← Chapters

ပြန်လည်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အလင်းရောင်

Vol. 27 Ch. 268

ပြန်လည်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အလင်းရောင်

Vol. 27 Ch. 268

ချန်ဟွိုက်အန်သည် လော်ရှီးဖော်၏ ဆဲလ်များပါဝင်သော ဖန်ကျောက်တုံးလေးကို ဖုန်းစခရင်ပေါ် တင်လိုက်သည်။

ခုနက ငြင်းဆန်နေခဲ့သော စခရင်က အခုတော့ ပစ္စည်းစာရင်း ပွင့်လာပြီး ထိုဖန်ကျောက်တုံးကို အလွယ်တကူပင် စုပ်ယူသွားတော့သည်။

ချန်ဟွိုက်အန် အလွန် ဝမ်းသာသွား၏။

ကောင်းကင်နက္ခတ်က စက်ရုပ်လက်ထောက်တစ်ယောက်လို ဟန်ဆောင်နေတော့ ဘာဖြစ်လဲ။

ငါ့မှာ စနစ်ရဲ့ အားနည်းချက်ကို အသုံးချနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတာပဲ...

သူ ဂိမ်းထဲသို့ ပြန်ဝင်လိုက်သောအခါ အသေအချာပင် ထိုဖန်ကျောက်လုံးလေးကို သူ၏ ပစ္စည်းစာရင်းထဲမှ ထုတ်ယူ၍ ရနေပြီ ဖြစ်သည်။

လီချင်းရန် တရားထိုင်နေပြီ ဖြစ်ကြောင်းကို မြင်သော် သူ တံခါးကို အသာလေးပိတ်ပြီး အပြင်တွင် စောင့်နေသော တန်ပိုင်ဆီကို သွားလိုက်သည်။

“ဒါက... ငါ့မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ ရုပ်ကြွင်းပဲ။” ချန်ဟွိုက်အန်က ထိုကျောက်ကို တန်ပိုင်၏ လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။ “သူ့ကို ပြန်ရှင်အောင်လုပ်ဖို့ မျှော်လင့်ချက် ရှိမရှိ တစ်ချက်လောက် ကြည့်ပေး။”

တန်ပိုင်က ထိုဖန်ကျောက်လေးကို လက်ခံလိုက်ပြီး ချန်ဟွိုက်အန်အပေါ် ထားရှိသည့် သူ၏ အကြည့်မှာ ပို၍ပင် လေးစားအားကျမှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေတော့သည်။

ယခင်က သူ မေးခဲ့သော မေးခွန်းနှင့် ပေါင်းစပ်ကြည့်လျှင် ထိုမိတ်ဆွေဟောင်း ဆိုသူက သာမန်လူသား တစ်ယောက် ဆိုသည်မှာ ရှင်းနေသည်။

ဒါကိုတောင် ဓားကျောင်းတော် ဘိုးဘေးက တစ်နေ့မှာ ပြန်ရှင်လာနိုးနိုး မျှော်လင့်ချက်နဲ့ ဘယ်လောက်တောင် ကြာအောင် ဂရုတစိုက် ထိန်းသိမ်းထားခဲ့တာလဲ။

ဒီဖန်ကျောက်က အနည်းဆုံး သက်တမ်း အနှစ် တစ်ထောင်လောက် ရှိမှာပဲ။

နှစ်ပေါင်းတစ်ထောင်ကြာအောင် ထိန်းသိမ်းထားတာ...

အချိန်တွေက အရာအားလုံးကို တိုက်စားသွားနိုင်တယ်လို့ ပြောကြပေမဲ့ ဒီလူရဲ့ နှလုံးသားထဲက နက်ရှိုင်းတဲ့ သစ္စာတရားနဲ့ သံယောဇဉ်ကိုတော့ မတိုက်စားနိုင်ခဲ့ဘူးပဲ...

ဒီလိုလူမျိုးက ယောင်ချီမြင့်မြတ်နယ်မြေက မိစ္ဆာတွေနဲ့ ဘယ်လိုမှ ပူးပေါင်းနိုင်မှာ မဟုတ်ဘူး။

ငါ အရင်က စိုးရိမ်ခဲ့တာတွေက လုံးဝကို မလိုအပ်ခဲ့တာပဲ။

တန်ပိုင်က ဝိညာဉ်မျက်လုံးကို အသက်သွင်းပြီး ဖန်ကျောက်ကို စစ်ဆေးနေစဉ်မှာပင် သူ၏ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချလိုက်တော့သည်။

ကျန်နေတဲ့ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ၉၆လုံးကို တစ်ခါတည်း အကုန်လုံး ဖော်စပ် ပေးတော့မယ်။

မကြာခင် ဓားကျောင်းတော် တပည့်တိုင်းတွင် တစ်လုံးစီ ရှိလာတော့မည် ဖြစ်ကာ မလိုသော သူများကလည်း အရေးပေါ်ကိစ္စများအတွက် ဂိုဏ်းဘဏ္ဍာတိုက်တွင် သိမ်းထား၍ရသည်။

မည်သို့ဆိုစေ သူက ဓားကျောင်းတော်တွင် နေထိုင်ရန် သစ္စာဆိုခဲ့ပြီး ဂိုဏ်းချုပ်စုကလည်း ခွင့်ပြုခဲ့ပြီးပြီဖြစ်ရာ သူက တရားဝင် ဓားကျောင်းတော်တပည့် ဖြစ်နေပြီ မဟုတ်ပါလား...

ချန်ဟွိုက်အန်က သူ၏ ဆုံးဖြတ်ချက်ကို မျှော်လင့်ချက်အပြည့်နှင့် စောင့်နေ၏။

သို့သော် မိန်းကလေးက နှုတ်ခမ်းအောက်ပိုင်းကို ကိုက်ထားပြီး ထူးဆန်းသော မျက်နှာပေးနှင့် စကားပြောရန် တွန့်ဆုတ်နေသည်ကို မြင်လိုက်ရသည်။

“ဘာဖြစ်လို့လဲ။ ပြန်ရှင်ဖို့က မဖြစ်နိုင်ဘူးလား။ ကိစ္စမရှိပါဘူး။ အမှန်အတိုင်းသာ ပြောပါ။ ငါ စိတ်ပြင်ဆင်ထားပြီးသားပဲ။”

“ဟို... အဲဒါကလေ...” တန်ပိုင် ခဏလောက် တွန့်ဆုတ်နေပြီးမှ သူ၏ လက်ချောင်းကို ချန်ဟွိုက်အန်၏ မျက်လုံးရှေ့မှာ လေထဲ ဝေ့ယမ်းပြလိုက်သည်။ “ကိုယ်တိုင်ပဲ ကြည့်လိုက်တာ ပိုကောင်းမယ် ထင်တယ်...”

ချန်ဟွိုက်အန်က ဖန်ကျောက်လုံးကို ယူပြီး ကြည့်လိုက်၏။

[ မင်းလေးရဲ့ အပြုံးလေးက သိပ်ကို ချိုမြိန်တယ် ]

[ ဆေးလိပ်အတု၊ အရက်အတု၊ သူငယ်ချင်းအတု၊ သူငယ်ချင်းအတု၊ အချစ်အတု၊ နွေးထွေးမှုအတု၊ နူးညံ့မှုအတု... မင်း ငါ့ကို အိမ်ခေါ်သွားပြီး မနက် ၃နာရီမှာ ကန်ထုတ်လိုက်တယ် ]

[ ငါတို့က ရွာရဲ့ ကြယ်ပွင့်တွေ... ဒါပေမဲ့ အချစ်တွေ ကုန်ဆုံးသွားတော့ မင်းက ငါတို့ ဗေဒင်သွားတွက်သင့်တယ်လို့ ပြောခဲ့တယ် ]

ရှုပ်ထွေးလှသော သီချင်းလှိုင်းလုံးကြီးက ချန်ဟွိုက်အန်ရဲ့ ဦးနှောက်ထဲကို တိုးဝင်လာခဲ့သည်။

ဖန်ကျောက်လေးထဲတွင် လော်ရှီးဖော်သည် ဝတ်စုံနက်ကို ဝတ်ဆင်ကာ လင်းနို့လူသား မျက်နှာဖုံး စွပ်ထားပြီး နှုတ်ခမ်းတွင် နှင်းဆီပန်းတစ်ပွင့် ကိုက်ထားလျက် စည်းချက်နှင့်အညီ စိတ်အား ထက်သန်စွာ ကပြနေသည်။

မြင်ကွင်းရော အသံပါ စုံလင်လှ၏။

တန်ပိုင် ဆွံ့အသွားသည်ကို အသာထား။

သူကိုယ်တိုင်ပင် ငိုချင်နေလေပြီ။ လော်ရှီးဖော်က သူ၏မိတ်ဆွေဟောင်းဟု အမှန်တကယ် မပြောခဲ့သင့်ပေ။

လမ်းဘေးက တွေ့တဲ့လူတစ်ယောက်လို့ပဲ ပြောလိုက်ရမှာ။

“စီနီယာ... စီနီယာ့သူငယ်ချင်းက တကယ့်ကို ထူးခြားတဲ့သူပဲ။” တန်ပိုင်က သူ၏ နုနယ်သော မျက်နှာလေးပေါ်မှာ အားနာစရာ အပြုံးလေးနဲ့ ပြောလိုက်သည်။

သူက အမှန်တကယ် နားလည်ပေးရန် ကြိုးစားနေခြင်းပင်။

သူက သာမန်လူတစ်ယောက်ပဲလေ။ သူ့ရဲ့ အကြိုက်နဲ့ အမူအရာတွေက ကျင့်ကြံသူတွေနဲ့ နည်းနည်း ကွဲပြားမှာပေါ့။

ခြားနားချက်က... အရမ်းကို ကြီးမားနေလျှင်ပင် ၎င်းက သူ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်နေသော နည်းလမ်းပင်။

“အင်း... ဒီမိတ်ဆွေကလေ ပြောရမယ်ဆိုရင်... အနုပညာမှာ ပါရမီပါတဲ့သူလို့ ပြောလို့ရတယ်။” ချန်ဟွိုက်အန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “သူ့ရဲ့ ထူးဆန်းတဲ့ ကကွက်တွေကို ကြည့်ပြီး အထင်မသေးနဲ့။ အဲဒါက သူ့ဇာတိမြေက ရိုးရာကျေးလက် အကနဲ့ တောင်ပေါ်သီချင်းတွေပဲ။ လွတ်လပ်မှုရဲ့ ခံစားချက်ကို မင်း မခံစားမိဘူးလား။”

တန်ပိုင် မျက်လုံးလေးတွေ ဝင်းခနဲ ဖြစ်သွားပြီး နားလည်သွားဟန်ဖြင့် ထိုကျောက်ကို ခဏ ထပ်စိုက်ကြည့်ပြီး စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ။ တကယ်ကို... လွတ်လပ်တာပဲ...”

ချန်ဟွိုက်အန်က အခြေအနေကို စကားနှင့် လှည့်ပတ်ပြောနိုင်ခဲ့၍ စိတ်အေးသွားကာ ချက်ချင်း မေးလိုက်သည်။ “ဒါဆို ဘယ်လိုလဲ။ ပြန်ရှင်ဖို့ မျှော်လင့်ချက် ရှိလား။”

“စီနီယာ၊ စီနီယာ့သူငယ်ချင်းမှာ ဝိညာဉ်အပိုင်းအစတင် ရှိတာ မဟုတ်ပါဘူး။ သူ့ရဲ့ ဝိညာဉ် တစ်ခုလုံးက ဒီဖန်ကျောက်ထဲမှာ ပိတ်လှောင်ခံထားရတာ။ သူ လိုအပ်တာက ခန္ဓာကိုယ်တစ်ခုပဲ။ ဒါပေမဲ့ သာမန်လူသား ခန္ဓာကိုယ်တွေက ကျင့်ကြံသူတွေလို မဟုတ်ဘူး။ နုနယ်တယ်။ ပြီးတော့ စီနီယာ့မှာ ကျန်တာကလည်း ဒီအစလေးပဲ ရှိတာဆိုတော့...”

တန်ပိုင်က စိုးရိမ်တကြီး သက်ပြင်းချလိုက်သည်။

“စီနီယာ့မှာသာ နွီဝါးမြေ ရှိရင် ကောင်းမှာပဲ။ ကံဆိုးချင်တော့ ကျွန်မ သိသလောက်ဆိုရင် ဖန်ကျင်းမြင့်မြတ်နယ်မြေမှာပဲ အဲဒီမြေ ရှိတာ။ အဲဒီမှာရှိတဲ့ ဖန်ယဲ့က အဲဒီနွီဝါးမြေကို သူ့ရဲ့ ရင်သွေးလေးလိုပဲ တန်ဖိုးထားတာ...”

သူ ဆိုလိုသည်မှာ ရှင်းပေသည်။ နွီဝါးမြေ ရရန်အတွက် ဖန်ယဲ့နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။

ထို့ပြင် ဓားကျောင်းတော် ဘိုးဘေးက မဟာတက်လှမ်းခြင်းအဆင့် မဟုတ်သေးသည့်အတွက် ထိုတိုက်ပွဲကို အနိုင်ရရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် နွီဝါးမြေ ရရှိရန် ဆိုသည်မှာ မဖြစ်နိုင်။

“ငါ့ဆီမှာ နွီဝါးမြေ နည်းနည်း ရှိတယ်။ လွန်ခဲ့တဲ့ နှစ်တွေက တခြားကမ္ဘာတွေကို ခရီးသွားရင်း ရခဲ့တာ။” ချန်ဟွိုက်အန်က မျက်နှာသေနဲ့ လိမ်ညာလိုက်သည်။

၎င်းက ကိစ္စမရှိပေ။ ထိုနေရာတွင် ရှိနေကြသော ဓားကျောင်းတော်တပည့်များ အားလုံးက သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာ စကြဝဠာအနှံ့ ခရီးသွားနေသည်ဟူ၍ သိထားကြလေသည်။

“ဒါဆိုရင် ငါ့မှာ ရှိနေပြီဆိုတော့ နောက်တစ်ဆင့်က ဘာလဲ။”

“စီနီယာ့မှာ တကယ်ပဲ နွီဝါးမြေ ရှိတာလား...” တန်ပိုင် အံ့သြသွားသည်။ သို့သော် ချက်ချင်းပင် ပြန်တည်ငြိမ်သွားသည်။ “ဟုတ်မှာပေါ့။ စီနီယာက အခြေခံ ဒန်တျန်နဲ့တောင် ဟင်းလင်းပြင် ပေါင်းစည်းခြင်း ပဉ္စမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာပဲ။ စီနီယာ့မှာ ကြီးမားတဲ့ ကံတရား ရှိနေတာ အထင်အရှားပါပဲ။ ဒါကြောင့် နွီဝါးမြေကို ရထားတာလည်း မဆန်းပါဘူး။”

ချန်ဟွိုက်အန်- “…”

တန်ပိုင်က အရာရာတွင် ပြီးပြည့်စုံလှသည်...

ထိုပါးစပ်လေးကလွဲ၍။

“ရုပ်ကြွင်းကို နွီဝါးမြေထဲမှာ မြှုပ်ထားလိုက်ပါ။” သူက လမ်းညွှန်လိုက်သည်။ “ကျွန်မ စီနီယာ့ အတွက် အထူးဆေးရည်တစ်မျိုး ပြင်ပေးမယ်။ အဲဒီဆေးရည်နဲ့ နေ့တိုင်း ရေလောင်း ပေးရပါလိမ့်မယ်။ အလွန်ဆုံး နှစ်ပတ်အတွင်းမှာ ဒီရုပ်ကြွင်းက သန္ဓေသားအဖြစ်ကို ပြောင်းလဲ သွားမှာပါ။”

တန်ပိုင်က သူ ပြောလိုက်သော စကားလုံးများတွင် မည်သည့်အရာများ မှားနေကြောင်းကို သတိမထားမိပေ။ အမှန်တွင် သူက ချန်ဟွိုက်အန်ကို ကောင်းကောင်း မြှောက်ပင့်ပေးနိုင်ခဲ့ပြီ ဟူ၍ပင် ခံစားနေရသည်။

“သန္ဓေသား။ သူက ကလေးလေး ဖြစ်သွားမှာလား။...”

အဲဒါက... နည်းနည်းတော့ ကြောက်စရာကောင်းသလိုပဲ။

လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး။

“ဒါက မဖြစ်မနေ လုပ်ရမယ့် အဆင့်ပါ။” တန်ပိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ မျက်မှောင် ကြုတ်ကာ ထပ်ပြောသည်။ “ဒါပေမဲ့ နွီဝါးမြေကနေ ဆေးရည်အကူအညီနဲ့ အသစ် ကြီးထွားလာတဲ့ ခန္ဓာကိုယ်ဆိုတော့ အရမ်းမြန်မြန် ကြီးထွားလာလိမ့်မယ်။ တစ်လအတွင်းမှာပဲ သူက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။”

ချန်ဟွိုက်အန်က ဖန်ကျောက်ကို သံသယစိတ်ဖြင့် ကိုင်ထားလိုက်သည်။

သူ အမှန်တကယ်ပင် ကလေးမထိန်းချင်ပေ။

အကယ်၍ တကယ် ထိန်းရမည် ဆိုလျှင်လည်း ရှန့်ရှောင်ယွမ်ဆီ ပစ်ထည့်လိုက်ရုံပင်။

သူက ဂရုစိုက်ပေးရမည့်သူ ဖြစ်၏။ လော်ရှီးဖော် ပြန်ရှင်လာရန်ကသာ အဓိကပင်။

သူ မျှော်လင့်ခဲ့သော တောက်ပနေသည့် ကမ္ဘာက မည်ကဲ့သို့ အနှောင့်အယှက်များ ဖြစ်နေကြောင်း သူ မြင်ခွင့်ရပေတော့မည်။

“အင်း...”

ဘေးခန်းဆီမှ ညည်းညူသံတိုးတိုးတစ်ခု ထွက်ပေါ်လာ၏။

လူတိုင်းက ဖွင့်ထားသော တံခါးဆီကို လှည့်ကြည့်လိုက်ရာ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် တစ်ယောက်ဖြစ်သော တွမ်ဖုန်း အသာအယာ ထိုင်နေသည်ကို မြင်လိုက်ရသည်။

“ဒါက... ဓားကျောင်းတော်လား။” သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ မှတ်ဉာဏ်ထဲတွင်တော့ မိစ္ဆာအကြွင်းအကျန်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး သွေးအန်ကာ လွင့်ထွက်သွားသော အခိုက်အတန့်တွင် ရပ်တန့်နေဆဲပင်။

ဘေးဘီကို ကြည့်လိုက်သော် ရှုအန်နှင့် ကျန့်ဟယ်တို့လည်း ဖြည်းဖြည်းချင်း နိုးလာကြလေပြီ။

တစ်ဖက် ကုတင်ပေါ်တွင်တော့ ပိတ်ကားများ၏ အနောက်တွင် ခန္ဓာကိုယ် အချိုးအစားလှပ‌သော အမျိုးသမီးတစ်ယောက် လဲလျောင်းနေပြီး သူက မည်သူ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရပေ။

ချန်ဟွိုက်အန် အခန်းထဲကို လမ်းလျှောက်ဝင်လာသည်။ တွမ်ဖုန်းက ဘိုးဘေးကို မြင်လိုက်ရသော် ချက်ချင်းထပြီး ဂါရဝပြုရန် ကြိုးစားသော်လည်း နူးညံ့သော အင်အားတစ်ခုက သူ့ကို ပြန်ပြီး ဖိထားလိုက်သည်။

“မင်းရဲ့ ဒန်တျန်က ပြန်ကောင်းခါစပဲ ရှိသေးတယ်။ မလှုပ်နဲ့ဦး။”

“ကျွန်တော့်ရဲ့... ဒန်တျန် ပြန်ကောင်းသွားပြီ ဟုတ်လား။” တွမ်ဖုန်း ကြောင်သွားပြီး မသိစိတ်ဖြင့် ဝမ်းဗိုက်ကို ကိုင်လိုက်သည်။

သူ မျက်လုံးမှိတ်ပြီး အာရုံခံကြည့်လိုက်ရာ သူ့မျက်နှာက ဖြည်းဖြည်းချင်း ဖြူရော်သွား၏။

သူ၏ဒန်တျန်က အသစ်ပြန်လည် တည်ဆောက်ထားသော လက္ခဏာများ ပြသနေသည်။

ဆိုလိုသည်မှာ ယခင်က ပျက်စီးသွားခဲ့ခြင်းပင်။

သူ့ကို ပို၍ပင် ထိတ်လန့်သွားသည်မှာ သူ၏ တာအိုခန္ဓာနှင့် စိတ်ဝိညာဉ်အမြစ်ပါ ပျောက်ဆုံး သွားခြင်းပင်။

ဒါကို ဘယ်သူလုပ်တာလဲ။

မိစ္ဆာအကြွင်းအကျန်လား...

သို့သော် တွမ်ဖုန်းက သူ့ကိုယ်သူ စိတ်ပူနေမည့်အစား သူ၏ ညီငယ်များအတွက် ချက်ချင်း မေးလိုက်သည်။ “ဒါဆိုရင် ရှုအန်နဲ့ ကျန့်ဟယ်တို့ကရော။”

“သူတို့လည်း မင်းလိုပဲ။” စုချီနျန်က အခန်းထဲသို့ လှမ်းဝင်လာပြီး ချန်ဟွိုက်အန်၏ အနောက်တွင် နေရာယူကာ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

“မင်းတို့ရဲ့ ဒန်တျန်၊ စိတ်ဝိညာဉ်အမြစ်တွေ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ အားလုံး ဖျက်ဆီး ခံလိုက်ရတာ။ မိစ္ဆာအကြွင်းအကျန်တွေ၊ မိစ္ဆာကျင့်ကြံသူတွေ လုပ်ခဲ့တာ မဟုတ်ဘူး။ မဟာမြင့်မြတ်နယ်မြေ သုံးခုထဲက တစ်ခုဖြစ်တဲ့ ယောင်ချီမြင့်မြတ်နယ်မြေက လုပ်တာ။ ဖန်ကျင်းမြင့်မြတ်နယ်မြေကလည်း သူတို့နဲ့ ပူးပေါင်းထားတဲ့ပုံပဲ။”

သူ၏လေသံက စကားလုံးတစ်လုံးချင်းစီတိုင်း ပို၍ပင် လေးလံလာသည်။

တွမ်ဖုန်းက တံခါးအပြင်ဘက်တွင် မရင်းနှီးသော မျက်နှာများနှင့် အပြင်တွင် စုဝေးနေသော ဓားကျောင်းတော်တပည့်များကို ကြည့်လိုက်သည်။

သို့သော် လူတစ်ယောက် ပျောက်နေ၏။

ထိုရဲရင့်ပြီး အသံကျယ်ကျယ်နှင့် တောက်ပသော ပုံရိပ်တစ်ခု။

အကယ်၍ သူသာ ဒဏ်ရာရပြီး သတိလစ်သွားခဲ့လျှင် သူ၏ စီနီယာအစ်မက သူနိုးလာသည်နှင့် သူ့ဘေးတွင် ပထမဆုံး ရှိနေပေးမည့်သူ ဖြစ်သည်။

မကောင်းသော အငွေ့အသက်များက သူ့ရင်ထဲတွင် လှိုင်းထလာသည်။ သူက ဂိုဏ်းချုပ်စုကို ကြောင်စီစီကြည့်ရင်း တုန်ရီနေသော အသံဖြင့် မေးလိုက်၏။

“ဂိုဏ်းချုပ်... စီနီယာအစ်မရော ဘယ်မှာလဲ။”

“မင်းတို့ရဲ့ စီနီယာအစ်မက...”

စုချီနျန်ရဲ့ မျက်ဝန်းအိမ်များ နီမြန်းလာပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူက မင်းတို့အားလုံးကို ကယ်ဖို့အတွက် နောက်မှာ ကျန်နေခဲ့လို့ ယောင်ချီမြင့်မြတ်နယ်မြေမှာ ပိတ်မိနေတုန်းပဲ။”

....

All Chapters