← Chapters

အင်မော်တယ်တစ်ပါး၏ကောင်းချီး

Vol. 27 Ch. 270

အင်မော်တယ်တစ်ပါး၏ကောင်းချီး

Vol. 27 Ch. 270

“ဂိုဏ်းချုပ်၊ ဘိုးဘေး... ကျွန်တော်တို့ စီနီယာအစ်မကို ကယ်ချင်ပါတယ်...”

တွမ်ဖုန်း၊ ရှုအန်နှင့် ကျန့်ဟယ်တို့ သုံးဦးသည် စုချီနျန်နှင့် ချန်ဟွိုက်အန်တို့၏ အရှေ့တွင် လေးလေးနက်နက် ဒူးထောက်လိုက်ကြသည်။

“ကယ်မယ်။ ဘာနဲ့ကယ်မှာလဲ။ မင်းတို့သုံးယောက်တည်းနဲ့လား။ မင်းတို့က ရွှေရောင်အနှစ်သာရ အဆင့်ပဲ ရှိသေးတာ။ သူတော်စင် ယွိယောင်က လေမှုတ်လိုက်ရင်တောင် မင်းတို့တွေ ဖုန်မှုန့် ဖြစ်သွားလိမ့်မယ်...” စုချီနျန် ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွှေးများ ထောင်နေပြီး မျက်လုံးများ ပြူးထွက်နေကာ သူတို့အပေါ် နည်းနည်းလေးမျှ ကြင်နာမှုမပြပေ။

“ဒါက...” တွမ်ဖုန်းက လက်သီးကို တင်းတင်းဆုပ်ထားရင်း မျက်ဝန်းများ မှေးမှိန်သွား၏။

အင်အားမရှိဘဲနှင့် မိမိကာကွယ်ချင်သောသူကိုပင် မကာကွယ်နိုင်ပေ။

ရက်စက်ခြင်းကမ်းပါး၏ စီနီယာအစ်ကို၊ ဓားကျောင်းတော် မျိုးဆက်သစ်တပည့်များထဲတွင် အငြင်းပွားဖွယ်မရှိ နံပါတ်(၁)ဟု အမည်ခံထားသော်လည်း နောက်ဆုံးတွင် သူက ဘာမှမဟုတ်ခဲ့။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ သုံးယောက်ကို စီနီယာအစ်မနဲ့ လဲလှယ်လို့ရပါတယ်။” တွမ်ဖုန်း၏ ဘေးနားတွင် ဒူးထောက်နေသော ရှုအန်က ရုတ်တရက် စကားဆိုလာသည်။ “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သုံးယောက်က စီနီယာအစ်မထက် ပိုပြီး တန်ဖိုးရှိမှာပါ။ သူက စိတ်တိုတတ်တယ်၊ မူးလာရင်လည်း ရန်ဖြစ်တတ်သေးတယ်။ ကျွန်တော်တို့က သူ့ထက် အများကြီး ပိုလိမ္မာပါတယ်။”

“ငတုံးတွေ...” စုချီနျန်က ဒေါသလည်းထွက် ရယ်လည်းရယ်ချင်သွားသည်။ သူက ရှုအန်ကို လက်ညှိုးထိုးကာ တည့်တည့်မတ်မတ် ဆူပူတော့သည်။ “မင်းတို့က ယွဲ့နဲ့ အလဲအလှယ်လုပ်မယ် ဟုတ်လား။ အဲဒီတော့ရော။ ယွဲ့က မင်းတို့ကို ပြန်လဲဖို့ အော်မယ်။ ပြီးရင် တစ်ယောက်လှည့်စီ အပြန်အလှန် လဲနေကြမလို့လား။ မင်းတို့တွေ အဲဒီ ကောင်းကင်ဖာထေးဆေးလုံးတွေကို အလကား သောက်ခဲ့တာလား။...”

“ကျွန်တော်တို့ရဲ့ ဒန်တျန်ကို ကိုယ်တိုင် ဖျက်ဆီးပစ်ပြီးတော့...”

“တော်တော့... စောက်တလွဲတွေ လျှောက်မပြောနဲ့...” စုချီနျန်၏ ဟိန်းဟောက်သံက သူ့စကားကို ဖြတ်တောက်ပစ်လိုက်သည်။ “ယောင်ချီမြင့်မြတ်နယ်မြေက ဓားကျောင်းတော်ရဲ့ အင်အားကို လျော့နည်းအောင်လုပ်ဖို့ပဲ မင်းတို့ကို ဖမ်းခဲ့တယ် ထင်နေလား။ သူတို့က မင်းတို့ရဲ့ ပါရမီတွေကို နုတ်ယူပြီး သူတို့လူတွေဆီ ပြောင်းပေးဖို့ ကြံစည်နေတာ။ မင်းတို့ သုံးယောက်ပေါင်းရင်တောင် မင်းတို့ စီနီယာအစ်မရဲ့ ဓာတ်ငါးပါးပြီးပြည့်စုံ ခန္ဓာကို မယှဉ်နိုင်ဘူး...”

စုချီနျန် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မီးတောက်များထဲမှ သေအံ့ဆဲဆဲ ယွဲ့ချန်ချီကို သူ ကယ်ထုတ် ခဲ့စဉ်က သူ့တွင် ကိုယ်ကျိုးစွန့်လိုစိတ် ရှိခဲ့သည်တော့ မဟုတ်ပေ။

အကယ်၍ သူသာ သာမန်မိန်းကလေးတစ်ဦး ဖြစ်ခဲ့လျှင် အလွန်ဆုံး သူ မီးထဲမှ ဆွဲထုတ်ပေးရုံသာ ရှိလိမ့်မည်။ ဓားကျောင်းတော်သို့ ခေါ်ဆောင်လာပြီး ထိုမျှ ဂရုတစိုက် ပြုစုစောင့်ရှောက်မည် မဟုတ်ပေ။

သူက နှလုံးသားမရှိသူမို့ မဟုတ်။

ထိုလောကတွင် သနားစရာကောင်းသောသူများက များပြားလွန်းလှသောကြောင့်ပင်။

နေ့တိုင်း လူတွေ ငတ်ပြတ်သေဆုံးနေကြသည်။ နေ့တိုင်း ကလေးများ လူကုန်ကူးခံနေရသည်။

သူ တစ်ကမ္ဘာလုံးကို ကယ်တင်နိုင်ပါမည်လား။

ဓားကျောင်းတော်အနေဖြင့်လည်း ထိုမျှများပြားသော မိဘမဲ့များကို ခိုလှုံခွင့် မပေးနိုင်သလို အရင်းအမြစ်များကိုလည်း မတတ်နိုင်ပေ။

“ဂိုဏ်းချုပ်...” တစ်ချိန်လုံး တိတ်နေသော ကျန့်ဟယ်က တစ်ခုခု ထပ်ပြောချင်နေသည်။

စုချီနျန်က စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြကာ တားလိုက်သည်။ “တော်လောက်ပြီ။ ပါးစပ်ပိတ်ထား... ဓားသင်္ချိုင်းကို သွားပြီး မင်းတို့ရဲ့ အမှားတွေကို ပြန်ဆင်ခြင်ကြ... ငါ့ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ အပြင်မထွက်ရဘူး...” ထို့နောက် သူက အခြား ဓားကျောင်းတော် တပည့်များကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ “မင်းတို့လည်း အတူတူပဲ... ဘယ်သူမှ သူတို့ဆီ သွားကြည့်ခွင့် မရှိဘူး...”

သူ့တပည့်များ မည်သို့ ပြဿနာရှာတတ်ကြောင်းကို သူ အသိဆုံး ဖြစ်သည်။

ယခင်က ဓားသင်္ချိုင်းတွင် အပြစ်ပေးခံရခြင်းက ဆင်ခြင်ရန် ဖြစ်သော်လည်း ထိုယွဲ့ချန်ချီဆိုသော မိန်းကလေးက အပြစ်ပေးခံရသော တပည့်များအတွက် အမြဲပင် စားစရာနှင့် ပျော်စရာများကို ခိုးယူလာပေးတတ်သည်။

နောက်ဆုံးတွင် တခြား ဓားကျောင်းတော်တပည့်များကလည်း သူ့ကို အတုခိုးလာကြသည်။ ဓားသင်္ချိုင်းတွင် အမှားဆင်ခြင်ရခြင်းက အပြစ်ပေးခံရခြင်းထက် ဆုလာဘ် တစ်ခုလို ဖြစ်နေတော့သည်...

ယနေ့မှစ၍ ဓားကျောင်းတော်ကို စည်းကမ်းများ ပြန်တင်းကျပ်ရပေမည်...

ဓားသင်္ချိုင်းတွင်။

တိုက်ရိုက်တပည့် သုံးဦးက ဓားကန်ရှေ့တွင် ဒူးထောက်နေကြသည်။

သူတို့ အပြစ်ပေးခံရတိုင်း စီနီယာအစ်မက သူတို့ဆီကို အမြဲလာတတ်သည်ကို မတွေးဘဲ မနေနိုင်ကြပေ။

ရှုအန်က အရက်ကြိုက်သဖြင့် ယွဲ့ချန်ချီက အကောင်းဆုံး အရက်ကို ယူလာပေးတတ်သည်။ တွမ်ဖုန်းက သိုင်းဝတ္ထုတွေ ကြိုက်သဖြင့် ယွဲ့ချန်ချီက တောင်အောက်ကို ခိုးဆင်းပြီး တစ်ခြင်းစာ ဝယ်လာပေးတတ်သည်။ ကျန့်ဟယ်က အဆင်တန်ဆာ၊ ကဗျာနှင့် စာပေတွေကို နှစ်သက်သဖြင့် သူက ကဗျာဆရာတစ်ယောက်ကို ဓားကျောင်းတော်သို့ တိုက်ရိုက် ပြန်ပေးဆွဲလာခဲ့ဖူးသည်... သူတို့အတွက် အမှားဆင်ခြင်ခြင်းဆိုသည်မှာ အရက်သောက်ခြင်း၊ ကဗျာစပ်ခြင်းနှင့် အနုပညာ ခံစားခြင်းတို့သာ ဖြစ်ခဲ့သည်။

သို့သော် ယခုတော့... ထိုပုံရိပ်လေးက လုံးဝ ပေါ်လာတော့မည် မဟုတ်ပေ။

“စီနီယာအစ်မက ကျွန်တော်တို့ကို ကယ်ဖို့ ဒီလို ဒုက္ခထဲ ရောက်သွားတာ။ ဘာပဲဖြစ်ဖြစ် သူ့ကို ပြန်ထုတ်နိုင်ဖို့ နည်းလမ်းရှာရမယ်။” ရှုအန်က အာခေါင်ထဲတွင် တစ်ခုခု တစ်နေသကဲ့သို့ ခံစားရကာ စကားလုံးများ တိမ်ဝင်နေသည်။

“ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ယောင်ချီကို ခြေတစ်လှမ်းတောင် မလှမ်းနိုင်ဘူး။” တွမ်ဖုန်းက ခါးသီးစွာဖြင့် တိုးတိုးလေး ရယ်လိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့က ဘိုးဘေးရဲ့ ကမ္ဘာငယ်လေးထဲကတောင် ထွက်လို့မရဘူး။”

“ဘာလို့ ကြိုးစားနေဦးမှာလဲ။” ကျန့်ဟယ်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းများတွင်တော့ ပုံမှန်ရှိနေကျ ထက်မြက်မှုနှင့် တောက်ပမှုများ ပျောက်ဆုံးနေပြီ ဖြစ်သည်။ “ငါတို့က အသုံးမကျတဲ့ အရှုံးသမားတွေဆိုတာ လက်ခံလိုက်တာ ပိုကောင်းလိမ့်မယ်။”

လေပြင်းတစ်ချက် တိုက်ခတ်သွား၏။

မြေပြင်ပေါ်သို့ ဖိနပ်သံ တချက်ချင်း နင်းလျှောက်လာသည့် အသံက သူတို့၏ အာရုံကို ဖမ်းစားလိုက်သည်။

သူတို့ မော့ကြည့်လိုက်သောအခါ ရှေ့တွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ အခြားသူဟုတ်ဘဲ ဘိုးဘေး ချန်ဟွိုက်အန် ဖြစ်နေသည်။

“ဘိုးဘေး... ဘာလို့ ဒီကို ရောက်နေတာလဲ။” ရှုအန်က အံ့သြတကြီးဖြင့် မျက်တောင် ခတ်လိုက်ပြီးမှ ခါးသီးစွာ ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်က ကျွန်တော်တို့ အရှုံးသမား သုံးယောက်ကို ဘယ်သူမှ ပေးမတွေ့ခိုင်းဘူး မဟုတ်လား...”

“စုချီနျန်လား။ အဲဒီကောင်က ဘာကောင်မို့လို့လဲ။” ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လှောင်ပြုံးပြုံးလိုက်သည်။ “ဘယ်သူက ပိုကြီးလဲ။ ဂိုဏ်းချုပ်လား၊ ငါလား။ ငါက မင်းတို့ သုံးယောက်ကို တွေ့ချင်တယ်။ ဘယ်သူက တားမှာလဲ။ သူက ငါ့ကို အော်မှာလား။ ငါ့ကို ဓားနဲ့ ထိုးမှာလား။ ဟမ်။”

တပည့် သုံးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အမှန်ပင်။ စုချီနျန် မလုပ်ရဲပေ။

ဂိုဏ်းချုပ်သည် နတ်အသွင်ပြောင်းလဲခြင်းအဆင့် ပြီးမြောက်ခါစသာ ရှိသေးသည်။ သူက ပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပဉ္စမအဆင့်တွင် ရှိနေသော ဘိုးဘေးကို အမွှေးတစ်ပင်စာမျှပင် မယှဉ်နိုင်ပေ။

ထို့ပြင်... သူတို့ မနာလိုဖြစ်မိကြသည်။

၎င်းက အကြွင်းမဲ့အင်အားရှိသူမှ ရရှိနိုင်သည့် အခွင့်အာဏာပင်။

အကယ်၍ သူတို့တွင် ယောင်ချီထက် သာလွန်သော အင်အားသာ ရှိခဲ့လျှင် ယောင်ချီက သူတို့ စီနီယာအစ်မကို ဖမ်းရဲပါမည်လား။

“ဘိုးဘေး... စီနီယာအစ်မကို ကယ်ဖို့ ကျွန်တော်တို့ရဲ့ အင်အားက အရမ်းအားနည်းလွန်းပါတယ်။ တကယ်လို့ ဘိုးဘေးသာ ကူညီပေးမယ်ဆိုရင် ကျွန်တော် ကျန့်ဟယ်ဟာ ဘိုးဘေးရဲ့ ကျွန်အဖြစ်၊ အလုပ်အကျွေးအဖြစ် တစ်သက်လုံး ခစားပါ့မယ်...” ကျန့်ဟယ် ဒူးထောက်ချလိုက်ပြီး သူ၏ နဖူးကို အေးစက်သော ကျောက်ကြမ်းပြင်နှင့် တဒုန်းဒုန်း မြည်အောင် ဆောင့်လိုက်တော့သည်။

“တော်ပြီ။ ငါ့မှာ ကျွန်တွေ၊ အလုပ်အကျွေးတွေ မရှားဘူး။” ချန်ဟွိုက်အန်က လက်ကို မြှောက်ကာ ကျန့်ဟယ်ကို ထစေပြီး ခေါင်းခါပြလိုက်သည်။ “ယွဲ့လေးက အခုလောလောဆယ် အန္တရာယ် မရှိနိုင်သေးဘူး။ ယောင်ချီက သူရဲ့ ဓာတ်ငါးပါးပြီးပြည့်စုံ ခန္ဓာနဲ့ အန္တိမအဆင့် ဒါမှမဟုတ် နတ်ဘုရားအဆင့် ကောင်းကင်ဖာထေးဆေးလုံးတွေကို လိုအပ်နေတာ။ ပြီးတော့ ပျောက်ဆုံး နေတဲ့ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်ကို ရှာဖို့ကလည်း မလွယ်ဘူး။ အန္တိမအဆင့် ဒါမှမဟုတ် နတ်ဘုရားအဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့က ဒီလောက် လွယ်တယ် ထင်နေလား။”

“ဒါပေမဲ့... တကယ်လို့...” ကျန့်ဟယ်က စိုးရိမ်တကြီး မေးလိုက်သည်။

“တကယ်လို့ဆိုတာ မရှိဘူး။” ချန်ဟွိုက်အန်၏ မျက်နှာမှာ တည်ကြည်သွားသည်။ “ငါက အဲဒီလို “တကယ်လို့” ဆိုတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။”

ယခုအခါ သူ ဂိမ်းထဲဝင်တိုင်း ပထမဆုံး လုပ်သည့်အလုပ်မှာ မဟာရေဓာတ် စိတ်ဝိညာဉ် အမြစ်သစ်တစ်ခု ပေါ်မပေါ် တွက်ချက်ခြင်းပင်။

ပေါ်လာသည်နှင့် တပြိုင်နက် သူက ချက်ချင်း လှုပ်ရှားမည်ဖြစ်ပြီး ယောင်ချီထက် အရင် ထိုစိတ်ဝိညာဉ်အမြစ်ကို ကမ္ဘာငယ်လေးထဲသို့ လုယူလာမည်ဟု ဆုံးဖြတ်ထားသည်။

“ဒါဆို... ဘိုးဘေး... ကျွန်တော်တို့က ဘာမှ မလုပ်နိုင်ဘဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာလား။” ရှုအန်က မော့ကြည့်လိုက်ရာ မျက်လုံးများမှာ မီးလောင်ကျွမ်းပြီးစ မီးခဲများကဲ့သို့ နီမြန်း၍ ခြောက်သွေ့နေသည်။

သူက အဖြေတစ်ခုကို ရှာနေခြင်းပင်။

သို့မဟုတ် သူက လုံးဝ ပြိုလဲမသွားစေရန် ထိန်းထားပေးမည့် တစ်ခုခုကို ရှာနေခြင်းလည်း ဖြစ်နိုင်သည်။

“မင်းတို့ လုပ်ရမှာက ကောင်းကောင်း လေ့ကျင့်ဖို့ပဲ။”

ချန်ဟွိုက်အန်က အုံ့မှိုင်းနေသော ကောင်းကင်ယံကို လှည့်ကြည့်လိုက်ပြီး သူ၏ အေးစက်သော အသံမှာ ဖြည်းဖြည်းချင်း လွင့်ပျံ့လာသည် -

“ဘာလို့လဲဆိုတော့ တစ်နေ့ကျရင် ငါက မင်းတို့အားလုံးကို ဦးဆောင်ပြီး မြင့်မြတ်နယ်မြေကို တိုက်ခိုက်မှာမို့လို့ပဲ။ အဲဒီအချိန်ကျမှ မင်းတို့ရဲ့ လက်သီးတွေက မသန်မာလို့ ယောင်ချီ တပည့်တွေရဲ့ ရိုက်နှက်တာကို ခံရပြီး ငါ့ဆီလာပြီး မငိုကြနဲ့...”

မြင့်မြတ်နယ်မြေကို တိုက်ခိုက်မှာလား။

ရှုအန် တကိုယ်လုံး တုန်ယင်သွား၏။

သူ့မျက်ဝန်းထဲမှ မီးခဲများမှာ မီးတောက်များအဖြစ် ပေါက်ကွဲထွက်လာပြီး၊ တင်းတင်း ဆုပ်ထားသော လက်သီးများမှာလည်း အရိုးဖြူများ ပေါ်လာသည့်အထိပင်။

ရုတ်တရက် သူက မြေပြင်ပေါ်သို့ ဝပ်စင်းလိုက်ပြီး နဖူးနှင့် တိုက်ကာ ဟိန်းဟောက်လိုက်သည်။ “ဘိုးဘေး ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုပါတယ်...”

ကျန့်ဟယ်နှင့် တွမ်ဖုန်းတို့လည်း ဒူးထောက် ဂါရဝပြုလိုက်ကြသည်။ “ဘိုးဘေး ကျွန်တော်တို့ကို ကူညီပေးဖို့ တောင်းဆိုပါတယ်...”

ချန်ဟွိုက်အန် ရယ်လိုက်သည်။ ဓားကျောင်းတော် တိုက်ရိုက်တပည့် သုံးဦး၏ မျက်လုံးထဲတွင် နောက်ဆုံးတော့ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည် နိုးထလာသည်ကို မြင်လိုက်ရပြီ ဖြစ်သည်။

“မင်းတို့က ဓားကျောင်းတော် တပည့်တွေပဲ။ ငါက ဘိုးဘေး တစ်ယောက်အနေနဲ့ မင်းတို့ကို သေချာပေါက် ကူညီမှာပေါ့...”

“ရှုအန်။ မင်းမှာ ရွှေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်နဲ့ တတိယအဆင့် ဒန်တျန် ရှိခဲ့တာ။ အခု မင်းရဲ့ ဒန်တျန် ပြန်ကောင်းသွားပြီဆိုတော့ မင်းကို အရည်ပျော်ရွှေ စိတ်ဝိညာဉ်အမြစ်နဲ့ ဓားရိုး ပေးမယ်။ မင်းရဲ့ ဝိညာဉ်မူလခန္ဓာကိုယ်ကိုတော့ မင်းကိုယ်တိုင် ပြန်ယူရမယ်...”

“ကျန့်ဟယ်။ မင်းမှာ မီးဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ်နဲ့ စတုတ္ထအဆင့် ဒန်တျန် ရှိခဲ့တာ။ ငါက မင်းကို အစစ်အမှန်မီး စိတ်ဝိညာဉ်အမြစ်နဲ့ ဓားရိုး ပေးမယ်။ မင်းရဲ့ မွေးရာပါ ဓားခန္ဓာကိုတော့ မင်းကိုယ်တိုင် ပြန်ယူရမယ်...”

“တွမ်ဖုန်း။ မင်းမှာ မြေဓာတ် စိတ်ဝိညာဉ်အမြစ်နဲ့ တတိယအဆင့် ဒန်တျန် ရှိခဲ့တာ။ ငါ မင်းကို နောက်ကျမြေ စိတ်ဝိညာဉ်အမြစ်နဲ့ ဓားရိုး ပေးမယ်။ မင်းရဲ့ ကြက်သွေးရောင်နှလုံးသား တာအိုခန္ဓာကိုလည်း... အဲဒီအတိုင်းပဲ ကိုယ်တိုင် ပြန်ယူ...”

ချန်ဟွိုက်အန်၏ လက်များမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တပည့်တစ်ဦးချင်းစီ၏ ဦးခေါင်းပေါ်သို့ တင်လိုက်၏။

ဂျွမ်း...

ဆောင်းဦးလေပြေက အေးစက်နေပြီး ဓားသင်္ချိုင်း အတွင်းရှိ ပျံသန်းနေသော ဓားပေါင်းများစွာမှာ တုန်ခါလျက် တစ်ပြိုင်နက်တည်း အသံမြည်လာသည်။

အတိတ်မှ ဓားကျောင်းတော်တပည့်များ၏ ဝိညာဉ်များပင် ထိုအခိုက်အတန့်ကို သက်သေပြုနေ ကြတော့သည်။

မသေမျိုး၏ ကောင်းချီး... တစ်သက်လုံးအတွက် ခိုင်မြဲသော ကတိသစ္စာပင်။

...

All Chapters