← Chapters

ကြားဖြတ် ဖြစ်ရပ်များ (၂)

Vol. 4 Ch. 220

ကြားဖြတ် ဖြစ်ရပ်များ (၂)

Vol. 4 Ch. 220

ခလွမ်း...

နာတာရှာက ပြတင်းပေါက်မှန်ကိုခွဲပြီး အပြင်ကိုထွက်ပြေးတယ်။ သွေးစွန်းဘုန်းတော်ကြီးကလိုက်လာပေမဲ့ သူဟာအမြန်နှုန်းနဲ့ ကျော်ကြားသူတစ်ယောက်မဟုတ်ပါဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သတ်ဖြတ်လိုစိတ်တွေက အရှိန်အဝါအဖြစ်ကိုပြန့်နှံလာပြီးတော့ နာတာရှာရဲ့တိုက်ခိုက်တွေးတောနိုင်စွမ်းကို လျော့နည်းစေတယ်။

နာတာရှာ တစ်ခဏတာနှေးသွားတဲ့အချိန်မှာ သွေးစွန်း ဘုန်းတော်ကြီးက သူ့နောက်ကနေရောက်လာပြီး နှလုံးကို ခရုပတ်ဓားနဲ့ထိုးဖို့ကြိုးစားတယ်။ နာတာရှာကလှိမ့်ရှောင်ရင်း အမြန်တွေးတောနေတယ်။

“ဘယ်လိုလုပ်ပြီး ဒီလူက ငါ့ကိုမြင်နိုင်နေရတာလဲ။”

နာတာရှာက လျှို့ဝှက်ကိုယ်ပျောက်အစီအရင်ကို စီရင်ခဲ့ပြီးသား။ သွေးစွန်းဘုန်းတော်ကြီးက သူစာအုပ်တွေကိုလှန်နေတာကို တွေ့ပြီးသတိထားခဲ့မိရင်တောင်မှ သူထွက်ပြေးသွားရင် မြင်ဖို့မဖြစ်နိုင်ဘူး။

“မင်းက ငါ့ရဲ့သွေးအာရုံ ခံနိုင်စွမ်းမှာ လုံးဝ ဗလာအဖြစ် ပျောက်ကွယ်နေတယ်။ မင်းကိုယ်မင်းဖုံးကွယ်ထားလဲအလကားပဲ။ ငါက ငါမမြင်ရတဲ့အရာကို လိုက်ပြီးဓားနဲ့ထိုးနေရုံပဲ။”

နာတာရှာက နှုတ်ခမ်းကိုဖိကိုက်လိုက်တယ်။ သွေးစွန်းဘုန်းတော်ကြီးက အာရုံခံနိုင်စွမ်းအားမြင့်တဲ့သူ ဖြစ်ပုံရပါတယ်။ သူက ပတ်ဝန်းကျင်ကအရာအားလုံးကို အသေးစိတ်တိတိကျကျမြင်နေရပေမဲ့ နာတာရှာကိုတော့ မမြင်ရဘူး။ တစ်နည်းအားဖြင့် အဖြူရောင်အခင်းပေါ်မှာ စွန်းထင်းနေတဲ့ အနက်ရောင်အစက်လိုဖြစ်နေခဲ့တာ။

နာတာရှာရဲ့အစီအရင်က ပတ်ဝန်းကျင်နဲ့ရောနှေနေနိုင်ပြီး တခြားသူတွေဆီကနေ ပုန်းကွယ်နိုင်တယ်ဆိုပေမဲ့ သွေးစွန်းဘုန်းတော်ကြီးဆီမှာတော့ ပြောင်းပြန်အလုပ်လုပ်နေတယ်။

“ရား...” သွေးစွန်းဘုန်းတော်ကြီးက မီလာပြန်ပြီး နာတာရှာရဲ့လည်ပင်းကို ဓားနဲ့ထိုးဖို့လုပ်တယ်။ နာတာရှာက လက်နှစ်ဖက်ကိုပိုက်ပြီး လည်ပင်းနားကိုမြှောက်ကာ ကာကွယ်တယ်။ တံတောင်ဆစ်က ဓားကိုင်ထားတဲ့လက်ကို ရိုက်မိသွားတဲ့အတွက် ဓားလမ်းကြောင်းလွဲသွားပြီ။

အခွင့်သာနေတုန်း နာတာရှာက ညာခြေကိုမြောက်ကာ လေထဲမှာတင် သွေးစွန်းဘုန်းတော်ကြီးကိုကန်ဖို့လုပ်တယ်။ သွေးစွန်းဘုန်းတော်ကြီးကလည်း တစ္ဆေတစ်ကောင်လိုမျိုး အတောင်ပျံမပါဘဲ လေထုထဲမှာဝဲနေရင်းကနေ ကန်ချက်ကို ရှောင်တယ်။

အဲဒီနောက်တော့ သူကိုယ်တိုင်လည်း လက်ဝါးတစ်ဖက် ဓားတစ်ဖက်နဲ့ နာတာရှာကို အနီးကပ်စတင်တိုက်ခိုက်တယ်။ နာတာရှာရဲ့လက်သီးချက်နဲ့ကန်ချက်တွေကို သူ့လက်ဝါးနဲ့ တားဆီးလမ်းကြောင်းလွှဲပြီး ကိုယ်တိုင်ကတော့ ဓားနဲ့ချက်ကောင်းကို ထိုးဖို့ကြိုးစားတယ်။

ဘုန်း....

နှစ်ယောက်တိုက်ခိုက်နေရင်းကနေ သိုင်းကွက်ဒါဇင်နဲ့ချီ ဖလှယ်မိပြီးနောက်မှာတော့ သွေးစွန်းဘုန်းတော်ကြီးက နာတာရှာရဲ့ခြေတစ်ဖက်ကိုဖမ်းမိသွားပြီး လေပေါ်ကနေ မြေပေါ်ကို ကိုင်ပေါက်လိုက်တယ်။

“အတော် အန္တရာယ်များတဲ့သူပဲ။” နာတာရှာက အက်ကွဲနေတဲ့ ကျောက်သားကြမ်းပြင်ကနေ ပြန်ကုန်းထလိုက်တယ်။ ခန္ဓာကိုယ် အဆစ်တချို့လွဲသွားပေမဲ့ လွယ်လွယ်ပဲပြန်တည့်လိုက်တယ်။ သာမန်လူတစ်ယောက်သာဆိုရင် ဒီအဆင့်ထိခိုက်မှုတွေကြောင့် ပြန်ထနိုင်မှာမဟုတ်ပေမဲ့ ဖုတ်ကောင်တွေမှာ ဒီလိုကန့်သတ်ချက်မရှိဘူး။

“အနားကပ်ခံလို့မဖြစ်ဘူး....” နာတာရှာက ကိုယ်ခံပညာကို သေချာလေ့ကျင့်ခဲ့သူဖြစ်ပေမဲ့ သွေးစွန်းဘုန်းတော်ကြီးကို မယှဥ်နိုင်သေးဘူး။ ဒါ့အပြင် တစ်ဖက်သူက သူ့ကိုပေါ့ပေါ့ တန်တန်နဲ့ပဲရင်ဆိုင်နေသလို ခံစားရတဲ့အတွက်ကြောင့် အားကုန်မထုတ်သေးမှန်းသိသာပါတယ်။

ဝူး... ဝှစ်... ဝှစ်....

နာတာရှာက မှော်နှင်တံကိုလှုပ်ယမ်းပြီး လေဓားချက်တွေကို ထုတ်ဖော်ကာ အတောင်ပံကိုဖြန့်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ သွေးလက်ကြီးတစ်ဖက်ထွက်လာပြီး နာတာရှာကိုသွေးစွန်း ဘုန်းတော်ကြီးက ချုပ်ကိုင်လိုက်တယ်။

“သေစမ်း....” နာတာရှာ မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူတို့နှစ်ယောက်ကအဆင့်ချင်းကွာတာသိပေမဲ့ အခုလိုမျိုး ကြောင်ကကြွက်ကိုကစားသလိုမျိုး ဖြစ်နေမယ်ထင်မထားခဲ့ဘူး။ နာတာရှာရဲ့နတ်ဘုရားခန္ဓာကိုယ် ဒဏ်ရာရထားတာလည်းပါပေမဲ့ အဲဒီလိုမဟုတ်ရင်တောင် အနိုင်ရဖို့မဖြစ်နိုင်ဘူးလို့ သူခံစားနေရတယ်။

“မိန်းကလေး... ကျွတ်လွတ်ဖို့အချိန်တန်ပြီ။” သွေးစွန်း ဘုန်းတော်ကြီးက သူ့ဓားကိုမြှောက်လိုက်တယ်။ ဓားအထက်မှာ သန့်စင်တဲ့အလင်းစွမ်းအားဖြစ်တည်လာပြီး အဲဒီအလင်းကို ကြည့်လိုက်ရုံနဲ့တင် နာတာရှာဟာရုန်းကန်ဖို့ကို မေ့သွားခဲ့တယ်။ အလွန်ကိုအေးချမ်းပြီး သာယာလှပတဲ့နေရာတစ်ခုကို မြင်လိုက်ရသလိုမျိုးပဲ။

“မင်းက မင်းဆန္ဒကိုဆန့်ကျင်ပြီး အသက်သွင်းတာကို ခံခဲ့ရတာမဟုတ်လား။ မင်းမိသားစုက တမလွန်တစ်ဖက်ကမ်းမှာ စောင့်နေတယ်။ ကလေးမ၊ ကြေးချွတ်သန့်စင်ဘုံကိုဝင်ပါ။ ငြိမ်းချမ်းမှုက သင့်ကိုစောင့်နေပါလိမ့်မယ်။”

အလင်းရောင်ကို ကြည့်နေရင်းကနေ နာတာရှာဟာ ခေါင်းထဲမှာ ဗလာဖြစ်လာသလိုခံစားရတယ်။ လက်ရှိတိုက်ပွဲဝင်နေတယ် ဆိုတာကိုမေ့သွားပြီး မှော်နှင်တံကို လက်ထဲကနေလွှတ်ချ မိလိုက်တယ်။ အလင်းရောင်ကနေတစ်ဆင့် တစ်ဖက်ကမ်းမှာ တောင်ကြီးတစ်တောင်နဲ့အဲဒီတောင်ကြီးပေါ်မှာစီးဆင်းနေတဲ့ စမ်းချောင်းတစ်ချောင်းရှိနေတာကိုမြင်ရတယ်။

သေဆုံးသွားပြီဖြစ်တဲ့ နာတာရှာရဲ့ခင်ပွန်းဖြစ်သူနဲ့ကလေးက သူ့ကိုအဲဒီကနေ လက်ပြနေကြတယ်။ နာတာရှာလက်ကိုဆန့်ထုတ် လိုက်မိတယ်။

“အချစ်.... ကျွန်မလည်း ရှင်တို့ကိုသတိရတယ်.....”

သူ့ပါးပြင်ပေါ်ကို အေးစက်နေတဲ့မျက်ရည်တွေ စီးကျလာတယ်။ သနားစရာကောင်းတဲ့သူ့ရဲ့မိသားစုက အာဏာကိုလောဘ တက်နေခဲ့တဲ့ အရင်ကွန်စတန်တီနိုပယ်ဆီနိတ်တာကြောင့် သေခဲ့ရတာ။ ဖြစ်နိုင်ရင် နာတာရှာသူတို့နဲ့မခွဲချင်ပါဘူး။

တကယ်လို့တမလွန်ကိုလျှောက်လှမ်းပြီး သူတို့နဲ့ဆုံစည်းခွင့် ရမယ်ဆိုရင် ကောင်းတဲ့အရာပဲမဟုတ်လား။ သူ့ရဲ့ဒုက္ခတွေ အားလုံးလည်းငြိမ်းအေးသွားလိမ့်မယ်။

ဒါပေမဲ့....

“မသေနဲ့....”

တစ်စုံတစ်ယောက်ရဲ့စကားသံက သူ့ခေါင်းထဲမှာ မြည်ဟီးနေဆဲပဲ။ အဲဒီစကားသံက သေဆုံးသွားသင့်ပြီဖြစ်တဲ့ သူ့ကိုအသက်ပြန်သွင်းပေးခဲ့တဲ့အရာ။ သေမင်းနဲ့ လိုက်သွားခဲ့သင့်တဲ့သူတစ်ယောက်ကို လူသားဘုံမှာ ကျောက်ချနေထိုင်စေခဲ့တဲ့အရာပါ။

အဲဒီစကားသံကြောင့် သူဟာသေလျက်နဲ့ ရှင်နေခဲ့ရတယ်။ အဲဒီစကားသံကြောင့်ပဲ အမျိုးမျိုးသောအတွေ့အကြုံတွေကို တွေ့ကြုံခံစားခဲ့ရတယ်။ မရေမတွက်နိုင်တဲ့ စွန့်စားခန်းတွေ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တွေအပြင်ကို တစ်နေ့တခြားသန်မာလာတဲ့ အဲဒီစကားရဲ့ပိုင်ရှင်ကို သူစွဲလမ်းလာမိတယ်။

ဟုတ်ပါတယ်... ဒါဟာအချစ်တော့မဟုတ်ပါဘူး။ သစ္စာရှိမှုပါ။ နောက်လိုက်တစ်ယောက်အနေနဲ့ သခင့်အပေါ်ရှိနေတဲ့အကြွင်းမဲ့ သစ္စာတရား။

အဲဒီနှောင်ကြိုးက တမလွန်ကိုသွားချင်နေတဲ့ နာတာရှာရဲ့စိတ်ကို ငြိမ်းအေးသွားစေတယ်။

“အချစ်... ပြီးတော့သားလေး... နည်းနည်းလောက် ကျွန်မကို ထပ်စောင့်ပေးပါဦး။ ဒီဖက်မှာ ကျွန်မလုပ်ချင်တဲ့အရာတွေ မပြီးသေးဘူး။ သခင့်ကို ကျောင်းခြောက်ကျောင်းမှာ အစွမ်းအထက်ဆုံးအယ်ဒါဖြစ်စေရမယ်လို့ ကတိပေးထားတယ်။”

“ သူပေးထားတဲ့တာဝန်ကို မပြီးသေးဘဲနဲ့ ကျွန်မထွက်သွားလို့ မဖြစ်သေးဘူး။ တောင်းပန်ပါတယ်။”

နာတာရှာက ငိုနေတာကိုရပ်လိုက်တယ်။ အဲဒီနောက်တော့ သူ့ခန္ဓာကိုယ်အက်ကွဲနေတဲ့ကြားကနေ ပါးစပ်ကိုဟလိုက်ပြီး နတ်မိမယ်တစ်ပါးလိုမျိုး တေးသီလိုက်ပါတယ်။ ထိခိုက် ပျက်စီးထားတဲ့ လေနတ်ဘုရားခန္ဓာကိုယ်ကလည်းပဲ နာတာရှာရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတယ်။

တောင်ပံနှစ်စုံ၊ ဘယ်ညာတောင်ပံလေးခုပါတဲ့နတ်သမီးက နာတာရှာနဲ့တစ်ပုံစံတည်းအတိုင်းပဲလှုပ်ရှားပြီး တေးသီချင်း တစ်ပုဒ်ကိုစတင်သီဆိုတယ်။ အနက်ရောင်ငှက်မွှေးတောင်တွေ ဘုရားကျောင်းရင်ပြင်တစ်ခုလုံးကို ပြန့်နှံသွားပြီး တတိယမြောက် တောင်ပံသစ်တစ်စုံက နတ်ဘုရားခန္ဓာမှာ စတင်ပေါ်ပေါက်လာခဲ့ပါပြီ။

အက်ကွဲကြောင်းတွေက တေးဂီတသံနဲ့အတုပြန်စေ့နေပြီး နာတာရှာရဲ့အရှိန်အဝါကလည်း ပိုမိုကြီးမားလာခဲ့ပါတယ်။ တေးသံတစ်ခုတည်းနဲ့တင် ဘုရားကျောင်းဝင်းထဲက အဆောက်အဦးတွေတုန်ခါနေပြီး အယ်ဒါအဆင့်အောက်က လူတွေအကုန်လုံး ဒူးထောက်ကျကုန်တယ်။

သူတို့တွေအားလုံးရဲ့ခေါင်းထဲမှာ မေးခွန်းမထုတ်နိုင်အောင် သန်မာတဲ့သခင်တစ်ယောက်ရဲ့ပုံရိပ်ကို မြင်ယောင်လာပြီးတော့ ခေါင်းတွေကိုဆုပ်ကိုင်ထားရတယ်။ ပိုအားနည်းတဲ့သူတွေကတော့ သူတို့ခေါင်းထဲဝင်လာတဲ့ပုံရိပ်ကိုစတင်ပြီး ဝတ်ပြုကိုးကွယ် နေကြပါပြီ။

“အိုး... ညကောင်းကင်ကိုအစိုးရသောအရှင်.... အမှောင်နတ်ဘုရားမ၏သားတော်... မကောင်းမှုအပေါင်းကို တိုက်ဖျက်သောအရှင်....”

ကိုးကွယ်သူအရေအတွက်များပြားလာတာနဲ့အမျှ ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေတိုးတက်လာပြီး နာတာရှာကိုယ်တိုင်ရဲ့စွမ်းအားကလည်း မြင့်မားလာတယ်။

နောက်ဆုံးတော့ အသံလှိုင်းတွေရဲ့ဒဏ်ကိုမခံနိုင်တော့ဘဲ သွေးစွန်းဘုန်းတော်ကြီး သွေးတစ်လုပ်အန်လိုက်ရပြီးတော့ အလင်းမှော်လည်းပျက်သွားတယ်။

ဘုန်း...

နာတာရှာကတော့ ဒီနေရာမှာဆက်နေဖို့အတွက် မစဥ်းစားတော့ဘဲ အတောင်ကိုဖြန့်ကာ အသံထက်မြန်တဲ့နှုန်းနဲ့ထွက်ပြေးသွားတယ်။ ဒီနေရာမှာရှိနေတာက သွေးစွန်းဘုန်းတော်ကြီးတစ်ယောက်တည်း မဟုတ်ဘူးလေ။

...

သွေးစွန်းဘုန်းတော်ကြီးကတော့ ကောင်းကင်ပေါ်မှာ ပျံသန်းထွက်ခွာသွားတဲ့ နာတာရှာရဲ့ပုံရိပ်ကိုရပ်ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။ နောက်တော့ သူ့မျက်စိရှေ့မှာရှိနေတဲ့ ညအရှင်ကိုကိုးကွယ်နေတဲ့ ငယ်သားတစ်ယောက်ကို ကြည့်လိုက်ပြီး ရောက်ရှိလာပြီဖြစ်တဲ့ ကွပ်မျက်သူတပ်ဖွဲ့ကို အမိန့်ပေးလိုက်တယ်။

“ညအရှင်ကိုကိုးကွယ်နေတဲ့ကောင်တွေကို သတ်ပစ်လိုက်။”

“ဟုတ်ကဲ့ပါ၊ တပ်မှူးကြီး။” ကွပ်မျက်သူတပ်ဖွဲ့ဝင်တွေက သူတို့ဓားတွေကို ဓားအိမ်ကနေဆွဲချွတ်လိုက်တယ်။ အဲဒီနောက်တော့ ဘုရားကျောင်းအနှံ အော်ဟစ်သံတွေ ပြန့်နှံလာပြီး ကျောက်သားကြမ်းပြင်တွေဟာ သွေးတွေနဲ့ချင်းချင်းနီကုန်တယ်။

သွေးစွန်းဘုန်းတော်ကြီးကတော့ အဲဒီကျောက်ပြားတွေကို နင်းပြီးတော့ ဝတ်ပြုဆောင်ဆီကိုကူးသွားလိုက်ပါတယ်။ ဝတ်ပြုဆောင်တံခါးကိုဖွင့်လိုက်တော့ ဝတ်ပြုနေတဲ့ ရဟန်းမင်းကြီးပီးယပ်ကို တွေ့လိုက်ရပါတယ်။

“အရှင်ရဟန်းမင်း... အဲဒီဒိဋ္ဌိငှက်ဆိုးကို ဘာလို့ဒီအတိုင်း လွှတ်ပေးလိုက်တာလဲ။” သွေးစွန်းဘုန်းတော်ကြီးက နာတာရှာအတွက် မကောင်းတဲ့ဘွဲ့အမည်ကိုဖန်တီးပြီး ပေးလိုက်တယ်။

ရဟန်းမင်းကြီးက မအိပ်သေးဘဲ ဒီနေရာမှာရှိနေပုံထောက်ရင် အပြင်ကတိုက်ပွဲကို သတိထားမိတယ်ဆိုတဲ့သဘောပဲမဟုတ်လား။ ပီးယပ်သာဝင်ပါရင် နာတာရှာမပြောနဲ့ အမှောင်ကျောင်းတော် တစ်ခုလုံးရောက်လာရင်တောင် လွတ်မှာမဟုတ်ဘူး။

ရဟန်းမင်းကြီးပီးယပ်ကတော့ ဝတ်ပြုနေတာကိုရပ်လိုက်ပြီး သွေးစွန်းဘုန်းတော်ကြီးကို ပြုံးပြလိုက်ပါတယ်။

“ညီတော်၊ ဒါက ငါ့အစီအစဥ်အတိုင်းပါပဲကွာ။ အခုတော့ နောက်တစ်ဆင့်ရောက်လာပြီဆိုတဲ့သဘောပဲ။”

“ကျုပ်တော့ ခင်ဗျားကိုနားမလည်နိုင်တော့ဘူး။ အခုဆိုရင် အမှောင်ကျောင်းတော်မှာ နောက်ထပ်အယ်ဒါတစ်ယောက် ရှိလာပြီ။” သွေးစွန်းဘုန်းတော်ကြီးက စိတ်မရှည်တဲ့ပုံစံနဲ့ ပြောလိုက်ပြီးတော့ ဝတ်ပြုဆောင်ထဲကနေ ထွက်သွားတယ်။

ရိုမြူလက်ဘုရားကျောင်းက ကျောင်းခြောက်ကျောင်းနဲ့ အခြားအဖွဲ့အစည်းတွေကိုဖိနှိပ်ထားနိုင်တာ ရှေးအယ်ဒါဖြစ်တဲ့ ရဟန်းမင်းကြီးပီးယပ်အပြင် သွေးစွန်းဘုန်းတော်ကြီးလိုမျိုး အယ်ဒါပေါင်းများစွာ ရှိနေခဲ့လို့ပါ။ အခုတော့အမှောင်ကျောင်းက ဖြည်းဖြည်းချင်းလိုက်မီလာနေတယ်။

....

နက်ဆန်ဟာ ညအမှောင်ထုကိုအသုံးချပြီး မိုနီကာနဲ့ဒေါ်ရသီကို ကာကွယ်ပေးနေတယ်။

သူဟာအစွမ်းထက်တဲ့ အယ်ဒါတစ်ယောက်ဖြစ်ပေမဲ့ တစ်ဖက်က အရေအတွက်အားသာလွန်းတယ်။ လေကျောင်းတော် ဆီနိတ်တာတွေက သံမဏိကိုတောင် ဟပ်တက်ခွဲနိုင်တဲ့ လေဓားတွေနဲ့သူ့ကိုဝိုင်းတိုက်ခိုက်နေပြီး အယ်ဒါဖြစ်တဲ့ ရှားလော့ကတော့ အသံထက်မြန်တဲ့မြန်နှုန်းမျိုးကိုသုံးကာ သူ့ကိုအလစ်တိုက်ခိုက်ဖို့ကြိုးစားနေတယ်။

ဒါကြောင့် ထိပ်တိုက်ရင်မဆိုင်ရဲဘဲ အရိပ်ခရီးသွားနိုင်စွမ်းကို အသုံးပြုကာ တစ်နေရာကနေတစ်နေရာကို ဆက်တိုက်ခုန်ကူး နေရပါတယ်။ ခရီးရှည်ခုန်ကူးဖို့ကြိုးစားခဲ့ပြီးသားဖြစ်ပေမဲ့ ရန်သူတွေကဆက်တိုက်ပစ်ခတ်နေတာမလို့ အာရုံမစိုက်နိုင်ခဲ့ဘူး။ ခရီးတိုခုန်ကူးမှုတွေကိုသာ ခပ်စိပ်စိပ်လုပ်နိုင်ခဲ့ပြီး ဒါကလည်း ရန်သူတွေရဲ့အမြန်နှုန်းကြောင့် အရာမထင်သလောက် ဖြစ်နေပါပြီ။

“သခင်... သတိထား.....”

ဒေါ်ရသီကပြောလိုက်ပြီး အနက်ရောင်သလင်းကျောက်လွှာတစ်ခု ဖန်တီးပြီး နက်ဆန်အသင့်မဖြစ်သေးခင်ဝင်လာတဲ့ လေဓားတွေကို ကာကွယ်လိုက်တယ်။ ဒါပေမဲ့ သံဆူးပြားတပ်ဖိနပ်ကိုစီးနင်းထားတဲ့ အယ်ဒါရှားလော့ခ်ရောက်လာပြီး သလင်းကျောက်ဒိုင်းကို ခြေနဲ့ကန်လိုက်တဲ့အတွက်ကြောင့် ချက်ချင်းကွဲအက်သွားခဲ့ပါပြီ။

“ညအရှင်... ရှင့်ရဲ့ကျော်ကြားတဲ့ အစေခံတွေမပါဘဲ ဒီကိုဝင်လာရဲတာ ကိုယ့်ကိုယ်အထင်ကြီးနေသလိုမျိုး ဖြစ်မနေဘူးလား။ ဖုတ်ကောင်ဘုရင်မနဲ့တခြားသူတွေပါရင် ကျွန်မတို့ကိုယှဥ်နိုင်ရင် ယှဥ်နိုင်မှာပေါ့။”

“အခုတော့ သေလိုက်တော့....”

ရှားလော့ခ်က မှော်နှင်တံကိုမြှောက်လိုက်တယ်။ လေပြင်းမုန်တိုင်းက နက်ဆန်တို့ကိုဗဟိုပြုတိုက်ခတ်ပြီး တဖြည်းဖြည်းမုန်တိုင်းမျက်လုံးက ကျဥ်းလာပါတယ်။ နက်ဆန်အာရုံစိုက်လို့မရစေဖို့အတွက် ရှားလော့ခ်ရဲ့နတ်ဘုရား ခန္ဓာကိုယ်ကလည်း နတ်တေးသံတွေသီဆိုနေသေးတယ်။

နှောင့်ယှက်အားပြင်းလွန်းတဲ့အသံလှိုင်းတွေကြောင့် ရှားလော့ခ်နဲ့ အနားတစ်ဝိုက်မှာရှိနေတဲ့ အခြားပညာရှင်တွေဟာ မှော်ဂါထာနဲ့ စွမ်းအားတွေကို အသုံးချနိုင်စွမ်းမရှိတော့ဘူး။

“မကောင်းတော့ဘူး... ဒါကလေကျောင်းတော်ရဲ့ကျော်ကြားတဲ့ တောင်ပံခြောက်ဖက်ရှိသူတွေသာ သုံးနိုင်တဲ့ အသံမဲ့နတ်ဂီတပဲ။ ဘယ်လောက်စွမ်းအားကြီးကြီး သက်ရောက်တဲ့ နယ်မြေထဲမှာရှိနေရင် ဘယ်သူမှစွမ်းအားမသုံးနိုင်ဘူး။”

ဒေါ်ရသီက စိတ်ပျက်နေတဲ့ပုံစံနဲ့ပြောလိုက်တယ်။ သူကိုယ်တိုင်လည်း စွမ်းအားမသုံးနိုင်တော့တာကြောင့် နက်ဆန်နဲ့သတိလစ်နေပြီဖြစ်တဲ့ မိုနီကာတို့ကိုကာကွယ်ပေးဖို့ သူ့ခန္ဓာကိုယ်ကိုသာ အသုံးချဖို့ဆုံးဖြတ်လိုက်တယ်။

ဘုန်း...

ရုတ်တရက် ဧရာမသဲဟိုက်ဒရာကြီးတစ်ကောင်ပေါ်လာပြီး ရှားလော့ခ်ကိုရိုက်ချလိုက်တယ်။ တေးဂီတသံရပ်သန့်သွားပြီး တိုးဝင်လာတဲ့ လေဓားတွေကိုလည်း ဟိုက်ဒရာကြီးရဲ့ နဂါးခေါင်းတွေက ပိတ်ဆို့လိုက်တယ်။

“အဝင်ကြမ်းသွားလို့ စိတ်မရှိပါနဲ့။ ဒါပေမဲ့ ညအရှင်က ပိုလန်နယ်ထဲမှာ EUOCခွင့်ပြုချက်နဲ့ လှုပ်ရှားနေတာပါ။ သူ့ကိုတိုက်ခိုက်တာ ကောင်မရှင်နာကိုမလေးစားတာနဲ့အတူတူပဲ။”

ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့စကားသံကြောင့် နက်ဆန်နဲ့ဒေါ်ရသီတို့က အသံလာရာကိုကြည့်လိုက်ပါတယ်။ ခပ်ဝေးဝေးတစ်နေရာမှာ EUOC အရာရှိဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရှိနေပြီး သူတို့ဆီလျှောက်လာနေတယ်။

အရင်ကထက် ပခုံးပေါ်မှာငွေကြယ်သုံးလုံးအစား ရွှေကြယ် တစ်ပွင့်သာရှိနေပြီး ရှပ်အင်္ကျီအောက်က ဝမ်းဗိုက်ကလည်း အရင်ကထက် ပိုသိသိသာသာ ဆူထွက်နေတယ်။ ဒါ့အပြင်သူ့လည်ပင်းက သက်တန့်ရောင်လည်ဆွဲက တောက်ပနေသေးတယ်။

“အယ်မာလား... သူအယ်ဒါအဆင့်ကို ရောက််သွားတာလား။” အားလုံး အံ့အားသင့်ကုန်တယ်။

All Chapters