← Chapters

နောက်ဆုံးတွေ့ဆုံခြင်းလား

Vol. 27 Ch. 269

နောက်ဆုံးတွေ့ဆုံခြင်းလား

Vol. 27 Ch. 269

ယောင်ချီမြင့်မြတ်နယ်မြေ။

“တန်ယွင်.. ငါတို့ နင့်ရဲ့သမီးကို ဖမ်းမိသွားပြီ။”

သူတော်စင် ယွိယောင်သည် လှောင်အိမ်ထဲမှ အမျိုးသမီးကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေ၏။ ယွိယောင်၏ လေသံမှာ တည်ငြိမ်လွန်းပြီး ဂရုမစိုက်ဟန် ပေါက်နေသည်။

ထောင့်တစ်နေရာတွင် ရှိနေသော တန်ယွင်က ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက ခေါင်းကို ရုတ်တရက် မော့လိုက်ရာ သူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် လှောင်အိမ်အတွင်းရှိ လေထုပင် အေးစက်၍ သွားတော့သည်။

“မဖြစ်နိုင်ဘူး... နင် ငါ့ရဲ့ အစီအရင်ကို မဖျက်နိုင်ဘူး... ငါ့သမီးကို နင်တို့ ဖမ်းမိဖို့ မဖြစ်နိုင်ဘူး...”

“ယွိယောင်... ကောင်မစုတ်...နင်... ငါ့ကို လိမ်နေတာမလား...”

“လိမ်နေတာ ဟုတ်မဟုတ် ကြည့်လိုက်လေ။” သူတော်စင် ယွိယောင်သည် အေးစက်စွာ ရယ်မောရင်း လက်ခုပ်နှစ်ချက် တီးလိုက်သည်။ “တစ်ယောက်ယောက်... တန်ပိုင်ကို ဒီကို ခေါ်လာခဲ့။”

ခြေသံများ နီးကပ်လာသည်နှင့်အမျှ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦးကို လှောင်အိမ်တံခါးရှေ့သို့ ဆွဲခေါ်လာကြသည်။ သူ၏ စကတ် အနားသတ်များတွင် သွေးစက်များ စွန်းထင်နေပြီး ခြေဗလာ များမှာလည်း ရွှံ့များ ပေကျံနေသည်။ သူတော်စင် ယွိယောင်သည် ထိုမိန်းကလေး၏ မေးစေ့ကို ဆွဲမလိုက်ရာ ရှုပ်ပွနေသော ဆံပင်များအောက်မှ နုနယ်သော မျက်နှာလေး ပေါ်ထွက်လာသည်။ ယွိယောင်၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။

ထိုမိန်းကလေးက တန်ပိုင်နှင့် တကယ့်ကို ဆင်တူလှသည်။

သူတို့ တန်ယွင်ကို ပုံရိပ်ယောင်အတတ်များနှင့် လှည့်စား၍ မရနိုင်ပေ။ သူက ဝိညာဉ်မျက်လုံးနှင့် မွေးဖွားလာသူဖြစ်ရာ မည်သည့်လှည့်ကွက်မဆို သူ၏အမြင်မှ မလွတ်နိုင်ပေ။

ထို့ကြောင့် သူတို့က တန်ယွင်ကို လှည့်စားရန် တန်ပိုင်နှင့် ဆင်တူသည့် မိန်းကလေး တစ်ယောက်ကို ရှာဖွေခဲ့ကြရသည်။

သူတို့နှစ်ဦး အနီးကပ် ထိတွေ့မှု မရှိသရွေ့ သမီးဖြစ်သူနှင့် မတွေ့ရသည်မှာ ၁၀နှစ်ကျော်နေပြီ ဖြစ်သောကြောင့် ထိုမိန်းကလေးမှာ တန်ပိုင် အမှန်တကယ် ဟုတ်မဟုတ် ခွဲခြားရန် တန်ယွင်အတွက် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။

“တန်ပိုင်...” ထိုမိန်းကလေးကို မြင်လိုက်ရသည့် ခဏတွင် တန်ယွင်၏ တကိုယ်လုံး တောင့်တင်းသွား၏။

သူ့ပခုံးများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး မျက်ရည်များမှာလည်း ချက်ချင်းပင် ပါးပြင်ပေါ် စီးကျလာတော့သည်။

သူ၏သမီးကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ ၁၃နှစ်တိတိ ရှိခဲ့ပြီ ဖြစ်သည်။

ထိုမျက်ရည်များက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော လွမ်းဆွတ်မှုများနှင့် သမီးဖြစ်သူကိုပါ ထိုနေရာတွင် အကျဉ်းကျနေသည်ကို မြင်လိုက်ရသည့်အတွက် ခံစားရသော အပြစ်မကင်းမှုနှင့် နာကျင်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

သူက အရှေ့သို့ အတင်းတိုးရန် ကြိုးစားသော်လည်း သူ၏ ကျင့်ကြံမှုကို ချုပ်နှောင်ထားသော သံကြိုးက နောက်သို့ ပြန်ဆွဲထား၏။

သူ လုပ်နိုင်သည်မှာ မြေပြင်ပေါ်သို့ ဝပ်စင်းလျက် သူတော်စင် ယွိယောင်၏ လက်ထဲတွင် တုန်ယင်နေသော မိန်းကလေးကို စိုက်ကြည့်နေရုံသာ ရှိသည်။

မိန်းကလေးမှာလည်း အသံကြားရာသို့ ခေါင်းမော့ကြည့်လိုက်ပြီး တန်ယွင်ကို ကြောင်စီစီဖြင့် ပြန်ကြည့်နေသည်။ သူ၏ မျက်ဝန်းအိမ်များတွင် မြူခိုးစများ ဝိုင်းလာ၏။

တန်ယွင်၏ မျက်ဝန်းထဲမှ အကြည့်များမှာ ထိုမိန်းကလေးကို သူကိုယ်တိုင်၏ အမေအရင်းကို သတိရသွားစေသည်။

လွန်ခဲ့သော ငတ်မွတ်ခေါင်းပါးသည့် နှစ်များအတွင်းက သူ၏အဖေနှင့် အစ်ကိုဖြစ်သူတို့မှာ သူ့ကို ရောင်းစားရန် ဈေးသို့ အတင်းဆွဲခေါ်သွားခဲ့ကြသည်။ ထိုစဉ်က သူ၏အမေမှာ သူတို့၏ ရှေ့တွင် ရပ်တန့်ကာ ယခုကဲ့သို့ အမူအရာမျိုးဖြင့် စိုက်ကြည့်နေခဲ့ဖူးသည်။ သူ၏ အမေမှာ သူ့ကို မခေါ်သွားနိုင်ရန် အတင်းဖက်ထားခဲ့သော်လည်း အဖေဖြစ်သူက အမေကို သတိလစ်သွားအောင် ရိုက်နှက်လိုက်မှသာ ထိုကြမ်းတမ်းသော လက်အစုံမှာ ဖြည်းဖြည်းချင်း လွတ်ထွက်၍ သွားခဲ့ရခြင်းပင်...

“နင့်အမေကို မမှတ်မိတော့ဘူးလား။” သူတော်စင် ယွိယောင်က မိန်းကလေး၏ မေးစေ့ကို ရုတ်တရက် ပိုမိုတင်းကျပ်စွာ ကိုင်လိုက်ပြီး အချက်ပြလိုက်သည်။

“အ... အမေ...” မိန်းကလေးက တန်ယွင်ကို လှမ်းခေါ်လိုက်ရာ သူ၏ အသံမှာ တုန်ယင်နေပြီး မျက်ရည်များမှာလည်း အထိန်းအကွပ်မဲ့ စီးကျလာတော့သည်။

ထိုမျက်ရည်များမှာ အစစ်အမှန်များပင်။ လှောင်အိမ်ထဲမှ အမျိုးသမီးဆီမှ လာသော ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် လွမ်းဆွတ်မှုများကို သူ ခံစားနေရ၏။

သူ့ကို ကျွန်ကုန်သည်များဆီမှ ထိုအင်မော်တယ်ဟု ခေါ်ဆိုသူများက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သူတို့က သူ့ကို အမျိုးသမီးတစ်ဦးကို လှည့်စားရန် ပြဇာတ်ကပြခိုင်းခဲ့ကြသည်။

အကယ်၍ သူ နာခံမည်ဆိုပါက အသက်ရှင်ရုံတင်မကဘဲ ထိုအင်မော်တယ် နယ်မြေတွင် ကျင့်ကြံခွင့်ပါ ရရှိမည် ဖြစ်သည်။

တစ်နေ့တွင် သူကိုယ်တိုင် ထိုမြင့်မြတ်သော အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။

သူသည် တစ်ချိန်က ထိုအင်မော်တယ်နယ်မြေကို တမ်းတခဲ့ဖူးပြီး ထိုနေရာမှာ ဆင်းရဲဒုက္ခ ကင်းဝေးရာ နေရာဖြစ်မည်ဟု ယုံကြည်ခဲ့ဖူးသည်။

သို့သော် ယောင်ချီမြင့်မြတ်နယ်မြေသို့ ရောက်လာသည့်အခါ သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို သဘောထားကာ နှိမ်ချကြည့်နေသော အေးစက်စက် မျက်ဝန်းများက သူ့ကို အသက်ရှူ ကျပ်စေခဲ့သည်။

ထိုအင်မော်တယ်ဟု ဆိုသူများကို ရင်ဆိုင်ရသည်ထက် ထိုအမျိုးသမီး၏ သမီးအဖြစ် ဟန်ဆောင် နေရသည်မှာ သူအတွက် ပို၍ပင် သာယာသေးသည်။

အနည်းဆုံးတော့... အနည်းဆုံးတော့ ထိုအမျိုးသမီး သူ့ကို ကြည့်သောအခါတွင် နွေးထွေးမှု ရှိနေသေးသည်။

“တန်ယွင်... ငါတို့ နင့်သမီးကို ဖမ်းမယ်လို့ ပြောခဲ့ရင် ဖမ်းပြီးသားပဲ။ နင့်မှာ အချိန် တစ်လရှိတယ်။ အဲဒီတစ်လအတွင်းမှာ ငါ အဆင့်မြင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး အနည်းဆုံး တစ်လုံး မြင်ချင်တယ်...” သူတော်စင် ယွိယောင်၏ လေသံမှာ အေးစက်သွား၏။

သူ၏ လက်မှာ မိန်းကလေး၏ လည်ပင်းသို့ ပြောင်းလဲသွားပြီး တင်းကျပ်စွာ ညှစ်လိုက်သည်။

မိန်းကလေး၏ မျက်နှာမှာ ခရမ်းရောင်သန်းလာပြီး အသက်ရှူကျပ်ကာ နာကျင်စွာ ညည်းတွား လာမှသာ ယွိယောင်က လက်ကို လွှတ်ပေးလိုက်သည်။

“ရပ်လိုက်စမ်း... ငါ့သမီးကို မထိနဲ့...” တန်ယွင် အရှေ့သို့ နှစ်လှမ်း တိုးလိုက်ရာ သံကြိုးများမှာ ကျောက်ကြမ်းပြင်ပေါ်တွင် တကျွီကျွီ အသံမြည်သွားသည်။ မြေပြင်ပေါ်တွင် ဒူးထောက်ကာ နာကျင်စွာ ချောင်းဆိုးနေသော မိန်းကလေးကို မြင်လိုက်ရသော် တန်ယွင်က သူ၏ နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်လိုက်မိ၏။ “နင် ဘာလို့ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးတွေ ဒီလောက် အများကြီး လိုချင်နေရတာလဲ။”

“ခန္ဓာအိမ်တစ်ခု ဖန်တီးဖို့ပေါ့။” ယွိယောင်က အေးဆေးစွာ ပြန်ဖြေလိုက်ပြီး လှောင်အိမ်အနားသို့ လျှောက်လာကာ တန်ယွင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ပြီးတော့ ငါ့ရဲ့ ပျက်စီးနေတဲ့ အခြေခံအုတ်မြစ်ကို ပြန်ပြင်ဖို့... တန်ယွင်၊ တန်ယွင်... နင်သာ ငါ့ကို အင်မော်တယ် အဖြစ် တက်လှမ်းနိုင်အောင် ကူညီပေးမယ်ဆိုရင် နင့်သမီးရော နင်ပါ ဘေးကင်းလိမ့်မယ်။ ငါ အင်မော်တယ် ဖြစ်လာတဲ့အခါ နင့်ကို ဘယ်လိုလုပ် နှိမ်ချပါ့မလဲ။ စေတနာကို စောင်ခြုံနဲ့ မကန်ပါနဲ့...”

တန်ယွင်က သူ၏ ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်ပြီး ယွိယောင်ကို စိုက်ကြည့်လိုက်သည်။

သူ ချက်ချင်း မြင်လိုက်ရသည်မှာ ယွိယောင်၏ အခြေခံအုတ်မြစ် အမှန်တကယ် ပျက်စီးနေခြင်း ဖြစ်သည်။

အချို့အစိတ်အပိုင်းမှာ သံသရာတာအို၏ ချိပ်ပိတ်ခြင်းကို ခံထားရပြီး အခြားအစိတ်အပိုင်းမှာ ကောင်းကင်နိမိတ်၏ ပြန်ကန်မှုကို ခံထားရသည်။

“သူတော်စင် ကျန်းရော ဘယ်မှာလဲ။”

တန်ယွင် ပြဿနာကို မြင်သွားမှန်း ယွိယောင် သိလိုက်သဖြင့် ထပ်မံ၍ မဖုံးကွယ်တော့ပေ။ သူက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ “သေပြီ။”

“ငါနဲ့ ဖန်ယဲ့ ပေါင်းပြီး သတ်လိုက်တာ...”

“နင်တို့တွေ ရူးနေကြပြီ... ချင်းယွန်ဘုံမှာ ဒီလောက် ရှုပ်ထွေးအောင် လုပ်နေရင် ကောင်းကင်ဘုံရဲ့ ဒေါသကို မကြောက်ကြဘူးလား။” သူက ကျန်းယိပိုင်၏ ကံကြမ္မာကို ကြိုတင်၍ သံသယရှိခဲ့သော်လည်း ယွိယောင်၏ ပါးစပ်မှ တိုက်ရိုက်ကြားလိုက်ရသည့်အခါ ဒေါသ အချောင်းချောင်း ထွက်သွားတော့သည်။

“ကောင်းကင်ဘုံက ငါ့ကို အင်မော်တယ် မဖြစ်ခိုင်းဘူးဆိုရင်တောင်....” ယွိယောင်၏ မျက်ဝန်းထဲတွင် အရူးအမူးဖြစ်မှုများ ပြည့်နှက်နေပြီး သူက အော်ဟစ်လိုက်သည်။ “ငါကိုယ်တိုင် ကောင်းကင်ဘုံကို နင်းခြေပစ်မယ်...”

...

သူတော်စင် ယွိယောင်က ကျေနပ်စွာဖြင့် မြေအောက်လှောင်အိမ်မှ ထွက်ခွာသွားသည်။

တန်ယွင်သည် တစ်လအတွင်း အဆင့်မြင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး အနည်းဆုံး တစ်လုံး ဖော်စပ်ပေးမည်ဟု ကတိပေးခဲ့ပြီ ဖြစ်သည်။

သူ၏ အခြေခံအုတ်မြစ်ကို တည်ငြိမ်စေရန် လိုအပ်သော အဆင့်မြင့် ဆေးလုံးများကိုမူ ခုနစ်ရက် အတွင်း ဖော်စပ်နိုင်ပေလိမ့်မည်။

နတ်ဘုရားအဆင့်နှင့် ပတ်သက်၍မူ အချိန်၊ နေရာနှင့် လူအားလုံး ကိုက်ညီရန် လိုအပ်သည်ကို သူ သိထားသဖြင့် အတင်းအကျပ် မတောင်းဆိုခဲ့ပေ။

တန်ပိုင်အဖြစ် သရုပ်ဆောင်ရန် ခေါ်လာသော မိန်းကလေးကိုမူ တန်ယွင် သံသယမဝင်စေရန် အခြားတစ်နေရာတွင် သီးသန့် ချုပ်နှောင်ထားလိုက်သည်။

တန်ယွင်က သူ၏သမီး ဘေးကင်းကြောင်း သေချာစေရန် တစ်နေ့တစ်ကြိမ် တွေ့ခွင့်ပေးဖို့သာ တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်မှာ သူ့အတွက်တော့ အသေးအဖွဲလေးပင်။

မြေအောက်လှောင်အိမ်အတွင်း၌။

သူတော်စင် ယွိယောင် ထွက်သွားသည်နှင့် ထိုမိန်းကလေးကိုလည်း ခေါ်ထုတ်သွားကြသည်။

စိုစွတ်ပြီး မှောင်မည်းသော လှောင်အိမ်အတွင်း၌ တန်ယွင်၏ ဝမ်းနည်းပူဆွေးမှုများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဒီမိန်းကလေးက... တန်ပိုင် မဟုတ်ဘူး။

သူက ငါ့သမီးနဲ့ အတော်လေး တူပြီးတော့ မျက်ခုံးနှစ်ခုကြားက မှဲ့လေးတောင် အတူတူပဲ ဖြစ်ပေမဲ့...

မဟုတ်တာကတော့ မဟုတ်တာပဲ။

ယွိယောင်လို နှလုံးသားမရှိသော မိစ္ဆာမက မိခင်တစ်ယောက်က မိမိ၏ ရင်သွေးကို လုံးဝ မမှားနိုင်ကြောင့်ကို မည်သို့ နားလည်နိုင်ပါမည်နည်း။

ထိုသို့ဆိုလျှင် သူ အဘယ်ကြောင့် အမှန်အတိုင်း မပြောခဲ့ရသနည်း။

အကယ်၍ သူသာ အမှန်အတိုင်း ပြောလိုက်လျှင် ထိုအပြစ်ကင်းသော မိန်းကလေး အသတ်ခံရမည်ကို သိနေသောကြောင့်ပင်။

ထို့ကြောင့် သူက ဘာမှ သတိမထားမိယောင် ဟန်ဆောင်ခဲ့ရုံသာ ရှိသည်။

ယွိယောင်က သူ၏သမီးကို အမှန်တကယ် ဖမ်းမမိသေးသရွေ့ လုံလောက်နေပြီ ဖြစ်သည်။

တန်ယွင်က အပေါ်ဘက်ရှိ ကျဉ်းမြောင်းသော ကောင်းကင်ယံလေးကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲမှ အေးစက်သော အရိပ်အယောင်များမှာ ပြင်းထန်သော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“နင်က အင်မော်တယ် အဖြစ်ကို တက်လှမ်းချင်တာလား။”

“ကောင်းပြီလေ..ကောင်မစုတ်။ ငါ နင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးမယ်...”

ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဉ်းကျခံနေရစဉ်အတွင်း သူ့ကို အသက်ဆက်နိုင်အောင် လုပ်ပေးခဲ့သော တစ်ခုတည်းသော အရာမှာ တစ်နေ့တွင် လွတ်မြောက်ပြီး သမီးဖြစ်သူနှင့် ပြန်တွေ့ရမည်ဆိုသော မျှော်လင့်ချက်ပင်။

သို့သော် ယွိယောင်၏ ခြိမ်းခြောက်မှုက ပိုမိုနက်ရှိုင်းသော အန္တရာယ်တစ်ခုကို ဖော်ပြနေ၏။

အကယ်၍ ယွိယောင်ကို မဖယ်ရှားနိုင်ပါက သူ၏သမီးမှာ ဘယ်တော့မှ ဘေးကင်းလိမ့်မည် မဟုတ်ပေ။

သူ တစ်ခုခု လုပ်ရပေတော့မည်။

ထို့ပြင် သူက သူ၏သမီးကို တွေ့ ခဲ့ပြီးပြီ မဟုတ်ပါလား။

တန်ယွင်က ဆေးဖော်စပ်သည့် အိုးကြီးနှင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများကို သူအနားသို့ ဆွဲယူလိုက်သည်။

သူက ဝိညာဉ်မျက်လုံးနှင့် မွေးဖွားလာသူဖြစ်သလို ဆေးဖော်စပ်ခြင်းတွင်လည်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

အသက်၂၀ မပြည့်ခင်ကတည်းက သူသည် ချင်းယွန်ဘုံတစ်ခုလုံးတွင် ကျော်ကြားသော နံပါတ်တစ် အဂ္ဂိရတ်ပညာရှင် ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် အဂ္ဂိရတ်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်နှင့် လက်တွဲခဲ့ပြီး သူ၏ လမ်းညွှန်မှုအောက်တွင် သူ၏ အဂ္ဂိရတ် ပညာမှာ အံ့မခန်း တိုးတက်လာခဲ့သည်။

၇ရက်....

ထို၇ရက်အတွင်းတွင် သူက ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး၏ ဖော်မြူလာနှင့် ပစ္စည်းများကို သုံးမည်ဖြစ်သော်လည်း အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်မည် ဖြစ်သည်။

သူက အသေးငယ်ဆုံးသော ပြောင်းလဲမှုတစ်ခုကို အသုံးချကာ သူတော်စင် ယွိယောင်၏ အခြေခံ အုတ်မြစ်ကို ထာဝရ ဖျက်ဆီးပစ်နိုင်မည့် အဆိပ်ဆေးလုံး တစ်လုံးကို ဖော်စပ်ပေတော့မည်။

တန်ယွင်က မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဆေးအိုးကြီးကို လက်နှစ်ဖက်ဖြင့် မကာ ကောင်းကင်နှင့် မြေကြီး၊ ထို့နောက် ငရဲမှ ဝိညာဉ်များကို ဂါရဝပြုလိုက်သည်။

ဘယ်သူမှ... ငါ့ရဲ့သမီးကို အန္တရာယ် မပြုနိုင်စေရဘူး။

“အဲဒါက... ငါ့အသက်ကို ပေးရမယ်ဆိုရင်တောင်မှပေါ့...”

ညအမှောင်ထုကို လျှပ်စီးတစ်ချက်က ခွင်းလိုက်၏။

ထိုဖျော့တော့သော အလင်းရောင်အောက်တွင် တန်ယွင်က လက်နှစ်ဖက်ကို ဖြန့်လျက် မတ်တတ်ရပ်နေသည်။

အရပ်မျက်နှာအနှံ့မှ ဆေးမီးတောက်များမှာ မီးမြွေထောင်ပေါင်းများစွာကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာပြီး သူ၏ ပိန်ပါးသော ပုံရိပ်လေးကို ဝါးမျိုသွားတော့သည်။

...

All Chapters