ဒေါသကြီးသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၂ )
Vol. 9 Ch. 121
စိန်ပွင့်ပုံစံ အရိုးနှစ်ချောင်းနှင့် အမွေးတစ်ခု …
၎င်းတို့က အနီဖျော့ဖျော့လက်နေကြပြီး တူညီသော သတ္တဝါတစ်ကောင်ထံမှ ဖြစ်ဟန်တူသည်။ ၎င်းတို့ထံမှ ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေပါသော်လည်း မာကြောခိုင်ခံမှုနှင့် ပတ်သက်၍ ဘာမှလုပ်မရသည်မှာ နှမျောစရာကောင်းလှသည်။ ၎င်းတို့က မန္တန်အစီအရင်များနှင့် အမြန်နှုန်းကိုသာ ပို၍ တိုးတက်သွားစေနိုင်သည်။
“ ဒါတွေကို ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ငါ ရမလဲမသိဘူး ”
“ အဖြူရောင်ဆေးလုံးတွေလည်း တစ်ထောက်လောက် စုမိနေပြီ ”
ရွှီချင်းက သူ့ပိုင်ဆိုင်မှုများကို တွက်ချက်ကြည့်လိုက်ပြီး မှော်လှေကလေးအပြင်ဘက်သို့ ထွက်၍ နေ့တိုင်း သွားနေကြ မနက်စာဆိုင်ကလေးဆီ သွားလိုက်သည်။
ထိုဆိုင်ပိုင်ရှင်က မကျင့်ကြံသော သာမန်လူတစ်ယောက်ဖြစ်ပြီး ရိုးသားပွင့်လင်းသောပုံပန်းသွင်ပြင် ရှိသည်။ ရွှီချင်းကို သူ မြင်သောအခါ ပြုံးပြလိုက်သည်။
သူသည် လူဆိုးထိန်းဌာနမှ ထိုရုပ်ချောချောလူငယ်လေးကို အလွန် အထင်ကြီးနေမိသည်။ ထိုလူငယ်လေးက တခြား ချီရွှဲ့ထုံဂိုဏ်းသားများကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်းမရှိဘဲ အလွန် ယဉ်ကျေးသိမ်မွေ့သည်။ သို့ဖြစ်၍ ရွှီချင်း မမှာရသေးခင်မှာပင် သူက ပေါင်မုန့်အနည်းငယ်နှင့် ကြက်ဥပြုတ်များအပြင် အရန်ဟင်းတစ်ပန်းကန်ကိုပါ ချပေးလိုက်သည်။
ရွှီချင်းက သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ထိုင်၍ တူများကို ကိုင်ကာ ဖြည်းညင်းစွာ စားလိုက်သည်။ ယခုအခါ တူကိုင်ရသည်ကို သူ အသားကျလာပြီ ဖြစ်သည်။ သူက စားပြီးနောက် စားပွဲပေါ် ဝိညာဉ်ကြေးပြားတစ်ပြား ထားခဲ့ကာ ထ၍ လူဆိုးထိန်းဌာနသို့ သွားလိုက်သည်။
လူဆိုးထိန်းဌာနတွင် အလုပ်တင်ပြခြင်းက အလွန် လွယ်ကူသည်။ ရွှမ်ဌာနခွဲခြံဝင်းထဲရှိ အပြာရောင်ကျောက်တုံးကို ဂိုဏ်းတံဆိပ်ပြားများနှင့် ထိရန်သာ လိုအပ်သည်။
ထိုအခြင်းအရာအားလုံးနှင့် အသားကျနေပြီးသားဖြစ်သော ရွှီချင်းက တာဝန်ကို စစ်ဆေးကြည့်ပြီးနောက် မနက်ခင်းနေရောင်ခြည်များအောက်ရှိ လမ်းများပေါ် လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လူဆိုးထိန်းဌာနမှ ဂိုဏ်းသားအနည်းငယ်ကို သူ ဆုံခဲ့ရသည်။ ဂိုဏ်းသားအများစုက သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြသည်။ ညဉ့်ငှက်အဖွဲ့နှင့် တိုက်ပွဲပြီးနောက် လူဆိုးထိန်းဌာန၌ ရွှီချင်းက အတော်အသင့် နာမည်ကြီးလာခဲ့သည်။
ရွှီချင်းက လမ်းဘေးဆိုင်များမှ သစ်တော်သီးအနည်းအကျဉ်း ဝယ်လိုက်သည်။ သူက သစ်တော်သီးများကို စားရင်း ဆေးဆိုင်သို့ လျှောက်သွားသည်။ သူက ဧရာမဝေလငါးဦးခေါင်းခွံနှင့် အလဲအလှယ်လုပ်ရန် ငွေကြေးမည်မျှလိုအပ်ကြောင်း သိချင်သည့်အတွက် အဖြူရောင်ဆေးလုံးများနှင့် ယမန်နေ့က ဟွမ်ရန် ပေးခဲ့သည့် ကုန်ကြမ်းပစ္စည်းများကို ရောင်းချရန် စီစဉ်ထားသည်။
မကြာခင် ရွှီချင်း၏အမြင်အာရုံထဲကို ဆေးဆိုင်လေး ဝင်ရောက်လာသည်။ ထိုဆိုင်ကလေးက သူ ဆေးပင်များ ဝယ်နေကြ ဆိုင်ကလေးဖြစ်နေဆဲဖြစ်ပြီး လူများ ဝင်ချည်ထွက်ချည်ဖြင့် သက်ဝင်လှုပ်ရှားနေသည်။
ဤဆိုင်ကလေးတွင် ရွှီချင်းက ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး သူ ရောက်လာသည်နှင့် အလုပ်ရှုပ်နေသော ဆိုင်ရှင်အဘိုးအိုက ချက်ချင်း သတိထားမိသွားသည်။ ဆိုင်ရှင်၏ မျက်လုံးများ ဝင်းလက်သွားပြီး ကောင်တာနောကမှ အပြုံးဖြင့် ထွက်လာသည်။
“ မင်းကို မမြင်တာတောင် တော်တော်ကြာသွားတယ်။ ဒီကို လာတာ ဆေးပင်တွေ ဝယ်ဖို့လား၊ ဆေးလုံး ရောင်းဖို့လား ”
“ ဆေးလုံးရောင်းဖို့ပါ ”
ဆိုင်ရှင်မှာ ပို၍ စိတ်အားထက်သန်သွားရသည်။ ရွှီချင်း ပေးသည့် ဆေးလုံးများကို သာမန်ကာလျှံသာ သူ ကြည့်လိုက်ပြီး ရွှီချင်းကို ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ပြုံးရွှင်စွာ ပေးလိုက်သည်။
“ အဘိုး မကြည့်တော့ဘူးလား ”
ရွှီချင်းက ဆိုင်ရှင်ကို ကြည့်လိုက်သည်။
“ မင်းရဲ့ဆေးလုံးတွေကို စစ်ဆေးနေဖို့ မလိုပါဘူးကွ ”
ဆိုင်ရှင်က ပြုံး၍ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်၏။ သူ့ဆေးလုံးတစ်လုံးချင်းစီ၏အရည်အသွေးက ထိပ်တန်းအဆင့်ဖြစ်သည်ဟု သူ ယုံကြည်မှုရှိသည်။ သူ လက်နှစ်ဖက်ကို ဆုပ်ပြလိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ရွှီချင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ဆိုင်ရှင်က ကျောက်စိမ်းပေလွှာတစ်ခုကို အလျင်အမြန် ထုတ်လိုက်သည်။ သူ၏သူဋ္ဌေးကို အသံလွှင့်ပေးပို့လိုက်ပြီးနောက် အလုပ်သမားတစ်ယောက်ကို သူ ခေါ်လိုက်ပြီး ရွှီချင်း၏ ဆေးလုံးများကို သေတ္တာကလေးတစ်ခုထဲ ထည့်စေလိုက်သည်။ ထို့နောက် ထိုအလုပ်သမားကို ဒုတိယမြောက်တောင်ထိပ်ဆီ ချက်ချင်း ပို့စေလိုက်၏။
ထိုဆိုင်အလုပ်သမားက အရိပ်အကဲ နားလည်သူဖြစ်၍ သူဋ္ဌေးက ထိုဆေးလုံးများအား အလွန် တန်ဖိုးထားနေဟန်တူသည်ကို သိသည်။ ထို့ကြောင့် သူက ဆိုင်ထဲမှ ထွက်လာပြီးနောက် ဒုတိယမြောက်တောင်ထိပ်ကို မြန်မြန်သွက်သွက် ပြေးသွားသည်။
များမကြာမီ ဒုတိယမြောက်တောင်ထိပ်၏ ဂူတစ်ဂူမှတစ်ဆင့် မိန်းကလေး၏ရှေ့ကို သေတ္တာကလေး ရောက်သွားသည်။
မိန်ကလေးသည် အသက်တစ်ဆယ့်ခြောက်နှစ်၊ တစ်ဆယ့်ခုနစ်နှစ် ပတ်ခြာလည်ဖြစ်သည်။ လိမ္မော်ရောင်ဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး နံ့သာအမွှေးအကြိုင်များ လိမ်းကျံမထားဘဲ ထိုင်နေသည်။ သူမက သေတ္တာကလေးထဲမှ ဆေးလုံးတစ်လုံးကို ယူလိုက်ပြီး မျက်စိရှေ့တည့်တည့်တွင်ထား၍ သေချာစစ်ဆေးကြည့်လိုက်သည်။
နေရောင်ခြည်အောက်၌ ထိုမိန်းကလေး၏ အသားအရေက နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေပြီး မျက်လုံးလေးများက ကန်ရေပြင်ပမာ ကြည်လင်တောက်ပနေသည်။ နက်မှောင်သောဆံပင်ရှည်များကို ခေါင်းပေါ်ရစ်ခွေ၍ ထုံးကာ ပန်းပွားလေးများဖော်ထားသည့် ကျောက်စိမ်းဆံထိုးနှင့် ညှပ်ထားသည်။
ထိုမိန်းကလေးသည် ဆေးဆိုင်ပိုင်ရှင်မိန်းကလေးမှလွဲ၍ တခြားလူမဟုတ်ပေ။ ယခင်က ရွှီချင်းနှင့် ဆေးဆိုင်အဝတွင် တစ်ခါဆုံခဲ့ဖူးသည်။
ထိုမိန်းကလေးက ဆေးလုံးများကို စစ်ဆေးကြည့်နေရင်း နှုတ်မှ အံ့အားသင့်သွားဟန် အာမေဋိတ်သံလေး ခပ်တိုးတိုး ထွက်လာသည်။ ထိုမိန်းကလေး၏ မျက်ခုံးမွှေးများ အနည်းငယ် အပေါ်သို့ ပင့်တက်သွားပြီး မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့်အရိပ်အယောင်များ ယှက်သန်းလာသည်။
“ သန့်စင်နှုန်းက တကယ်ကြီး တိုးလာတာပဲ ”
ယခင်က ရွှီချင်း ဖော်စပ်ထားသည့် ဆေးလုံးများကို သူမ လေ့လာခဲ့ဖူးပြီး သူမအနေဖြင့် ထိုကဲ့သို့ သန့်စင်နှုန်းမျိုးကို အကြိမ်တိုင်း မဖော်စပ်နိုင်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူမ၏ရင်ထဲတွင် ပြိုင်ဆိုင်စိတ်ကလေး ဖြစ်တည်လာရပြီး မခံချိမခံသာ ဖြစ်ခဲ့ရသည်။
“ သတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားတစ်ယောက်တောင် လုပ်နိုင်မှတော့ မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်တဲ့ငါက ဘာမလုပ်နိုင်စရာအကြောင်းရှိတုံး ”
မိန်းကလေးက ကျောက်စိမ်းပမာ ဖြူဖွေးသော လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ဆေးပင်များ နေရာအနှံ့မှ ပျံသန်းလာသည်။ ထို့နောက် လေးနက်သောအမူအရာဖြင့် ဆေးလုံးများ စတင်ဖော်စပ်လိုက်၏။
ရွှီချင်းကို မှော်ဆေးပညာတွင် သူမ လိုက်လံယှဉ်ပြိုင်နေစဉ် လက်ရှိအချိန်၌ ရွှီချင်းက လမ်းများပေါ် လျှောက်သွားကာ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများ၏ လက်နက်ရုံကလေးများကို လိုက်ကြည့်နေသည်။ သူ၏မျက်ခုံးမွေးများ ကွေးချည်ဆန့်ချည်ဖြစ်နေပြီး သူ၏မျက်လုံးများထဲ သံသယအရိပ်အယောင်များဖြင့် လက်နေသည်။
သူ အမြင်မှားနေခြင်းလား မသိပါသော်လည်း ယနေ့ ထိုဆိုင်များကို သူ ဖြတ်ကျော်သွားသည့်အခါ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်ရှင်များက တစ်ခုခုကို အတည်ပြုနေကြသည့်အလား သူ့အား ပုန်းလျှိုးကွယ်လျှိုး ကြည့်နေသည်ကို သတိထားမိနေသည်။
သူတို့ကို ကြည့်ရသည်မှာ ယခင်ကကဲ့သို့ မဟုတ်ပေ။
“ သူတို့ ငါ့ကို စောင့်ကြည့်နေတာလား ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထိုပုံမှန်မဟုတ်သောမြင်ကွင်းကြောင့် သူ ပို၍ သတိထားသွားပြီး လှည့်ပတ်သွားလာနေခြင်းကို စွန့်လွှတ်လိုက်သည်။
ကုန်ကြမ်းပစ္စည်းများ ရောင်းသည့်ဆိုင်တစ်ဆိုင်ကိုမျှ သူ မဝင်တော့ဘဲ ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ ပြန်သွားကာ သတိထား၍ ကျင့်ကြံလိုက်သည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပါသော်လည်း ကိစ္စကြီးကြီးမားမား ဖြစ်ပွားလာခြင်း မရှိပေ။ ရွှီချင်း တွေဝေတွန့်ဆုတ်နေပါသော်လည်း သတိထားနေဆဲပင်။ နေ့စဉ်နေ့တိုင်း သူ တာဝန်ထမ်းဆောင်ရင်း ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်များကို သူ စစ်ဆေးကြည့်ခဲ့သည်။
ယခင်ကကဲ့သို့ စောင့်ကြည့်ခြင်းမျိုး နောက်ထပ် ပေါ်မလာတော့ပါသော်လည်း ရွှီချင်းမှာ စိတ်ပူနေဆဲပင်။ ထို့ကြောင့် သူ ရက်အနည်းငယ် ထပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြောင်း အတည်ပြုပြီးသောအခါမှသာ အစကတည်းက သူ့ကို စောင့်မကြည့်ခဲ့သည့် ဆိုင်ကို သူ သွားရန် စီစဉ်လိုက်သည်။
သူ၏မှော်လှေကို အဆင့်မြှင့်တင်ချင်ပါက ကုန်ကြမ်းပစ္စည်းများရှိသည့် ဆဋ္ဌမမြောက်တောင်ထိပ်၏ ဆိုင်များကို သူ သွားရမည်သာ ဖြစ်သည်။ မှော်လှေများနှင့် ပတ်သက်သည့် ကုန်ကြမ်းပစ္စည်းများရှိသော ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်အားလုံးနီးပါး ဆိပ်ကမ်းတွင် ရှိကြသည်။ ယင်းက မိုနိုပိုလီကစားနည်းနှင့် ဆင်တူသည်။ တခြားနေရာများရှိ ဆဋ္ဌမမြောက်တောင်ထိပ်မှ ဆိုင်များကတော့ မှော်လှေကုန်ကြမ်းပစ္စည်းများကို မရောင်းကြပေ။
ထို့ကြောင့် ရွှီချင်းက သံသယအနည်းငယ် ရှိနေပါသော်လည်း ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရွှီချင်းက လမ်းများပေါ် စိုးရိမ်ပူပန်စိတ်ဖြင့် ခပ်သွက်သွက်သွားနေသည်။ သူ ရွေးချယ်ထားသည့်ဆိုင်ကို သူ ရောက်တော့မည့်အခိုက် သူ့နောက်မှ ရင်းနှီးသော အသံတစ်သံ လွင့်ပျံလာသည်။
https://mmxianxia.com/wp-content/uploads/2023/01/beaded-hairpin-for-ceremonies-300x300.jpg
ဘာသာပြန်သူမှတ်စု။ ဆံပင်ကိုထုံးပြီး ကျောက်စိမ်းဆံထိုးထိုးထားတဲ့ပုံက အောက်ကပုံအတိုင်းပါပဲ။