင့်လည်း ယောင်ချီမြင့်မြတ်နယ်မြေက သူ့ကို မဖမ်းနိုင်တာ။”

အိမ်လေးအတွင်းတွင် လီချင်းရန်၏ အခန်းထဲသို့ ချန်ဟွိုက်အန် ရုတ်တရက် ဝင်လာရာ သူ ကြောင်သွားသည်။ သူက မသိစိတ်ဖြင့် ဝတ်ရုံကို ရင်ဘတ်ပေါ်အထိ ဆွဲတင်လိုက်သော်လည်း ဝင်လာသူက ဆရာမှန်း သိလိုက်ရသည့်အခါမှ ပြန်လည်၍ စိတ်အေးသွားသည်။

“ဆရာ။ ဆရာက...”

သူ၏ဆရာ ထိုမျှအထိ ကယောက်ကယက် ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ပုံမှန်ဆိုလျှင် သူက အမြဲတမ်း တည်ငြိမ်ပြီး အေးဆေးနေတတ်၏။

“အရေးပေါ်ကိစ္စ ရှိတယ်...” ချန်ဟွိုက်အန်က သူ၏ တပည့်မလေးကို မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။

“ချင်းရန်။ ဆရာ့မှာ အရမ်းလှတဲ့ ဖန်ကျောက် တစ်ခု ရှိတယ်။ ဒါကို လိုချင်တယ်လို့ ပြောလိုက်...”

“အမ်...” လီချင်းရန်က သူနှင့် အရမ်းနီးကပ်နေသော ဆရာ့မျက်နှာကို စိုက်ကြည့်နေမိသည်။ သူ၏ အသက်ရှူသံများ မြန်လာပြီး နူးညံ့သော နားရွက်လေးများ ပန်းရောင်သန်းလာသည်။

“ဆ... ဆရာ... ကျွန်မ မသိဘူး...”

“ကိစ္စမရှိဘူး။ ငါ့ရဲ့ ဖန်ကျောက်လေးကို လိုချင်ပါတယ်လို့ပဲ ပြောလိုက်။ အဲဒါဆို ရပြီ။”

လီချင်းရန် မျက်တောင်ခတ်လိုက်သည်။

၎င်းက မည်သည်ကို ဆိုလိုကြောင်း သူ အမှန်တကယ် မသိသော်လည်း သူခိုင်းသည့်အတိုင်း နာခံလိုက်သည်။ သူက နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ “တပည့်... တပည့်က ဆရာ့ရဲ့ ဖန်ကျောက်ကို လိုချင်ပါတယ်...”

[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးက သင့်ဆီမှ လက်ဆောင်တစ်ခု တောင်းဆိုလိုက်ပါတယ် ]

သတိပေးချက်တစ်ခု သူ၏ မြင်ကွင်းထဲမှာ ပေါ်လာ၏။

“ဟားဟားဟားဟား...”

ချန်ဟွိုက်အန်သည် ခေါင်းကို နောက်ပစ်ပြီး ခါးထောက်ကာ အကျယ်ကြီး ရယ်မောလိုက်သည်။

ထို့နောက် လျှပ်စီးလို အရှိန်ဖြင့် ဂိမ်းထဲမှ ထွက်သွားတော့သည်။ လီချင်းရန်က အခုတွင် အလွတ် ဖြစ်သွားသော အခန်းကို ကြောင်တောင်တောင်နှင့် အကြာကြီး ကြည့်နေမိသည်။

“...ဆရာက အရင်ကထက် နည်းနည်း ပြောင်းလဲသွားသလိုပဲ...”

သူက ခေါင်းအုံးပေါ်တွင် လှဲချလိုက်ပြီး ပြတင်းပေါက်မှ လရောင်ကို ကြည့်ရင်း သူ၏ ဆရာအကြောင်းကို တွေးနေမိသည်။

အရင်ကဆို အေးစက်လွန်းတယ်။ ခပ်ခွာခွာ နေတယ်။ ချဉ်းကပ်ဖို့ ခက်ခဲတယ်... ဒါပေမဲ့ အရမ်းလည်း ချောတယ်။ အရမ်းလည်း ခန့်ညားတယ်။ အခုလည်း သူက ချောနေတုန်း၊ ခန့်ညားနေတုန်းပဲ။ ဒါပေမဲ့ အရင်ကနဲ့ ယှဉ်ရင်တော့ သူက ပိုပြီးတော့ လူသား ဆန်လာသလို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် ဒီလိုပုံစံ ဆရာ့ကို ပိုပြီး သဘောကျတယ်။

လီချင်းရန်၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးလို ပြုံးနေကြ၏။

သူ၏ ခြေထောက်လေးများက လေတိုးသံကြောင့် မြည်နေသော ခေါင်းလောင်းသံလေးနှင့်အတူ အသာအယာ လှုပ်ရှားနေသည်။ အခန်းထဲမှ မိန်းကလေးတစ်ယောက်၏ တိုးတိုးလေး ရေရွတ်သံ ထွက်ပေါ်လာသည်။

“အရင်က ဆရာက အရမ်းမြင့်မားတဲ့ နေရာမှာ... လက်လှမ်းမမီနိုင်တဲ့သူမျိုးပဲ...”

“အခု ဆရာကတော့... ပိုပြီးတော့ နီးစပ်လာသလို ခံစားရတယ်...”

...

All Chapters