← Chapters

အခန်း (၄၇၄၆-၄၇၅၀)

Vol. 241 Ch. 4746-4750

အခန်း (၄၇၄၆-၄၇၅၀)

Vol. 241 Ch. 4746-4750

Chapter 4746

"ထန်အင်ပါယာရဲ့တာအိုသခင် တိုက်ခိုက်တာက စည်းကမ်းဖောက်ဖျက်တာပဲ...သူက ငါတို့အင်ပါယာကို မကြောက်ဘူး..."

စုန့်ချင်းဟူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

သို့ရာတွင် ယခုအချိန်အထိ သူသည် မင်းသားကူကို တိုက်ခိုက်ခိုင်းရန်အား တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ချေ။

မင်းသားကူသည် အလွန်အသက်ကြီးနေလေပြီ။

မင်းဆက်ငါးဆက်ကို ဖြတ်သန်းပြီးနောက် သူသည် တာအိုသခင်တစ်ယောက်ဖြစ်သည့်တိုင် သူ၏သက်တမ်းအဆုံးသို့ ရောက်ရှိနေလေပြီ။

မင်းသားကူသည် ထန်အင်ပါယာ၏ တာအိုသခင်ကြောင့် ဒဏ်ရာရသွားခဲ့သည်။ ယခုအချိန်အထိ မင်းသားကူသည် တံခါးပိတ်ကျင့်ကြံနေဆဲပင်။ အကြွင်းမဲ့ လိုအပ်သည်မှတပါး သူသည် မင်းသားကူကို တိုက်ခိုက်ခွင့်မပြုနိုင်ပေ။

ဤသည်မှာ တာယွီအင်ပါယာ၏ အောက်ခြေစည်းဖြစ်သည်။ မင်းသားကူမရှိပါက ဧကရာဇ်မြို့တော်သည် ဗလာဟင်းလင်းဖြစ်သွားပြီး မည်သူကမျှ ထန်စစ်တပ်ကို နှိမ်နင်းနိုင်မည်မဟုတ်ချေ။

"သူက စည်းကမ်းမဖောက်ဖျက်ခဲ့ဘူး....ဒီတစ်ခေါက်မှာ သူက ထန်စစ်တပ်ကို နေရာရွှေ့ပြောင်းပေးရုံပဲ...ဘယ်တိုက်ခိုက်မှုကိုမှ မလုပ်ခဲ့ဘူး...မဟုတ်ရင် အနည်းဆုံး တပ်ရင်းတစ်ခုလောက်က သူ့ရဲ့လက်ထဲမှာ သေဆုံးသွားလိမ့်မယ်"

လုယွီက ပြောဆိုသည်။

လူတိုင်း တိတ်ဆိတ်သွားကြသည်။

ထန်အင်ပါယာမှ တာအိုသခင်သည် မည်သူ့ကိုမျှ မသတ်ခဲ့သော်လည်း သူသည် ဤကဲ့သို့နည်းလမ်းကိုအသုံးပြု၍ တာယွီအင်ပါယာကို ခက်ခဲသောအခြေအနေသို့ တွန်းပို့ခဲ့သည်။

မူလက တာယွီစစ်တပ်ဘက်တွင် အကြွင်းမဲ့အားသာချက်ရှိသဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ သူတို့နောက်သို့ လိုက်လံတိုက်ခိုက်နိုင်သည်။ သို့ရာတွက် ယခုချိန်တွင်မူ ထန်စစ်တပ်သည် လေဟာနယ်ကူးပြောင်းခြင်းဖြင့် ရွှေ့ပြောင်းခံလိုက်ရသည်။ ထို့ကြောင့် တာယွီစစ်သည်တော်များထံတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ဤအရာကို ဖွင့်ထုတ်ရန် နေရာမရှိတော့ချေ။

"လေဟာနယ်ကူးပြောင်းတာက ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့ နည်းစနစ်တစ်ခု မဟုတ်ဘူး... အဲ့ဒီထန်စစ်သည်တော်တွေက အဝေးကြီး မသွားနိုင်ဘူး"

လုယွီက ရုတ်တရက် သူ၏လက်ကိုဖြန့်လိုက်ရာ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များသည် သူ၏လက်အတွင်းသို့ ကျရောက်လာပေ၏။

ဤအဆောင်လက်ဖွဲ့များကို ကောင်းကင်ကွန်ယက်မှ သူလျှိုအသီးသီးက ပေးပို့ခဲ့ခြင်းဖြစ်သည်။ စစ်ပွဲစတင်ကတည်းက ကောင်းကင်ကွန်ယက်သူလျှိုများကို ဖြန့်ကျက်ထားပြီးကာ တော်ဝင်မြို့တော်စစ်မြေပြင်တစ်ခုလုံးတွင် စေ့စပ်သေချာသော ထောက်လှမ်းရေးကွန်ယက်တစ်ခုကို တည်ဆောက်ထားသည်။

"ငါက ထန်တပ်မတော်ရဲ့ လားရာကို ရှာတွေ့ပြီ... တပ်အားလုံး...ငါ့အမိန့်ကို နားထောင်ပြီး ကျားလှောင်အိမ်တောင်ကြားခံတပ်ဘက်ကို ချီတက်ကြစမ်း"

လုယွီက အမိန့်ပေးလိုက်သည်။

မည်သူကမျှ ကန့်ကွက်ခြင်းမရှိချေ။

ဤအချိန်မှစ၍ လုယွီသည် တာယွီစစ်တပ်တစ်တပ်လုံး၏ အဓိကကျောရိုး ဖြစ်လာခဲ့သည်။

"ဒီတိုက်ပွဲမှာ ငါတို့က သူတို့အားလုံးကို သတ်ပစ်ရမယ်"

လုယွီသည် သူ၏လက်အတွင်းတွင် အမိန့်ပေးအလံကိုကိုင်ဆောင်ကာ ကျားလှောင်အိမ်တောင်ကြားခံတပ်၏ လားရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။

...

တော်ဝင်မြို့တော်သည် ယခင်ကကဲ့သို့ သာယာဝပြောခြင်း မရှိတော့ချေ။ လမ်းများသည် ကင်းလှည့်စစ်သည်တော်များဖြင့် ပြည့်နှက်နေပြီး မှိုင်းညို့သော အငွေ့အသက်တစ်ခု ရှိနေသည်။

ဆယ့်ငါးမိနစ်တိုင်းတွင် ရှေ့တန်းမှ စစ်ဘက်ဆိုင်ရာ သတင်းပို့ချက်တစ်ခုကို နေ့ရောညပါ ပေးပို့နေသည်။

ထန်စစ်တပ်သည် တော်ဝင်မြို့တော်နှင့် မလှမ်းမကမ်းတွင် ရှိသည်။ ဤသည်မှာ လူတိုင်း၏စိတ်နှလုံးသားကို ချိန်ရွယ်ထားသော ဓားတစ်လက်အလားပင်။

ကျားလှောင်အိမ်တောင်ကြားခံတပ်နှင့် စီးရွှေတောင်ကြားခံတပ်တို့ ထိုးဖောက်ခြင်းခံရကတည်းက တော်ဝင်မြို့တော်တွင် ငိုကြွေးသံများဖြင့် ပြည့်နှက်နေပြီး လူအများသည် ထွက်ပြေးရန် စဉ်းစားနေကြလေပြီ။

သို့ရာတွင် ယခုချိန်၌ တော်ဝင်မြို့တော်ကို လုံးလုံးလျားလျား ချိတ်ပိတ်ထားသည်။ ဒေသကြီးလေးခုသို့ သွားရာလမ်းကြောင်းပင်လျှင် ပိတ်ဆို့ထားပြီး လူတိုင်း၏အသိအမြင်များကို ဖြတ်တောက်ထားသည်။

တော်ဝင်မြို့တော်အတွင်း၌ လူတိုင်းသည် ထိတ်လန့်တကြား ဖြစ်နေကြ၏။

တော်ဝင်မြို့တော်၏ အရှေ့မြောက်ထောင့်တွင် နတ်ဘုရားတံခါးတစ်ခုရှိသည်။ မရေမတွက်နိုင်သော တော်ဝင်စစ်သားများမှ ဤနေရာကို စောင့်ကြပ်နေကြသည်။ ဤနေရာကို အလွှာသုံးလွှာဖြင့် ဝန်းရံထားပြီး ရေတစ်စက်ပင် မယိုစိမ့်နိုင်ပေ။

ဤသည်မှာ တော်ဝင်မြို့တော်၏ ဝင်ပေါက်ပင်။ ဤနေရာကို ကောင်းစွာစောင့်ကြပ်ရန်အတွက် တော်ဝင်နန်းတွင်းသည် အမတ်ကြီးအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးကို အထူးစေလွှတ်ထားပြီး မည်သည့်မှားယွင်းမှုမျှရှိစေရန် အာရုံစိုက်ထားသည်။

ယနေ့ တာဝန်ကျသူမှာ လီယန်အမတ်ကြီး ရွှယ်ယုံပင်။

သူသည် ဤအချိန်တလျှောက်လုံး တိမ်တိုက်များအတွင်းတွင် ပလ္လင်ခွေထိုင်နေခဲ့သည်။ သူ၏နဖူးတွင် ကောင်းကင်ဘုံမျက်လုံးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏နတ်ဘုရားစွမ်းရည်ဖြစ်ပြီး အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သော နည်းစနစ်တစ်ခုဖြစ်သည်။

ရုတ်တရက် ရွှယ်ယုံ၏ ကောင်းကင်ဘုံမျက်လုံး လှုပ်ရှားသွားပြီး သူသည် အဝေးရှိ နတ်ဘုရားတံခါးဘက်သို့ ကြည့်လိုက်သည်။

နတ်ဘုရားတံခါး၏ အဆုံးတွင် ကျင့်ကြံသူငါးဦးသည် သူတို့၏ရထားလုံးများကို အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာကြသည်။

ထိုကျင့်ကြံသူငါးဦး၏ ပုံပန်းသဏ္ဌာန်ကိုမြင်ချိန်၌ စစ်သည်တော်အားလုံးသည် ချက်ချင်း စိတ်အေးသွားပေ၏။ သူတို့သည် တာယွီစစ်တပ်၏ သံချပ်ကာကို ဝတ်ဆင်ထားပြီး သူတို့၏ကျောပေါ်တွင် အလံများရှိသည်။ သူတို့သည် သတင်းစကားများ ပေးပို့သော ကင်းထောက်များဖြစ်ကြသည်။

Chapter 4747

"ရှေ့တန်းမှာ အောင်ပွဲရပြီ...ထန်စစ်တပ် ရှုံးနိမ့်သွားပြီ"

ဤအသံသည် မိုးခြိမ်းသံတစ်သံအလား လူတိုင်း၏စိတ်နှလုံးသားများကို တုန်ခါသွားစေသည်။

လီယန်အမတ်ကြီးသည် လက်ကိုမြှောက်ကာ လေထုအတွင်းသို့ ဖမ်းဆုပ်ပြီး လူငါးယောက်ကို ချက်ချင်း ဆွဲခေါ်လိုက်သည်။ ထို့နောက် သူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဘာဖြစ်နေတာလဲ..."

ကျင့်ကြံသူငါးဦးလုံး စိတ်ဓာတ်တက်ကြွနေကြသည်။ သူတို့သည် တော်ဝင်နန်းတွင်းမှ အမတ်ကြီးတစ်ယောက်ကို မြင်တွေ့ချိန်၌ မထီမဲ့မြင်ပြုဝံ့ခြင်း မရှိချေ။

"အမတ်ကြီးကို သတင်းပို့ပါတယ်.... ရှေ့တန်းက ကြီးမားတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့ပါတယ်... ထန်စစ်တပ်က သူတို့ရဲ့စစ်စခန်းကိုတောင် စွန့်ပစ်သွားခဲ့တယ်...သူတို့ ထွက်ပြေးသွားကြပြီ"

ဤကျင့်ကြံသူငါးဦးသည် သတင်းစကားများ ပေးပို့ရန် ကင်းထောက်များအဖြစ် အထူးလေ့ကျင့်ထားခြင်းဖြစ်သည်။

စကားအနည်းငယ်ဖြင့် သူတို့သည် တိုက်ပွဲ၏ အခြေအနေကို ဖော်ပြလိုက်သည်။

ထန်စစ်တပ်သည် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။ စစ်မြေပြင်တွင် ထန်စစ်သည်တော်များ၏အလောင်းများ မရေမတွက်နိုင်အောင် ကြွင်းကျန်ခဲ့ပြီး ထန်တပ်တစ်တပ်လုံး ရှုံးနိမ့်သွားသည်။

မည်သူကမျှ သူတို့ လိမ်လည်နေသည်ဟု သံသယမဝင်ချေ။ ဤသို့သော အရေးကြီးသည့် စစ်ရေးအခြေအနေကို လိမ်လည်လိုလျှင်ပင် သူတို့သည် အမှန်တရားကို ရေရှည်ဖုံးကွယ်နိုင်မည် မဟုတ်ပေ။

"ဒေသခံတပ်တစ်ခုက တကယ့်ကို ဒီလောက်ထိ အားကောင်းတာလား"

လီယန်အမတ်ကြီးသည် ထိတ်လန့်သွားပေ၏။

သူသည် အမတ်ကြီးတစ်ယောက်ဖြစ်ပြီး ယခင်က ထန်စစ်တပ်နှင့် စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ သူသည် ထန်စစ်တပ် မည်မျှထိ အစွမ်းထက်သည်ကို ကောင်းစွာသိသည်။

အစောပိုင်းက သူသည် လီမီက ရှေးဟောင်းတိုက်ပွဲဝင်္ကပါတစ်ခုကို ခင်းကျင်းပြီး စစ်နတ်ဘုရားချီယိုကို ဆင့်ခေါ်ကာ တာယွီစစ်တပ်တစ်တပ်လုံးကို သတ်ဖြတ်ခဲ့သည့် သတင်းကို လက်ခံရရှိခဲ့သည်။

သို့ရာတွင် သူသည် တစ်ရက်မပြည့်မီမှာပင် စစ်ပွဲ၏အခြေအနေသည် ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ တာယွီစစ်တပ်သည် ရှုံးနိမ့်မှုမှ အောင်ပွဲသို့ ပြောင်းလဲနိုင်ခဲ့သည်။

"သတင်းပို့ပါတယ်...ရှေ့တန်းစစ်မျက်နှာစာက အရှေ့အောင်နိုင်ခြင်းကြယ်မြစ် အုပ်ချုပ်သူအရှင်လုယွီရဲ့ အမိန့်အောက်မှာ ရှိနေပါတယ်... သူက ထန်စစ်တပ်နောက်ကို လိုက်သွားပါပြီ"

အဝေးမှနေ၍ နောက်ထပ်ကင်းထောက်တစ်စု အလျင်စလို ရောက်ရှိလာကြသည်။

ဤကင်းထောက်များနှင့် နှိုင်းယှဉ်လျှင် အင်ပါယာအနှံ့မှ ရောက်ရှိလာသော အဆောင်လက်ဖွဲ့များသည် ပို၍မြန်ဆန်ပေ၏။ ထိုအရာများအပေါ်တွင် တူညီသော သတင်းစကားကို ရေးသားထားသည်။

'ရှေ့တန်းမှာ အောင်ပွဲရပြီ'

...

တာယွီတော်ဝင်နန်းတွင်း...စကြဝဠာနန်းဆောင်...

ဤအချိန်တွင် အမတ်ကြီးများနှင့် နန်းတွင်းအရာရှိများအားလုံးသည် အချင်းချင်း ငြင်းခုံနေကြပြီး ဂိုဏ်းအသီးသီး၏ အင်အားစုများသည်လည်း အချင်းချင်း အငြင်းပွားနေကြသည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် နန်းဆောင်၏ ဘေးနှစ်ဖက်တွင် ရပ်နေကြသည်။ သူတို့၏ရှေ့တွင် တော်ဝင်မင်းသားများ အတန်းလိုက်ရှိနေကာ သူတို့သည် ထိုင်ခုံများပေါ်တွင်ထိုင်ပြီး စပါးကြီးမြွေများနှင့် နဂါးပုံစံများ ပန်းထိုးထားသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့အားလုံး၏မျက်နှာများပေါ်တွင် သုန်မှုန်နေသောအမူအယာများ ရှိနေသည်။

ဤတော်ဝင်မင်းသားများတွင် မြင့်မြတ်သော သွေးသားရှိသော်လည်း သူတို့၏အင်အားသည် အထွတ်အထိပ်တွင် မရှိပေ။ ထို့ကြောင့် သူတို့သည် ဆုံးဖြတ်ချက်ချမှတ်ရာတွင်သာ ပါဝင်နိုင်ပြီး တိုက်ပွဲစစ်မြေပြင်သို့ မသွားနိုင်ချေ။

ဤအချိန်တွင် နန်းတွင်းညီလာခံ စတင်သည်နှင့်တစ်ပြိုင်နက် အရာရှိများသည် အချင်းချင်း အငြင်းပွားစပြုနေကြပြီး သူတို့၏စကားလုံးများသည် အလွန်ပြင်းထန်ပေ၏။

"ဧကရာဇ် ကြွရောက်လာပြီ"

နံဘေးမှ မိန်းမစိုးတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

စကြဝဠာခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ အစောပိုင်းက အငြင်းပွားမှုကြောင့် မျက်နှာနီမြန်းနေသော လူများပင်လျှင် သူတို့၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို အတင်းအကြပ်မြိုသိပ်ကာ သူတို့၏သက်ဆိုင်ရာနေရာများတွင် မတ်တတ်ရပ်လိုက်ကြသည်။

ကျိုးယွမ်ယန် ထွက်ပေါ်လာပေ၏။ သူသည် အလွန်ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး နဂါးဝတ်ရုံကို မဝတ်ဆင်ထားချေ။ သူသည် တောက်ပသော အဝါရောင်ပိုးထည်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး သူ၏ဆံပင်ကို စုစည်းထားသည်။ သူသည် နဂါးပလ္လင်သို့ လျှောက်လှမ်းသွားပြီး မိန်းမစိုးအနည်းငယ်၏ ခြံရံမှုဖြင့် ထိုင်လိုက်သည်။

"ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ" အရာရှိများအားလုံး ဒူးထောက်လိုက်ကြသည်။

တော်ဝင်မင်းသားများသည်လည်း မတ်တတ်ထရပ်ကာ ဦးတိုက်အရိုအသေပြုကြပြီး ချွင်းချက်မရှိချေ။

ယခင်က ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင် အာဏာရှိစဉ်ကပင် သူသည် ဤသို့သော ဒူးထောက်သည့် ကျင့်ဝတ်ကို ဖျက်သိမ်းခဲ့ပြီး နန်းတွင်း၌ဖြစ်နေလျှင်ပင် ဧကရာဇ်ကို ဦးညွှတ်ရန်သာ လိုအပ်သည်။

သို့ရာတွင် ကျိုးယွမ်ယန် အာဏာရပြီးနောက် ရှေးဟောင်းအခမ်းအနားဟု အမည်တပ်ကာ သူသည် ဒူးထောက်သည့်ကျင့်ဝတ်ကို တဖန်ပြန်၍ အသုံးပြုခဲ့သည်။ နန်းဆောင်၏ ဘေးနှစ်ဖက်တွင် ကြီးကြပ်ရေးတာဝန်ခံ မိန်းမစိုးများ ရှိသည်။ သူတို့၏မျက်လုံးများသည် သိမ်းငှက်များကဲ့သို့စူးရှပြီး အရာရှိတိုင်း စည်းကမ်းနှင့်အညီ ရှိမရှိကို စစ်ဆေးနေကြသည်။

"အမတ်ကြီးတွေအားလုံး....ထကြတော့"

ကျိုးယွမ်ယန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

အရာရှိများအားလုံး ငြိမ်သက်စွာ မတ်တတ်ရပ်နေကြပြီးနောက် မိန်းမစိုးတစ်ယောက်က ချက်ချင်းအော်ဟစ်လိုက်သည်။

"အရေးကိစ္စရှိရင် သတင်းပို့ပါ...တခြားဘာမှမရှိရင် နန်းတွင်းကနေ ထွက်သွားကြတော့..."

ရှေ့ဆုံးတွင် ရပ်နေသော အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်ကြီး ယန်ရှို့ရီသည် ရှေ့သို့ထွက်လိုက်၏။ ထုံးတန်းစဥ်လာအရ သူသည် နန်းတွင်းညီလာခံတိုင်းတွင် ပထမဆုံး စကားပြောရမည့်သူပင်။

သို့ရာတွင် စစ်ဘက်အရာရှိတစ်ဦး ရှေ့သို့ထွက်လာပြီး ပြောဆိုလိုက်ကာ သူ၏အသံတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

"ဧကရာဇ်....ကျွန်တော်တို့ အခုလေးတင် တိုက်ပွဲသတင်းပို့ချက်ကို လက်ခံရရှိခဲ့ပါတယ်... ကျွန်တော်တို့စစ်တပ်ရဲ့ ရှေ့တန်းက ကြီးမားတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့ပါပြီ... စီးရွှေတောင်ကြားကို ပုန်းကွယ်နဂါးစစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပါပြီ...အခု တပ်တစ်တပ်လုံး ရှေ့ကိုချီတက်နေပါတယ်....ထန်စစ်တပ်က ရှုံးနိမ့်ပြီးတော့ ဆုတ်ခွာနေပါတယ်...သူတို့က ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိတော့ဘူး... ဒီအရာရှိက နန်းတွင်းက ဒီအောင်ပွဲကို ထိန်းသိမ်းပြီးတော့ အင်အားတွေအားလုံးကို စုစည်းပြီး ထန်စစ်တပ်ကို လိုက်လံတိုက်ခိုက်ဖို့ အကြံပြုပါတယ်... ထန်စစ်တပ်ကို ဒီမြေပေါ်ကနေ မောင်းထုတ်သင့်ပါတယ်"

Chapter 4748

ဤလူသည် အားကောင်းပြီး ပြင်းထန်သော ပုံစံဖြင့် စကားပြောဆိုသည်။ သူ့တွင် အရပ်ဘက်အရာရှိတစ်ဦး၏ ပညာတတ်အငွေ့အသက်မျိုး လုံးဝမရှိပေ။ တစ်ချက်ကြည့်ရုံဖြင့် သူသည် အတွေ့အကြုံရှိသော ဝါရင့်စစ်သည်တော်တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။

သူ စကားပြောပြီးသည်နှင့် တပြိုင်နက် သူသည် လက်ရှိနေရာတွင် ရှိနေသော အရာရှိများစွာ၏ ထောက်ခံမှုကို ချက်ချင်း ရရှိခဲ့သည်။

တော်ဝင်မြို့တော်ရှိ မိသားစုတစ်ခုဖြစ်သရွေ့ သူတို့သည် အပြင်ဘက်တွင် သူလျှိုများစွာကို စေလွှတ်ထားကြသည်။

ထို့အပြင် မနက်စောစောကတည်းက ရှေ့တန်းမှ ကြီးမားသော အောင်ပွဲသတင်းသည် လမ်းများနှင့် လမ်းကြားများအနှံ့ ပျံ့နှံ့သွားခဲ့လေပြီ။ သူတို့သည် အလွန်ချောင်ကျသောနေရာတွင် နေထိုင်လျှင်ပင် ဤအောင်ပွဲသတင်းကို ရှင်းလင်းစွာ ကြားနိုင်ပေမည်။

တာယွီအင်ပါယာသည် ယခင်က ရှုံးနိမ့်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။

ဤအောင်ပွဲသည် မိုးခေါင်ရေရှားနေချိန်၌ မိုးရွာချလိုက်သည့်အလားပင်။

တော်ဝင်မြို့တော်ကို စောင့်ကြပ်နေသော စစ်သည်တော်များသည် စိတ်လှုပ်ရှားနေကြကာ ဝမ်းသာမျက်ရည်များပင် ကျခဲ့ကြသည်။

ထန်စစ်တပ်၏ကျူးကျော်မှုသည် လူတိုင်း၏ ဦးခေါင်းအထက်တွင် ရစ်ဝဲနေသော ထက်ရှသည့် ဓားတစ်လက်အလားပင်။

ယခုမူ သူတို့သည် ကြီးမားသော အောင်ပွဲတစ်ခု ရရှိခဲ့ပြီး ထန်စစ်တပ်ကို အနိုင်ယူနိုင်ခဲ့သဖြင့် လူအများသည် သူတို့၏နှလုံးသားများထဲတွင် ကပ်ငြိနေသော ကျောက်တုံးကို ဖယ်ရှားလိုက်သကဲ့သို့ ခံစားလိုက်ရပေ၏။ သူတို့သည် ယခင်ထက် များစွာပို၍ စိတ်အေးသွားကြသည်။

တာယွီစစ်တပ်တွင် စစ်ပွဲကိုလိုလားသူ အမြောက်အများရှိသည်။

အဓိကအကြောင်းရင်းမှာ စစ်မြေပြင်သည် စစ်ဗိုလ်ချုပ်များအတွက် ဂုဏ်ပြုထိုက်သော စစ်ရေးအောင်မြင်မှုများကို ရရှိနိုင်သည့် နေရာဖြစ်သောကြောင့်ပင်။

ထန်စစ်တပ်သည် ကျူးကျော်စစ်ကို ဆင်နွှဲပြီး တော်ဝင်မြို့တော်ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တာယွီစစ်သည်တော်များသည် ဒေါသဖြင့် လောင်ကျွမ်းနေပြီး ပေါက်ကွဲရန် သင့်တော်သော အချိန်ကို စောင့်ဆိုင်းနေကြသည်။

"ဒီလက်အောက်ငယ်သားက စစ်တပ်ကိုဦးဆောင်ပြီး တိုက်ခိုက်ချင်ပါတယ်"

"ဒီအရာရှိကလည်း တိုက်ပွဲမှာ ပါဝင်ချင်ပါတယ်"

စစ်ဗိုလ်ချုပ်တစ်စု ထွက်လာပြီး ထိုစစ်ဘက်အရာရှိ၏နောက်သို့ လျှောက်လှမ်းသွားကြသည်။

ထိုအချိန်မှာပင် စစ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော ရှထန်ကန်းက ရုတ်တရက် ပြောဆိုသည်။

"ကျုံးယုံအမတ်ကြီး.....လက်ရှိအခြေအနေက မရှင်းလင်းသေးဘူး...ထန်စစ်တပ်က လှည့်ကွက်တွေသုံးတာ ဟုတ်မဟုတ် ဘယ်သူက သိနိုင်မှာလဲ...အဖြေက မသေချာသေးဘူး...ဒါ့ပြင် တော်ဝင်စစ်တပ်နဲ့ တပ်ရင်းလေးခုလုံးက တော်ဝင်မြို့တော်ကို စောင့်ကြပ်ဖို့ ဒီမှာရှိနေတာ....ဒီတပ်တွေထဲက ဘယ်တပ်ကိုမှ ရွှေ့ပြောင်းလို့မရဘူး..."

"တော်ဝင်စစ်တပ်က တော်ဝင်မြို့တော်ကို စောင့်ကြပ်ဖို့ လုံလောက်တာထက် ပိုတယ်.... တပ်ရင်းလေးခုကို လွှတ်လိုက်ရင် တိုက်ပွဲရဲ့ရလဒ်တွေ သိသိသာသာ ပိုကောင်းလာလိမ့်မယ်"

ကျုံးယုံအမတ်ကြီးက တုံ့ပြန်သည်။

ကျုံးယုံအမတ်ကြီးသည် အမတ်ကြီးတစ်ဦးဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာ ရာထူးလည်း ရှိသည်။ သို့သော် သူသည် တော်ဝင်နန်းတွင်း၌ ရှထန်ကန်း၏နောက်တွင် မတ်တတ်ရပ်နေသည်။

ရှထန်ကန်း ဦးဆောင်သော နန်းတွင်းကိုယ်ရံတော်တပ်သည် စစ်မြေပြင်မှထွက်ခွာကာ တော်ဝင်မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျိုးယွမ်ယန်သည် ချက်ချင်းဆိုသလိုပင် သူ့အား သိုင်းပညာဂုဏ်ပြုခန်းမ၏ အတွင်းဝန်ချုပ်ကြီးအဖြစ်သို့ ရာထူးတိုးမြှင့်ပေးကာ တော်ဝင်မြို့တော်တစ်ခုလုံး၏ ကာကွယ်ရေးကို တာဝန်ယူစေခဲ့သည်။

အမတ်ကြီးအဆင့်ရှိသူများပင်လျှင် ရှထန်ကန်း၏အမိန့်ကို နားထောင်ရမည်ဟု ဆိုနိုင်ပေ၏။

ဤသည်မှာ အမှန်တကယ်တွင် လူတစ်ယောက်အောက်နှင့် လူတစ်သောင်းအထက်တွင်ရှိသော ရာထူးပင်။

ရှထန်ကန်းက ပြောဆိုသည်။

"တပ်ရင်းလေးခုက စစ်အင်အား အကြီးအကျယ် ဆုံးရှုံးခဲ့ရတာကြောင့် စစ်တိုက်ထွက်ဖို့ မသင့်တော်ဘူး.... တော်ဝင်စစ်တပ်မှာ နန်းတွင်းကိုယ်ရံတော်တပ်ကိုပဲ တိုက်ခိုက်နိုင်တယ်... တော်ဝင်မြို့တော်ရဲ့ ကာကွယ်ရေးက အတော်လေး လစ်လပ်နေတယ်....အပိုအင်အားတွေ ဘယ်ကလာမှာလဲ....ငါက ရှေ့တန်းကို လူတွေလွှတ်ပြီး နဂါးသိုင်းစစ်တပ်ကို ပြန်ခေါ်ဖို့ ပြောပြီးပြီ"

ဘာ...

အရပ်ဘက်အရာရှိများဖြစ်စေ စစ်ဘက်အရာရှိများဖြစ်စေ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအယာများ ရှိနေကြသည်။

စစ်ပွဲမတိုင်မီ တပ်များဆုတ်ခွာခြင်း....

ဤကိစ္စသည် အထူးသဖြင့် အရေးကြီးသည့် အခိုက်အတန့်တွင် စစ်သည်တော်များအတွက် တားမြစ်ချက်တစ်ခုပင်။

ကျုံးယုံအမတ်ကြီးက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"အရှင်ရှ....ငါတို့က အကူအညီမပေးရင်တောင် နဂါးသိုင်းစစ်တပ်ကို ဆုတ်ခွာခိုင်းလို့မရဘူး..."

အရေးကြီးသည့် အခိုက်အတန့်တွင် နဂါးသိုင်းစစ်တပ် ဆုတ်ခွာသွားပါက ထန်စစ်တပ်သည် ခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲရန် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားနိုင်သည်။

ထိုအချိန်တွင် သူတို့ ယခင်က အနိုင်ရခဲ့သော အောင်ပွဲသည် ပျောက်ကွယ်သွားပေမည်။

ရှထန်ကန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အရာအားလုံးက တော်ဝင်မြို့တော်ရဲ့ လုံခြုံရေးအပေါ်မှာ အခြေခံလိမ့်မယ်...ဧကရာဇ်က တော်ဝင်မြို့တော်မှာ ရှိနေတယ်.ဧကရာဇ်ကို ကာကွယ်ဖို့ လုံလောက်တဲ့အင်အားမရှိဘဲ ဘယ်လိုလုပ်ပြီး ရှေ့တန်းအတွက် စဥ်းစားပေးနိုင်မှာလဲ"

ဧကရာဇ်ကို အကြောင်းပြလိုက်ချိန်၌ စစ်တိုက်လိုသော လူများအားလုံးသည် သူတို့၏အတွေးများကို ချက်ချင်း စွန့်လွှတ်လိုက်ကြ၏။

သို့ရာတွင် စစ်ဗိုလ်ချုပ်အများစုသည် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် အောင့်သက်သက် ခံစားလိုက်ရသည်။ ရှထန်ကန်း၏စကားများသည် အဓိပ္ပါယ်မရှိသည်မှာ သိသာထင်ရှားသည်၏

မူလက ထန်စစ်တပ် စတင်တိုက်ခိုက်စဉ်တွင် တပ်ရင်းလေးခုသည် အမှန်တကယ်ကို အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ သို့ရာတွင် အချိန်ကြာမြင့်စွာ အနားယူကာ ပြန်လည်ဖွဲ့စည်းပြီးနောက် တပ်ရင်းလေးခုတွင် စစ်လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး တက်ကြွဖျတ်လတ်စွာ တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။

တော်ဝင်စစ်တပ်သည်လည်း အလားတူပင်။ နတ်ဘုရားသိုင်းစစ်တပ်နှင့် နတ်ဘုရားနည်းဗျူဟာစစ်တပ်တို့သည် မရေမတွက်နိုင်သော သေကြေဒဏ်ရာရမှုများ ခံစားခဲ့ရသော်လည်း သူတို့သည် ယခုချိန်၌ အင်အားချဲ့ထွင်ခဲ့ပြီးနောက် ယခင်ထက် ပို၍အားကောင်းနေသည်။

"သခင်ရှ....ငါတို့က စစ်အင်အားထောက်ပံ့မှုကို မပေးတော့ဘူး...ဒါပေမဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးဖို့ကတော့ အဆင်ပြေသင့်တယ်... ဟုတ်တယ်မလား"

နောက်ထပ်အရာရှိတစ်ယောက်က ရှေ့သို့ထွက်လာပြီး ပြောဆိုသည်။

Chapter 4749

ဤသည်မှာ အလွန်ငယ်ရွယ်သူတစ်ယောက်၏ အသံတစ်သံပင်။

ဤအရာရှိ ရှေ့ထွက်လာချိန်တွင် လူတိုင်း၏ မျက်လုံးအကြည့်များ သူ့အပေါ်သို့ စူးစိုက်၍ကျရောက်နေသည်။

သူသည် တရားစီရင်ရေးရုံး၏ အမတ်ကြီးလီစစ်ပင်။

အသုတ်တူကျောင်းတော်သားများ ဖြစ်သည့်တိုင် ရှထန်ကန်းသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကြောင့် အမြန်ဆုံး ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး လီစစ်သည် သူ၏လက်ရှိရာထူးသို့ တက်လှမ်းနိုင်ခဲ့သည်မှာ သူ၏ကိုယ်ပိုင်စွမ်းအားကြောင့်သာ ဖြစ်သည်။

လီစစ်သည် စည်းမျဥ်းဥပဒေသူတော်စင်များ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဟိုင်ချီ၏ မှော်စွမ်းအားမျက်လုံးကို ကျင့်ကြံခဲ့သည်။ စည်းမျဥ်းဥပဒေသူတော်စင်များ၏ အကြံပြုခြင်းကို ခံရပြီးနောက် သူသည် အလျင်အမြန် တိုးတက်ခဲ့သည်။

သူသည် လုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း ဖြစ်ပေ၏။ ဤအချိန်တွင် သူသည် ရှေ့သို့ထွက်လာပြီး ချက်ချင်းဆိုသလိုပင် ရှထန်ကန်း၏ စကားများကို ပြင်းထန်စွာ ဆန့်ကျင်လိုက်သည်။

ရှထန်ကန်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ပြောဆိုသည်။

"အင်ပါယာရဲ့ဘဏ္ဍာတိုက်တွေက ဗလာဖြစ်နေတယ်.....ငါတို့က ဘယ်ကနေပြီးတော့ အပိုအရင်းအမြစ်တွေကို ရှာနိုင်မှာလဲ"

ကာလရှည်ကြာသော စစ်ပွဲအပြီးတွင် တာယွီအင်ပါယာ၏ဘဏ္ဍာတိုက်များ ကုန်ခမ်းသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

အင်ပါယာနှစ်ခုကြားတွင် စစ်ပွဲစတင်လာချိန်၌ တာယွီအင်ပါယာသည် သူတို့၏အရင်းအမြစ်များအားလုံးကို ကျားလှောင်အိမ်တောင်ကြားခံတပ်တွင် အခြေခံအားဖြင့် သိမ်းဆည်းထားခဲ့သည်။ ယခုချိန်၌ ကျားလှောင်အိမ်တောင်ကြားခံတပ် ကျိုးပေါက်သွားခဲ့သဖြင့် တာယွီအင်ပါယာ၏ နိုင်ငံတော်ဘဏ္ဍာတိုက်သည် ချက်ချင်းပင် အနည်းငယ် ကျပ်တည်းသွားပုံရသည်။

ကြီးမားသော စစ်ပွဲစရိတ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဒုက္ခရောက်စေခဲ့သည်။ တော်ဝင်မြို့တော်ရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ဆယ်ဆကျော် မြင့်တက်သွားပြီး တချို့ဆေးပင်များသည် အဆမတန် တန်ဖိုးမြင့်တက်သွားပေ၏။

လီစစ်သည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

"နိုင်ငံတော်ဘဏ္ဍာတိုက် ဗလာဖြစ်နေတာ အမှန်ပါပဲ.... ဒါပေမဲ့ တော်ဝင်မြို့တော်အနီးက ဒေသကြီးလေးခုမှာရှိတဲ့ ဘဏ္ဍာတိုက်တွေက ပြည့်လျှံနေပါတယ်....အဲ့ဒီအရင်းအမြစ်တွေကိုသာ ပြောင်းရွှေ့လိုက်ရင် စစ်တပ်ရဲ့နေ့စဉ်စားနပ်ရိက္ခာကို ထိန်းသိမ်းနိုင်မှာ သေချာတယ်"

ဒေသကြီးလေးခုသည် တော်ဝင်မြို့တော်၏နံဘေးပတ်လည်တွင် တည်ရှိနေသော ကြယ်နယ်မြေကြီးလေးခုပင်။ ဤနေရာများသည် ကြီးမားကျယ်ပြန့်ပြီး ထိုနေရာရှိ အရင်းအမြစ်များသည် ပုန်းကွယ်နဂါးစစ်တပ်အတွက် ထောက်ပံ့ပေးရန် လုံလောက်သည်။

ရှထန်ကန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒါက ငါတို့အင်ပါယာမှာရှိတဲ့ နောက်ဆုံးအရင်းအမြစ်တွေ ဖြစ်နေပြီ...ဒါက အင်ပါယာရဲ့အသက်သွေးကြောပဲ....ငါတို့တွေက မရှိမဖြစ်လိုအပ်နေတဲ့ အခြေအနေကလွဲရင် ထုတ်ယူလို့မရဘူး"

လီစစ်က ခြေတစ်လှမ်းရှေ့တိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါတို့ရဲ့စစ်သည်တော်တွေက ငါတို့ရဲ့ရှေ့မှာ သွေးစွန်းတိုက်ပွဲတွေ တိုက်ခိုက်နေကြတယ်... နန်းတွင်းက တပ်တွေမလွှတ်တဲ့အပြင် ကူညီဖို့အတွက် အရင်းအမြစ်တွေလည်း မပေးဘူး....ဒါဆိုရင် ငါတို့က စစ်သည်တော်တွေ အချည်းနှီးသေဆုံးသွားတာကို ထိုင်ကြည့်နေရမှာလား..."

"သူတို့က ဒေသခံစစ်တပ်တွေပဲ.... သူတို့ရဲ့စစ်တပ်တွေကို စေလွှတ်ဖို့ ရည်ရွယ်ကတည်းက သူတို့ကိုယ်တိုင် ပြင်ဆင်ရမယ်...သူတို့က အရာအားလုံးအတွက် နန်းတွင်းကို အားကိုးရမယ်လို့ ဘယ်သူက ပြောခဲ့တာလဲ"

ရှထန်ကန်းက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

သူ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက်တည်း လူများအားလုံးသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

ဒေသခံအရာရှိများနှင့် စစ်တပ်အသီးသီးသည် တော်ဝင်မြို့တော်ကို ကူညီရန် ရောက်ရှိလာသော်လည်း တော်ဝင်နန်းတွင်းက သူတို့ကို ဤကဲ့သို့ပုံစံမျိုးဖြင့် ဆက်ဆံခဲ့သည်။

ဤနေရာရှိ အရာရှိအများစုသည် ဒေသခံစစ်တပ်များမှ မဟုတ်သော်လည်း သူတို့ပင်လျှင် တော်ဝင်နန်းတွင်း၏ လုပ်ရပ်များသည် အနည်းငယ် တရားလွန်သည်ဟု ခံစားမိပေ၏။

"မင်းက ရှေ့တန်းမှာ ရှုံးနိမ့်သွားတာကို ထိုင်ကြည့်နေတော့မှာလား"

လီစစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရှထန်ကန်း၏အမူအယာ အေးစက်တင်းသွားပြီး သူသည် ဒေါသတကြီး တုံ့ပြန်လိုက်၏။

"လီစစ်....မင်းက ဒီနေရာမှာ စကားပြောပိုင်ခွင့်ရှိလို့လား...ငါက ဘာဆုံးဖြတ်ချက်ချမယ်ဆိုတာ မင်းကို သတင်းပို့ရမှာလား....မင်းရဲ့တရားစီရင်ရေးရုံးကိုပဲ ဂရုစိုက်... ဒါက မင်းလို ဥပဒေပညာရှင်တစ်ယောက် အလွယ်တကူ ဆွေးနွေးနိုင်တဲ့အရာ မဟုတ်ဘူး"

လီစစ်သည် ရှထန်ကန်း၏ ကြီးကျယ်ခမ်းနားသောအရှိန်အဝါကြောင့် လွှမ်းမိုးခြင်းကို မခံရဘဲ သူ၏ခေါင်းကို နံဘေးတစ်ဖက်သို့လှည့်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဝန်ကြီးချုပ်ကရော ဘယ်လိုထင်လဲ..."

ယခုချိန်၌ ဝန်ကြီးချုပ်ဖြစ်သော ယန်ရှို့ရီ၏ခေါင်းထက်တွင် ဆံပင်ဖြူများ ပြည့်နှက်နေသည်။

ယန်ရှို့ရီသည် ယခင်မင်းဆက်မှ အရာရှိဟောင်းတစ်ဦးဖြစ်သည်။ သူ ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ကြွယ်ဝသောအတွေ့အကြုံနှင့် နက်ရှိုင်းသော အသိပညာဗဟုသုတကြောင့်ပင်။

နန်းတွင်းညီလာခံသည် ဆူပူအုံကြွနေသော်လည်း ဝန်ကြီးချုပ်ကြီး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

သူ၏ဖြူဖျော့သောမျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် သူသည် ကျိုးယွမ်ယန်ထံသို့ ဦးတည်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။

"ဧကရာဇ်ရဲ့အမိန့်ကို နာခံပါ့မယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်ဘက်အရာရှိများ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤဝန်ကြီးချုပ်သည် သူတို့ကြားမှ အငြင်းပွားမှုတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိပုံပင်။

နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ကျိုးယွမ်ယန်၏အကြည့်သည် လက်ရှိနေရာတွင် ရှိနေသူအားလုံးကို ဖြတ်ကျော်သွားပြီးနောက် လီစစ်အပေါ်သို့ ကျရောက်လာသည်။

"လီစစ်...မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ လာတယ်လို့ ငါကြားတယ်...မင်းက လုယွီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်"

ကျိုးယွမ်းယန်က အပြုံးနှင့် ပြောဆိုသည်။

ဤပေါ့ပါးပုံရသော စကားတစ်ခွန်းသည် လူအမြောက်အများကို ဇောချွေးများပြန်စေခဲ့သည်။

ဧကရာဇ်နှင့် လုယွီကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေသည်မှာ လူတိုင်း သိရှိထားသောအချက်ပင်။ ဤအချိန်တွင် ကျိုးယွမ်ယန် လုယွီအကြောင်း ထုတ်ဖော်ပြောဆိုသဖြင့် ဤအရာ၏နောက်ကွယ်တွင် ပို၍နက်ရှိုင်းသော အဓိပ္ပါယ်တစ်ခု ရှိနေသည်။

Chapter 4750

လီစစ်က ပြောဆိုသည်။

"ဒီကိစ္စက အမှန်ပါပဲ... အရှင်လုက အရင်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ ဟောပြောပွဲတစ်ခု ကျင်းပပြီးတော့ သင်ကြားပေးခဲ့တယ်... ဆိုရိုးစကားအရဆိုရင် တစ်ကြိမ်လောက် ပညာသင်ကြားပေးခဲ့ရင်တောင် ဆရာက ဆရာပဲ...ဒီအရာရှိအပေါ် သူ ကူညီပေးခဲ့တာက ကြီးမားတဲ့ ကြင်နာမှုတစ်ခုပါ"

"တကယ့်ကို ကြီးမားတဲ့ ကြင်နာမှုပဲ... လီစစ် သူတို့အတွက် မင်း အခု အသနားခံနေတာက လုယွီရဲ့ကြင်နာမှုကို ကျေးဇူးဆပ်ဖို့ ဒီလိုလုပ်နေတာလား..."

ကျိုးယွမ်ယန်က လှောင်ပြောင်လိုက်သည်။

ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားပေ၏။ လူများအားလုံး ဇဝေဇဝါဖြစ်သွားကြကာ ထူးဆန်းသောအကြည့်များဖြင့် ကျိုးယွမ်ယန်ကို ကြည့်လိုက်ကြသည်။

လီစစ်ပင်လျှင် ကျိုးယွမ်ယန် ဤသို့ပြောလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

လီစစ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"ငါက တာယွီအင်ပါယာအတွက် ဒီလိုလုပ်နေတာပါ"

"တာယွီအင်ပါယာအတွက်ဆိုရင် မင်းရဲ့ပညာရှင်အတွေးအမြင်တွေကို သိမ်းထားလိုက်အုံး....မင်း အရင်ဆုံး သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လိုက်အုံး"

ကျိုးယွမ်းယန်က အေးစက်စက်နှာမှုတ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

ဤစကားလုံးများသည် ဧကရာဇ်တစ်ပါး၏ ပါးစပ်မှ ထွက်လာချိန်၌ အဓိပ္ပါယ်သည် အလွန်လေးနက်ပေ၏။

လီစစ်သည် မငြင်းဆန်ဘဲ သူ၏မူလနေရာသို့ ပြန်ဆုတ်သွားသည်။

"ငါ အရင်က ဝန်ကြီးချုပ်ဟွမ် အတွင်းဝန်ရှအပြင် တခြားသူတွေနဲ့ ဆွေးနွေးခဲ့ပြီးပြီ.. ငါက ထန်စစ်တပ်ရဲ့အင်အားကို တားဆီးလို့မရဘူးလို့ ခံစားမိတယ်.... အခု ငါတို့က ဖြည်းဖြည်းချင်း စီစဉ်ရမယ်....အလျင်စလို ပြဿနာမရှာသင့်ဘူး"

ကျိုးယွမ်ယန်က စကားပြောဆိုလိုက်သည်။ ဤသည်မှာ အမိန့်အာဏာတစ်ခုနှင့် တူညီသဖြင့် လူတိုင်း မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည်။

"အမှန်က ငါတို့လုပ်ဖို့လိုအပ်တာက ဒီတိုက်ပွဲမှာ ငါတို့စစ်တပ်ရဲ့စွမ်းအားကို ဟန်ရေးပြဖို့ပဲ... ထန်တွေကို ငါတို့စစ်တပ်ရဲ့စွမ်းအားကို မြင်စေပြီး တော့ ရပ်တန့်ရမယ်... အရမ်း အလွန်အကျူး တိုက်ခိုက်ဖို့ မလိုဘူး...ဒီလိုဆိုရင် ငါတို့က အသာစီးရပြီးတော့ ထန်တွေနဲ့ ညှိနှိုင်းနိုင်လိမ့်မယ်"

ကျိုးယွမ်ယန်က ပြောဆိုသည်။

"နှစ်ကာလကြာရှည်တဲ့ စစ်ပွဲအပြီးမှာ စစ်တပ်က ပင်ပန်းနွမ်းနယ်နေပြီ...ဆိုရိုးစကားအတိုင်း ပြင်ပရန်ကို မရှင်းခင် အတွင်းရန်ကို အရင်ရှင်းရမယ်....ရှန်မျိုးနွယ်က အခုလက်ရှိမှာ လင်းယုန်ကြယ်မြစ်ကို အုပ်ချုပ်နေပြီးတော့ သူကိုယ့်သူ မြောက်ပိုင်းဧကရာဇ်လို့ ခေါ်ဆိုနေတယ်... ငါတို့က မြောက်ဘက်ကို အာရုံစိုက်ပြီး ရှန်မျိုးနွယ်ကို အရင်နှိမ်နင်းဖို့ စီစဉ်ထားတယ်"

လူတိုင်း မှင်တက်သွားကြသည်။

ဧကရာဇ်သည် အမှန်တကယ်တွင် ထန်စစ်တပ်နှင့် မတိုက်ခိုက်လိုဘဲ ရှန်လင်းလုံကို ပစ်မှတ်ထားရန် ရွေးချယ်ခဲ့သည်။

အရာရှိများသည် ထိတ်လန့်တကြားဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။

သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြသည်။ သူတို့သည် ဤကိစ္စကို နားမလည်နိုင်ကြချေ။ ထန်စစ်တပ်သည် သူတို့၏ရှေ့တွင် ရှိနေသော်လည်း တော်ဝင်နန်းတွင်းသည် မြောက်ဘက်ရှိ ရှန်လင်းလုံကို ပစ်မှတ်ထားရန် ကြံစည်နေဆဲပင်။

"အရှင်ဧကရာဇ်ကို မေးပါရစေ...ထန်စစ်တပ်က တော်ဝင်မြို့တော်ကို ဝိုင်းရံထားတယ်... သူတို့ကို ဘယ်လို ကိုင်တွယ်မှာလဲ"

ကျုံးယုံအမတ်ကြီးက ပထမဆုံး ရှေ့သို့ထွက်ကာ မေးမြန်းသည်။

ကျိုးယွမ်ယန်သည် စကားမပြောဘဲ ရှထန်ကန်းကို ကြည့်လိုက်သည်။

ရှထန်ကန်းက ပြောဆိုသည်။

"ငါက တော်ဝင်မြို့တော် ဘေးကင်းလုံခြုံဖို့အတွက် ထန်အင်ပါယာနှင့် ညှိနှိုင်းဖို့ ပြင်ဆင်ထားတယ်"

ကျုံးယုံအမတ်ကြီးသည် နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးပြီး ပြောဆိုလေ၏။

"ထန်စစ်တပ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ ကျားလှောင်အိမ်တောင်ကြားခံတပ်ကိုရော ဘာလုပ်ဖို့ ကြံရွယ်ထားလဲ"

ရှထန်ကန်းက တည်ငြိမ်စွာ တုံ့ပြန်သည်။

"အဲ့ဒီနေရာတွေကို ထန်အင်ပါယာက ယာယီသိမ်းပိုက်ထားတော့ရော ဘာဖြစ်လဲ...ဘာပဲဖြစ်ဖြစ် ကျားလှောင်အိမ်တောင်ကြားက မြေလွတ်တစ်ခုပဲ... ငါတို့က ထန်အင်ပါယာကို ကောင်းကောင်းသိမ်းပိုက်ခွင့်ပေးလိုက်ရင် ဒါကိုအသုံးပြုပြီးတော့ သူတို့ရဲ့အင်အားကို လျှော့ချနိုင်လိမ့်မယ်"

ကျုံးယုံအမတ်ကြီးသည် မျက်လုံးပြူးသွားပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မင်းက တာယွီအင်ပါယာရဲ့မြေကို ထန်အင်ပါယာဆီ ပေးချင်နေတာလား..."

စစ်မြေပြင်အတွေ့အကြုံအရ ကျုံးယုံအမတ်ကြီး၏ အတွေ့အကြုံသည် ရှထန်ကန်းထက် များစွာ ကြီးမားသည်။

အားကောင်းသော သတ်ဖြတ်လိုခြင်း အငွေ့အသက်တစ်ခုသည် ရှထန်ကန်းဘက်သို့ တိုးဝင်လာပေ၏။

ရှထန်ကန်း၏အမူအယာ အနည်းငယ် ပြောင်းလဲသွားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"အမြင်ကျဉ်းလိုက်တာ....ဒါက ဗျူဟာမြောက်တဲ့လအပေးအယူတစ်ခုပဲ...ငါတို့က ထန်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ မြောက်ပိုင်းနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ကသာ အရေးအကြီးဆုံးကိစ္စပဲ"

"ငါ သိတာတော့ ငါက စစ်သားတစ်ယောက်....မြေတစ်လက်မ သွေးတစ်စက်ပဲ..."

ကျုံးယုံအမတ်ကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"နန်းတွင်းက မင်းတို့လို လူမိုက်တစ်စုကြောင့် ဒုက္ခရောက်နေတာပဲ"

ရှထန်ကန်းက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်၏။

"မင်းတို့ အရမ်းနောက်ကျသွားပြီ... နန်းတွင်းက ထန်အင်ပါယာနဲ့ ဆက်သွယ်ဖို့ လူတွေလွှတ်ပြီးပြီ...တကယ်တော့ ရှေ့တန်းမှာ အနိုင်တိုက်ဖို့မလိုဘူး...ထန်စစ်တပ်က သူ့အလိုလို ဆုတ်ခွာသွားလိမ့်မယ်"

"မဟုတ်ဘူး.... နန်းတွင်းက သစ္စာဖောက်တွေရှိလို့ ဆိုးရွားနေတာ...ငါ့မိသားစုက မျိုးရိုးအစဥ်အဆက် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်... ဒီနေ့က မင်းကိုသတ်ပြီးတော့ အင်ပါယာအပေါ် ငါ့ရဲ့သစ္စာရှိမှုကို ပြသရမယ့်နေ့ပဲ"

ဤအချိန်တွင် ကျုံးယုံအမတ်ကြီးသည် ရှထန်ကန်းနှင့် ခြေလှမ်းခုနစ်လှမ်းသာ ကွာဝေးသည်။

ရုတ်တရက် အားကောင်းသော မှော်စွမ်းအားတစ်ရပ်သည် သူ၏လက်အတွင်းမှ ထွက်ပေါ်လာကာ ရှထန်ကန်းကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်၏။

မည်သူကမျှ ကျုံးယုံအမတ်ကြီးသည် စကြဝဠာနန်းတော်တွင် လှုပ်ရှားဝံ့မည်ဟု မထင်ထားခဲ့ကြချေ။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသော သွေးချီစွမ်းအားများသည် ပြင်းထန်သော လက်ဝါးရိုက်ချက်နှင့်အတူ ရှထန်ကန်းထံသို့ တိုးဝင်လာသည်။

All Chapters