← Chapters

ဒေါသကြီးသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၃ )

Vol. 9 Ch. 122

ဒေါသကြီးသော ဂိုဏ်းစောင့်ဘိုးဘိုး ( ၃ )

Vol. 9 Ch. 122

“ အစ်ကိုရွှီချင်း ”

ရွှီချင်း လှည့်ကြည့်လိုက်သောအခါ သူနှင့်မနီးမဝေးရှိ ဖက်တီးလေးဟွမ်ရန်ကို မြင်လိုက်ရသည်။

ဟွမ်ရန်က ရွှီချင်းကို စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြကာ ပြေးလာသည်။ သူ ပြေးလာနေစဉ် သူ၏ခန္ဓာကိုယ်မှ အသားများ တဆတ်ဆတ် တုန်ခါနေသည်။ သူက အနီးရောက်သောအခါ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ဂိုဏ်းတူအစ်မက ကျနော့်ကို နောက်ထပ်စာပို့တာ သိပြီးပြီလား။ ဟဲ ဟဲ သွားကြမယ်။ ဒီနေ့ ကျနော် ပျော်နေတယ်ဗျာ။ အစ်ကို့ကို ကြက်ဥတိုက်မယ် ”

စကားဆုံးသည်နှင့် သူက ရွှီချင်းကို အဝေးသို့ ဆွဲခေါ်သွားသည်။ သို့သော် ရွှီချင်းက နောက်ဆုတ်ကာ ရှောင်လိုက်သည်။ ဖက်တီးလေးက သူ့အား ထူးဆန်းသောကြက်ဥနှင့် ကုန်ကြမ်းပစ္စည်းများ ပေးခဲ့သည်ကို သူ ပြန်တွေးမိသောအခါ ချီတုံချတုံ ဖြစ်သွားရသည်။

“ ငါ ကုန်ကြမ်းပစ္စည်းတွေ ရောင်းရဦးမယ် ”

“ ကုန်ကြမ်းပစ္စည်းတွေ ရောင်းမှာလား။ အစ်ကို ဘာလိုချင်တာလဲ။ ကျနော် ပေးမယ်လေ ”

ဟွမ်ရန်က သဘောထားကြီးစွာ ပြောသည်။

ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။

“ ကောင်းပါပြီ။ ဒါဆိုလဲ အစ်ကို ပစ္စည်းရောင်းသွားတာကို ကျနော် အဖော်လိုက်ခဲ့ပေးမယ်။ ကြက်ဥသောက်သွားရင် အစ်ကို အဖော်လိုက်ခဲ့ရမယ်။ ဒါပဲ ”

ဟွမ်ရန်က ပြုံးရွှင်သောမျက်နှာအမူအရာဖြင့် ပြောသည်။ သူ၏ပျော်ရွှင်မှုအား တခြားသူများနှင့် မျှဝေရသည်ကို သူ သဘောကျဟန်တူသည်။ စကားဆုံးသောအခါ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်လိုက်ပြီး ဘေးရှိ ဆိုင်တစ်ဆိုင်ကို သူ လက်ညှိုးထိုးပြလိုက်သည်။

“ အဲဒီဆိုင်ကို သွားမယ်။ အဲဒီကို ကျနော် ခဏခဏ ရောက်ဖူးတယ်။ မဆိုးဘူး ”

ရွှီချင်းက ဟွမ်ရန်ပြောသည့်ဆိုင်ကို ကြည့်လိုက်ပြီး ထိုဆိုင်က သူ စီစဉ်ထားသည့်ဆိုင်လည်း ဖြစ်နေသည်။ ထိုဆိုင်၌ ဂိုဏ်းသားများစွာ ရောင်းဝယ်နေကြသည်။ ရွှီချင်း၏အကြည့်က ရင်းနှီးသော မျက်နှာတစ်ခုပေါ် ရောက်သွားသည်။ ထိုလူက ကျန်းစန်းမှလွဲ၍ တခြားလူမဟုတ်ချေ။

သူသည်လည်း ပစ္စည်းများ ဝယ်နေပြီး အပြင်ဘက်ရှိ ရွှီချင်းကို သတိထားမိသောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ လာ အစ်ကို၊ မြန်မြန်သွားရောင်းကြမယ်။ ကြက်ဥသောက်ဖို့က အရေးကြီးဆုံးပဲ ”

ဟွမ်ရန်က ပြောသည်။

ရွှီချင်း၏အကြည့်က ဆိုင်ထဲရှိ ဆိုင်ရှင်ပေါ် ရောက်သွားသည်။ သူ တွေဝေတွန့်ဆုတ်မနေတော့ဘဲ ဆိုင်ထဲ ဝင်သွားလိုက်သည်။

ဆိုင်က အလွန်ကြီးမားပြီး စုစုပေါင်း နှစ်ထပ်ရှိသည်။ ဆိုင်ထဲတွင် သန္ဓေပြောင်းသားရဲအမျိုးမျိုး၏ ကုန်ကြမ်းပစ္စည်းများကို တွဲလောင်းချထားပြီး တစ်ခုချင်းစီက အလွန် တန်ဖိုးရှိသည်။ သူတို့ အနီးရောက်လာသောအခါ ကောင်တာရှိ ဆိုင်ရှင်က ခေါင်းမော့ကြည့်လိုက်သည်။

ထိုဆိုင်ရှင်၌ ရှည်လျားသော နှုတ်ခမ်းမွေးများရှိပြီး အလွန် လိမ္မာပါးနပ်ဟန်တူသည်။ သူက ရွှီချင်းကို ကြည့်၍ ပြုံးပြလိုက်သည်။

“ ရောင်းရင်းဂိုဏ်းသားတွေပါလား။ ဘာဝယ်ချင်တာပါလဲခင်ဗျာ ”

“ ကုန်ကြမ်းပစ္စည်းရောင်းချင်တာပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ကောင်တာဆီ လျှောက်သွားသည်။ ဆိုင်ရှင်၏ အကြည့်အောက်တွင် သားရေအိတ်ရှုံ့မှ ကုန်ကြမ်းပစ္စည်းများကို သူ ထုတ်ယူလိုက်သည်။ ဟွမ်ရန် ပေးခဲ့သော ပစ္စည်းများသာမက ရာဇဝတ်ကောင်များ၏ ပစ္စည်းများလည်း ပါသည်။

ဆိုင်ရှင်က ရွှီချင်းကို ကြည့်လိုက်ပြီးနောက် ကောင်တာပေါ်ရှိ ကုန်ကြမ်းပစ္စည်းများကို ဆက်ကြည့်လိုက်သည်။ ခဏကြာ သူ စဉ်းစားတွေးတောလိုက်ပြီး ကုန်ကြမ်းပစ္စည်းအနည်းငယ်ကို ကောက်ယူလိုက်သည်။ သူ အနီးကပ်ကြည့်လိုက်ပြီးနောက် ရွှီချင်းကို အဓိပ္ပာယ်ရှိသောအကြည့်ဖြင့် ကြည့်လိုက်၏။

သူ၏မျက်နှာအမူအရာက တဖြည်းဖြည်း မည်းမှောင်လာပြီး သူ၏မျက်လုံးများက အေးစက်စက်ဝင်းလက်လာသည်။

“ မိတ်ဆွေလေး၊ အဲဒီပစ္စည်းတွေက တစ်ခုခု လွဲနေတယ် ”

“ အရင်ရက်က ကျင်းကန်းဂိုဏ်းက သူခိုး ဝင်ခိုးခံရလို့ ရင်းမြစ်ပစ္စည်းတွေ အတော်လေး ပါသွားတယ်လို့ ဆဋ္ဌမမြောက်တောင်ထိပ်ကို လာတိုင်ထားတယ်။ ဒီမင်းပစ္စည်းတွေအားလုံးက ကျင်းကန်းဂိုဏ်းဆုံးရှုံးသွားတဲ့ ပစ္စည်းတွေပဲ။ မိတ်ဆွေလေး၊ ခိုးရာပါပစ္စည်းတွေကို ရောင်းချတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိတယ်မလား ”

“ ကျင်းကန်းဂိုဏ်း သူခိုးဝင်ခိုးခံရတာက မင်းနဲ့ ပတ်သက်နေတာလား ”

“ ချီရွှဲ့ထုံဂိုဏ်းရဲ့ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတစ်ယောက်အနေနဲ့ ကျင်းကန်းဂိုဏ်းကို မင်း ဝင်ခိုးခဲ့တာလား ”

ဆိုင်ရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်မှာ ထင်ရှားသည်။ သူ၏အသံက ကျယ်သည်ထက် ကျယ်လာပြီး တစ်ဆိုင်လုံးလွင့်ပျံသွားသည်။ တခဏလေးအတွင်း ဆိုင်ထဲရှိ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားအားလုံး ငြိမ်ကျသွားပြီး ဆိုင်ရှင်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ရွှီချင်း အံ့အားသင့်မသွားပါသော်လည်း ရင်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူ သတိထားနေခဲ့ပါသော်လည်း အန္တရာယ်က ရှောင်လွှဲ၍ မရနိုင်တော့ပေ။ သို့သော်လည်း ယင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်ကြောင်း သူ သိထားပြီးသား ဖြစ်သည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် သူ၏ရင်ထဲ လူသတ်ချင်စိတ်များ ပေါက်ဖွားလာရသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကူညီနေသည့်လူက ဆဋ္ဌမမြောက်တောင်ထိပ်မှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သေချာသည်။

သူက ဆိုင်ရှင်၏လည်ပင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ဘေးပတ်လည်ရှိ စင်အသီးသီးမှ ကုန်ကြမ်းပစ္စည်းများကို ကြည့်လိုက်သည်။ ထို့နောက် ပင်လယ်ပြင်ကို သူ ကြည့်လိုက်ပြီး သူ၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ စိတ်ထဲတွင် သူ အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ပြီး ထွက်သွားသင့်လား၊ သို့တည်းမဟုတ် တိုက်ခိုက်သင့်လား မည်သည့်အရာက မှန်ကန်သည်ကို ချိန်ဆနေသည်။

“ ခိုးရာပါပစ္စည်းတွေ။ ဟမ် ... ဒါတွေက ခိုးရာပါပစ္စည်းတွေပေါ့ ”

ဖက်တီးလေးက ရွှီချင်းကို ပေးခဲ့သည့် သန္ဓေပြောင်းသားရဲအရိုးကို ကောက်ယူလိုက်သည်။ သူ အရှက်ခွဲခံလိုက်ရသည့်အလား သူ၏မျက်လုံးများထဲ ဒေါသမီးတောက်များ တောက်လောင်နေသည်။

“ ချီးပဲ ဒါ ငါ့ပစ္စည်းကွ။ ငါ့ပစ္စည်းကို ခိုးရာပါပစ္စည်းလို့ ပြောရအောင် ရူးနေလား ”

ဖက်တီးလေးက အကြီးအကျယ်ဒေါသထွက်နေလျက် လက်ထဲရှိ အရိုးဖြင့် ဆိုင်ရှင်၏မျက်နှာကို ပစ်ပေါက်လိုက်သည်။

All Chapters